နှစ်ပတ်အလို  

Posted by MANORHARY

Friday, October 30, 2009


နှစ်ပတ်အလို TWO WEEKS NOTICE


(ယခင်လမှအဆက်)
ဟာမူရာဘီကိုဒ ဥပဒေမှာ
မျက်လုံးတစ်လုံးအတွက် . . . . မျက်လုံးတစ်လုံး
သွားတစ်ချောင်းအတွက် . . . . သွားတစ်ချောင်း
အစားပြန်ပေးရတယ် . . . ဆိုတာ . . . . .
လက်ခံတယ်ဆိုရင် . . . .
ဦးအောင်ချမ်းအသက်ကို ကယ်တင်ခဲ့တဲ့ . . . . .
“သြရသ” ကို အသက်တစ်ချောင်းနဲ့ညီမျှတဲ့ တန်ဘိုးအတွက် . . .
ဘာပြန်ပေးရမလဲဆိုတာကို
စဉ်းစားလို့တောင်မရတော့ပါဘူး။
ဒုစရိုက်ဂိုဏ်းခေါင်းဆောင်များကို . . . .
မစ္စလီကျွန်းတွင် . . . ‘ဒွန်’ ဟု ခေါ်ကြသည်။
ဟောင်ကောင်တွင် ‘လော်ပန်’ ဟုခေါ်ကြသည်။
ဂျပန်တွင် . . . ‘ယာကူဆာ’ ဟုခေါ်သည်။
မြန်မာပြည်တွင်မူ “အောင်ချမ်း” ဟု ဆိုလျှင် ဒုစရိုက်လောကသား ဦးအောင်ချမ်းသည် ရက်စက်သည်။ ပြတ်သားသည်။ လုပ်ရဲ ကိုင်ရဲရှိလှသည်။ ငွေရှာသည့်နေရာတွင် တရားသောနည်းဖြင့် ရှာသလို၊ သူတစ်ပါးငွေကို မတရားလိုချင်တတ်သူများအပေါ် မတရား နည်း ဖြင့် ပြန်လည်ရယူတတ်သည်။တပည့်တပန်းပေါများသည်။ ချမ်းသာကြွယ်ဝသည်။ ပါးနပ်သည်။ သူ ကျုးးလွန်သော အမှု အတွက် အမြဲတမ်းဓားစာခံတစ်ယောက်တော့ရှိသည်။ သူ့တွင် ကျွမ်းကျင် လိမ္မာသော ရှေ့နေတစ်ယောက်ရှိသည်။ ထို့ကြောင့် . . . ဦးအောင်ချမ်းသည် အမြဲတမ်းလွတ်မြောက်နေခဲ့သည်။
သို့သော် အမှန်တရားကို ကြာရှည်ဖုံးကွယ်၍မရ၊ တရားဥပဒေကို မျက်ကွယ်ပြု၍ မရနိုင်သောကြောင့် နောက်ဆုံးတော့၊ ဦးအောင်ချမ်း အဖမ်းခံခဲ့ရသည်။ သူ ကျူးလွန်ခဲ့သောပြစ်မှုများအတွက် ထောင်ဒဏ်သုံးဆယ့်ငါးနှစ်ကျခံစေရန် တရားရုံးမှ အမိန့်ချခဲ့ သည်။ ပုံမှန်အားဖြင့် သူ၏နောက်ဆုံးထွက်သက်သည် ထောင်တွင်းမှာပင် ကုန်ဆုံးရလေတော့မည်။ အသက်ငါးဆယ်ကျော် လူတစ် ယောက်အတွက် နောက်ထပ်သုံးဆယ့်ငါးနှစ်ပေါင်းလျှင် ရှစ်ဆယ့်ငါးနှစ်ရှိပေမည်။ အသက်သည့် လူအိုတစ်ယောက်ဖြစ်နေတော့မည်။
ဦးအောင်ချမ်းတွင် ညီမတစ်ယောက်ရှိသည်။ ကျန်မိသားစုဝင်များအားလုံး နိုင်ငံခြားတွင်ရောက်နေကြသည်။ ဦးအောင်ချမ်းနှင့် သူ့ညီမသည် သံယောဇဉ်ကြီးမားသော မောင်နှမများဖြစ်ကြသည်။ နှမဖြစ်သူသည် အသက်သုံးဆယ်ကျော်နေသည်အထိ အိမ်ထောင်မပြုဘဲ အပျိုကြီးဘ၀နှင့် နေခဲ့သည်။ ဦးအောင်ချမ်းကလည်း လူပျိုကြီးဘ၀နှင့်ပင် နေခဲ့သည်။ ယခု ဦးအောင်ချမ်း ထောင် ထဲရောက်နေသောအခါ ကျန်စီးပွားရေးအားလုံးကို ညီမဖြစ်သူကပင် ဆက်လက်လုပ်ကိုင်နေသည်။ သူမသည် မိန်းမသားဖြစ်သော် လည်း ဦးအောင်ချမ်း၏သွေးဖြစ်သလို၊ ဦးအောင်ချမ်းကဲ့သို့ပင် ရဲရင့်ပြတ်သားသဖြင့် လက်အောက်ငယ်သားများက ကြောက်ရွံ့ရိုသေ ကြသည်။ ကျောက်တွင်းတွင်၊ ရွှေတွင်းတွေ၊ ပြည်ပမှာရှိတဲ့ ရတနာအရောင်းဆိုင်တွေ၊ ပြည်တွင်းက ရတနာအရောင်းဆိုင်တွေအားလုံး ကို ဦးအောင်ချမ်း၏ညီမ “ရတီချမ်း” ကပင် ဦးဆောင်နေခဲ့သည်။
ဦးအောင်ချမ်းသည် ကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသော ဘ၀၏ ဒဏ်ရာ၊ ဒဏ်ချက်များကြောင့် နှလုံးရောဂါရခဲ့သည်။ ရတီချမ်း သည် ကျန်တာတွေအတွက် မပူ၊ ဘယ်လိုအခြေအနေမျိုးမှာပင်မဆို၊ ဦးအောင်ချမ်း ရှင်သန်နေတတ်သည်ကို သူမသိသည်။ သို့သော် အသက်အရွယ်မှာ ငါးဆယ်ကျော်တန်းသို့ ရောက်နေသော သူမ၏အစ်ကိုအတွက် ကျန်းမာရေးတစ်ခုကိုသာ ပူပင်သည်။ ထို့ကြောင့် . . အစ်ကိုဖြစ်သူအား ထောင်ထဲတွင် စောင့်ရှောက်ရန်၊ စိတ်ချရသော “စိုင်းလုံ” ဆိုသည့် လူရုံတစ်ယောက်ကို၊ အမှုရှာ၍ ထောင်ထဲသို့ လွှတ်ထားသည်။ “ရတီချမ်း” က အပြင်တွင် ကျန်ရစ်သော “စိုင်းလုံ”၏ မိသားစုအတွက်၊ လိုလေသေးမရှိအောင် စောင့်ရှောက်ခဲ့သည်။ ဤနည်းဖြင့် ဦးအောင်ချမ်းကို စောင့်ရှောက်ထားခဲ့သည်။
ဦးအောင်ချမ်းနှင့် “သြရသ” သည် ရဲဘက်တန်းတစ်ခုတည်းတွင် ကျနေသူများဖြစ်ကြသည်။ ဦးအောင်ချမ်းအကြောင်းကို တစွန်းတစသိသူများက ဦးအောင်ချမ်းနှင့် အရောတ၀င်နေလိုကြသည်။ ရင်းနှီးနေချင်ကြသည်။ အထူးသဖြင့် လွတ်ရက်နီးသူများက ပြင်ပသို့ရောက်လျှင် အလုပ်အကိုင်အတွက်၊ ငွေကြေးထောက်ပံ့မှုများအတွက် ဦးအောင်ချမ်းကပေးနိုင်မည်ဟု မျှော်လင့်ကြဟန်တူ သည်။
သြရသကတော့ ဘာမှ မမျှော်လင့်ထားသည့်အတွက် ပုံမှန်ထက်မပိုသည်ကို ဦးအောင်ချမ်းကိုယ်တိုင် သတိထားမိသည်။ သြရသသည် တကိုယ်တည်း နေထိုင်တတ်သည်။ မဟုတ်မခံ၊ သတ္တိရှိသည်။ မလိုအပ်ဘဲ မည်သူ့ကိုမှ အောက်ကျမခံ၊ ရဲရင့်ပြတ်သား စွာ ပြောဆိုတတ်ပုံကို ဦးအောင်ချမ်းသဘောကျသည်။ ငွေရှိသဖြင့် အခြွေအရံများနှင့် နေတတ်သော ဦးအောင်ချမ်းကို သြရသက သဘောမကျ။ ဘ၀တူအကျဉ်းသားချင်း လူဘော်ကော်လုပ်သည်ဟုထင်၏။ သြရသသည် တတ်နိုင်သမျှ ဦးအောင်ချမ်းနှင့် မပတ်သက်အောင်နေသည်။ သူသည် ဦးအောင်ချမ်း၏ အခြွေအရံတစ်ယောက်အဖြစ် မခံနိုင်ပေ။ ဦးအောင်ချမ်းအား ဖားပြီး ဘေးမှ လူတွေကို မလိုအပ်ဘဲ လိုက်လံငေါက်ငန်းနေသော သူများကိုလည်း ကြည့်မရ။ တပေါင်းနေသည် ကျဲကျဲတောက်ပူလွန်းလှသည်၊ ကျောက်ထုဝခန်းသည် ကျောက်သားမြေများဖြစ်သဖြင့် သစ်ပင်ကြီးများ ရှင်သန်နိုင်ခြင်းမရှိ၊ အရိပ်အာဝါသ ကင်းမဲ့လှသည်။ အကျဉ်း သားများသည် ထိုနေပူကျဲကျဲတွင် အပေါ်မှနေပူသည်ဒဏ်ကိုခံရင်း ပူပြင်းလှသော ကျောက်သားများပေါ်တွင် ခြေဗလာဖြင့် နင်း၍ ငရဲ တမျှပူပြင်းသော အပူဒဏ်အောက်တွင် မိမိတို့၏အပြစ်ကို ဆေးကျောသည့်အနေဖြင့် ပင်ပန်းဆင်းရဲစွာ ကျောက်များကို ထုခွဲနေကြ သည်။
ဦးအောင်ချမ်းသည် အသက်အရွယ်အားဖြင့် ဤမျှကြမ်းတမ်းသော အလုပ်ကို မလုပ်နိုင်တော့ချေ။ ထို့ကြောင့် ယာယီရွက်ဖျဉ် တဲတစ်ခုတွင် ထိုင်၍နားနေခဲ့သည်။ သြရသသည် ရွက်ဖျဉ်တဲနှင့် မလှမ်းမကမ်းတွင်၊ ကျောက်တုံးများကို ထုခွဲနေသည်၊ တစ်ချက်၊ တစ်ချက်တွင် ကျောက်တောင်၏နံရံကို ကပ်၍ ကျောက်မိုင်းခွဲသောအသံက ပြင်းထန်လွန်းသောကြောင့် ကျောက်သားမြေကြီးတို့ပင် တုန်ခါသွားသည်။ အကျဉ်းသားရဲဘက်များ၏ တစ်ကိုယ်လုံးသည် သူတို့ကိုယ်- ၀တ်ဆင်ထားသော အဖြူရောင်ရဲဘက်သားဝတ်စုံနှင့် အသားတို့သည် ချွေးများဖြင့် ရွှဲနစ်ပြီး ကပ်နေသည်။ သူတို့၏အသားအရေမှာ နေလောင်ခြင်းဒဏ်ကို ခံထားရ၍ ညိုမဲခြောက်သွေ့ နေသည်။
ထိုစဉ် ဦးအောင်ချမ်းနေသော ယာယီရွက်ဖျဉ်တဲအတွင်းမှ အော်သံများကို ကြားလိုက်ရသည်၊ ထောင်ဝါဒါအချို့ ပြေးသွားကြ သည်ကို တွေ့လိုက်သည်၊ သြရသသည် အသံများကို နားစွင့်ရင်း ဘာဖြစ်တာလဲဟုသိရန်၊ ရွက်ဖျဉ်တဲဆီသို့ လျှောက်သွားသည်။ အနားရောက်သောအခါ ကျောက်တုံးတစ်ခုကိုမှီရင်း၊ လဲနေသော ဦးအောင်ချမ်းကို တွေ့ရ၏။ အနားတွင် ဘာလုပ်ရမှန်းမသိဘဲ ပျာယာခတ်နေသော စိုင်းလုံကိုတွေ့ရသည်။ အကျဉ်းဦးစီးဌာန၀န်ထမ်းတစ်ယောက်က ဦးအောင်ချမ်းကို စမ်းသပ်ကြည့်ရင်း ပြောလိုက်သောအသံကိုကြားရသည်။
“အသက်မရှိတော့ဘူး၊ ဆုံးပြီ၊ နှလုံးမခုန်တော့ဘူး”
စိုင်းလုံသည် မျက်နှာပျက်သွားရင်း၊ တုန်တုန်ရီရီဖြင့်
“ဆရာကြီးမှာ နှလုံးရောဂါရှိတယ်ဗျ၊ ခုန အကောင်းကြီးပါဗျာ၊ အခုချက်ချင်းကြီး နှလုံးရပ်သွားတာပါ။ ဆရာဝန်တစ်ယောက် လောက်ခေါ်ပေးပါ၊ ဒါမှမဟုတ် အနီးဆုံး ဆေးခန်းဖြစ်ဖြစ်၊ ဆေးရုံဖြစ်ဖြစ် ပို့ပေးကြပါဗျာ” ဟု ပြောရှာသည်။
“သြရသ”သည် နှလုံးရောဂါဆိုသော အသံကိုကြားလိုက်သောအခါ၊ မေမေ့ကို သတိရမိသည်။ ဦးအောင်ချမ်းကို ကြည့်မရသည် က တစ်ပိုင်းဖြစ်၏။ ယခုလို မျက်စေ့အောက်တွင်မြင်ရသောအခါ သနားမိသည်။ နှလုံးရောဂါသည်မေမေ့ကို မည်သို့ပြုစုရမလဲဆို သည်ကို မေမေအား ကုသောဆရာဝန်ကြီးထံမှ သင်ကြားခဲ့ဖူးသည်။ မေမေသည် နှလုံးခုန်နှုန်း တဖြည်းဖြည်းနှေးကွေးလာပြီး၊ ပုံမှန် အလုပ်မလုပ်တော့သဖြင့် နှလုံးကိုစက်တပ်ရတော့မည်အခြေအနေတွင် ကွယ်လွန်သွားခဲ့သည်။ ဆရာဝန်သည် အရေးပေါ်နှလုံးရပ် သွားပါက ဆေးရုံ၊ဆေးခန်းသို့ အချိန်မီမရောက်ခင်၊ လူနာနှလုံးပြန်ခုန်အောင် လုပ်နိုင်မှ စိတ်ချရမည်ဖြစ်ကြောင်းကိုလည်း အတန် တန်မှာခဲ့သည်၊ ထိုသို့ အရေးပေါ်ကုသနည်းကို သြရသတို့မောင်နှမအားလုံး မဖြစ်မနေသင်ကြားခဲ့ကြရသည်။ ယခု ဦးအောင်ချမ်း သည် ဆေးရုံ၊ ဆေးခန်း အလွယ်တကူမရှိသော ဤကဲ့သို့နေရာမျိုးတါင် အရေးပေါ်ကုသနည်းမရလျှင် အသက်ရှင်ရန် မဖြစ်နိုင်ချေ။ စောစောက ထောင်ဝန်ထမ်းတစ်ဦးကပင် သေပြီဟု မှတ်ချက်ချသွားလေပြီ။ သြရသသည် ကြိုးစားကြည့်သည်၊ လုံးဝလက်လွှတ် လိုက်ခြင်းထက်၊ ပြန်ရလိုရငြား သေမင်းလက်က လုကြည့်ချင်သည်။ “မရတော့လည်း ဦးအောင်ချမ်း၏ကံပေါ့” ဟု တွေးမိသည်။ အနားက ၀ိုင်းအုံနေသော အကျဉ်းသားများကို လေ၀င်စေရန် ဖယ်ရှား၍ ဦးအောင်ချမ်းကို ပက်လက်အနေအထားဖြင့် မြေပြင်ညီတွင် လှဲလှောင်းစေပြီး၊ ဦးအောင်ချမ်း၏ပါးစပ်အတွင်းသို့ လေကိုမှုတ်ထည့်လိုက်၊ ရင်ဘတ်ကနှလုံးနေရာသို့ လက်နှစ်ဘက်ဖြင့် သုံးချက် လေးချက်လောက်ဖိလိုက်လုပ်ရင်း၊ နှစ်မိနစ်လောက်ကြာသောအခါ၊ ဦးအောင်ချမ်းသည် ချောင်းတဟွတ်ဟွတ်ဆိုးရင်း လေကို အငန်း မရလိုက်ရှု၍ ပြန်လည်လှုပ်ရှားလာခဲ့သည်။ နှလုံးသည် ပုံမှန်ပြန်ခုန်လာသည်။
“သြရသ”၏ လုပ်ရပ်ကို ဘေးမှ ၀ိုင်းကြည့်နေသော အကျဉ်းသားများသည် ဦးအောင်ချမ်းကိုကြည့်၍ ၀မ်းသာအားရနှင့် အံ့သြ သောအသံများ ဆူညံစွာထွက်လာသည်။
“ဟာ မသေဘူးဟ . . အသက်ပြန်ရှုလာပြီ၊ တော်တော်အသက်ပြင်းတဲ့ လူကြီးပဲ”
“ဟာ ကံကောင်းတယ်ဟေ့ . . သေတာမဟုတ်ဘူး၊ မျောနေတာကွ”
“အဲဒါ . . . ဟို အကျဉ်းသားတော်လို့ကွ၊ နို့မိုဆို အဲဒါမျိုးက ကြာသွားရင် မရဘူး”
စသဖြင့် တစ်ယောက်တစ်ပေါက် ထင်ကြေားပေးသံများ ကြားနေရသည်။
“စိုင်းလုံ”သည် ဦးအောင်ချမ်း ချောင်းဆိုး၍ သတိပြန်ရလာသည်နှင့် ရုတ်တရက်ဝမ်းသာပြီး၊ ဦးအောင်ချမ်းကို ပွေ့ချီကာ၊ ထောင်ဝန်ထမ်းများ အကူအညီဖြင့် အကျဉ်းဦးစီးဌာနတံဆိပ်ပါသော ကျောက်သယ်ကားပေါ်သို့ ပွေ့တင်ပြီး၊ အနီးဆုံးဆေးရုံသို့ မောင်းသွားလေတော့သည်။
အကျဉ်းသားများသည် သြရသအားတစ်ယောက်တစ်မျိုး ချီးကျူးကြရင်း၊ ဝေးသွားသော ကားကြီးကိုကြည့်ကာ ကျန်ရစ်ကြ သည်။
သြရသ စဉ်းစားနေမိသည်။
-လူတစ်ယောက်ကို စိတ်ကူးထဲမှာတင် အကြိမ်ကြိမ်သတ်ဖူးတယ်၊ လက်တွေ့မှာတော့ တစ်ခါပဲ ကာယကံမြောက် သတ်ဖို့ အားထုတ်ခဲ့တယ်။
-အဲဒီအတွက် ထောင်ထဲရောက်ခဲ့ရတယ်။
-အခု . . လူတစ်ယောက်ကို အကြိမ်ကြိမ်စိတ်ထဲက မုန်းတီးနေခဲ့ဖူးတယ်၊ လက်တွေ့မှာတော့ တစ်ခါပဲ ကာယကံမြောက် အဲဒီ လူကို သေမင်းလက်က ပြန်ရအောင်လုပြီး ကယ်တင်လိုက်တယ်။
-အဲဒီအတွက် . . ဘာကိုမှ မမျှော်လင့်မိတာသေချာပါတယ်။
************
-လေးနှစ်ဆိုသည့်အချိန်မှာ . . လူတစ်ယောက်မွေးဖွားမည်ဆိုလျှင်
မူကြိုကျောင်းထားသည့် အရွယ်ဆိုရောက်နိုင်သည်။
-လေးနှစ်ဆိုသည့်အချိန်မှာ . . လူတစ်ယောက်သေဆုံးမည်ဆိုလျှင်
ကောင်းစွာမေ့ပျောက်နိုင်သည့် အချိန်ကာလဖြစ်သည်။
-လေးနှစ်ဆိုသည့်အချိန်မှာ . . အထက်တန်းအောင်မြင်သူအဖို့
ဘွဲ့တစ်ခုကို ကောင်းစွာရနိုင်သည့် အချိန်ကာလဖြစ်သည်။
-လေးနှစ်ဆိုသည့်အချိန်မှာ . . လူတစ်ယောက်အဖို့
နလံမထူအောင် ပြိုလဲနိုင်သော လုံလောက်သည့်အချိန်ကာလဖြစ်သလို
အတိုင်းမသိ ဖွံ့ဖြိုးတိုက်တက်နိုင်အောင် လုံလောက်သည့်
အချိန်ကာလလည်းဖြစ်သည်။

ထိုလေးနှစ်အတွင်းမှာပင် . . အဓိပတိ၏ဖခင် ဦးကြီးမြင့်ကွယ်လွန်ခဲ့သည်။
ထိုလေးနှစ်အတွင်းမှာပင် . . အဓိပတိ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကြီးကျယ်၊ မြန်ဆန်လွန်းလှသည်။
အဓိပတိသည် အဓိပတိဘဏ်၏ ဥက္ကဌဖြစ်သွားသည်။ စီးပွားရေးလောက- နာမည်တစ်လုံးထင်ရှားလျှင်၊ လုပ်ငန်းရှိသူများနှင့် ငွေရှိသူ တို့ ပူးပေါင်းလုပ်ကိုင်တတ်ကြပြီး၊ လုပ်ငန်းများ အောင်မြင်မှုကိုရခဲ့ကြသည်။
မောင်မျိုးမင်း (ရင်တွင်းဖြစ်)

This entry was posted on 1:10 PM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments