Cover Girl and Cover Colloection  

Posted by IDEA MAGAZINE

Sunday, April 26, 2009




Cover Model..Phwe Phwe
Dress...Thwin Su Htwe
Photo...Peter
Design.. Design Ko Myo
location...Chatrium Hotel









ဖေဖော်ဝါရီပြီးသွားပြန်ပြီ
ကမ္ဘာကြီးက အဲဒီလောက်အခွင့်အရေးမပေးပါဘူး
အဲဒီလောက် မပြတ်သားပါဘူး
Slumdog Millonaire
ဇာတ်ကားထဲမှာ ဆင်းရဲသားလေးက မီလျှံနာ
(အော်စကာက ရှစ်ဆုပေးပါတယ်)
အပြင်မှာ သရုပ်ဆောင်ကြေးနည်းနည်းပဲပေးတော့
အရင် ဆင်းရဲသားရပ်ကွက်လေးပဲ ပြန်လာကြရတာ

ငါလည်း အိမ်ပြန်လာပြီး အပြတ်ဆွဲဖြဲပစ်လိုက်တယ်
ပြက္ခဒိန်စာရွက်ကြီးကို။
သုခမိန်လှိုင်


ချစ်သူယက်တဲ့ပုဝါ
နွေဦးရဲ့တိမ်တွေလို
ကိုယ့်အိမ်ကိုယ်ပြန်ရတာနဲ့ပဲ အဆုံးသတ်
ကောင်မလေးရေ . . .
အလွမ်းတွေကိုပဲ (ငတ်)တယ် . . . ..

ဘ၀ဟာ မင်းရဲ့ခြေသည်းခွံ့လေးတွေလောက်တောင်မှ
ကျကျနနမဖြူဆင်ခဲ့ပါဘူး၊
အိပ်မက်တွေရွှံ့လိုလူးခဲ့တယ်။
ကလေးရေ .. . . ငါဆိုတဲ့ခွေးရူးတစ်ကောင်
ကိုယ့်အမြီး ကိုယ်ပြန်ကိုက်
စိတ် နာ . . နာ နေလိုက်ပုံများရယ် . .. .

အဖြူရောင် လေထုထဲ
နှင်းတွေ တဖွဲဖွဲကျနေတဲ့အသံ
ငါ့ရင်ဘတ်က မခံမရပ်နိုင်အောင် (နာ)လာရော . . . .

သံယောဇဉ်ကို
ချည်မျှင်တွေလို ယှက်သန်းတွယ်စေတဲ့
ငါ့ရဲ့ယက္ကန်းသည်မလေးရေ . . . .
. . . . .ဝေးခဲ့တယ်၊

မင်းယက်တဲ့ ပုဝါတစ်စအလှမ်းဟာ
လက်တစ်ကမ်းစာ မကပါဘူး
ကိုယ့်ဘ၀ကိုယ် ပြန်ငေးယူရတဲ့အထိ ဝေးခဲ့တယ် . . . .။
မင်းခိုက်စိုးစန်


အချစ်ဆိုတာ . . .ဒီလိုရေးတယ်
လရောင်နဲ့ခလုတ်တိုက်မိလို့
ဖောက်ကနဲ . . .ပွင့်သွားတဲ့ ကုမုဒြာ
ကိုယ့်စိတ်ကူးတော်ဝင်ရာ
မိဘမဲ့ဂေဟာတစ်ခုမို့။

သူငယ်ချင်းကြိုက်တတ်တဲ့အကောင်းမြင်ဝါဒ
ကိုယ်ဆောက်တည်လိုက်တိုင်း
လေပွေတစ်ခုလိုချာချာလည်ပြုတ်ကျ . . .။

ဒီ . .ဘ၀ကောင်းမှုတစ်ခုတော့ပြုရမယ်
ပရဟိတကို ပိုးမွေးသလို
ကြယ်တွေ ကြွေတယ်။

ရပ်တန့်ဖို့
သွားနေတဲ့ အမြန်နှုန်းကိုနှစ်ဆ
ကိုယ့်ဂေဟာ
ကိုယ့်ဆာလောင်မှု
နယ်စည်မခြားတဲ့ ကိုယ့်ချစ်ခြင်းမေတ္တာ။ ။
ဇော်မိုးလွင်


ငြိမ်းချမ်းရေး-၂
ပြဲကျလာတဲ့မိုးစက်တွေက
တောင်ပေါ်မြေပြန့်မခွဲဘူး
အားလုံးကိုစိုစေခဲ့ပုံက
ဒဏ္ဍာာရီလာသူရဲကောင်းနဲ့ ပင်လယ်ဓါးမြ စပ်ထားတဲ့ရုပ်မဟုတ်ဘူး

လူ့ပြည်ကအပ်တစ်ချောင်းနဲ့
ဗြဟ္မပြည်ကအပ်တစ်စင်းထပ်ချင်းဆုံမှုမှာ
သံဆူးကြိုးခြံစည်ရိုးပေါ်က ပေါင်မုန့်တွေပစ်ပေးလို့ အရသာရှိတယ်။
ချိုးငှက်တေးသံနဲ့
သံလွင်ရွက်နုတွေထွက်လာတဲ့အခါ
ကျည်ဆံခွံဘုရားပန်းအိုးအရောင်တောက်သလိုမျိုး
ငါတို့ ပန်းပဲဖိုလေးဖျက်ကြစို့ . . .
လေးတွေမြှားတွေချိုးကြစို . . . . ။
ပန်းလှိုင်စိုး(ကျုံပျော်)


အရူးမှာလိုင်စင်ရှိတယ်
ခြုံထည်ကြီးထဲက ရုန်းထွက်လို့မရတော့ဘူး
ကပ်ကြေးသံတစ်ချပ်ချပ်က နားယားတယ်
ငါ့ခေါင်းကိုကြည့်နေတဲ့ မှန်ထဲက မျက်လုံးဟာအသည်းယားစရာ
မှန်အပြင်က ငါ့ခေါင်းကိုစမ်းကြည့်မိတယ်၊ရှိသေးတယ်
သံသရာဟာ ဘောလုံးပွဲမှာ သူကိုယ်တိုင်ဝင်ကန်ခဲ့သလိုမျိုးပြောတယ်
ဒိုလေး၊ဘက်ခမ်း၊ဘန်ပါစီ၊မက်စီ၊ကာကာ
ငါ့ရှေ့ရောက်သလိုပဲ
ငါတွေ့နေရတဲ့ မှန်ထဲက ဂျာနယ်အပုံဟာ ထခုန်နေတော့တာပဲ
ဘရိတ် ခဏခဏအုပ်တယ်
အဆိုတော်ဟာ သီချင်းဆိုရင်း စာသားမေ့သွားဟန်ရပ်တန့်
စဆိုတဲ့ စာသားက တီလုံးရှေ့က ပြေးထွက်လာ
သရဲနဲ့ ရုတ်တရက်တွေ့လိုက်ရသလိုမျိုး
သရဲဆိုလို့ ညက သူကြည့်ခဲ့တဲ့ သရဲကားအကြောင်း
စိတ္တဇလူသတ်သမားဟာ ကြည့်သူကိုတောင် စိတ္တဇဖြစ်လာစေတယ်ဆိုပဲ
မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဟာ ဆံသဆရာဆိုလား
ဆံသဆရာဟာ မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဆိုလား
သူကိုယ်တိုင်က ဆံသဆရာလား၊စိတ္တဇဝေဒနာသည်လား
သူ့ အမူအယာတွေ၊လေယူလေသိမ်းတွေ ခွဲခြားရခက်လာ
ဘုရား ဘုရား ငါ ထပြေးရမလား
တစ်ခြမ်းပြောင်၊တစ်ခြမ်းမှောင်နေတဲ့ ငါ့ဦးခေါင်းနဲ့ဖြစ်ပါမလား
တကယ့်တော့ဗျာ နံရံမှာချိပ်ထားတဲ့ ကျားခေါင်းနေရာမှာ ခင်ဗျားဆံပင်ပုံမျိုးနဲ့ လူဦးခေါင်းတစ်ခု ချိပ်ထားရမှာ
ဒါမှ ဆိုင်ရဲ့ ကြော်ငြာဟာ ပေါ်လွင်မှာမဟုတ်လား လူတွေစိတ်ဝင်စားမှာ မဟုတ်လား
ဘုရား ဘုရား ဒီလူအတည်ပြောနေတာများလား
သူ့ခြေထောက်ကို ပွတ်သပ်နေတဲ့ကြောင်ကလေးကို ကန်ထုတ်လိုက်ပုံ
ကြောင်ကလေး ဘောလုံးတစ်လုံးကို လွင့်သွားပုံ
နံရံနဲ့ထိပုံ၊ပြုတ်ကျလာပုံ၊ကြောင့်ကလေးညည်းညူနေပုံဟာ
တစ်စက္ကန့် အတွင်း အဖြစ်အပျက် သူ့မျက်နှာဟာ သူဘာမှမလုပ်လိုက်သလိုမျိုး အေးစက်
ဓားအိမ်ထဲ ဘလိတ်ဓားအသစ်ထည့်နေပုံက
အေးဆေးတိကျ၊မြန်ဆန်လွန်းတယ်
သူမျက်နှာရှေ့ တ၀ီဝီပျံသန်းနေတဲ့ ယင်ကောင်ကိုဝိုင်းချလိုက်ပုံဟာ
ငါ့ ပါးစပ်ကို အဟောင်းသားပွင့်သွားစေတယ်
ငါ့ ၀တ်ရုံအဖြူပေါ် ပြုတ်ကျလာတဲ့ ယင်ကောင်တစ်ဝိုင်းဟာ
ငါ့ ဆံပင်နဲ့ရောထွေးလို့ တောင်ပံတစ်ဖက် ခတ်နေတုန်းပဲ
ငါ့ ဂုတ်ပေါ်မှာ ဆံပင်မရှိတော့ဘူး
ငါ မျက်တောင်မခတ်ရဲဘူး မျက်တောင်တွေပြတ်ကျမှာစိုးလို့
ငါ မျက်စိမမှိတ်ရဲဘူး မြင်ကွင်းတွေပြုတ်ကျမှာစိုးလို့
ထွက်ပြေးတဲ့ ငါ့စိတ်ဟာ ငါ့ခန္ဓာာထဲကထွက်မရဘူး
တဖျတ်ဖျတ်ခတ်နေဆဲ ယင်းကောင်တစ်ပိုင်းကို ကောက်ယူပြီး
သူ့လက်နဲ့ချေမွလိုက်တယ် အေးဆေးပဲ
သူ့အပြုံးဟာ ပန်းပွင့်သလို အနှေးပွင့်လို့
တရုတ်သိုင်းကားထဲက သူရဲကောင်းလိုလို
စိတ္တဇလူသတ်သမားလိုလို မျက်လုံးဟာ အေးစက် မာကြော တောက်ပ
နှုတ်ခမ်းကို တင်းတင်းစေ့လို့ မှန်ထဲက ငါ့မျက်လုံးကို သူ့မျက်လုံးနဲ့ထိုးစိုက်ထားတယ်
သူ့လက်ဟာ တဆတ်ဆတ်တုန်လို့
ကျုပ်မှာ လိုင်စင်ရှိတယ်လို့ပြောတယ်။
ကိုရွေး


အိပ်မက်ခြောက်
အမေက ပြဿနာကို အားမပေးဘူး
အဖေဆို ဒုက္ခကို ဘာသာရေးနဲ့တံခါးပိတ်ထားသူ
မညှိဘဲ ငြိငြိနေတဲ့အသံမျိုး
ကျွန်တော်မကြိုက်တော့ဘူးအမေ
အဖေ့အတွက် ငြိမ်းချမ်းခြင်းဟာ
တစ်ဦးနဲ့တစ်ဦးဖြတ်တောက်ထားတဲ့ ဆက်သွယ်ရေးလား
ကျွန်တော့်လိပ်စာမှာ
ညည အိပ်မပျော်တဲ့အကြောင်း ထည့်သွင်းထားချင်တယ်
ကျွန်တော့်ကို မသိတဲ့ ရင်သွေးလေးအကြောင်းအန်ချချင်တယ်
ရင်ဘတ်တွေ ခဏခဏအောင့်တဲ့အကြောင်းလည်းပါချင်သေးတယ်
ဖြစ်ရဲ့လား
ကိုယ့်ဟန်ချက်ကို မသိတဲ့လူတစ်ယောက်က
ဘ၀ကိုအလျားလိုက်ကူးဖို့ဆိုတာဖြစ်ရဲ့လား
ကျွန်တော် ဘာမှမသိတော့ဘူး
အတိတ်မှာ
ရည်းစားဦးနဲ့ အသန့်ရှင်းဆုံးဆုရခဲ့တယ်
နောက်တော့ ကျွန်တော်အထီးကျန်သွားတယ်
အထီးကျန်ဟာ အန္တရယ်ဖြစ်မှန်းမသိဖြစ်လို့
ကြာပြီ၊ ဖွင့်မကြည့်ဖြစ်ခဲ့တဲ့ မိသားစုဓါတ်ပြားဟောင်းကလေးတောင်
အမှောင်ခန်းထဲမှာ ပက်ကြားအက်နေရဲ့
အမေသိသိနေတဲ့
အဖေနဲ့တူတဲ့ကျွန်တော့်မှာ
အခုထိ ဘာမှအရာမယွင်းသေးဘူး
လက်ထဲ ဘာတရားမှလည်း မဆုပ်ကိုင်မိသေးဘူး
ကြာပြီ။
မြတ်မိုးအိမ်


စွပ်ဖားလှည်း

ရှေ့မှာဘူတာရုံမရှိတော့ဘူး

အရင်းခံတကြောင်းစွဲ ကိုယ်ရောင်ကိုယ်ဝါနဲ့

နေ့စိတ်ကူး ညအိပ်မက်က

အာလူးစားနေသူ

သိုးအုပ်တွေ

အထီးကျန်ခြင်းမှာ

ဖြတ်တောက်ခြင်းကိုပြတ်စဲခြင်းရေးထိုးဖို့လက်မှတ်နဲ့

ဆံချည်မျှင်တွေဟာ

အင်္ကျီကော်လံပေါ်

ဝဲကျလို့။

ဝေဒီကို


ခိုင်လုံသည့်အချက်အလက်များ လုံးဝမတွေ့ရှိရသောကြောင့်

“သူ ဒီမှာရှိနေတယ်
သူ ကျွန်မကို ခြိမ်းခြောက်နေတယ်
သူ ကျွန်မကို အော်ဟစ်နေတယ်”
၁၂ရက်အကြာ ရှင်းလင်းပွဲတွင် သူမသည် လွန်ကဲသောဆေးဝါးများကို သောက်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားသည်မှာ ထင်ရှားကြောင်း ထုတ်ဖော်ခဲ့။ ဥပဒေရုံးမှ သူမသေဆုံးမှု(သို့)အသတ်ခံရမှုသည် လူတစ်ဦး(သို့) အများနှင့် ပတ်သက်နေသည်ဟု ယူဆကာ ပြန်လည်စစ်ဆေး။ ၄လတာမျှ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးနောက် ၎င်းအမှုကို တဖန်ပြန်လည်ပိတ်လိုက်ပြန်။
အရက်အလွန်အကျွံသောက်၊မူးယစ်ဆေးဝါးသုံးစွဲကာ နေ့စဉ်စိတ်ရောဂါကု ဆရာဝန်ကြီးတစ်ဦးနှင့်တွေ့ဆုံ၊အမေရိကန်သမ္မတနှင့် မကြာ မကြာတွေ့ဆုံ။ သူမဟာ ဘယ်သူလဲ။
ကနေဒီပြောသလို ရယ်စရာကောင်းတဲ့အဖြစ်အပျက်လေးပဲလား။ ရောဂါဗေဒအကြံပေးချက်အရာရှိ အကြီးအကဲတစ်ဦးက တိကျသော ဆေးမှတ်တမ်းမူရင်း၏ တွေ့ရှိချက်များကို ထုတ်မေးလာ။ ယခုနှစ်အင်တာဗျူးတွင် သေမှုဆိုင်ရာ မြင်ကွင်း၏ ချို့ယွင်းအားနည်းချက် အနာအဆာ များကိုထုတ်ဖော်ညွှန်ပြခဲ့။ သူမဟာ ဘယ်သူမဆိုဖြစ်နိုင်တာပဲ။

မေးခွန်းတစ်ခုမှာ
သူမ၏အခန်းတွင်းသို့ အခြားပုလင်းများ ဘယ်နေရာမှရောက်ရှိလာလေသလဲ။
ရှေ့နောက်မညီသော မှတ်တမ်းများ အိမ်တွင် တွေ့ရသော ဆေးဝါးအမျိုးမျိုးအစားစား။
ဓာတ်ခွဲခန်းမှထွက်လာသော အထောက်အထား စာရွက်ပေါ်တွင် ဆေးအမည်ရှစ်မျိုးထည့်ထားသည့် ပုလင်းများဟု ဖော်ပြခဲ့သည်မှာ အဘယ်ကြောင့်နည်း။

ကိုယ့်အသားစ နမူနာကိုစစ်ဆေးရာမှ ထွက်လာသောာတစ်သျှူးကိုဘာလို့ ဖျောက်ဖျက်ပစ်ချင်ကြတာလဲ
အဲဒီတစ်သျှူးလေးထဲမှာ
ဗီယက်နမ်စစ်တလင်းက အဖြစ်အပျက်တွေပါလို့လား
အနုမြူဗုံးများ အတွဲလိုက် ဖောက်ခွဲစမ်းသပ်မှုရှိပါလို့လား
မာဖီးယားအားမပြတ်ချေမှုန်းရေးနှင့်ကပ်စထရိုအားဖြုတ်ချရန်ပါလို့လား။
သူမဘယ်သူဖြစ်မလဲ

ကမ္ဘာက လိုလိုလားလားမရှိကြတာ
ကွန်မြူနစ်ဘက်သို့ အလေးပေးလို့လား၊လက်ဝဲသမားတစ်ဦးဖြစ်လို့လား
အရွယ်ကောင်းဆဲ အမျိုးသားနဲ့ ရှန်ပိန်စုပ်လို့လား
သူမဟာ ဘယ်သူမဆိုဖြစ်နိုင်တာပဲ

မွန်ရိုးမှာ ဟုတ်ရဲ့လား၊ ဘယ်သူလဲ
တံခါးအောက်တွင်တွေ့ရသော ဖုန်းကြိုးတစ်စ
ကုတင်ပေါ်တွင်ကိုယ်တစ်ဝက်
ကြမ်းပြင်ပေါ်တွင် ကိုယ်တစ်ဝက်ပုံအနေအထား
ပွယောင်းနေသောဆံပင်များ၊မိတ်ကပ်လုံးဝမရှိသော မျက်နှာပစ္စည်းများရှုပ်ပွပြန့်ကျဲလျက်
ဆေးပုလင်းများ ပွပြန့်ကျဲလျက်

တရားရုံးအနေဖြင့် ဘာလို့ အိမ်ထောင်အမျိုးသမီးကြီးကို ချန်ထားခဲ့တာလဲ။ လုံခြုံရေးပြဿနာ စီအဆင့်၊(ဃ)အမှတ်အသားလျို့ဝှက်သင်္ကေတ။ အနှစ်(၄၀)ကျော်ထိန်ချန်ထားသော အထူးလျို့ဝှက်ချက်များ။သောကပွားစေနိုင်သော ၎င်းတို့၏နောက်ကွယ်လိမ်ညာမှုများ။ ပြည်သူတို့ပြသခွင့် ကို မလုပ်နိုင်သောအဆင့်သတ်မှတ်ထား။ နောက်ဆုံးစာမျက်နှာ၁၀၀မျှရှိသော စာရွက်စာတမ်းများ။ စာမျက်နှာ ၅၀၀ခန့်အမှုကိစ္စဟာမွန်ရိုးနဲ့မှ ဆိုင် ရဲ့လား။

(အကြောင်းအရာများမှ အတ္ထုပ္ပတိရေးသူသမိုးပညာရှင်နဲ့သုတေသီများအတွက်သာဖြစ်၏။ စာရေးသူအလုပ်မဟုတ်။ပေ။ ဒါတွေကိုကိုယ်အာဘော် နဲ့ ကော်ချက်ဆွဲဖို့မဖြစ်နိုင်ပေ)
မွန်ရိုးဟာ ဘယ်သူလဲ။ သမိုင်းဝင်ရုပ်ရှင်စတားလား၊နှုတ်ဖွာသူလား၊စိတ်ရောဂါသည်လား၊စပိုင်လား၊အာဂအမျိုးသမီးလား၊မလည်ရှုပ်လား၊ဟန်ဆောင်ကောင်းသူလား၊သရုပ် ဆောင်ကောင်းသူလား၊ဘ၀သရုပ်ဖော်မှာ သရုပ်ဆောင်ကောင်းခဲ့သူလား။ ဘယ်သူလဲ၊မွန်ရိုးဟာ ဘယ်သူလဲ။ ဘယ်သူလဲ မွန်ရိုး။

မောင်ယုပိုင်


Model....Wit Hmone Shwe Yee
Make-up...May Oo (December Hnin)
Dress..Thwin Su Htwe
Accessories...TAN collection
Photo...Tin Moe Wai (Rainbow)
Acrylic Painting...Myat Kyawt
Design...Myo Swe Than


Model....Wit Hmone Shwe Yee
Make-up...May Oo (December Hnin)
Dress..Thwin Su Htwe
Accessories...TAN collection
Photo...Tin Moe Wai (Rainbow)

Acrylic Painting...Myat Kyawt
Design...Myo Swe Than


Model....Rebecca Win
Make-up...G.Six
Dress..San Bauk Rar (Shayi)

Photo...Tin Moe Wai (Rainbow)

Acrylic Painting...Myat Kyawt

Design...Myo Swe Than


Model....Rebecca Win
Make-up...G.Six

Dress..San Bauk Rar (Shayi)
Photo...Tin Moe Wai (Rainbow)

Acrylic Painting...Myat Kyawt
Design...Myo Swe Than


Model....Thinzar Nwe Win
Make-up...December Hnin
Dress..Ma Pont (My Favourite)
Photo...Tin Moe Wai (Rainbow)
Acrylic Painting...Myat Kyawt
Design...Myo Swe Than

Model....Thinzar Nwe Win
Make-up...December Hnin
Dress..Ma Pont (My Favourite)
Photo...Tin Moe Wai (Rainbow)
Acrylic Painting...Myat Kyawt
Design...Myo Swe Than



စောင့်ကြည့်ငှက်

မနေ့က . . . . . ၊
ကမ္ဘာမြေကိုခေါက်တုံ့ခေါက်ပြန်အော်ခေါ်ကြည့်တဲ့အခါ
အပြာရောင်သစ်ရွက်တစ်ရွက်ထိုးစိုက်ဆင်းချလာတယ်
ငါ့အိပ်မက်ဝါတာတာတွေနဲ့ရောနှော
တစ်တောလုံးတစ်တောင်လုံးအားပါးတရစိမ်းထသွားလိုက်ကြပုံ
ငါ . . . ရင်ခုန်လို့မရဘူး

ငါ့ကိုတရားဦးလာဟောလှည့်စမ်းပါ
အဲဒီနေရာဟာ နေသာပါတယ် ဆိုတဲ့စကားလုံးမပါစေနဲ့
ပြတင်းဝကလှမ်းကြည့်လို့မှ ကိုယ့်ကောင်းကင်ကိုယ်မမြင်ရတဲ့ည
အဲဒီညကိုငါ . . . စိတ်မချဘူး

ကြယ်တွေကိုဟစ်အော်ပေါက်ကွဲပြရတာလည်းမောတယ်
နာမည်တွေတသီးတသန့်နဲ့ခမ်းနားပြနေတဲ့မြို့ရွာတွေကိုလည်းမုန်းတယ်
ငါ့သီလနဲ့ငါလုံခြုံနေတဲ့အမေ့အိမ်ကလေးလောက်တော့
ဘယ်ဟာမှဖြန့်ကျက်အုပ်မိုးပေးထားနိုင်မှာမဟုတ်ဘူး . . . .

ငါ့ကိုထူးလိုက်စမ်းပါကမ္ဘာမြေရေ . . . .
ငါ့အသံကိုမြင်ကြည့်လိုက်စမ်းပါ
ငါ့ကောင်းကင်ရဲ့အရောင်တွေကိုနားစွင့်လိုက်စမ်းပါ
ငါ့ရှေ့ကအမှောင်ကိုကောင်းချီးပေးလိုက်စမ်းပါ
ငါ့အတောင်တွေကို ရွှေချပစ်လိုက်စမ်းပါ . . . .

ဒီမှာ . . . .
ငါဟာ . . . ကမ္ဘာကိုစောင့်ကြည့်နေတတ်တဲ့ငှက်တစ်ကောင်ပါ
ပျံသန်းခွင့်ဆိုတာက ကိုယ့်စိတ်သမုဒ္ဒရာထဲမှာကိုယ်တစ်ကိုယ်ရေဖြန့်ခင်းချလို့ရသလို
ကိုယ့်ကိုယ်ပိုင်ရေတွင်းလေးထဲမှာလည်းတစ်ကိုယ်ရေကျဉ်းမြောင်းခွင့်ရနိုင်သေးတာပဲ
ကိုယ့် . . . စံ . . . သတ်မှတ်ချက်တွေနဲ့ အရာရာဟာ ဖီဆန်လွဲသွေ . . . .
ငါ ဘာလို့ သေဆုံးမသွားသေးတာလဲ . . .. . . . ..

ခုတော့ . . .
ကဗျာဆရာရေ . . ဟေ့လူ . . . လို့ခေါ်မယ်သူလည်းမရှိ
တောချောက်တောင်ခြောက်မှာလည်းမပူရ . . . ..
ပန်းချီဆရာရေ . . တစ်ကြောင်းဆွဲပုံတူတွေလည်းမရှိ . . . . .
မှန်မကြည့်ချင်မှာလည်းမပူရ
ဇာတ်ညွှန်းဆရာရေ . . ဇာတ်ညွှန်းအစစ်ဆိုတာလည်းမရှိတော့
တင်ဆက်ကပြနေဖို့လည်းမပူရ . .
အဲဒီနေရာက ... အလွမ်းတွေနဲ့ပြာကျနေတဲ့အရပ်ဖြစ်တယ်။

ငါ့ကိုခေါ်ပါ
ငါ့နာမည်မပါတဲ့တေးတစ်ပုဒ်ကိုထမ်းလာခဲ့ပါ
ငါ့အိပ်မက်တွေနဲ့ဝေးရာတောင်တန်းတွေဆီမှာအထီးကျန်
ငါ . . .မာန် . . . ဆိုတာတွေကိုခဏခ၀ါချလို့
တိတ်တိတ်ကလေး . . . .တွေးနေချင်တယ်
ငါ့နာမည်မပါတဲ့တေးတစ်ပုဒ်နဲ့ပေါ့..................

ငါကိုယ်တိုင်ထိုးစိုက်ပျံဆင်းလာမယ့်နေ့ရက်ကိုစောင့်ကြို
ကမ္ဘာမြေရေ......... နင် ငိုမနေနဲ့တော့နော်.............။ ။
မနော်ဟရီ


Model...Khin Lay Nwe
Make-up...Nyi Nyi Maung (Sanchaung)
Dress..Ma Pont (My Favourite)
Photo..Tin Moe Wai (Rainbow)

Acrylic Painting...Myat Kyawt

Design...Myo Swe Than




Model...Khin Lay Nwe
Make-up...Nyi Nyi Maung (Sanchaung)
Dress..Ma Pont (My Favourite)
Photo..Tin Moe Wai (Rainbow)

Acrylic Painting...Myat Kyawt

Design...Myo Swe Than


Model...Chan Chan
Make-up...December Hnin
Dress..San Bawk Rar (Shayi)
Photo..Tin Moe Wai (Rainbow)
Acrylic Painting...Myat Kyawt
Design...Myo Swe Than


Model...Chan Chan
Make-up...December Hnin
Dress..San Bawk Rar (Shayi)
Photo..Tin Moe Wai (Rainbow)
Acrylic Painting...Myat Kyawt
Design...Myo Swe Than


Model...Su Pyae Sone Win Myint
Make-up...May Oo (December Hnin)
Dress..Thwin Su Htwe
Accessories .. TAN collection
Photo..Tin Moe Wai (Rainbow)
Acrylic Painting...Myat Kyawt
Design...Myo Swe Than


Model...Su Pyae Sone Win Myint
Make-up...May Oo (December Hnin)
Dress..Thwin Su Htwe
Accessories .. TAN collection
Photo..Tin Moe Wai (Rainbow)
Acrylic Painting...Myat Kyawt
Design...Myo Swe Than




ဖောင်တိန်နှင့်ဘော(လ်)ပင်
လူတစ်ယောက်သည် ကိုယ်ဝါသနာပါသော . . အလုပ်ကိုလုပ်ခွင့်ရဖို့ ကိုယ့်ပါတ်ဝန်းကျင်မိသားစုနှင့် အခြေအနေအားလုံးကို ရုန်းကန် . . တွန်းထိုး . . ပဋ္ဋိပက္ခဖြစ် . .ပြဿနာတက်ပြီးမှ သူတို့နားလည်မှုနှင့်ကိုယ့်ဝါသနာကိုအိမ်ထောင်ပြုရသည်ဟု . . ကျွန်တော်ထင်ပါသည်။
ကျွန်တော်အခုလို ခပ်ရဲရဲကလေးပြောခြင်းမှာ . . ကျွန်တော်သည် `၀ါသနာ’နှင့်အရင်အိမ်ထောင်ကျပြီးမှ လူမိန်းမနှင့်အိမ်ထောင်ကျခြင်းဖြစ် သောကြောင့် ဤစကားကိုရဲရဲဝံ့ဝံ့ပြောဝံ့ခြင်းဖြစ်ပါသည်။
ဝါသနာသည် . . အိမ်ထောင်ကို ထိခိုက်တက်မှန်း အစက ကျွန်တော်မသိခဲ့ရိုးအမှန်ပင်ဖြစ်ပါသည်။ လူတစ်ယောက်မှာ ၀ါသနာဆိုတာကလည်း ဘာရယ်ပြောလို့မရ . . ရပ်ကွက်ထဲက နှစ်လုံးထိုးသူတွေလိုပဲ ခန့်မှန်းရခက်လေသည်။
ကျွန်တော်က . . ကျွန်တော့်ဝါသနာကိုပဲဦးစားပေးခဲ့သည်။
ကျွန်တော်သည် . . ၀ါသနာကလေးနှင့်နေရလျှင် . . ပျော်နေသောလူတစ်ယောက်သာဖြစ်၏။ ကျွန်တော့်ဘ၀တစ်လျှောက်လုံး ယနေ့ထိတိုင် လည်း ကျွန်တော့်ဝါသနာကလေးနှင့် ကျွန်တော်ငြိမ်းချမ်းစွာနေလျက်ရှိပါသည်။
ကဲ . . .။
လူတစ်ယောက်မှာရှိသည့်ဝါသနာကို ဘာနှင့်ပိတ်ပင်တားဆီးခွင့်ရှိပါသလဲ။ သူ့!၀ါသနာသည် . . ပြစ်မှုအဖြစ်သို့မရောက်သမျှကျွန်တော်တို့ ကတားဆီးခွင့်မရှိဟု ကျွန်တော်ထင်ပါသည်။
လူတစ်ယောက်သည် . . .
ကာရာအိုကေကို သူ့အိမ်မှာ ဆိုချင်လျှင်ဆိုမည်။ နှစ်လုံးထီကိုလည်း ထိုးချင်ထိုးမည်။ သူ့မိန်းမနှင့်လည်း စကားများချင်များမည်။ လမ်းနံဘေး မှာမူးလဲချင်လျှင်လည်းလဲနေနိုင်သည်။ အရက်မူးပြီး chess ၀င်ထိုးချင်လည်းထိုးမည်။ အရက်သောက်တော်တော်လေး ကစ်ပြီးမှ လမ်းထိပ်က ကုန်သွားပြီဖြစ်သော အသုတ်ဆိုင်ကအသုတ်နှင့်မှ ထမင်းစားမည်ဟု မိဖတွေကိုရော . . မိန်းမကိုရောရစ်ချင်လျှင်ရစ်မည်။
“အရက်မူးလျှင် ကျွဲခိုးပေါ်” . . ဆိုသော မြန်မာစကားပုံတစ်ခုရှိ၏။
ကျွန်တော်ကတော့ အရက်မူးလျှင် ၀ါသနာပေါ်ဆိုသောစကားပုံကို အစားထိုး၍ (ဖြစ်နိုင်လျှင်) ထည့်ချင်ပါသည်။
ကျွန်တော်အရက်တော်တော်ကလေးမူးသွားလျှင် . . .လုပ်သောဝါသနာက ဘော်(လ်)ပင်တွေကို တွေ့ရာစတိုးဆိုင်တွေမှာလျှောက်ဝယ် ခြင်းဖြစ်သည်။
“ဒီကိစ္စကဘယ်လိုဖြစ်တာလဲ!” ဟု ကျွန်တော့်ဇနီးကမေးဖူးသည်။ ကျွန်တော်စာရေးဆရာဖြစ်နေသော်လည်း သူ့အမေးကိုဖြေစရာစကား သည်မရှိ။
ကျွန်တော်ကိုယ်တိုင်ကပင် ဘာကြောင့်ဘော(လ်)ပင်တွေကိုဝယ်နေရတာလည်းဆိုတာကိုမသိပါ။
ကျောင်းသူကျောင်းသားများသည် . . . ကျွန်တော်တို့ခေတ်တုန်းကလို မဟုတ်တော့ဘဲ ဘော(လ်)ပင်ကို တစ်တန်း၊နှစ်တန်းဆိုလျှင်ကိုင်နေ ကြပြီဖြစ်သည်။
ကျွန်တော်တို့တုန်းကတော့သူငယ်တန်းမှာ . . ကျောက်သင်ပုန်း . .နှင့်စာရေးရ၏။ ပထမတန်းရောက်တော့မှ “လက်ရေးလှ” စာအုပ်နှင် စာရေးခွင့်ကိုကိုရသည်။ ကျွန်တော်ရော . .ကျွန်တော်နှင့်တစ်တန်းတည်းတက်ဖော်များပါခဲတံကိုကျောင်းရှေ့တွင်ရှိသော . . အုပ်နံရံတွင်ချွန်ကြ ရ၏။
ကျွန်တော်ကျောင်းတက်စဉ်က ခဲတံချွန်စက်ကလေးများရှိနေပြီဖြစ်သော်လည်း (ငါးကျပ်)ပေးရသည်ဆိုသဖြင့် မိဖများက ၀ယ်မပေးကြပါ။ ထိုစဉ်က ကျွန်တော်ရသောမုန့်ဖိုးမှာ တစ်မတ်(၂၅)ပြားသာဖြစ်ပါသည်။ ငါးကျပ်ဆိုသောငွေသည်ခံတံချွန်စက်အတွက် မသင့်လျှော်ဟုအိမ်က မိဖများက ဆုံးဖြတ်ကြသည်ဟုထင်ပါသည်။
ဒီတော့ ကျွန်တော်သည် . . ကျောင်းရှေ့တွင်ရှိသောခဲတံချွန်တိုင်မှာ ကျွန်တော့်ဆက်ဗလကောင်းသော ငတိများနှင့်အပြိုင်ခဲတံချွန်ခဲ့ရ သည်။
ကျွန်တော်တို့ငါးတန်းရောက်တော့မှ ဖောင်တိန်ကိုကိုင်ရသည်။ ဆရာမကဖောင်တိန်နှင့်မှင်အိုးကိုတစ်ယောက်စီထပြီးထုတ်ရသည့်နေ့ တုန်းက ကျွန်တော့်ဝမ်းသာမှုမှာမိန်းမရသည့်နေ့က ၀မ်းသာမှုထက်အဆတစ်သန်းလောက်ပိုသည်ဟုထင်ပါသည်။
ကျွန်တော်တို့ရသော ဖောင်တိန်မှာ(ပိုင်လော့)ဖောင်တိန်ဖြစ်ပြီး၊ထိုဖောင်တိန်မှာ မှင်ကိုဖောင်တိန်အရစ်ကိုချွတ်ပြီး ဖောင်တိန်၏ဖင်ပိုင်းမှ ထည့်ပြီးရေးရသည်ဟုဆရာမကဖောင်တိန်ရကစ ကျွန်တော်တို့ကိုသင်ပြပေးပါသည်။ (ဆရာမကလည်း ထိုဖောင်တိန်တစ်ချောင်းကိုရပါသည် . . ဆရာမ၏ မှင်အရောင်ကတော့ ဘာကြောင့်မှန်းမသိအနီရောင်ဖြစ်နေသည်)
ကျွန်တော်ကျောင်ကနေပြန်လာတော့ မြေကြီးနှင့်ခြေထောက်မထိဘူးဟုထင်ပါသည်။
ကျွန်တော့်ဘ၀မှာ အဲဒီလောက်ပျော်ခဲ့သောနေ့တစ်နေ့မှမရှဟုထင်ပါသည်။
ကျွန်တော်သည်အိမ်ရောက်သည်နှင့် ကျွန်တော့်(ပိုက်လော့)ဖောင်တိန်ကလေးထဲကိုမှင်တွေထည့်သည့်အခါ မကျွမ်းကျင်သေးသည့်အတွက် လက်တွင်မှင်တွေစွန်း၊အင်္ကျီတွင်မှင်တွေစွန်းနှင့်ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့သည်။
ဖောင်တိန်ကလေးကိုချရေးတော့လည်းဖောင်တိန်ကလေးက မှင်မထွက်။ ဘာမျှရေး၍မရ၊ကျွန်တော်ငိုချင်သွားသည်။
ကလေးတစ်ယောက်သည် . ..ကိုယ်အသစ်အဆန်းရလာသောပစ္စည်းကလေးကိုမြတ်နိုးသည် . . အသုံးချချင်သည် . . လုပ်၍ပြချင်သည်။ ကျွန်တော်ကတော့ ထိုနေ့ကကျွန်တော်ဖောင်တိန်(ပိုက်လော့)ကလေးဖြင့်ဘာစာမျှရေး၍မရခဲ့သည်အတွက် ကျွန်တော်ဝါသနာတွင် (ဖောင်တိန်)နှင့် ယနေ့ခေတ်သုံးဘော်(လ်)ပင်သည် မသိစိတ်၏ အိပ်မက်တစ်ခုဖြစ်နေသည်ဟု ကျွန်တော်ထင်ပါသည်။
ဝါသနာသည် မသိစိတ်မှဖြစ်သည်ဟုကျွန်တော် . . ဗုဒ္ဓဟောတော်မူသောတရားထဲတွင်ဖတ်လိုက်ရဖူးသည်။
ကျွန်တော်သည်စတိုးဆိုင်တစ်ဆိုင်ထဲသို့ဝင်သွားပြီး (ဖောင်တိန်)များကိုအရင်ရှာတတ်သော်လည်း ယနေ့ခေတ်တွင် (ဖောင်တိန်)များမရှိ တော့သဖြင့် ဘော(လ်)ပင်များကိုသာတွေ့သည်။
“ဖောင်တိန်ရှိသလား”
“ရှင် . . . . !”
“ဖောင်တိန်”
“ဖောင်တင်မလို့လား! အဲဒါဆိုရင် အပေါ်ထပ်က (G.M)နဲ့သွားပြောပါ”
“ဖောင်တိန်ကိုပြောတာ . . .”
“ရှင် . . .!!”
“ဖောင်တိန်လေ . . .. !!”
“ကျွန်မ . . အုပ်ချုပ်သူနဲ့သွားတိုင်လိုက်တော့မယ်နော်”
“ဟာ . .မဟုတ်ဘူး . . ၊ဖောင်တိန်လို့ပြောတာ . . .”
“အဲဒါကိုပဲတိုင်မှာ . . .”
ကျွန်တော်ထိုနေ့က ထိုစတိုးဆိုင်တွင် တော်တော်ကလေးရှင်းလိုက်ရ၏။ သူတို့က ကျွန်တော်ပြောသော (ဖောင်တိန်)ဆိုတာကို တစ်ယောက်မျှမသိကြတော့။
ကျွန်တော်ဖောင်တိန်တစ်လက်မရခြင်းထက် . . (ဖောင်တိန်)ဆိုတာကိုမသိကြတော့သော လူများအတွက်သာဝမ်းနည်း၍နေခဲ့သည်။
အပြစ်ပြောမည်ဆိုလျှင်လည်း ကျွန်တော်ပါးစပ်က အရက်နံ့ကလေးရနေသည်ဟုပင်ဆိုကြပါတော့။ ကျွန်တော်အိမ်ကိုပဲပြန်လာပါသည်။ အိမ် ကိုပြန်ရောက်တော့ ခဏကလေးအိပ်ပြီးသည့်နောက်ကျွန်တော်တို့လမ်းထိပ်က ပေါက်ပေါက်တို့ဆိုင်ကလေးတွင် အနက်ရောင်ဘော(လ်)ပင်ဝယ်မည်ဟုထွက်ခဲ့ပါသည်။
(ပေါက်ပေါက်)တို့ဆိုင်ဆိုတာကို(စကားလမ်းကြုံ၍မဟုတ်ဘဲ) လက်လမ်းကြုံသဖြင့် နည်းနည်းကလေးတော့ရေးလိုက်ချင်ပါသည်။
ထိုဆိုင်ကလေးသည် သာမန်ရပ်ကွက်ထဲမှ အသေးစားကုန်ဆုံဆိုင်ကလေးဖြစ်သော်လည်း ရပ်ကွက်ထဲမှ လူတွေလိုချင်သမျှပစ္စည်းအကုန် ရ သည့်အတွက် သူတို့ဆိုင်တွင်လူကအမြဲတမ်းတိုးလျက်ရှိသည်။
(ပေါက်ပေါက်)တို့ဆိုင်တွင် လူသုံးယောက်က နေ့စဉ်ရောင်းကြသည်။ ထိုလူသုံးယောက်မှာ ပေါက်ပေါက်၊သူ့အစ်မနှင့်အမေတို့ဖြစ်ကြ သည်။
သူတို့သုံးယောက်စလုံးက သင်္ချာကိုမတော်ကြဟန်ရှိ၏။
ငါးရာတန်ပေးပြီး တစ်ရာလေးဆယ်ငါးကျယ်ဖိုးဝယ်လျှင် သားအမိသုံးယောက်ပေါင်းပြီး တစ်ယောက်တစ်မျိုးစီ ပိုက်ဆံပိုပြန်အန်းငွေကို ပြော ကြသဖြင့် ကျွန်တော်သူတို့ကို တော်တော်ကလေးသဘောကျသည်။
တစ်ခါတစ်ရံတွင် ပြန်အမ်းငွေကို တွက်ချက်တာမှန်ပြီး ငွေလည်းအမ်းရောငွေကပို၍နေသည်မှာ အကြိမ်တော်တော်များသည်။ ကျွန်တော်က လူရှင်းနေလျှင်တော့ ရယ်ရယ်မောမောနှင့်သူတို့ကို နောက်ပြီးပိုအမ်းသည့်ငွေကိုပြန်ပေးတတ်လေ့ရှိသော်လည်း လူရှုတ်နေလျှင်တော့ ကိုယ့်က လျှော့သည်ဖြစ်စေ . . သူကပိုသည်ဖြစ်စေဘာမျှမပြောတော့ဘဲ ပြန်သည်ကသာများပါသည်။
သူတို့ဆိုင်မှာဝယ်လျှင် (ပေါက်ပေါက်)ကတစ်မျိုးတွက်သည်၊သူ့အစ်မက တစ်မျိုးတွက်သည်၊သူ့(အမေ)ကတစ်မျိုးတွက်သည် . . ၀ယ်သည့်သူကတစ်မျိုးတွက်သည်။ ထို့ကြောင့် ပိုက်ဆံက မတူပဲ တစ်မျိုးစီဖြစ်နေတတ်၏။
“အာလူးတစ်ဆယ်သားကတစ်ရာ့နှစ်ဆယ်”
“ဟုတ်ကဲ့”
“ဆီက . . စားအုန်းဆီနော်”
“ဟုတ်ကဲ့”
“အဲဒါက တစ်ရာခြောက်ဆယ် . . .”
“ဟဲ့ နေဦး၊ငါ့ထည့်ပေးလိုက်တာက ပဲဆီဖြစ်နေတယ်”
“မဟုတ်ပါဘူး၊စာအုန်းဆီပါရှင်”
“ကဲ . . ငါ့ကိုပြန်ပြ၊ပြန်ပြ”
“ဘဲဥတစ်လုံးကဘယ်လောက်လဲဟင်”
“အမေ . . ဘာဆီပဲဖြစ်ဖြစ်ပေးလိုက်တော့၊ဘဲဥက တစ်လုံးကိုတစ်ရာနဲ့ဆယ့်ငါးကျယ်ညီမလေး”
“အဲဒါဆို . . ငါးလုံးပေး”
“ဘဲဥကငါးလုံးနော်၊ပြီးတော့ ကော . . .”
“အချိုမှုန့်ကတစ်ရာဖိုး၊မဆလာရှိလား!”
“ကုလားလေးမဆလာရှိတယ်!”
“မဟုတ်ဘူး၊ကျန်တဲ့မဆလာ!”
“သြော် . . ကျန်တဲ့မဆလာကုန်နေတယ်”
ပေါက်ပေါက်က အပြုံးနဲ့ပဲပြောပါသည်။ ၀ယ်သူက ကုလားမကလေးဖြစ်ပြီး ကုလားလေးမဆလာကိုမကြိုက်ဆိုတာကို ကျွန်တော်ရယ်ချင် သွား၏။ သို့သော် . . ကျွန်တော် ထိုအချိန်ထိ ဘော(လ်)ပင်ဝယ်၍မရသေးပါ။
“ဆန်တစ်လုံးက တစ်ရာ့နှစ်ဆယ်၊ပဲကြီးလှော်က ငါးကျပ်သား၊အချိုမှုန့်ကတစ်ရာတန်တစ်ထုတ်ဆိုတော့ . . .”
ဒါကပေါက်ပေါက်အမပါ . . သူ့ဘာသူတွက်ပြီးသူ့ဘာသာသူတို့ရှုတ်နေကြတဲ့ဈေးဆိုင်ကလေးဟာ တစ်နေကုန်ခုံကလေးတစ်လုံးနဲ့ ထိုင် ကြည့်နေလျှင်တော့ တော်တော်ကလေးပျော်ဖို့ကောင်းမည်ဟု ကျွန်တော်ထင်ပါသည်။
“ဘော(လ်)ပင်လိုချင်ပါတယ်ဗျာ”
“ခဏလေးနော်(ဦး) အဲဒါက ရှစ်ဆယ်၊ရာဇာကငါးဆယ် . . ပဲကြာဇံက . . အမေ ဘယ်လောက်လဲ”
“ငါလည်းမသိတော့ဘူးအေ့”
“အဲဒါဆို . . တစ်ရာပဲထားလိုက်တော့ . . အမှန်တော့ အဲဒီထက်များတယ်၊ ဒါပေမယ့် တစ်ရာပဲပေးဟုတ်ပြီလား”
(ပေါက်ပေါက်)တို့ဆိုင်က ဆိုင်ရှေ့မှာနာမည်တပ်ထားတဲ့ဆိုင်းဘတ်မရှိသော်လည်း ကျွန်တော်တို့ရပ်ကွက်ထဲမှာတော့ တိုးမပေါက်အောင် ရောင်းရသောဆိုင်ဖြစ်နေခြင်းမှာ သူတို့ကံကြောင့်လား!၊ သူတို့ဂဏ္ဍာန်းပေါင်းမှား၍လားဖော်ဖော်ရွေရွေနှင့်ဆက်ဆံရေးကောင်း၍လား! တစ်ခုခု တော့ဖြစ်လိမ့်မည်ဟု ကျွန်တော်ထင်သည်။
“ဘော်(လ်)ပင်ပေးပါ”
“ဟုတ်ကဲ့ . . ဦး . . ခဏလေးနော်၊ပဲခြမ်းကဘယ်လောက်ဖိုးလဲ!”
“တစ်ရာဖိုး . . .”
“အာလူးက . .”
“တစ်ဆယ်သား . . “
“အဲဒါဆိုရင် . . ပဲခြမ်းက နှစ်ရာ . .အာလူးက တစ်ဆယ်သားကို တစ်ရာ့နှစ်ဆယ်ဆိုတော့ . . .”
(ပေါက်ပေါက်)ကလက်ညှိုးကိုထောင်ပြီး သူ့ဂဏ္ဍာန်းကိုသူတွက်ရင်းစဉ်းစားနေသည်။
ကျွန်တော်စိတ်မရှည်ချင်တော့ပါ။ ကျွန်တော် (ဖောင်တိန်)လိုချင်သဖြင့် ပြဿနာတက်ခဲ့ရပြီးပြီ။ ယခုဘော(လ်)ပင်လိုချင်တော့လည်း ကိုယ့် ရပ်ကွက်ထဲက ကိုယ်နှင့်ခင်နေသော ဆိုင်မှာပင်ဝယ်၍မရဖြစ်နေသည်။
ကျွန်တော်ဒီညစာရေးရမည် . .၊စာရေးဆရာတို့မည်သည်စာရေးမှငွေရမည်။ စာမရေးလျှင် မည်သည့်ထုတ်ဝေသူကမျှ (သဘောကောင်စွာ နှင့်) ငွေလာပေးလိမ့်မည်မဟုတ်ကြောင်းကို သိသည့်အတွက် ဒီညစာရေးရန် ဘော(လ်)ပင်ဝယ်ရခြင်းဖြစ်ပါသည်။
(ပေါက်ပေါက်)တို့မိသားစုကတော့ . . . အာလူးတစ်ဆယ်သား၊ကြက်သွန်နှစ်ဆယ်သား၊အချိုမှုန့်နှစ်ထုတ်၊ ဆီငါးကျပ်သား၊ဘဲဥသုံးလုံး၊ဇီး ထုတ်တစ်ထုတ်၊စာကလေးခွေ၊ပဲကြီးလှော်တို့ဖြင့်အလုပ်ရှုပ်နေကြ၏။
သူတို့တွက်တိုင်းလည်းမှားတာကများပါသည်။ တစ်နေကုန်တွက်နေရသူတွေဆိုတော့မှားတော့လည်း ပါချင်ပါမည်ဟု ကျွန်တော်က နားလည် ပေးနိုင်ပါသည်။ သူတို့အတွက်အချက်လစ်တုန်းမှာ ကျွန်တော်က ခပ်သွက်သွက်ပြောရသည်။
“ဘော(လ်)ပင်ပေး”
“ဘော(လ်)ပင်နော် . . ဟုတ်ကဲ့ဦး၊ယံယံကတစ်ရာနဲ့ရှစ်ဆယ်၊ဂျင်းကငါးဆယ်ဆိုတော့ . . .”
ကျွန်တော်လည်း စိတ်မရှည့်တော့တာနဲ့ ၀င်ပေါင်းပေးလိုက်မိသည်။
“နှစ်ရာ့သုံးဆယ် . ..”
“အင်း . . အဲဒါဆိုရင် . . တစ်တောင့်ကို နှစ်ရာ့နှစ်ဆယ်ဆိုတော့ . . လက်ငါးလုံးက . ..”
“ဟဲ့ . . လက်ငါးလုံးဆိုတာ ဆပ်ပြာတောင့်ရဲ့လေးပုံတစ်ကိုပြောတာပေါ့၊နင်တစ်တောင့်ကိုနှစ်ရာနှစ်ဆယ်ဆိုရင် လက်ငါးလုံးကို ငါးဆယ့် ငါးကျပ်ကြတာပေါ့ဟ”
“ဟုတ်တယ်နော် . . နှစ်ရာ့သုံးဆယ်ရယ် . .၊ငါးဆယ့်ငါးကျပ်ရယ် . .ဆိုတော့ . .”
“နှစ်ရာရှစ်ဆယ့်ငါးကျပ်ဟာ . .”
“ဟုတ်တယ်နော်”
“တော်ပြီ၊ခွီးပဲ . . ငါ့ကိုဘော(လ်)ပင်သာပေး”
“ဟုတ်ကဲ့ . . ဟုတ်ကဲ့ ဦး ဘယ်ဘော(လ်)ပင်လဲဟင်”
“ရေားနော့(လ်)”
“ရှင့် . .”
“ရေးနော့(လ်)လို့ပြောနေတာ်”
“အော် . . ရေးလို့ကောင်းတာကိုပြောတာပေါ့နော်၊ သမီးသိပြီ၊ဒါပေါ့ . .. ဘယ်နှစ်ချောင်းလဲ”
“ဆယ်ချောင်း”
“ရှင် . . ဆယ်ချောင်း . .! ဆယ်ချောင်းတောင်ဘာလုပ်လို့လဲဦးရဲ့”
“၀ါးစားမလို့ . ..”
“ရှင် . . ဘော(လ်)ပင်က၀ါးစားလို့မရတာကို”
“အေး . . အဲဒါကို ငါရအောင်ဝါးစားမယ်၊နင့်ဘော(လ်)ပင်တစ်ချောင်းဘယ်လောက်လဲ”
“ခဏလေးဦး . . .!”
ပေါက်ပေါက်လည်းအူကြောင်ကြောင်နဲ့ဘော(လ်)ပင်ထည့်ထားတဲ့ဘူးကလေးကိုယူပြီး အဲဒီမှာရေးထားတဲ့ စာတမ်းကိုဖတ်ပေမယ့် စာတမ်းက ပျက်နေလို့ သူဘာလုပ်ရမှန်းမသိဖြစ်နေတုန်း ကျွန်တော်ကပဲပြောလိုက်ရသည်။
“တစ်ချောင်းကို တစ်ရာ့ငါးဆယ်မဟုတ်လား!”
“မှတ်မိပြီ တစ်ရာ့နှစ်ဆယ် . .”
“တော်သားပဲ . .”.
“ဦးကလည်းတော်ပါတယ်၊အရက်သာမူးနေတာ၊ပိုက်ဆံတွက်တာကျတော့မမှားဘူးနော်”
“ဟဲ့ . . အရက်မူးတာနဲ့တွက်တာနဲ့ဘာဆိုင်လို့လဲ . . ငါက ဈေးရောင်းရတာကိုဝါသနာပါတယ်၊တွက်ရချက်ရတာကိုလည်း ၀ါသနာပါတယ်”
“ဦး . . ဘယ်နှစ်ချောင်းလဲ!”
“အနီသုံးချောင်း . . အပြာနှစ်ချောင်း၊အနက်က ငါးချောင်း . . .”
“ဟင် . . ဦးကလည်းများလှချည်လား!သွားကောလိပ်က ကျောင်းသားလေးတွေတောင် တစ်ခါဝယ်မှတစ်ချောင်းပဲဝယ်တာ”
“အေး . . သူတို့က (သွား) ကောလိပ်က ငါက (မယား)ကောလိပ်က အဲဒီတော့ဆယ်ချောင်းကို ဘယ်လောက်လဲ”
“ရှစ်ရာ့ငါးဆယ် . .ဦး”
“ဟဲ့ . .တစ်ချောင်းကိုတစ်ရာ့နှစ်ဆယ်ဆို”
“ဟာ . . မဟုတ်ပါဘူးဦး၊တစ်ချောင်းကိုရှစ်ဆယ့်ငါးကျပ်ပါ”
“နင့်ဟာ . . ဟုတ်ရဲ့လားဟာ . .ပေါက်ပေါက်”
“သမီးလည်းမေ့တော့မေ့နေပြီ ဒါပေမယ့် အဲဒီလောက်ပဲထင်ပါတယ်။ ဒီဘော(လ်)ပင်ကိုပြောတာနော်၊အမေ . . ဒီဘော(လ်)ပင်က ဘယ်လောက်လဲ . . . ဦးကမေးနေလို့”
“သုံးဆယ်ငါးကျပ်”
ကျွန်တော်လည်း မူးနေသမျှကနေ ရူးနေသမျှဖြစ်သွား၏။
နောက်တစ်ယောက်ကိုထပ်မေးနေလျှင် . . ကျွန်တော်မူးထားတာကလေးတွေပျောက်သွားမှာစိုးရိမ်ရသည့်အတွက် ကျွန်တော့်လက်ထဲတွင် ကိုင်ထားသော ဘော(လ်)ပင်ကလေးတွေကို နံဘေးလွယ်အိတ်ထဲထည့်လိုက်ရင်း ဒီညအတွက်တော့ ကျည်ဆံအသစ်တွေရပြီဟု သဘောထား လိုက်သည်။
“ပဲကြာဇံကုန်နေတယ်အစ်မ၊ရိုးရိုးကြာဇံပဲရမယ်”
ပေါက်ပေါက်ကအပြုံးနှင့်ပြော၏။
“ငါ . . ဘယ်လောက်ပေးရမလဲ ပေါက်ပေါက်နင်တစ်ခါတည်းပြော”
“အာ . . ဦးကအရေးမကြီးပါဘူး၊ခဏနော်၊မနေ့က ကျန်တာကနှစ်ဆယ်၊အကြွေအမ်းတုန်းက ငါးဆယ်တန်ကိုပြန်ယူမသွားတာနဲ့ဆို ခွန်နှစ် ဆယ်၊ဒါဆိုရင် အခုဆီရယ်၊ကုလားပဲကြမ်းတစ်ဆယ်သားရယ် . . .”
ပေါက်ပေါက်ကတွက်လိုက်သူ့အမေကတွက်လိုက် သူ့အစ်မကတွက်လိုက်နှင့်လုံးလည်လိုက်နေကြသည်။ ကျွန်တော်ကလည်း စားအုံးဆီ ဈေးကိုလည်းမသိကုလားပဲခြမ်းဈေးကိုလည်းမသိသဖြင့် ဒီတစ်ခါတော့ ၀င်တွက်၍မပေးတော့ဘဲ ရပ်၍သာနေသည်။ သို့သော် . .သူတို့တွက် ချက်မှုက တစ်မိနစ်လောက်အတွင်းမှာပြီးသွားသည်။
ကျွန်တော်ကလှမ်းကြည့်တော့ . . ကျွန်တော့်ကိုပေါက်ပေါက်ကပြုံး၍ပြသည်။
“ဘော်(လ်)ပင်”
“ဘယ်နှစ်ချောင်းလဲဦး”
“ဖောင်တိန်မရှိဘူးလား”
“ဖောင်းတာတွေမရှိဘူးဦး၊သွားတိုက်သပွတ်တံကတော့ ဖောင်းတာလေးတွေရှိတယ် . .
အသစ်ဝင်တာ”
“ဖောင်တိန်ကိုပြောတာ . ..”
“ဦးကလည်း . .. မူးမူးနဲ့ဘာတွေလာပြောနေတာလဲ!”
ကျွန်တော်စိတ်ဓါတ်ကျ၍သွားသည်။
အရက်သောက်ခြင်းသည် ကျန်းမာရေးကိုမထိခိုက်စေသော်လည်း လူမှုရေးကိုတော့ထိခိုက်တတ်ကြောင်းကိုကျွန်တော်ကောင်းကောင်းလေး နားလည်းသွား၏။ ကျွန်တော်က (ဖောင်တိန်)ဟုပြောတာကို သူက နားမလည်သော်လည်း ကျွန်တော့်ပါးစပ်မှအရက်၏ရနံ့ကိုတော့ နားလည်သွား ဟန်တူသည်။ သွားတိုက်သပွတ်တံမှာ (ဖောင်း)တာရှိသည် . .ဆိုတာကို ကျွန်တော်လည်း အဲဒီနေ့ကျမှသိရ၏။
နံဘေးနားမှာ . . ၀ယ်သူတွေလည်းရှိနေသဖြင့် ကျွန်တော်ဒေါသကို ပျော်စရာအဖြစ်ပြောင်းပြစ်လိုက်သည့်အခါ ရင်ထဲတွင် ပြောစရာစကား ကလေးတွေရ၍လာသည်။
“ကဲ . . ပေးစမ်းဟာ နင့်ရဲ့ဖောင်းတဲ့သွားပွတ်တံ”
“ခဏနေဦး . . အာလူးကအစိတ်သားလား!”
ပေါက်ပေါက်က ကျွန်တော်ရှေ့က ကုလားမကြီးကို အာလူးအစိတ်သားချိန်ပေးပြီးတော့မှ ကျွန်တော့်ကို သွားပွတ်တံလက်ကိုင်ဖောင်းဖောင်း ကလေးနှစ်ချောင်းကိုပြသည့်အတွက် ကျွန်တော်က တစ်ချောင်းကိုရွေးလိုက်ပါသည်။
“တော်ကီမင်းအတွက်လား . . !”
“ဟ . . . ငါ့အတွက်ပါဟ!”
“ဦးမူးနေပြီထင်တယ်၊ဦးယူတာက ကလေးတိုက်တဲ့သွားပွတ်တံ၊ဟိုဟာကလူကြီးဆိုက်တွေ”
ကျွန်တော့်စိတ်ထဲမှာ(ဂိန်)ဟူသောအသံအကျယ်ကြီးကိုကြားရ၏။
နံဘေးနားမှာဈေးဝယ်ရန်အတွက်စောင့်နေသော . .လူများကလည်းဝိုင်း၍ရယ်ကြသည်။ ကျွန်တော်သည် အရှက်ကွဲသွားလျှင် လုပ်နေကျ အတိုင်းအားလရပါးရကြီးကို ရယ်ပစ်လိုက်ပါသည်။ ပြီးတော့မှ . . .
“နှစ်ချောင်းလုံးယူမယ်ဟာ . . .”
“ဟုတ်ကဲ့ . . ဦး . . .”
ကျွန်တော်သည် ဘော(လ်)ပင်ဆယ်ချောင်း၊သွားပွတ်တံနှစ်ချောင်းနှင့်အိမ်ကိုပြန်ရောက်လာတော့ ကျွန်တော့်သားတော်ကီမင်းက သွားပွတ် တံတွေကိုလွင့်ပစ်ပြီးဘော(လ်)ပင်တွေကိုတော့ သူ့ကို(အပိုင်စားကြီး)ပေးရမည်ဟုဆိုသည်။
ကျွန်တော်ဘာတစ်ခွန်းမျှမပြောတော့ဘဲ ဘော(လ်)ပင်တွေကို ကျွန်တော့်သားတော်ကီမင်းအား(အပိုင်စားကြီး)ပေးလိုက်ပြီးအိပ်ယာပေါ်ပစ် လှဲလိုက်သည်။
ကျွန်တော်(ဖောင်တိန်)ကလေးတစ်ချောင်းတော့ယနေ့အထိလိုချင်နေပါသည်။ ယနေ့အထိတော့ (ဖောင်တိန်)ရောမှင်အိုးကိုပါမရရှိသေးပါ။
အရက်သောက်သူများသည် သူတို့သောက်သောအရက်မူးသည်ဖြစ်စေ၊မမူးသည်ဖြစ်စေ . . ပတ်ဝန်းကျင်နှင့်မိသားစုကတော့(အနံ့)ကလေး ရသည့်နှင့်မူးနေပြီဟုယူဆ၍ ခွင့်လွှတ်တန်လျှင်လည်းခွင့်လွှတ်၊ဒေါသဖြစ်စရာရှိလျှင်လည်းဒေါသဖြစ်ကြပြီး . . မှားသွားလျှင်လည်း (အနည်းငယ် လွဲတာကိုဆိုလိုသည်) မူးနေလို့ဟု . . ရယ်ရယ်မောမောနှင့်ပင် တုန့်ပြန်တတ်ကြပါသည်။
ကျွန်တော် တစ်ညနေခင်း (ဆရာကျောင်း)ဟုခေါ်သော . . (မျိုးဆွေသန်း) . . ဟုခေါ်သော . . စာရေးဆရာ(မျိုးငြိမ်းဆွေ)ဟုခေါ်သော . . (မောင်ကျောင်း)ဟုကျွန်တော်ကချစ်စနိုးခေါ်သော (ဆရာကျောင်း)အခန်းသို့ရောက်သွား၏။
သူနှင့်ပေါက်တတ်ကရ စကားတွေကိုလျှောက်ပြောရင်းကျွန်တော့်ကြည့်လိုက်တော့ . . သူ့အခန်းဝင်နံဘေးက စင်ကလေးပေါ်မှာ (ဖောင်တိန်)တစ်ချောင်းကိုသွားတွေ့သည်။ (ဖောင်တိန်)ကခပ်တုတ်တုတ်ကြီးကြီးဖြစ်နေသဖြင့် ကျွန်တော့်မကြိုက်သော်လည်း (ဖောင်တိန်)ငါတ် နေသည့် လူဖြစ်သဖြင့် မောင်ကျောင်းထံမှမတောင်းစဖူးဆို (ဖောင်တိန်)ကိုတောင်းလိုက်၏။
“မင်းက . . ဘယ်လိုလုပ်မြင်သွားတာလဲ”
“၀င်ကာစကတည်းက မြင်တာကွ၊မင်းနဲ့စကားပြောနေတာတွေကရှီုးနေတာ . . ငါလိုချင်တာကအဲဒီဟာပဲ”
“ကဲ . . ယူကွာရော့ . . အဲဒါတံဆိပ်ကိုကြည့်ဦး MONT BLANC နော် . . . ဒီမှာတွေ့လား!”
မောင်ကျောင်းက သူ့ပစ္စည်းကိုအရစ်ကိုဖြုတ်ပြီးပြတော့မှကျွန်တော်ရွေးသော အရာမှာ(ဖောင်တိန်)မဟုတ်ဘဲ ဘော(လ်)ပင်ဖြစ်မှန်းသိလိုက် ရသော်လည်း ပြောလက်စစကားကြောင့် ထိုဘော(လ်)ပင်ဖြစ်သွားသောဖောင်တိန်ကို အိတ်ထဲသိုကထည့်လိုက်ရသည်။
ထိုနေ့က . . မောင်ကျောင်းအခန်းနှင့် မျက်စောင်းထိုးတွင်ရှိသောဘီယာဘားကလေးတွင် ဘီယာမူးမူးနှင့်ထူးအိမ်သင်၏ နွေဦးကံ့ကော်များ သီချင်းကိုဆို၍ အိမ်သို့ပြန်ရောက်ခဲ့သည်။
ကျွန်တော်သည် . . နောက်အရက်မူးလျှင် ဘော(လ်)ပင်ကိုဖြစ်ဖြစ် (ဖောင်တိန်)ကိုဖြစ်ဖြစ် ဘယ်တော့မှမ၀ယ်တော့၊မတောင်းတော့ကြောင်း ကိုဤ၀တ္ထုတိုကလေးနှင့် ၀န်ခံကတိပြုရင်း ကျွန်တော်၏ (သူရာထောင့်မှအလွဲများ)ကိုနိဂုံးချုပ်လိုက်ရပါသည်ခင်ဗျား။
နီကိုရဲ


သူတို့ရပ်ကွက် သူုတို့အကြောင်း(၁)

ဒီ ရပ်ကွက်လေးထဲသို့ ကျွန်တော်တို့ လူစု ပြောင်းလာခဲ့မိခြင်းသည် ဘုရားပွဲဈေးတန်းထဲတွက် ဆိုင်ခန်းတစ်ခန်းနေရာယူပြီး နတ်ကနားဝင် ကသလိုမျိုး ဖြစ်နေ၏။ ကျွန်တော်တို့အဖွဲ့ကလည်း နဂိုကတည်းကမှ ကိုးယိုးကားယား ဗြုတ်စဗြင်းတောင်း၊ရပ်ကွက်ကလေးကလည်း တိုလီမုတ်စ ရှုပ်ပွပွ။
မည်သူက သာသည်။ မည်သူက နာသည်ဟုတော့ ပြော၍ရမည်မထင်။ အဲ...... တစ်ခုတော့ရှိ၏။ ရပ်ကွက်ကလေးက အစကတည်းက သူ့ လွဲ ချော်မှုများနှင့် သူ နေသားတကျတည့်မတ်ပြီးသား။
ကျွန်တော်တို့ ရောက်လာသောအခါတွင်မှ (အရယ်သန်ကြသူများပီပီ) မြင်မြင်သမျှကို အချင်းချင်းလက်တို့ပြီး ဟားကြသောအခါ ရပ်ကွက်သူ ရပ်ကွက်သားများအဖို့ ကသိကအောက်ဖြစ်ကြရလေတော့သည်။
ကျွန်တော်တို့ အဖွဲ့မှာလည်း လူကခပ်စုံစုံဖြစ်သည်။ စာရေးဆရာပါသည်။ ဇာတ်ညွှန်းရေးဆရာပါသည်။ ဗီဒီယိုရိုက်သည့်ငနဲတစ်ယောက် လည်းပါသည်။ ဂစ်တာတဒေါင်ဒေါင်ခေါက်သူလည်းပါသလို သရုပ်ဆောင်မင်းသားဖြစ်ချင်သည့် ငတိလည်းပါသည်။ မဂဇင်းတွေမှာ သရုပ်ဖော်ပုံ ဆွဲ သော ပန်းချီဆရာတစ်ယောက်လည်းပါသည်။
ကိုင်း........ ဘာများလိုသေးသနည်း။
သြော်......... မေ့လို့။ ကျွန်တော်တို့အဖွဲ့ထဲတွင် မြင်မြင်ကရာကို လိုက်ပြီး နက်နက်နဲနဲတွေးခေါ်စဉ်းစားတတ်သည့် အူတူတူငနဲတစ် ကောင်လည်းပါသေးသည်။ သူ၏ တွေးခေါ်ပုံများကလည်း မေရုမြင့်မိုနှင့်သရဘန်တောင်စဉ်ခုနှစ်ထပ်ကြားမှ ရှာဖွေခဲ့ပြီးသည့်နောက် အကြိမ်ပေါင်း တစ်ထောင်တိတိ အဖန်ဖန်အလဲလဲလှော်ကာသန့်စင်ပြီးမှ ရအပ်သော သိင်္ဂဒိုက်ရွှေစင်ကဲ့သို့ ခက်ခဲနက်နဲအဘိုးထိုက်လှ၏။
ဥပမာ...... (ရေနံဆီကို ဘယ်ကနေ ထုတ်လုပ်ရယူတာလဲ)...... ဆိုသည်ကို တစ်ပါတ်ဆယ်ရက်လောက်ကြာအောင် ထိုင်စဉ်းစားခြင်းမျိုး...။
“ငါ သိပြီကွ.........ငါသိပြီဟေ့”
ဘေးမှ ကျွန်တော်တို့ အားလုံးက သူ့ အလန်တကြား အော်သံဟစ်သံကြောင့် ပျာပျာသလဲ ဖြင့်ဝိုင်းမေးရ၏။
“ဘာကိုလဲဟင်........ ဘာသိတာလဲ”
“ရေနံဆီကို ဘယ်ကနေပြီးတော့ ထုတ်သလဲဆိုတာ ငါစဉ်းစားနေတာကွ”
“ဟေ.....”
ကျွန်တော်တို့ အားလုံးပါးစပ်အဟောင်းသား....။ သူ့ကတော့ တကယ့်ပညာရှိကြီးတစ်ယောက်ရဲ့အိုက်တင်မျိုးဖြင့် မေးစေ့ကိုပွတ်၊ခေါင်းတ ဆတ်ဆတ်ညိတ်ရင်း......
“အခုတော့ ငါသိပြီ။ လက်စသတ်တော့........ (ရေနံဆီ)ဆိုတော့ (ရေနံ)ကနေ ဖြစ်လာတာကိုး ......... ကွ”
ကျွန်တော်က အမြင်ကတ်ကတ်ဖြင့်
“ဒါဆို........ (ဓါတ်ဆီ)ကကော ဘယ်ကနေဖြစ်တာလဲကွ”
ကျွန်တော့်မေးခွန်းကြောင့်ငနဲသားကတွေတွေဝေေ၀ဖြစ်သွား၏။ အတော်ကြာအောင် စဉ်းစားနေပြီးမှ သူ့မျက်နှာက ၀င်းခနဲလက်သွားပြီး
“ဒါများ... လွယ်လွယ်လေး၊(ရေနံဆီ)ဟာ (ရေနံ)ကနေဖြစ်တာဆိုတော့..... မဟုတ်မှလွဲရော
(ဓါတ်ဆီ) ဟာ (ဓါတ်)ကနေဖြစ်တာထင်တယ်”
ကျွန်တော်က........
“မှားတယ်”
“ဟင်.........”
ငနဲသား မျက်လုံးအ၀ိုင်းသားဖြစ်သွားမှ ကျွန်တော်က ခပ်ပိုင်ပိုင်လေသံဖြင့်
(မင်း မသေမချင်းမှတ်ထား။ ဓါတ်ဆီဆိုတာ (ဓါတ်စံ)ကနေဖြစ်တာကွ)
“သြော်.......”
ငနဲသားခမျာ မျောက်အိုကြီး မျက်စဉ်းခပ်ခံရသလို မျက်လုံးကလေး ပေကလပ်ပေကလပ် လုပ်ရင်း ငိုင်ကျသွား၏။ (ဓါတ်ဆီ-ဓါတ်စံ)ဆိုသည့် ရှေးခေတ်လူရွှင်တော်နာမည်များကို ကြားဖူးထားလျက်သားနှင့်”ဒီလောက်လေးတောင်မှ ငါမစဉ်းစားမိရကောင်းလား”.... ဟုလည်း သူ့ကိုယ်သူ မချင့်မရဲဖြစ်နေပုံရသ့ည်။
တိုတိုပြောရလျှင်....... ဒီကောင်လိုလူမျိုးနှင့်ဒီရပ်ကွက်ထဲက လူတွေဆုံမှ ဆုံစည်းတတ်ကြပလေတယ်.... ဟု ကံကြမ္မာကိုအပြစ်တင်ရန် သာရှိတော့သည်။
ကျွန်တော်တို့၏တွေးခေါ်ပညာရှင်နှင့် ဒီရပ်ကွက်ထဲတွင် ပထမဦးဆုံးစပြီး ပတ်သက်ဆက်ဆံသူမှာ...... ဒေါ်လှလှ။
အရှုပ်ထုပ်တွေကို ကြံကြံဖန်ဖန် ရှာရှာဖွေဖွေသယ်လာတတ်သော၊ကောက်ရိုးပွေ့တတ်သော အဲသည်မိန်းမကြီးက စကားပြောလျှင် သူမ ကိုယ်သူမ “အလှကလေ.....အလှကလေ”ဟု နာမ်စားသုံးတတ်၏။
“ကျွန်တော်၏ လုံးချင်းဝတ္ထုတစ်အုပ်ထဲတွင် ၀င်းဦး၏သီချင်းစာသားတစ်ပိုင်းတစ်စကိုသုံး၍ “ကိုယ့်ဌာနေ၀န်းကျင်မှာကွယ်.....တကယ်ကို အလှရှိတယ်” ဟု ရေးကာ ကလိခဲ့ဖူးသည်မှာ ထိုင်မှိုင်းကြီးပင်ဖြစ်သည်”
မှန်သည်။
ကျွန်တော်တို့၏ ဌာနေ၀န်းကျင်တွင် တကယ်ကို (အလှ)ရှိပါသည်။ ပြဿနာက ထို(အလှ)ဆိုသော ဒေါ်လှလှသည် အားအားယားယားရှိ တိုင်း ဟိုအိမ်သွားလည်လိုက် ဒီအိမ်သွားလည်လိုက်နှင့် (ရှုပ်)တတ် (ဖွ) တတ်ခြင်းဖြစ်၏။
သူများကို ဒုက္ခရောက်အောင်တမင်လုပ်သည်တော့ဟုတ်ပုံမရ။ လူမှုရေး အထူအပါး နားမလည်သောကြောင့်သာဖြစ်သည်။ ဒီကြားထဲ ထင်ရာ မြင်ရာတွေကို ရွပ်ရွပ်ချွံချွံ ထထပြီးပြောတတ်လုပ်တတ်လွန်းသည်ကတစ်မှောက်။
ကျွန်တော်တို့ စပြီးပြောင်းလာကာစမှာပင် စပ်စပ်စုစုလုပ်ရင်း အဲဒီ (အန်တီလှ) တစ်ယောက် ကျွန်တော်တို့ အိမ်ကို ... မကြာခဏလာလာ သည်။ အဲသည်တုန်းက ကျွန်တော်အိမ်မှာအလှမွေးထားသော (ဖလားဝါးဟွန်း) ရွှေငါးလေးကို ကြည့်ကြည့်ပြီး
“ဟယ်.... ချစ်စရာကောင်းလိုက်တာ”
ဟုတဖွဖွပြော၏။
သိပ်တော့ မကြာလိုက်။ လျှပ်စစ်မီးကပြတ်၊အောက်စီဂျင်ကမရသောကြောင့် ရွှေငါးကသေသွား၏။
အန်တီလှက ကျွန်တော်တို့ အိမ်ကိုလာလည်ရင်း မှန်ရေကန်ထဲတွင် ငါးကိုမတွေ့ရသောကြောင့် ထုံးစံအတိုင်း စပ်စုရာ ကျွန်တော်က
“ရွှေငါးလေးက သေသွားပြီ.... အန်တီလှရဲ့”
အန်တီလှ၏ မျက်နှာက ချက်ချင်းပင်ကြေကြေကွဲကွဲဖြစ်သွားပြီး
“အို..... ကျွတ်ကျွတ်၊ဖြစ်မှဖြစ်ရလေကွယ်။ သနားစရာကောင်းလိုက်တာနော်။
သူ့ခမျာကံဆိုးရှာတယ်ကွယ်”
သို့သော်.... တစ်ဆက်တည်းလိုလို အန်တီလှ၏ မျက်လုံးအစုံက ဖျတ်ခနဲ တောက်ပသွားပြီး နှုတ်ခမ်းကိုလျှာဖြင့်သိမ်းလျက်လိုက်သည့် လေသံဖြင့်
“ဒါနဲ့..... မင်းတို့ အဲဒီငါးကလေးကို ချက်မစားကြဘူးလားဟင်”
“သနားလှချည်ရဲ့”ဆိုသော ငါးလေးကို ချက်စားချင်သည့် စိတ်ဓါတ်တက်ကြွမှုက အန်တီလှ၏ သွားရည်တမြားမြားလေသံထဲတွင် အထင်း သား။
ဘယ့်နှယ်မိန်းမကြီးပါလိမ့်... ဟု ကျွန်တော် နားလည်ရခက်စွာဖြင့် ခေါင်းကုတ်မိသည်။ အဲသည်အကြောင်း ပန်းချီဆရာကို ကျွန်တော်က ပြန်ပြောပြမိတော့ ပန်းချီဆရာက
“ဖြစ်နိုင်တယ်ကွ။ ငါတို့ ဒီကိုပြောင်းလာကာစက အန်တီလှတို့ အိမ်မှာ ကြက်တူရွေးလေးတစ်ကောင်ကို ချစ်လှချည့်ရဲ့ဆိုပြီး မွေးထားတာ တွေ့တယ်ကွ။ ခုနောက်ပိုင်းမတွေ့ရတော့ဘူး။ ကြည့်ရတာ...... ကြက်တူရွေးလေးလည်း ဟင်းအိုးထဲရောက်သွားပြီနဲ့တူတယ်”
အန်တီလှ၏အချစ်က တစ်မျိုးကြီးဖြစ်ပုံရ၏။
* * * * *

ကျွန်တော်တို့ ခြေရင်းအိမ်က ဖယောင်းတိုင်လုပ်ငန်းလုပ်သောအိမ်ဖြစ်၏။ ကျွန်တော်တို့အဖွဲ့က သူတို့အိမ်မှလုပ်သော ဖယောင်းတိုင်ကို (လင်းယုန်)တံဆိပ် ဖယောင်းတိုင်ဟု နာမည်ပေးထားကြသည်။
အိမ်တွင်းမှုတစ်နိုင်တစ်ပိုင်လုပ်သော ဖယောင်းတိုင်ဖြစ်သောကြောင့် ဖယောင်းသားကညံ့ရသည့်အထဲ လေခိုပြီး ပွစိစိနှင့် နောက်ပြီး ..... မီးစာလုပ်သည့်ချည်ကြိုးကလည်း ဖွာလန်ကြဲ။ သူတို့ ဖယောင်းတိုင်ကိုထွန်းညှိလိုက်လျှင် တဖျစ်ဖျစ်မြည်ပြီး (လင်း) သည်ဆိုရ(ရုံ)မျှသာ လင်း သောကြောင့် (လင်းယုန်)ဖယောင်းတိုင်ဟု နာမည်ပေးထားခြင်းဖြစ်၏။
ခြေရင်းအိမ်ကတော့ ကျွန်တော်တို့ကျိတ်ပြီး(ဟား)ကြသည်ကိုမသိ။ သူတို့လုပ်ငန်းကိုနာမည်ပေး ပေးဖော်ရသည်ဟုဆိုပြီး သဘောအကျ ကြီးကျကြသည်။ ကျွန်တော်တို့အိမ်မှ ပန်းချီဆရာကလည်း ခပ်တည်တည်ဖြသ့် ဖယောင်းတိုင်တံဆိပ်ဘလောက်တုံးလုပ်ဖို့ လင်းယုန်ငှက်ပုံတွေ ဘာတွေဆွဲပေးလိုက်သေး၏။
အန်တီလှကလည်း အဲဒီ(လင်းယုန်)ဖယောင်းတိုင်လုပ်သည့် အိမ်သို့ တစ်နေ့လျှင် နှစ်ခေါက်သုံးခေါက်လောက် အ၀င်အထွက်လုပ်သည်။ လေပန်းသည်။ တစ်ခါတစ်ရံ သူမဖာသာ တစ်ယောက်တည်း လေပန်းရုံဖြင့် အားမရဘဲ ကျွန်တော်တို့ အိမ်ဘက်သို့ လည်ဆန့်ကာ
“ဟဲ့ ...... မောင်စိန်မြင့်၊ဒီဘက်အိမ်ကူးခဲ့လေကွယ်။ လက်ဖက်ထုပ်လေး ဘာလေးစားရင်း စကားစမြည်ပြောရအောင်”
ဟုဆိုကာ ကျွန်တော်တို့အဖွဲ့ထဲမှ တွေးခေါ်ပညာရှင်ကို လှမ်းလှမ်းပြီးပင့်လေ့ရှိသည်။
စိန်မြင့်ဆိုသည့် အတွေးအခေါ်ပညာရှင်ငနဲသား၏ ဥာဉ်ဆိုးကလည်းတစ်မျိုး။ ဒင်းက အချိန်ပြည့် အားအားယားယားရှိနေသောကြောင့်လား မပြောတတ်။ ဘယ်သူကခေါ်ခေါ် ..... ဘယ်နေရာကိုခေါ်ခေါ် ..... မဆိုင်းမတွဘဲ ပုဆိုးလေးပြင်ဝတ်ပြီး သုတ်ခနဲထလိုက်သွားလေ့ရှိ၏။
ယင်းသို့...... ပင့်ဆောင်လေရာ နေရာတိုင်းသို့ကြွချီတော်မူလေ့ရှိခြင်းကြောင့် ဒင်းကို ကျွန်တော်တို့ တစ်ဖွဲ့လုံးက ဒက္ခိဏသာခါကိုယ် တော်လေးဟု ကင်ပွန်းတပ်ထားသည်။ ကြာတော့ ..... သူ့နာမည်အရင်း (စိန်မြင့်)ဆိုသည်ကိုပင် မေ့တေ့တေ့ဖြစ်နေ၏။
အန်တီလှက ထိုသို့ လှမ်းလှမ်းခေါ်ကာမှပင် သူ့နာမည်(စိန်မြင့်)ပါကလားဆိုသည်ကို ပြန်ပြန်ပြီးသတိရမိကြလေသည်။ ဒင်းကလည်း အပင့် ခံရသည်နှင့် တစ်ပြိုင်နက် မနေနိုင် မထိုင်နိုင် ကောက်ကောက်ပါအောင် ကြွချီသွားပြီး သူ၏ အဖိုးထိုက်နက်နဲလှစွာသော အတွေးအခေါ်များကို ဟောကြားတော်မူလေ့ရှိ၏။
“ကျွန်တော် တစ်ခုစဉ်းစားမိတယ် ...... အန်တီလှရဲ့”
“ဆိုစမ်းပါဦး....... မောင်စိန်မြင့်ရယ်”
အားအားယားယားရှိသူနှင့်ပင် စပ်စပ်စုစုနိုင်သူတို့ကား မသာအိမ်နှင့်ဖဲဝိုင်းကဲ့သို့ လိုက်ဖက်ညီလှပေစွ။
စိန်မြင့်က
“အန်တီလှတို့ ဘုရားရှိခိုးပြီးမေတ္တာပို့ရင် နာမည်တပ်ပြီးတော့ ရည်စူးမေတ္တာပို့ကြတယ်မဟုတ်လား။ ဥပမာ ....... ကျွန်တော့်အတွက် မေတ္တာပို့ရင် “မောင်စိန်မြင့် ..... ကျန်းမာချမ်းသာပါစေ”ဆိုတာမျိုးပေါ့”
“အေး ...... ဟုတ်တယ်လေ”
“ဒါဆိုရင် .... အန်တီလှမသိဘဲ ကျွန်တော်က နာမည်ပြောင်းလိုက်တယ်ဆိုပါစို့။ (နေတိုး)ဆိုပါတော့ဗျာ”
အန်တီလှက ချက်ချင်းမျက်နှာအိုသွားပြီး
“မင်းနှယ်ကွယ်၊တခြားနာမည်ပြောင်းပါလား။ အန်တီက အဲဒီနေတိုးဆိုတဲ့ မင်းသားကိုသိပ်ကြိုက်တာ။ မင့် ရုပ်ကြီးနဲ့ဆိုတော့ ........”
“ဟာ ...... တကယ်ပြောင်းတာမဟုတ်ပါဘူးဗျာ။ ဥပမာပြောတာဗျ ...... ခင်ဗျားကြီးကလည်း”
“သြော် ..... အေး ...... အေး၊ ဒါဆို ..... ပြီးရော။ ဆက်ပြော .... ဆက်ပြော”
စိန်မြင့်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး .......
“အဲဒီမှာ ...... ကျွန်တော်နာမည်က (နေတိုး)ဖြစ်သွားပြီ။ ဒါကို အန်တီလှက မသိဘဲ အရင်အတိုင်း “မောင်စိန်မြင့် ...... ကျန်းမာချမ်းသာ ပါစေ”ဆိုပြီး မေတ္တာပို့ရင် အဲဒီမေတ္တာကို ကျွန်တော် ရပါ့မလားဟင်။ မရဘူးဆိုရင်ကော ..... အဲဒီမေတ္တာတွေက ဘယ်ကိုရောက်သွားသတုန်းဗျ”
ဒေသနာတော်ကသိမ်မွေ့နက်နဲလွန်းသောကြောင့်လားမသိ။ အန်တီလှတစ်ယောက် ခေါင်းကုတ်ကာ အ၊တီး အ၊ထစ်ဖြစ်သွား၏။ ကျွန်ုပ်တို့ ၏ တွေးခေါ်ပညာရှင်ကလေးမောင်စိန်မြင့်ကား အနှီကဲ့သို့သော အရေမရ အဖတ်မရ ကိစ္စများကို အချိန်ကုန်ခံပြီး စဉ်းစားတတ်သည့်နေရာတွင် မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဧတဒဂ်အရာထားရလောက်အောင် တစ်ဖက်ကမ်းခတ်ထူးချွန်သူပေတည်း။
သူ၏ ဒေသနာတော်ကို နာယူနေကြသူများကလည်း ခေသူတော့မဟုတ်။ လင်းယုန်ဖယောင်းတိုင်ကုမ္ပဏီချုပ်ကြီး၏ကတော် ဒေါ်ပုကြွယ်က သူဥာဏ်မီသလောက် ၀င်ရောက်ဆွေးနွေး၏။
“မောင်စိန်မြင့် ပြောတာ စဉ်းစားစရာပဲကွဲ့။ အဲဒါကြောင့် ...... လူတွေက နာမည်ပြောင်းရင် သတင်းစာထဲမှာထည့်ပြီး ကြော်ငြာကြတာပေါ့။ မေတ္တာပို့ရင် နာမည်မမှားအောင် ထင်ပါရဲ့”
သူတို့ပြောသမျှကို ဒီဖက်အိမ်မှနေပြီး အတိုင်းတားကြားနေရသော ကျွန်တော်တို့တစ်ဖွဲ့လုံးက ကြမ်းပြင်ပေါ်တွင်လှိမ့်ကာလှိမ်ကာ ခြေဆောင့်ပြီးရယ်ကြ၏။
လင်းယုန်ဖယောင်းတိုင်လုပ်ငန်း၏ ကုမ္ပဏီလုပ်ငန်းစု အမှုဆောင်အရာရှိချုပ်(C.E.O)သူဌေးကြီးဦးခွေးနီကတော့ သူ့မိန်းမဒေါ်ပုကြွယ်ကို လှမ်း၍ဟန့်လိုက်ရင်း ........
“တယ် ...... ဒီမိန်းမဟာ၊ဇောက်မှန်းကမ်းမှန်းမသိဘဲ ၀င်ဝင်ပြောနေ။ ငါ .....ထလုပ်လိုက်ရ ..... နာတော့မယ်။ အဟမ်း... ဒီမယ် မောင်စိန်မြင့်ရဲ့ .... မောင်ရင်ပြောတဲ့ကိစ္စကို ပဋိကတ်ကျမ်းကြေတဲ့ သက်တော်ဝါတော်ရဆရာတော်ဘုရားကြီးတွေနဲ့တွေ့မှ မေးလျှောက်ကြည့်ရ ဦးမယ်”
တော်ပါသေး၏။
ကံကောင်းသည်ဟုပင်ဆိုရမည်။ ပိဋိကတ်ကျမ်းကြေသောသက်တော်ဝါတော်ရဆရာတော်ကြီးများကား ကျွန်တော်တို့ လမ်းထဲသို့ တစ်ပါး မှ မကြွပါ။
* * * * *
အဲသည် ကျွန်တော်တို့ခြေရင်းက (လင်းယုန်)ဖယောင်းတိုင်လုပ်သောအိမ်နှင့် လမ်းထောင့်ဆုံးတွင်ရှိသော (သိပ္ပံစိန်လှ)ဘက်ထရီဆိုင်တို့ သည် တစ်ခါက အကြီးအကျယ်ရန်ဖြစ်ပြီး အခုထက်ထိတိုင် စကားမခေါ်မပြော အဆက်အဆံဖြတ်ထားကြသည်ဆို၏။
ဖယောင်းတိုင်လုပ်ငန်းနှင့် ဘက်ထရီလုပ်ငန်းတို့ မတည့်ကြခြင်း၊ရန်ဖြစ်ကြခြင်းမှာ သိပ်တော့ အံ့သြစရာမဟုတ်။ပြီးတော့ ..... အဲသည့်ကိစ္စ က ကျွန်တော်တို့ပြောင်းမလာခင်ကတည်းကဖြစ်ခဲ့သည့်ရန်စ။
ခွကျသည်ကတော့ ကျွန်တော်တို့၏ အူရဒူတွေးခေါ်ပညာရှင်မောင်စိန်မြင့်က ကြားထဲတွင် ကန့်လန့်ကန့်လန့်ဝင်ပါဖြစ်အောင် ပါလိုက် ခြင်းဖြစ်သည်။။
တစ်နေ့ ..........
လမ်းထိပ်က (ဒေါ်ရီ ....မြောင်းမြမုန့်ဟင်းခါး) ဆိုင်တွင် ကျွန်တော်တို့ ၀င်ထိုင်ပြီး မုန့်ဟင်းခါးစားဖို့မှာကြ၏။ ရှေ့မှာ ရောက်နှင့်စားနှင့်နေ ကြသူတွေကလည်း များနေသဖြင့် တော်တော်ကြာအောင်စောင့်နေရသည်။ စားနေကြသူ အားလုံးနီးပါးမှာလည်း ဒီလမ်းဟိုဘက်လမ်း အနီးတ၀ိုက် မှချည်းပင်ဖြစ်၏။
ကျွန်တော်တို့ မုန့်ဟင်းခါးဆိုင်မှာထိုင်နေခိုက် (သိပ္ပံစိန်လှ)ဘက်ထရီဆိုင်မှ ကိုစိန်လှ၏ခယ်မမနှင်းသွယ်က သူမ၏သားကလေးကို လက်ဆွဲကာ ရောက်ချလာပြီး မုန့်ဟင်းခါးချိုင့်ဆွဲလာဝယ်သည်။
(သူများပြောသဖြင့်သိရသည်မှာ ..... သိပ္ပံစိန်လှနှင့်ညီဖြစ်သူ ကိုစိန်မြတို့ညီအစ်ကိုသည် မနှင်းနွယ် မနှင်းသွယ်ညီအစ်မနှစ်ယောက်ကို အစုံလိုက် အတွဲလိုက်ယူထားခြင်းဖြစ်သည်ဆို၏။ သိပ္ပံစိန်လှနှင့် မနှင်းနွယ်တို့မှာတော့ သားသမီးမထွန်းကာဘဲ ကိုစိန်မြနှင့်မနှင်းသွယ်တို့မှာ သာ ဒီသားကလေးတစ်ယောက်ရခြင်းဖြစ်သည်။
အခုတော့ ...... ကိုစိန်မြကလည်း လွန်ခဲ့သည့်နှစ်နှစ်ကျော်က ကွယ်လွန်သွားပြီဖြစ်ရာ မနှင်းသွယ်တစ်ယောက်သာ သားတစ်ကောင်နှင့် တို့လိုတွဲလောင်းကျန်နေရစ်ခဲ့ခြင်းဖြစ်သည်။ ကလေးလေးကလည်း ဖြူဖြူဖွေးဖွေး ၀၀ကစ်ကစ်ချစ်စရာလေးမို့ ငနဲသား စိန်မြင့်ဆိုသည့်ကောင်က မနေနိုင် မထိုင်နိုင် ပါးစပ်ဆော့ပြီး ကလေးကိုသွားမြူသည်။)
“သားသားရဲ့ဖေဖေက ဘ ဒူ လဲ”
ကလေးကမဖြေ။ စိန်မြင့် ငမိုက်သားက ကလေး၏ပါးဖောင်းဖေါင်းကလေးကိုဆွဲလိမ်ပြီး ကလေးအဖေနာမည်ကို ထပ်မေးပြန်၏။
“သားသားရဲ့ ဖေဖေက ဘဒူလဲ”
ကလေးက မဖြေဘဲ မျက်လုံးပေကလတ် ပေကလတ်။ ကလေးအမေ မနှင်းသွယ်ကတော့ အနည်းငယ် မျက်နှာပျက်စပြုလာ၏။ ဒါကို ကျွန်တော်တို့မရိပ်မိ။
အမှန်ကတော့ .... အဲဒီကိစ္စသည် တကယ့်ပြဿနာအကြီးကြီးဖြစ်၏။ ဒီကလေးသည် ကိုစိန်မြနှင့် မနှင်းသွယ်၏သားဟုဆိုသော်လည်း ကတယ်တမ်းမှာ ကိုစိန်မြကွယ်လွန်ပြီး ဆယ်လကျော်မှမွေးခြင်းဖြစ်သည်။
မနှင်းသွယ်တစ်ယောက် ခဲအိုဖြစ်သူ သိပ္ပံစိန်လှနှင့် တိုးတိုးတိတ်တိတ် ဖြစ်ကြ၊ပျက်ကြပြီး အကောင်အထည်ပေါ်လာကာမှ သွားလေသူ ကိုစိန်မြ၏ခေါင်းစဉ်တပ်လိုက်ခြင်းဖြစ်မှန်း တစ်ရပ်ကွက်လုံးက ရိပ်မိကြ၏။
လမ်းသူလမ်းသားများကလည်း တီတိုးတီးတိုးသဖန်းပိုးလုပ်ရုံထက် မပိုဘဲ အားနာပါးနာဖြင့် အောင့်အည်းထားခဲ့ကြသည်။
အခု ...... မောင်စိန်မြင့်တစ်ကောင်မှာတော့ (ဘုမသိ ဘမသိဖြင့်)ကလေးကိုမြူနေပုံက ဘေးလူအမြင်တွင် ကလေးအဖေရင်းလက်သည် တရားခံပေါ်အောင် ပုလိပ်စစ်စစ်နေသလိုလို။
ဟော ......လုပ်ပြန်လေပြီ။
“သားသားရဲ့ဖေဖေက ဘဒူလဲ”
ကလေးကမဖြေ။ မုန့်ဟင်းခါးစားနေကြသော အကြောင်းသိလမ်းသူလမ်းသားများက တခွိခွိကျိတ်ပြီးရယ်ကြ၏။ ကလေးအမေ မနှင်းသွယ်က ဆောင့်ဆောင့်အောင့်အောင့်ဖြင့် မျက်စောင်းထိုး၏။
အရိပ်သုံးပါး နားမလည်သူ မောင်စိန်မြင့်ကား သူများဖုံးထားသော မစင်ပုံကိုတုတ်ဖြင့်ဆွလေပြီ။
“သားသားလေးရဲ့ ဖေဖေကဘဒူလဲ၊ပြောပါဦး”
“ဟဲ့ ....... အကောင်ရဲ့”
မနှင်းသွယ်ကား ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ကလေးကို ဆတ်ခနဲပွေ့ချီလိုက်ပြီး မောင်စိန်မြင့်ကိုလက်ညှိုး ငေါက်ငေါက်ထိုးပြီး ရန်တွေ့လေတော့သည်။
“ကလေးအဖေကို ဘာကိစ္စမေးနေရတာတုန်း။ ငါဖာသာ ငါဘယ်သူနဲ့ရပြီးမွေးထားမွေးထား၊ နင်နဲ့ ဘာဆိုင်သလဲဟဲ့၊ ဟင် .....။ ပါးကွဲသွား ချင်သလား၊မနှင်းသွယ်ကိုလာမစမ်းနဲ့ .... ဘာမှတ်သလဲ”
ကျွန်တော်တို့ကား မုန့်ဟင်းခါးဖိုးကို မြန်မြန်ရှင်းပေးပြီး သုတ်ခြေတင်ရလေတော့သည်။ မောင်စိန်မြင့်ကား သူ့အမှားကို သူအားနာပြီး တောင်းပန်မဆုံး။
“ကန်တော့ပါရဲ့အစ်မရယ်။ ကလေးက သူ့အဖေကို သူသိတယ်ထင်လို့ပါ”
တောင်းပန်လေလေ၊မနှင်းသွယ်က ဒေါသထွက်လေလေ။ ဘေးမှ မုန့်ဟင်းခါးစားနေကြသူတို့ကလည်း မဖျန်ဖြေဘဲ ၀ိုင်း၍သာရယ်နေ ကြ ၏။
သြော် ....... တတ်လည်း တတ်နိုင်သည့် ရပ်ကွက်ကလေး။
(ဆက်လက်ဖော်ပြပါမည်)
မင်းခိုက်စိုးစန်