နှစ်ပတ်အလို  

Posted by MANORHARY

Sunday, October 11, 2009


(ယခင်လမှအဆက်)

နှစ်ပတ်အလို TWO WEEKS NOTICE
အခန်းစဉ်(၄)
ဘ၀ကိုပြန်ပြီး ပုံသွင်းရမှာ . .တဲ့လား။
ဘ၀အကြောင်းဘာမှ မသိတဲ့လူတွေကပြောကြတာပေါ့။
သူတို့က ဘ၀ဆိုတာကို ပုံဆောင်ခဲကြီးတစ်ခုလို
အစီအစဉ်တကျ၊ ကိုယ်တွယ်ပုံသွင်းလိုက်ရင် . . .
ကောင်းမွန်တင့်တယ်သွားလိမ့်မယ်လို့ . . .
ထင်ထားပုံရတယ်။
တကယ်တော့ . . .
ဘ၀ဆိုတာ သူ့ဖာသာသူအသစ်လဲသွားတဲ့အရာပါ။
အမြဲတမ်း . . အဟောင်းကအသစ်ကို
သူ့ဖာသာသူ ပုံစံပြောင်းလဲနေတာလို့
ရုရှားစာရေးဆရာကြီး
ဗောရစ်-ပက်စ်ဘားနက်စ်
(ဒေါက်တာဇီဗားဂိုး- ၀တ္ထုမှ)



မိခင်ကြီး၏ နာရေးကြော်ငြာကိုတွေ့ပြီး ဦးလေးငယ်ရောက်လာခဲ့သည်။ ဦးလေးငယ်ရောက်လာချိန်သည် မေမေဆုံးပြီး ဆယ်ရက်နေ့တွင်ဖြစ်သည်။ မိခင်ကြီးရက်လည်ကိုပင် မမှီတော့ပေ။ ဦးလေးငယ်ဆိုသည်မှာ မေမေ့မောင်တစ်ဝမ်းကွဲဖြစ်သည်။ တစ်ဝမ်းကွဲဆိုသော်လည်း မိခင်ကြီးအိမ်ထောင်မကျခင်အထိ၊ မိခင်ကြီးတို့နှင့် မောင်နှမအရင်းပမာ၊ အတူနေခဲ့သူများဖြစ်သည်။ ကိုကိုကြီးတစ်နှစ်ခွဲအရွယ်လောက်တွင် ဖားကန့်သို့ ကျောက်တူးမည်ဟုပြောပြီး ထွက်သွားခဲ့သည်။ ထို့နောက် ဘာသတင်းမှ မကြားတော့ဘဲ သေသည်၊ရှင်သည် မသိဖြစ်ခဲ့သည်။ မိတ်ဆွေတချို့ကမူ ထိုင်းနိုင်ငံတွင်တွေ့ခဲ့သည်ဟု ဆိုကြသလို၊ အချို့က တရုတ်ပြည်နယ်စပ်တွင်တွေ့သလို မရေမရာနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်မှာ ယခုအချိန်အထိဖြစ်သည်။ ဦးလေးငယ်ကို သီဟလတ်ရော မြကြာမှုံပါ ကောင်းစွာမမြင်ဖူးကြပေ။ ရံဖန်ရံခါ မိခင်ကြီးစကားထဲတွင် ပါလာသော၊ ဦးလေးငယ်အကြောင်းကို တစ်စွန်းတစလောက်သာသိထားခဲ့သည်။
ယခုတော့ ဦးလေးငယ်သည် ထိုင်းနိုင်ငံတွင် စည်သွပ်ဘူးစက်ရုံနှင့် အခြားလူသုံးကုန်ပစ္စည်းစက်ရုံများကို ပိုင်ဆိုင်သူဖြစ်နေပြီ၊ ကျောက်အရောင်းအ၀ယ်လုပ်ရင်း၊ ထိုင်းနိုင်ငံသူတစ်ယောက်နှင့် အိမ်ထောင်ကျနေခဲ့သည်။ မိခင်ကြီးဆုံးသည့်သတင်းကို ဆွေနီး မျိုးစပ်တစ်ဦးထံမှ သိရှိပြီးရောက်လာခဲ့ခြင်းဖြစ်သည်။ ယခုလိုအချိန်တွင် ဦးလေးငယ်နှင့် အနေဝေးခဲ့သော်လည်း သီလလတ် တို့ မောင်နှမအတွက် ဦးလေးငယ်သည် ကောက်ရိုးတစ်မျှင်ဖြစ်သည်။
ဦးလေးငယ်ကလည်း မိခင်ကြီး ထို့မိသားစုအပေါ်ပျက်ကွက်ခဲ့သော တာဝန်များအတွက် အတိုးချ၍ သီဟလတ်တို့မောင်နှမ၏ လိုအပ်ချက်ကိုဖြည့်ဆည်းပေးချင်နေခဲ့သည်။ သို့သော် . . . အရာရာအားလုံးသည် နောက်ကျနေခဲ့လေပြီ။
အချို့သော အဆောက်အအုံများသည် အဟောင်းကိုမြင်ရသည်ထက် အသစ်ပြန်တည်ဆောက်ရခြင်းက ပိုမိုလွယ်ကူတတ် သည်။
“ဘယ်လောက်ပဲကြာအောင် တည်ဆောက်ထားတယ်ပြောပြော၊ သူများက အလွယ်တကူဖျက်လို့ပျက်သွားတဲ့ဘ၀ကို ကျွန်တော်ကတော့ မခိုင်မာဘူးလို့ယူဆတယ်
အဲဒါကြောင့် . . .
ခိုင်မာတဲ့ဘ၀တစ်ခုကို ကျွန်တော်ကိုယ့်ဖာသာတည်ဆောက်ချင်တယ်”
သီဟလတ်၏စကားကို ဦးလေးငယ်က ခေါင်းငြိမ့်၍နားထောင်ရင်း၊ မြကြာမှုံထံသို့ မျက်လုံးကိုရွှေ့ကြည့်ရင်း မေးဆပ်ပြသည်။
“သမီးကတော့ ဒီအိမ်ကြီးကခွာရမယ့်အတူတူ၊ ဒီရေ၊ဒီမြေ၊ဒီပတ်ဝန်းကျင်နဲ့ အဝေးဆုံးနေရာမှာ နေချင်တယ်။ ပြီးရင် . . . သမီး ဘ၀အတွက် ကျောင်းဆက်တက်ရင်း ကိုယ့်ဖာသာရပ်တည်နိုင်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်”
ဦးလေးငယ်သည်မောင်နှမနှစ်ယောက်စကားကို အသေအချာနားထောင်ပြီး မိနစ်ဝက်ခန့်ငြိမ်၍ စဉ်းစားနေသည်။ ပြီးမှ နူးညံ့ ညင်သာ၍ ဂရုဏာအပြည့်ပါသောအသံဖြင့် စကားဆိုသည်။
“သားတို့သမီးတို့ ဘာလုပ်ချင်သလဲဆိုတာသာ ဦးလေးငယ်ကိုပြောပါ။ ဦးလေးငယ်ဖြစ်အောင်လုပ်ပေးမယ်လို့ ကတိပေးပါ တယ်” . . . . တဲ့ ။
မည်သူမဆို ဘ၀မှာအနည်းဆုံးတစ်ကြိမ်တော့
ခလုပ်တိုက်၍ လဲကျဖူးသူများသာဖြစ်ကြသည်။
သို့သော် . . ပြန်မထသူမရှိ။
ဟူသော စကားကိုသတိရမိသည်။
ဦးလေးငယ်သည် သီဟလတ်နှင့်မြကြာမှုံအား ကိုယ့်ဖာသာပြန်ထစရာမလိုအောင်၊ ဆွဲထူပေးသည့် အားကောင်းသော လက်နက်တစ်စုံပင်ဖြစ်သည်။
ကျွန်တော်တို့ဟာ . . . .
လေလာရာလမ်းကြောင်းကို မပြောင်းနိုင်ပါဘူး၊
ဒါကြောင့် . . . . .
လေသင့်ရာလမ်းကြောင်းအတိုင်းအရွေ့လျားရင်း
လိုရာခရီးကိုရောက်ဖို့ . . .
ကျွန်တော်တို့ရွက်တွေကို
လွှင့်ခဲ့ကြတယ်။


မျက်ရည်များတို့သည် . . .
မြင့်မြတ်ခြင်းသဘောတရားရှိသည်။
မျက်ရည်တို့သည် . . . .
ပျော့ညံ့မှုတို့၏လက္ခဏာမဟုတ်။
အားအင်၏လက္ခဏာများဖြစ်ကြသည်။
မျက်ရည်တို့သည် . . ..
စကားလုံးတစ်သောင်းမကပြောနိုင်သည်။
မျက်ရည်တို့သည် . . .
ပြင်းထန်မှု၏လောကတမန်များဖြစ်ကြသည်။
မျက်ရည်တို့သည် . . .
နောင်တများ၏တမန်များလည်းဖြစ်သည်။
မျက်ရည်တို့သည်]
ပြောပြ၍မရအောင်နက်နဲသော
မေတ္တာ၏တမန်များလည်းဖြစ်ပေသည်။
ဝါရှင်တန်-အာဗဲင်း

မြကြာမှုံသည် သံဇကာကွက်များကြားမှ ကိုကိုကြီးကိုကြည့်ရင်း၊ မျက်ရည်များကျနေသည်။ ကိုကိုကြီးကိုပြောရန် စဉ်းစားလာ သော စကားလုံးများမှာ မည်ကဲ့သို့ပျောက်သွားသည်မသိ၊ မြကြာမှုံပါးစပ်က ဘာစကားမှ မထွက်နိုင်တော့ချေ။ သို့သော် . .မြကြာမှုံ သိနေပါသည်။ “တစ်သက်လုံး ညီမလေးမျက်နှာကို မှတ်တစ်ချပ်လို ကြည့်နေခဲ့တဲ့ကိုကိုကြီးဟာ . . မြကြာမှုံမျက်ရည်တွေကို မြင်တာ နဲ့ ညီမလေး . . ဘာပြောချင်တယ်ဆိုတာ၊ ကိုကိုကြီးဖတ်လို့ရမှာပါ” ဟု တွေးနေမိသည်။
“ကဲ . . ညီမလေး . . မျက်ရည်တွေသုတ်လိုက်၊ မေမေက ငိုတာမကြိုက်ဘူး”တဲ့။ မြကြာမှုံ ထိုစကားကို ကြားလိုက်သောအခါမှ ပို၍ ငိုမိလေတော့သည်။
“မြလေး . . အချိန်စေ့တော့မယ်၊ . . ကိုကြီးပြောတာ သေချာနားထောင် ဘယ်နေရာပဲရောက်ရောက် . . ဒီကမ္ဘာကြီးရဲ့တစ်နေ ရာမှာ . . ညီမလေးနဲ့ညီလေးအတွက် ‘သြရသ’ ဆိုတဲ့ အကိုကြီးတစ်ယောက်ရှိနေတယ်ဆိုတာ သတိရနေရင် ကျေနပ်ပါပြီ။ ညီမလေး နဲ့ ညီလေးအတွက် ကိုကြီးစိတ်ချတယ် . . . .”
ထိုစဉ် . . တာဝန်ကျအကျဉ်းဦးစီးဌာန၀န်ထမ်းများ၏ အချိန်စေ့ပြီဖြစ်ကြောင်း သတိပေးသံကို ကြားလိုက်ရသည်။ ထိုအခါမှ မြကြာမှုံသည် ကိုကိုကြီးကို ကန်တော့ရန် သတိရမိသည်။
“ညီမလေး . . ကိုကိုကြီးကိုကန်တော့ပါတယ်” . . .ဟုပြောရင်း ထောင်ဝင်စာကြမ်းပြင်ပေါ်တွင် ကန်တော့လိုက်သည်။ ကိုကိုကြီးမျက်လုံးအိမ်ထဲတွင် မျက်ရည်အဖြစ်စီးဆင်းလာခြင်းမရှိသော်လည်း မျက်ရည်ဟုထင်ရသော စိုစွတ်မှုများကို မြကြာမှုံဖျတ် ကနဲ တွေ့လိုက်ရသည်။ ကိုကိုကြီးသည် သူ့မျက်ရည်ကို ညီမလေးမြင်မှာ စိုးရိမ်သည့်အလား၊ ခပ်ဖွဖွပြုံး၍ ခေါင်းညိမ့်ပြပြီး လှည့်ထွက်သွားတော့သည်။



အခန်းစဉ်(၅)
နှစ်ပတ်အတွင်းမှာ . . .
ပြိုလဲသွားတဲ့ . . ဘ၀တွေကို
ပြန်ထူထောင်တဲ့အခါမှာတော့ . . .
လေးနှစ်တောင်ကြာခဲ့တယ် . . . .။



“နာမည်ထဲမှာ ဘာတွေရှိသလဲ” ဟု မေးလာပါလျှင် . . .
“သင်လုပ်သမျှ အရာအားလုံးပါရှိလေသည်” ဟု ကျွန်ုပ်ဖြေပါမည်။
ဗောရစ်-ပဲန်ဒဲလ်

နာမည်မှာ . . ပင်ဒိုရာဖြစ်ပါသည်။
“ပင်ဒိုရာ” ဟူသောနာမည်ကို စက်ကာပူနိုင်ငံ ပိုလီတက္ကသိုလ်မှ ကျောင်းဆင်း၊ ဖက်ရှင်ဒီဇိုင်နာ ဒီပလိုမာရသူ၊ စင်ကာပူမှ မော်ဒယ်သင်တန်းကို စနစ်တကျတက်ရောက်အောင်မြင်ထားသူ၊ မြန်မာနိုင်ငံမော်ဒယ်လောက၊ ဒီဇိုင်နာလောကတွင် ထင်ရှားကျော် ကြားသူ၊ ဂျာနယ်များ၊ မဂဇင်းများတွင် လစဉ်၊ အပတ်စဉ်ဖော်ပြခြင်းခံရသူ၊ ယောက်ျားလေးများ၊ အရွယ်သုံးပါးစလုံး၏ စိတ်ဝင်စားခြင်း ကိုခံရသူဟူသော အချက်အလက်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ မီဒီယာလောကနှင့် စာနယ်ဇင်းသမားများကို ထိန်ချန် ထားသောအချက်မှာ “ပင်ဒိုရာ” တွင် “မြကြာမှုံ” ဟူသော နာမည်တစ်ခုရှိသေးသည်ဆိုသော အချက်ပင်ဖြစ်သည်။
ယခင်မြကြာမှုံက ဆယ်တန်းအောင်ပြီးစ၊ ဖခင်နှင့် နာမကျန်းဖြစ်နေသည်ကို ပြုစုရင်း၊ အိမ်တွင်းပုန်းအဖြစ် အချိန်တွေ ကုန်လွန်ခဲ့ရသည်။ ဆံပင်ရှည်ကိုနှစ်သက်သော မေမေ့အတွက် ဆံပင်ကို တင်ပါးကျော်အောင်ထားခဲ့ရသည်။ သနပ်ခါးကိုနှစ်သက် တတ်သော ဖခင်အတွက် ပါးကွက်ကျားနှင့်နေခဲ့ရသည်။ မြန်မာဆန်ဆန်ကိုသာ ဆင်ပေးသော မိခင်အတွက် ရိုးစင်းသောဘ၀ဖြင့်သာ နေခဲ့ရသော “မြကြာမှုံ”ဖြစ်သည်။
ယခု . . . “ပင်ဒိုရာ”သည် နိုင်ငံတကာအတွေ့အကြုံ၊ အသက်အရွယ်၏ဖွံ့ဖြိုးမှု၊ စနစ်တကျဂရုစိုက်ပြုပြင်ထားသော အလှအပ များ၊ သင်ယူတတ်ကျွမ်းထားသော ဆွဲဆောင်မှု၊ လမ်းလျှောက်ပုံ၊ အကြည့် အပြင်အဆင်များပေါင်းစပ်လိုက်သောအခါ၊ ယခင်က မြကြာမှုံဘ၀ဖြင့် သိကျွမ်းထားသူများပင် မမှတ်မိနိုင်တော့လောက်အောင် ပြောင်းလဲသွားခဲ့ပေသည်။
အခုတော့ . . .
အမိမြေကို . . “ပင်ဒိုရာ”ဘ၀နဲ့
အသစ်ပြန်စပြီး၊ ရောက်လာတဲ့အခါ . . .
အတွေ့ချင်ဆုံးသူနှစ်ယောက်ရှိတယ် . . .
တစ်ယောက်က . . .
“ပင်ဒိုရာ” ကို သိပ်ချစ်တဲ့ . . .
“သြရသ . . . .”
နောက်တစ်ယောက်ကတော့ . . .
“ပင်ဒိုရာ” က သိပ်မုန်းတဲ့
“အဓိပတိ” . . . .ပေါ့ . . . .


သီဟလတ်ကတော့ MBA အမ်ဘီအေဘွဲ့ကို စင်ကာပူမှာယူခဲ့တယ်။ သူစိတ်ဝင်စားတဲ့ စီးပွားရေးပညာတွေကို လေ့လာသင်ယူ ရင်း၊ သမာသမတ်ကျတဲ့ စီးပွားရေးပညာတွေကိုလည်း တတ်ခဲ့သလို၊ ဥပဒေဘောင်အတွင်းက ကောက်ကျစ်စဉ်းလဲတဲ့စီးပွားရေးပညာ တွေကိုလည်း တတ်မြောက်ခဲ့ပြီ၊ ဦးလေးငယ်ရဲ့ လမ်းစဉ်အတိုင်း စင်ကာပူနိုင်ငံသူ သူဌေးသမီးတစ်ယောက်နှင့် အိမ်ထောင်ကျပြီး နိုင်ငံသားအဖြစ် ခံယူလိုက်သည်။ ယောက်ခမသူဌေးကြီး ကွယ်လွန်သွားသောအခါ သီဟလတ်သည် သူဌေးနေရာကို အလိုအ လျောက်ရရှိသွားခဲ့သည်။ သီဟလတ်သည် ရရှိသောနေရာနှင့် ထိုက်တန်သော သူ၏လုပ်ရည်ကိုင်ရည်ကြောင့် ကုမ္ပဏီလုပ်ငန်းများ ယခင်ထပ်ပို၍ တိုးတက်ခဲ့သည်။ “သြရသ” လွတ်ရက်စေ့တော့မည်။
ယခု . . မရောက်တာကြာပြီဖြစ်သော၊ အမိမြန်မာပြည်ကို သီဟလတ်အလည်ပြန်လာခဲ့သည်။ အကိုကြီး အဖအရာဆိုသော စကားအတိုင်း၊ မိဘမရှိတော့ သူတို့မောင်နှမအတွက် ကိုကိုကြီးကို ဖခင်လိုချစ်ရတော့မည်။ သူတို့၏ကျေးဇူးရှင် ဦးလေးငယ်ရှိသော ထိုင်းနိုင်ငံသို့ ကိုကိုကြီးကို ခေါ်သွားရမည်။ ပြီးတော့ . .. သူ့မိသားစုရှိရာ စင်ကာပူနိုင်ငံသို့ခေါ်ရမည်။ ကိုကိုကြီးထောင်မှထွက် လျှင် ထွက်ချင်း၊ မောင်နှမသုံးယောက်၏ ခမ်းနားကြီးကျယ်သော ညစာစားပွဲကို အကောင်းဆုံးဟော်တယ်တစ်ခုတွင် စီစဉ်မည်။
အင်း . .ပြီးရင်တော့ . . . .
ငွေအားကိုးနဲ့ အနိုင်ကျင့်တတ်တယ်လူတွေအတွက် . . .
ခေါင်းအေးအေးထား၍ အလှပဆုံနည်းနဲ့
မှတ်လောက်သားလောက်အောင်တော့
ဆုံးမရဦးမည်။
အချိန်တွေကြာလို့ . . .
အေးသွားပြီတော့ မထင်လိုက်နဲ့ . . .
အေးလွန်းလို့ “ခဲ” သွားတာပဲဖြစ်လိမ့်မယ်။
အရည်နဲ့ပက်ရင် မနာဘူး
“အခဲ” နဲ့ထုရင်တော့ . . .
သေ . . . သွား . . . နိုင် . . . တယ် . . .။
မောင်မျိုးမင်း(ရင်တွင်းဖြစ်)
(ရှေ့လဆက်ဖတ်ပါ . . . . . . .)

This entry was posted on 1:08 PM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments