2009 Summer Style  

Posted by IDEA MAGAZINE

Wednesday, March 25, 2009

Model : Chit Su
Make Up : Saint Saint (KSW)
Dress : MK Fashion
Photo : Moe Paing Soe
Oil Painting : NCS
Graphic Art : Design Myo Swe Than
Model : Chit Su
Make Up : Saint Saint (KSW)
Dress : MK Fashion
Photo : Moe Paing Soe
Oil Painting : NCS
Graphic Art : Design Myo Swe Than

The Power of Yellow and Green  

Posted by IDEA MAGAZINE


Model : Yadana Pone
Make Up : Mr Jet (Leiza)
Dress Design : San Bawk Rar ( Shayi)
Photo : Tin Moe Wai (Rainbow)
Graphic Art : Design Myo Swe Than



Model : Zin Zin
Make Up : Mr Jet (Leiza)
Dress Design : San Bawk Rar ( Shayi)
Photo : Tin Moe Wai (Rainbow)
Graphic Art : Design Myo Swe Than



Model : May Thet Khaing
Make Up : Naing Naing
Dress Design : Yupar Shwe(HSU)
Photo : Tin Moe Wai (Rainbow)
Graphic Art : Design Myo Swe Than



Model : Nan Kay Mar
Make Up : Mr Jet (Laizar)
Dress Design : San Bawk Rar ( Shayi)
Photo : Tin Moe Wai (Rainbow)
Graphic Art : Design Myo Swe Than



Model : Khin Nan Htike
Make Up : Mr Jet (Laizar)
Dress Design : San Bawk Rar ( Shayi)
Photo : Tin Moe Wai (Rainbow)
Graphic Art : Design Myo Swe Than



Model : Moe Yu San
Make Up : Mr Jet (Laizar)
Dress Design : Thet Hnin Aye (Dozo)
Photo : Tin Moe Wai (Rainbow)
Graphic Art : Design Myo Swe Than



Model : Phway Phway
Make Up : self
Dress Design : Thet Hnin Aye (Dozo)
Photo : Tin Moe Wai (Rainbow)
Graphic Art : Design Myo Swe Than



Model : May
Make Up : Mr Jet (Laizar)
Dress Design : San Bawk Rar ( Shayi)
Photo : Tin Moe Wai (Rainbow)
Graphic Art : Design Myo Swe Than



Model : Ngu Wah
Make Up : Yati(KSW)
Dress Design : Yupar Shwe (HSU)
Photo : Tin Moe Wai (Rainbow)
Graphic Art : Design Myo Swe Than

တကယ့်ကဗျာ  

Posted by IDEA MAGAZINE

Tuesday, March 24, 2009


တကယ့်ကဗျာ
ပြိုတော့မယ့်တိုက်အိုကြီးပေါ်မှာ
မပြိုပါဘူး တွေးပြီးနေတာ
ငါတို့အရည်အသွေးပေါ့။

ဘုရားပန်းလဲတယ်
သောက်တော်ရေကပ်တယ်
ဆွမ်းတော်တင်တယ်
စိတ်ကိုချမ်းသာနေတာပဲ။
သုခမိန်လှိုင်


မေ့လို့မရတဲ့ကဗျာ
ဒီနေ့အလုပ်ရှုပ်နေတာနဲ့ချစ်သူကိုမေ့သွားပြီလို့ပြောမိတယ်
သစ်ပင်တွေစိုက်ရင်း
တောင်ကုန်းပေါ်ကသစ်ပင်တွေလည်း ရွှဲရွှဲစိုအောင်ငိုနေခဲ့ကြပြီ
သင်္ဘောပေါ်ကနှလုံးသားကို
ဆိပ်ကမ်းမျက်ဝန်းကဖောက်ထွက်သွားတယ်
အဲဒီအရွေ့မှာ
ငိုနေတယ်အောင်လှ၊ငိုနေတယ်သင်္ဃန်းကြီး
ငိုနေတယ်ရွေပြည်သာ၊ငိုနေတယ်ဖျာလိပ်
တပည့်တော်ငိုနေရပါတယ် မော်တင်ဘုရား။
ဂျယ်လီနေ့ရက်တွေဟာမင်းလက်ထဲမှာပဲ ကြေမွသွားတာပါ။
ကျေးဇူးတင်ပါတယ်။ ငါ့မှတ်ဥာဏ်တွေကိုမဖျက်ဆီးခဲ့လို့ပေါ့။
စီးပွားရေးဈေးကွက်ထက်ဈေးကွက်စီးပွားရေးကနောက်ကျခဲ့တယ်။
ငါ့မေတ္တာရောင်းလိုအားကို
ငါ့မျက်ရည်ဈေးနှုန်းနဲ့ဝယ်လိုအားအဖြစ်ပြောင်းခဲ့တာ
ဘောဂဗေဒဆရာမ (သို့မဟုတ်) သားဖွားဆရာမပါ
ပြီးခဲ့တဲ့အနာဂတ်အတွက်ပေါ့ . . . .
ငြိမ်းစိုးဦး

ကြယ်ဝင်စား  

Posted by IDEA MAGAZINE



ကြယ်ဝင်စား
ငါမမွေးခင်ထဲကသေတဲ့ကြယ်တွေကို
ငါ ခုထိမြင်နေရတုန်း

တစ်နေ့ . . .တစ်နေ့ . . .
ကြယ်တွေအကြောင်း ကစားတဲ့စိတ်နဲ့ပဲ
အိပ်မက်က ကောင်းကင်လိုပြာရတယ်။

ချစ်ခြင်းတရားဆိုတာ
ဗုံးဆင်ထားတဲ့ကားထဲကထွက်နေတဲ့ဂီတသံချို
ကောင်းကင်ကမခွာနိုင်သေးတဲ့ကြယ်တွေလိုပဲ
စိတ်ထဲကအနမ်းတွေ သက်တန့်လိုညွှတ်ကွေးကျချိန်
တွင်းနက်ကြီးရဲ့ ညှို့ချက်ခံရတဲ့ကြယ်တွေ ပြန်လမ်းမရှိသလို
မင်းကြောင့်သက်သက် ပွင့်ဖူးလာမယ့်ပန်းကလေး
ကိုယ့်နှလုံးသားတောင် ကိုယ်ပြန်ခြောက်ခြားမိတဲ့အထိ
ကြယ်တွေကို ရေတွက်ကြည့်ချင်နေမိတယ်။

ခုအထိ ကြယ်တွေကိုရေမကြည့်ဖူးဘူး
ကိုယ်မြင်တဲ့ကြယ်ထဲမှာ ကိုယ်ပါနေသလားတွေးမိတိုင်း
ကမ္ဘာကြီးက အလင်းနှစ်တွေနောက်ကျပြီးမှ အမှန်မြင်ရမယ်
ကြယ်သေတွေပေါလောမျောနေတဲ့ကောင်းကင်ကြီး
နက္ခတာရာတွေလမ်းမှားနေတဲ့ကောင်းကင်ကြီး
ငါ့ကဗျာလဲ ငါ့ကမ္ဘာအတိုင်းပဲလို့တွေးမိတယ်
ပူပြင်းတဲ့ နေကမ္ဘာကို ပတ်လို့
ပြီးတော့ . . . ကြယ်ဝင်စားကပိုပြီးလင်းလက်လို့ပေါ့
ညကြီးထဲမှာ။ ။
ကျော်ထူး


တေးသံဝင်းလက်
လေရူးလို
တဟူးဟူးထနေတဲ့အလွမ်းတွေ
ဘယ်လိုအရောင်နဲ့ရိတ်ရိတ် ဆေးစက်က စိတ်ကူးကျရာအရုပ်မဖြစ်ဘူး

ခြစ်ရာများတဲ့ တောတောင် ကန္တာရ တသောသော
လောကဓံရိုက်ချက်ပြင်းတဲ့အခါ ဘ၀က အနုပညာနဲ့ မတန်ဘူး
ငွေက အချိန်မရွေး သွေးလို လိုအပ်တယ်

အိပ်ကပ်တွေ အိပ်တန်းပျံသွား
ပိုက်ဆံမရှိလို့ ချွမ်ချွမ်မမြည်နိုင်ပေမယ့်
ရွှေ
ထက်
ရှား
အောင်
လက်
တာ
ကဗျာ . . . . ။ ။
ဌေးကြည်(စလင်း)


ရွှေရောင်လွှတ်သောမြား
ဘယ်သွားမှာလဲ

အပြာရောင်ဝတ်ထားတဲ့
ညီမလေးတစ်ယောက်
အနာဂါတ်နောက် လိုက်နေတယ် . . . ။

ဘ၀ဆိုတာ
ဘာထည့်ထားမှန်းမသိတဲ့
ပုလင်းလွတ်တစ်လုံးကို ထိုင်ကြည့်ရသလို
ဘယ်သူမော့သောက်ဖို့လဲလို့
မေးစရာမလိုပါဘူး . . .။

အ၀ါရောင်ညစ်ညစ်နဲ့
သစ်နေတဲ့လူတစ်ယောက်

ဘယ်သွားမှာလဲ

သူ့ဘ၀သူကျယ်သီးတပ်ရင်း
ရင်ထဲမှာဆောင်းခိုနေတဲ့ ကဗျာကို
ပြောလိုက်တယ် . . . ။

တစ်ချိန်က
ငါ့စက္ကန့်တွေဟာ
ပွတ်လိုက်တိုင်း ရွှေထွက်တယ် . . .။
ဇော်သစ်


ဦးထုပ်ထဲကနွေ
လူမမာတစ်ယောက်လိုပါပဲ။
ကမ္ဘာကြီးရဲ့ လျှာအောက်က သာမိုမီတာထိပ်ဖျား . . .
ပြဒါးတွေ . . .
ပေါက်ထွက် လျှံကျလာတော့မတတ်
ကောင်းကင်ကြီး စုတ်ပြတ်သွားအောင် ပူတဲ့ “နွေ”

အပြင်မှာ ဖုန်မှုန်ဝါညစ်ညစ်၊ ပိုးလောက်လန်း ထူလပျစ်ထ၊
ခြောက်သွေ့ပွရှုပ်၊ သစ်ရွက်ကွဲစုတ် ဖုတ်ကပ်ပေလူး၊
စိတ်ကူးတွေ ဖြူဖတ်ဖြူရော်ဖြစ်။
အခန်းကျဉ်းလေးထဲ ညှီစို့ပူနွေး
လေအဟောင်းအဆွေးတွေ၊ ပိတ်ညပ်။
အ . . သက် . . ရှု . . ရ . . ကျပ် . . တယ်။

ငါရယ် . . .
ပုပ်ရိနေတဲ့ ငါ့အလောင်းရယ် . . ။
အင်း! ထိုင်နေဖို့ပဲကောင်းတဲ့ . . “နွေ”။

နွေဟာ
ရန်ကုန်နဲ့ မန္တလေးမြို့ကြီးနှစ်မြို့ကို
“ရုတ်တရက်” သုံးလက်မလောက် ပုဝင်သွားစေခဲ့။
ပြီးတော့မှ၊ . . . အပူဆန့်ကိန်း နိယာမနဲ့
ပျော်ကျပြန့်ထွက်၊ ပက်လက်ကြီးတွေ စီးဆင်းကြ . . . ။

ပြောပြစမ်းပါ
ငါ့သူငယ်ချင်းတွေ ဘယ်ရောက်နေကြပြီလဲ???

နွေဟာ
သူ့ဘောင်းဘီအိတ်ထဲ
ကြေကွဲခြင်းနဲ့ နောင်တတွေ အပြည့်အသိပ်ထည့်ယူပြီး
ငါ့အခန်းထဲ တိတ်တိတ်ကလေး ၀င်လာခဲ့
ဟေ့ . . ငါလှည့်ပြီး ဖမ်းလိုက်ရမလား။

ကောင်မလေးရေ . . .
တစ်ခုခု အယုယခံချင်နေတဲ့ နွေဥတုအဖို့
ငါတို့ ဘာများလုပ်ပေးရင် ကောင်းမလဲ . . . ?
. . . . . . . . .
တောက်! နည်းနည်းတော့ နောက်ကျသွား . . .၊
တကယ်ဆို အားနာပါးနာပဲဖြစ်ဖြစ်
မင်းနဲ့ ငါနဲ့ ချစ်ခဲ့ကြဖို့ကောင်းတာ . . .။
မင်းခိုက်စိုးစန်


နှင်းဆီနက်နဲ့အရိုးခေါင်းဟာရယ်တယ်
မျက်လုံးပိတ်ပြီးနောက်
သေပြီးသား အတောင်ပံတစ်စုံက
ဒီချောင်းမှာ
ပေါ်ပါးကခုန် နေချင်သေးလဲ။
မျက်ရည်ဟာ
ဆေးမင်ကြောင်အရိုးခေါင်းပေါ်ကနေ
ရေတံခွန်။
စီးကရက်တစ်ရှိုက်စာ
စင်တင်ကာရာအိုကေ နှုတ်ခမ်းဖျား
ပြန်ပြီးပိတ်မထားချင်သောဂီတ။
သွေးစိမ်းရှင်ရှင်သာ
ကံဇာတ်ဆရာရဲ့မြှားရိုးမှာ
ချစ်လို့ဇာတ်နာတယ် . . .
နှင်းဆီနက်ရယ်။ ။
ခိုင်နေဒီ


ရောဂါဘယများကုစားရန်ဖိတ်စာနှင့်တကွ
အထက်မဖော်ပြပါ သောက်ဆေး ထိုးဆေးများကိုမှီဝဲ၍
အသက်ရှည်ရာ အနာမဲ့ကြောင်း။ အရှုပ်အထွေးများသည်သာ
ယနေ့အထိ၊မလေမလွင့် အတက်ပညာမှအစ၊ (၉၆)ပါး
တို့ရဲ့ ဦးစီးဦးဆောင်ဟာ ဆုံလည်ကုလားထိုင်နဲ့ ခပ်မိန့်မိန့်။
ထို့ကြောင့် ဘုံဗိမာန်သို့ မကပ်နိုင်ခဲ့သော အိမ်ဦးနတ်သည်သာ
ဘယ်တစ်ခြမ်းလေဖြတ်၊ စကားသံဝူးဝါး။ ကိုယ်ကျိုးနည်း
သစ်ကိုင်းလွတ်များ၊ ရောဂါရာဇ၀င်နှင့်တကွ
အိပ်ယာကိုပုတ်လို့ ညာလက်ညှိုးတထိုးထိုး။ (ငိုညည်းသံ
ပဋိပက္ခများ လက်ဆုပ်လက်ကိုင်မဲ့နေသလား)
အဟာရချို့တဲ့ ထုံနာကျင်နာမှာ ကြိုတင်အပေးထုတ်ခဲ့သော
အဟောသိကံ အရှုံးအဆုံးများ။ တောင်ဝှေးတစ်ချောင်းလို
ဒေါက်ကနဲ လဲကျသွားပါသော ချက်ရေးပြုတ်ရေး လောင်စာများ။
အားမလိုအားမရ ဦးတည်ရည်မှန်းခဲ့ခြင်းများသည်သာ
မပျက်မယွင်းသော အခက်အခဲအဖြစ်သို့။ ဤသို့ဖြင့် ဉာဏ်စောင့်ခဲ့ပါတယ်ဆိုသော
အသက်ခန္ဓာများသည် အားမနာ ပါးမနာ နှုတ်သီးကောင်းလျှာပါးခဲ့။ ဤသို့
ကမ်းမရှိ လမ်းမရှိ လာဘ်ကြီးတစ်ပါးသည် ခန္ဓာကိုယ် တင်းတောင့်လို့
တဖြည်းဖြည်းပုတ်အဲ့။ ကိုယ်ကျိုးရှာ ထက်ထက်မြက်မြက်များမှာ ဘာအောင်၊ညာအောင်၊
အထောက်အထားများပျော်ဝင်၊ ခေတ်ပေါ် ဘာရညာရများမှာ နှောင့်နှေး ကြန့်ကြာမှုတို့စီးမျော။
ထိုကြောင့်အခန်းလေးဟာ တစ်ကိုယ်စာ အထိကျုံ။ ထို့ကြောင့် ခန္ဓာကိုယ်ဘေးတိုက်
အနေအထားဖြင့်သာ ၀င်၍ ဘယ်လက်တွင် ရေမှုတ်ကိုကိုင်၍ ဘေးတိုက်
အနေအထားဖြင့်သာထွက်ပါ။ အောက်မှဖော်ပြပါ လမ်းညွှန်မြေပုံကို
ကိုင်စွဲ၍ ဥစ္စာဓန၊ကြွယ်ဝစေကြောင်း။ ။
လူလန်း

စကားလုံးများကိုဖြတ်၍

တကယ့်အဖြစ်အပျက်ဆိုတာတွေအကြောင်းပြောဖြစ်ကြရင်းလူတစ်ယောက်ဟာသေဆုံးပြီးနောက်

တံတားတစ်စင်းဖြစ်သွားတဲ့အကြောင်း


မှတ်တမ်းများ အတွေ့အကြုံများ အမြင်များကို အသုံးပြု၍လည်းကောင်း

အညွှန်းပြု အညွှန်းခံများကို အဓိပ္ပါယ်ပြု အနက်ကောက်ယူ ဆက်စပ်၍လည်းကောင်း

ကြိုးများ သံမဏိတိုင်များ မှန်ချပ်များကို အသုံးပြု၍လည်းကောင်း


မမြင်ဖူး မကြုံဖူးတဲ့ အကြောင်းအရာ

စနစ်တကျဖရိုဖရဲဖြစ်မှု(သို့မဟုတ်)ကြုံရာကျပန်းအပြင်အဆင်

ပေါ်လာသမျှဆွဲကပ်ခြင်းဖြင့် တမင်ရည်ရွယ်ပြီးအရောင်အသွေးကြွယ်ဝ


အနည်းငယ်မူးဝေသွားစေနိုင်သော

အရေးတယူစဉ်းစားချင်စရာ


သမိုင်းတစ်ခုဆီ အနက်တစ်ခုဆီ အယူအဆတစ်ခုဆီ

သမိုင်းတစ်ခုစီ အနက်တစ်ခုစီ အယူအဆတစ်ခုစီ

လူတစ်ယောက်ကိုဖြစ်၍ တံတားတစ်စင်းကိုဖြတ်၍


ရှိမည်ဟု သိထားသောအရာနှင့်အမှန်တကယ် တည်ရှိမှုတို့အကြောင်း

အကွာအဝေးအမျိုးမျိုး တည်နေရာအမျိုးမျိုး အချိန်အမျိုးမျိုး

ရသအမျိုးမျိုး မိရင်မိ မမိရင်လွတ် ဖြစ်ပေါ်ရရှိတတ်တာတွေ


. . .ရမည်ဟု ကန့်သတ်ထားခြင်းမျိုးမရှိသောကြောင့်

အပြောင်းအလဲများကို အလေးပေးပြီး

ကျောရိုးကိုတပ်ဆင်

ပျော့ပြောင်းနူးညံ့၍ ထွေးပွေ့စေချင်စဖွယ်

မျက်မှောက်ပြုခြင်းကား ဤသို့

အချုပ်ဆိုရသော်


ရှုမျှော်ခင်းများကိုအမြင်သစ်ဖြင့်

အမြင်များကို ၀ါကျသစ်ဖြင့်


မင်သက်မိစေနိုင်လောက်အောင်

ဘာသာစကားကို သုံးစွဲကြပြီးနောက်

မင်သက်မိစေနိုင်လောက်အောင်

မင်းနှုတ်ခမ်းကို ကိုယ်နမ်းလိုက်ရဲ့

သင်ထားသလို သိထားသော ကမ္ဘာမှာ ရှိနေစဉ် စကားလုံးများနဲ့ပြောမယ် အချစ်အကြောင်းများ

နောက်ထပ်မကြားခင်။

ငုအိမ်ထက်မြက်



ရွှေခြည်တွေပျပျမှိုင်း၍ လောကတံတိုင်းမှာ အမှောင်ညို့ပြီ မခင်ပျို။ အရာရာမှာ အသင့်အတင့် နှလုံးသွင်းတတ်သော ရင့်ကျက်ခြင်းအဆင့်တစ်ဆင့်သို့ ရောက်ပြီဟု ကိုယ့်ကိုယ်ကိုယ်ထင်ထားသည်။ အထင်ဆိုသည်မှာ ရှိတတ်စမြဲပါပဲ။ ထို့ပြင်လည်း အထူးသဖြင့် ဥပေက္ခာတရားကို လက်ကိုင်ထားနိုင်သူဟုလည်း ထင်မိသေး၏။ တစ်ခါတုန်းက မခင်ပျို၏ ထဘီအနားခတ်လိုက်ပုံသည် ကျွန်တော်၏ အသည်းနှလုံးကို ယူဆောင်သွားဖူး၏။ သို့သော်လည်း ခဏတာမျှသာဖြစ် သည်။ တပ်မက်ခြင်းလား၊ရသခံစားမိခြင်းလား မသိခင်မှာပင် ကျွန်တော့်အသည်းနှလုံးပြန်လာပါသည်။ အခုတော့ မခင်ပျိုနေ၀င်တော့မည်ထင်ပါသည်။ သွားကြစို့၊သွားကြစို့ မခင်ပျို။ တစ်ယောက်တစ်လမ်းစီဆိုပေမယ့် ဆုံရဦးမှာ သေချာပါသည်။ နီရဲစေးပျစ်သော လက်ဖက်ရည်ပန်းကန်လုံးထဲမှာ နို့နှစ်အဆီများဝေ့နေ၏။ ခပ်ဝေးဝေးမှ ဆိုင်းတီးသံကြားရသည်။ အေးမြသောလေထုကိုဖြတ်၍ ဆိုင်းတီး သံသည် ချမ်းတုန်စွာပြေးလာ၏။ မန္တလေးမြို့၏ ညများထဲမှာ အနုပညာရနံ့များဝေ့နေ၏။ ကြက်သွေးရောင်ကတ္တီပါကားပေါ်မှာ ရွှေခြည်ငွေခြည်ဘော်ကြယ်စာလုံး တွေ ၀င်းလက်ဖိတ်ဖိတ်တောက်နေသည်။ သည်နေ့ညမခင်ပျို ဘယ်မှာကမှာလဲ။ ရွှေဘုန်းရှိန်မှာလား၊ ပုလဲငွေရောင်မှာလား၊ ရုံးတော်ကြီးမှာလား၊ မလွန်မှာလား၊ ဈေးချိုမှာပဲလား၊ လူတစ်ယောက်ရဲ့ ရင်ထဲမှလား။ ဘာမှမဟုတ်သော သာမန်ရေမြောင်းကလေးဖြစ်ပေမယ့် ရေနီမြောင်းသည် လူပေါင်းများစွာ၏ အတွင်းရေးများ ကို ကျောက်တုံး၊ရွှံနှစ်နှင့် ရေညှိရွက်အကြားမှာ သိမ်းဆည်းထားသူဖြစ်၏။ စိန်မြင့်လာ၍ ကျွန်တော်တို့ နုကြည်ရိပ်သာကိုသွားကြသည်။ ဟိုကောင်ကိုမတွေ့၍ ရေနီမြောင်းဘေးမှ ညဥ့်နက်အောင်ထိုင်ကြ၏။ စိန်မြင့်သည် စကားများပေမယ့် စကားပြောကောင်း၏။ ကဗျာအကြောင်း၊ အလင်္ကာအကြောင်းတွေကိုပြောသည်။ နတ်သျှင်နောင်အကြောင်း၊ အိုမာခေယမ်အကြောင်း၊ နီရူးဒါးအကြောင်း၊ ခေတ်စမ်းကဗျာအကြောင်းတွေပြောသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ကဗျာ၏အလုပ်အ ကြောင်းလည်းပြောသည်ထင်၏။ ကျွန်တော်သည် ကြက်သွေးရောင် ကတ္တီပါကားအကြောင်းကိုသာ စိတ်ရောက်နေ၏။ ပွဲဈေးတန်းက မုန့်မောင်နှမ အိုးကင်း ညှော်နံ့သင်းပျံ့ပျံ့ကလေးသာ စိတ်ကူးနေမိ၏။ လထွက်ပြီ၊ ထူးထူးဆန်းဆန်းမှတ်နေသည်က ထိုညကျွန်တော်မခင်ပျိုကို သတိမရ။ စကားစပ်လို့လည်း မပြောမိ။ ထနောင်းပင်ကိုင်းဖျား လတစ်ခြမ်းချိတ်သောအချိန်တွင် အချစ်အကြောင်းကို စကားစပ်မိကြ၏။ စိန်မြင့်နှင်ကျွန်တော် သဘောကွဲလွဲခဲ့ကြသည်။ အချစ်ဆိုတာဘာလဲ။ ရွှန်းလက်ညိုမှောင် အလိုမကျယောင်ဆောင်တဲ့ မျက်စောင်းကလေးလား။ ဘယ်တစ်ဆစ်၊ညာတစ်ဆသစ် ချိုးချလိုက်တဲ့ လက်မောင်းသွယ်သွယ်ကလေးရဲ့အဆုံးမှာ ကော့ညွှတ်ပျံတက်နေတဲ့ လက်ဖျားကလေးတွေလား။ ဆလိုက်မီးအပြောင်းမှာ တချက်ဝင်းကနဲလက်သွားတဲ့ ရင်ညွန့် ၀ါဝါကလေးလား။ ဒူးကလေးတွေညွှတ်ပြီး ဒူးပေါ်မှာ လက်နှစ်ဘက်တန်းတန်းချလို့ ပခုံးကလေး ဘယ်ညာလှုပ်လို့ ဇာတ်စင်ရှေ့ပိုင်းကို အပြေးကလေးထွက်လာ တဲ့ ဟန်ကလေးလား။ အချစ်ဆိုတာ မခင်ပျိုရယ်၊ မျက်နှာလား၊ ကိုယ်လုံးလား၊ အသံလား၊ ဟန်လား၊ အချစ်ဆိုတာ အကြောင်းတရားလား၊ အကျိုးသက်ရောက်မှု လား။ လူတွေညာပြောနေကြတာပါ။ တကယ်တမ်းက လူဟာဘာသာစကားကို အတော်လုံလုံလောက်လောက် ကျကျနန ပြောတတ်လာတဲ့ အချိန်ကစပြီး မုသား တွေမမြင်သာအောင် ဖုံးဖို့ဝှက်ဖို့ နေရာကောင်းတစ်ခုရခဲ့တယ်ဆိုတာ ဘယ်ပညာရှင်ကမှ ပြောသံမကြားဖူးပါဘူး။ အချစ်ဆိုတာ ဘယ်ကလာပေးဆပ်ခြင်း ဟုတ်ရ မှာလဲ မခင်ပျိုရယ်။ ရချင်တာ၊ ယူချင်တာ၊ပိုင်ဆိုင်ချင်တာပါ။ ငါတော့ပေးဆပ်လိုက်ပြီလို့ သူ့ကိုယ်သူထင်နေတဲ့ သူကိုတော့ ထင်နေပါစေလေ။ ကျွန်တော်တော့ ရချင်တာ၊ ယူချင်တာ၊ ပိုင်ဆိုင်ချင်တာပါ။ အဲဒီတစ်ညကလည်း အရင်ညတွေလိုပါပဲ။ မခင်ပျို ကျွန်တော့်ကိုကြည့်ပြီး သီချင်းဆိုနေတယ်လို့ ထင်မိ တာဟုတ်မဟုတ် နောက်တစ်ခါပြန်စဉ်းစားမနေပါဘူး။ မန္တလေးမြို့ရဲ့ တန်ဆောင်မုန်းညတွေဟာ အားလုံးကဗျာတွေချည်းပါ။ နှစ်ပေါင်းများစွာကတည်းက အငြိမ့်မင်းသမီးပေါင်းများစွာဟာ မန္တလေးမြို့တစ်နေရာက ဇာတ်စင်ပေါ်မှာ မီးရောင်အောက်မှာ ကရင်းဆိုရင်းနဲ့ ကဗျာတွေ ကိုဖန်တီးသွားခဲ့ကြပါတယ်။ ပွဲပြီးမီးမှိတ်လို့ ကားလိတ်တွေ ခေါက်သိမ်းတဲ့အထိ မရောက်ပါဘူး။ အဲဒီကဗျာတွေဟာ ချက်ချင်းကွယ်ပျောက်သွားကြပြန်ပါတယ်။ ဒါပေမယ့် အဲဒီကဗျာတွေဟာ လောကရဲ့နှလုံးသားထဲက တစ်နေရာမှာ အားလုံးစုရုံးနေကြတယ်။ သွေးကြောတွေထဲမှာ လှည့်ပတ်နေကြတယ်။ နှလုံးသားထဲကို ပြန့်ဝင်နေကြတယ်။ လောကရဲ့ ရင်ခုန်သံတစ်ချက်ကြားရတိုင်း အဲဒီကဗျာတွေအားလုံးဟာ သီဆိုကခုန်နေကြတယ်ဆိုတာ လူတိုင်းသတိပြုမိမယ်မထင်ပါဘူး။ သေဆုံးကွယ်လွန်သွားကြတဲ့ အငြိမ့်မင်းသမီးကြီးတွေလည်း အဲဒီကဗျာတွေထဲမှာ ရှိနေကြတယ်။ မခင်ပျိုကပါ၊ဆိုပါ၊ အနုပညာဆိုတာ မခင်ပျိုရဲ့အလုပ်ပါ။ ကျွန်တော် ပြောပြီးပါပြီကော။ လူဆိုတာ ညာပြောတတ်တယ်။ လိမ်ပြောတတ်တယ်။ ဒါပေမယ့် အခုဒီတစ်ခါတော့ ကျွန်တော်မညာပါဘူး။ ကျွန်တော်ချစ်တာ မခင်ပျိုကိုပါ။ ဝေးလံသောအရပ်တပါးမှ ၀ါးပတ္တလားသံခပ်သဲ့သဲ့ ခပ်အုပ်အုပ်ကြားနေရသည်။ ၀ါးရွက်နှင့်လက်ခတ် ထိတွေ့လိုက်သည့်အခါတိုင်း ၀ါးရွက်ပေါ် လက်ခတ် ကျလိုက်သည့်အခါတိုင်း ရင်မှာပေါက်ကွဲမှုများဖြစ်ပေါ်၏။ ဝေဒနာ၏ နာကျင်စွာသောအဖြစ်သည်ပင်လျှင် နှစ်လိုဖွယ်ကောင်းလှချေသည်။ တောင်တောင်ယံ တောငယ်နှင့် မောလေအောင်၊ ဝေးကျူးသီခေါင်၊ ရီမှောင်ညိုညိုဆိုင်းဆိုင်း၊ ဝေမှိုင်းမှိုင်းလေး။ ပင်တိုင်းသာ၊ မာလာကြိုင်ကြိုင်သင်း။ နှင်းယွန်းဝသန်နွေ၊ စုံမြိုင်ခြေ ဦး၊သာဟန်လေ သာဆန်းထူး။ သံသရာတောအုပ်အတွင်းမှာ မှောင်လွန်းလှသည်။ ဘယ်သောအခါမှ လမ်းမမှားဟုကြွားနေသူသည် သူလမ်းမှားနေကြောင်းမသိ။ အင်ကြင်ပန်းတွေ ပင်လုံးဝေေ၀ပွင့်နေ၏။ သည်နေရာမှာ ဘယ်သူလာ၍ ကျွန်ုပ်ကိုပစ်ချထားခဲ့သနည်း။ အထီးကျန်မှု၊ အားကိုးမဲ့မှု၊ ဘာဆိုဘာမျှ မတတ်နိုင်မှုတို့ သည် စင်းထားသော ကျွန်ုပ်၏လည်ပင်းပေါ်သို့ အရှိန်ပြင်းစွာကျလာသည်။ လောကတရေးနိုးပြီလား။ တစ်နေ့သစ်ပြီလား။ တစ်နေ့ဟောင်းသွားပြီလား မသိပါ။ တောအလယ်မှာ မောတယ်မရယ်။ သူတို့ ဘာလိုချင်ကြသည်လဲ။ ဘာဖြစ်ချင်ကြသည်လဲ။ ကျွန်ုပ်ဘာကိုမှ မလိုချင်ပါ။ ဘာမှမဖြစ်ချင်ပါဟု လိမ်ညာ၍ပြောလိုက် သောအခါ ကမ္ဘာပေါ်မှာ အရှက်မဲ့သူတစ်ယောက်တိုးသွားပြီ။ အိုလှလွန်းလှလွန်းပါသည်။ မိန်းမဆယ့်သုံးယောက်ကို တွေ့ရ၏။ သေတ္တာထဲမှာ မြွေအစိမ်းရောင် တစ်ဆယ့်သုံးကောင်ခွေနေသည်။ ဘယ်ကိုသွားကြမည်နည်း။ ကျွန်ုပ်ကိုယ်ပေါ်သို့ နူးညံ့သော ပန်းဝတ်ဆံများ၊ ကတ္တီပါပွင့်ဖတ်များ မိုးကဲ့သို့ ဖွဲရွာကျလာသည်။ ကျွန်ုပ်တစ်ကိုယ်လုံး ပွင့်ဖတ်ဝတ်ဆံတွေ ဖုံးသွားတော့သည်။ အနီရောင်ခတ္တာပန်းများ ပွင့်ဖတ်လန်၍ ဖူးပွင့်နေကြ၏။ အချိန်ခုနစ်မိနစ်စေ့သွားပါပြီ။ မောလှချည်ရဲ့။ မောလှချည်ရဲ့။ တောအုပ်သည် ပို၍ ပို၍ မှောင်လာနေသည်။ မခင်ပျို၊ ယုဇနခင်ပျို။ လွမ်းလိုက်ရတာ မခင်ပျိုရယ်။ အောင်မြင်တာတွေ၊ကြီးမြင့်တာတွေ၊ ကျော်ကြားတာတွေ။ အခုနေကျုံးဘေးမှာ လေပြည်တဖြူးဖြူးရှိ နေမှာပေါ့။ ဘယ်သစ်ပင်စိမ်းပုံနဲ့မှမတူတဲ့ ထနောင်းပင်ဖြူဖြူတွေရဲ့ အရိပ်စိမ်းမှာ မခင်ပျို ကျွန်တော့်လက်ကို ရဲရဲတွဲပါ။ ချစ်တယ်ဆိုတာ လက်ချင်းတွဲပြီး ရည်ရွယ်ချက်မရှိပဲ လမ်းလျှောက်ခြင်းတစ်မျိုးပဲလို့ ကြားဖူးတယ်။ ကြည့်စမ်း မခင်ပျို။ ကော့လိုက်၊ ကွေးလိုက်၊ ညွှတ်လိုက်၊ လှုပ်ရှားလိုက်တာနဲ့ လောကကို အသက်ရှုတခဏရပ်သွားစေနိုင်တဲ့ လက်ချောင်းဖြူဖြူသွယ်သွယ်ကလေးတွေ။ သည်လက်ချောင်းကလေးတွေ လှုပ်ရှားရင် ကွေးညွှတ်ကော့ပျံ့တဲ့လက်နဲ့ စပ်လိုက်တဲ့ကဗျာတွေကို ကျွန်တော့်မျက်လုံးထဲမှာ သိမ်းထားတယ်သိလား။ အောင်ပင်လယ်တာတရိုးမှာ ရွှေမိုးတွေညိုပြီ မခင်ပျို။ မိုးရွာမယ် မထင်မိပါလို့ ရှံတဘက်ကလေးမပါပေမယ့် ကျွန်တော့်ရင်ခွင်မှာ မိုးခိုလို့ရပါတယ်။ မိုးတွေသည်းလိုက်တာ။ မိုးရွာတဲ့နေ့ကို သတိရလိုက်တာ။ စုတ်ချာယိုင်ရွဲ့တဲ့ လက်ဖက်ရည် ဆိုင်ကလေးရဲ့ တံစက်မြိတ်စွန်းမှာ နေရောင်ခြည်ကလေးတစ်စက် လက်နေတယ်။ မိုးစက်မိုးပွင့်ကန့်လန့်ကာကို ဖြတ်လာတဲ့နေရောင်ခြည်ဟာ မခင်ပျိုပြုံးတာနဲ့ သိပ်တူတာပဲ။ ကျွန်တော့်အနားမှာ သစ္စာမဲ့သူတွေ ၀ိုင်းဝိုင်းလည်နေလိုက်ကြတာ။ ဘာဆိုဘာမှတ်လို့ လို့ မခင်ပျိုကတော့ ပြောလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် အကြိုက်ဆုံးတွေက ရှင်ဥတ္တမကျော်ရယ်၊ ဇော်ဂျီရယ်၊ ဇေယျရယ်၊ ဗဂျီအောင်စိုးနဲ့ ခင်မောင်ရင်ရယ်၊ စိန်ဗေဒါရယ်၊ လွတ်လပ်ခွင့်ရယ်၊ ပိတောက်ပန်းရယ်၊ လက်ဖက်ရည်ချိုပေါ့ကျရယ်၊ ခေတ်ပေါ်ဂီတရယ်၊ မခင်ပျိုရယ်။ များတော့ အများသား မကြိုက်ဆုံးအရာတွေက ဟိတ်ဟန်ကြီးတာရယ်၊ ၀က်သားပေါက်စီရယ်၊ သင်္ဘောသီးအစေ့ရယ်၊ တတိယတန်းစား ဝေဖန်ရေးဆရာရယ်၊ ကုန်းချောကုန်းတိုက်တာရယ်၊ မနာလိုမှုရယ်၊ သဇင်ပန်းရယ်၊ ဒံပေါက်ထမင်းရယ်၊ အနီရောင်ရယ်၊ နေကာမျက်မှန်၊ စိန်ရွှေရတနာရယ်။ ကြိုက်တာတွေ မကြိုက်တာတွေ ပြောမယ့်သာပြောရတာပါ။ တကယ်တမ်းကျတော့လဲ ဘာမှမဟုတ်ပါဘူး။ ကိုယ်ဘာမှ မဟုတ်ဘူးဆိုတာ မသိလိုက်ခင် မှာပဲ ဘ၀က နိဂုံးချုပ်သွားတာပါပဲ။ ဘ၀ဆိုတာ နေဖို့လား၊ နေဖို့ထိုင်ဖို့ ပြင်ဆင်နေလိုက်ကြတာ။ သူတို့တတွေရဲ့ မဟုတ်တဲ့အလုပ်တွေကို ကမ္ဘာ့အပြင်ဘက် ထွက်ပြီး ခပ်ခွာခွာကြည့်မှမြင်ရတာမဟုတ်ပါဘူးတဲ့။ ဒီသစ်ပင်အောက်က ကြည့်ရင်လဲ တကယ်လို့ ကြည့်တတ်ရင်ပေါ့လေ။ မြင်ရပါတယ်တဲ့။ တစ်ယောက် ယောက်က ကျွန်တော့်ကိုပြောဖူးတယ်။ ပြောပြီးတော့ သူလဲနေစရာပြင်ဆင်ရဦးမယ်ဆိုပြီး ထွက်သွားပါလေရော။ ရယ်တော့အရယ်ရသား။ ဘ၀ဆိုတာ စကတည်း က မှားလာတာဆိုတဲ့အကြောင်း၊ ယန်းပေါဆတ်ကို ဖတ်ဖူးဖို့မလိုပါဘူး။ အစကတည်းက သိတယ်လို့ ကျွန်တော်တော့ ထင်တာပဲ။ ဒါပေမယ့် ဖတ်တော့ ဖတ်ကြည့်ပါတယ်။ ဖက်ရှင်ပေါ့လေ။ ကျော်ကြားလှတဲ့ သူရဲ့ထရိုင်လော်ဂျီ ၀တ္ထုကြီးသုံးပုဒ်ဖတ်တယ်။ ကြိုက်ပါဘူးဗျာ။နောက်ဆုံး စာကြောင်းကလေးကတော့ သဘောကျသလိုရှိရဲ့။ မနက်ဖြန်ဆိုရင် အနက်ရောင်ငှက်များလာကြတော့မည်တဲ့။ ဒါပေမယ့် မခင်ပျို။ အဲဒီညက မခင်ပျိုဟာ ဘောကြယ်တွေလက်နေတဲ့ အဖြူရောင်ဝတ်စုံနဲ့။ ကျွန်တော်မျက်စိထဲမှာတော့ ငှက်အဖြူကလေးတစ်ကောင် ခိုဖြူမလေးတစ်ကောင်။ အမြီးကော့ကော့ထောင်ထောင်နဲ့ ကျွန်တော့်အသည်းနှလုံးရှိတဲ့ ရင်ထဲကလိုဏ်ခေါင်းမှာ တောင်ပံတဖျတ်ဖျတ် ခတ်နေသလိုပါပဲ။ ဆင်စွယ်ယပ်တောင်ဖြူဖြူကလေး ကျွန်တော်ရှိရာဘက်ကို တည့်တည့်ညွှန်းပြီး “မိဘပေးစား ဒီလူကြီးဇနီးရပါစေ” ဆိုတဲ့ သီချင်းကို မခင်ပျိုဆိုခဲ့တယ်။ နောက်တစ် နှစ်မှာပဲ မိဘပေးစားလို့ ကျွန်တော်ဇနီးရခဲ့တယ်။ အချစ်မပါတဲ့ အိမ်ထောင်ရေးဆိုတာ မသာယာဘူးတဲ့။ လူတိုင်းပြောကြတာပဲ။ ၀တ္ထုဆရာတွေ၊ ရုပ်ရှင်ဆရာတွေဆိုရင် သိပ်ပြောကြတာပေါ့။ ထပ်နေငပါပြီ။ အဲဒါကိုက ပရမတ်တရားတခုလို၊ ပရမတ္တသစ္စာတရားတစ်ခုလိုဖြစ်နေတယ်။ ပြောလိုက်ကြတာ။ ဟိုမှာ မခင်ပျို။ မိုးရွာပြီးစ ခဲသားရောင်ထနေတဲ့ ကောင်းကင်ပြင်ကျယ်ကြီးကို ဗျိုင်းဖြူတစ်အုပ် ဖြတ်ပျံသွားတာ လှလိုက်တာ ။ ကျွန်တော်အဖို့တော့ တခြားသူတွေ အတွက် တာဝန်မယူနိုင်ပါဘူး။ ကိုယ့်အတွက်ကိုယ်တောင် မနည်းတာဝန်ယူရတာ။ ကျွန်တော်အဖို့တော့ အချစ်မပါတဲ့ အိမ်ထောင်ရေး မသာယာဘူးဆိုတာ သဘောမပေါက်ပါဘူး။ သီတာ့ကို ကျွန်တော်လက်ထပ်တာ မိဘတွေပေးစားလို့။ ပြီးတော့ ကျွန်တော် သူ့ကိုချစ်သလား၊ မချစ်ဘူးလား စဉ်းစားချိန်လည်းမရလိုက်ပါဘူး။ လေးဘက်လေးတန်က တောင်ကြီးလေးလုံး ပိကျလာသလို ရှောင်မရတဲ့ မိဘဆွေမျိုးအသိုင်းအ၀န်း ဘာညာတွေ စုပြုံဖိညှပ်ပြီး သီတာနဲ့ ကျွန်တော့်ကိုပေးစားလိုက်ကြတာပါပဲ။ အဲဒီတုန်းက ကျွန်တော်ငြင်းဖို့ မကြိုးစားမိပါဘူး။ သီတာက သိပ်လှတယ်မခင်ပျို။ သိပ်ကိုလှတယ်။ ရှားရှားပါးပါး ရက်ရက်စက်စက်လှတယ်။ မကွယ်မ၀ှက် မလိမ်မညာပြောရရင် မခင်ပျိုထက် အများကြီးပိုလှတယ်။ သူ့အလှမှာ ကျွန်တော့်အထင်တော့ တကယ်အပြစ်မရှိပါဘူး။ သိပ်လှတာပဲ။ ပြီးတော့လည်း ကျွန်တော့်အယူအဆက ဟိုးငယ်ငယ်ကတည်းက ရှိခဲ့တာဟာ မိန်းမ တစ်ယောက်မှာ ရုပ်လှဖို့သာအဓိကပဲ။ စိတ်လှဖို့ဆိုတာသာမည။ အဲဒီအယူအဆကတော့ ခိုင်ခိုင်မာမာပဲ။ တစ်ယောက်ယောက်က မကျေနပ်လို့ငြင်းလာရင်၊ စောဒကတက်လာရင် ကျွန်တော်နိုင်အောင်ပြောနိုင်ချင်မှပြောနိုင်မယ်။ ဒါပေမယ့် ဒီအယူအဆကိုတော့ မစွန့်လွှတ်နိုင်ဘူး။ ပင်လယ်ပြင်မှာ နေ၀င်သွားတဲ့ မြင်ကွင်းလှတာ၊ ရေစပ်ကသဲသောင်ဖွေးဖွေးပြန့်ပြန့်လှတာ ပိတောက်ပင်က ပင်လုံးပွင့်လို့လှတာ မှိုင်းညိုမြင့်မားတဲ့တောင်စဉ်တောင်တန်းကြီးတွေလှတာ၊ အုန်း ပင်အုန်းလက်တွေပေါ်မှာ ကျနေတဲ့ လရောင်ခြည်လှတာ အဲဒါမျိုးပေါ့။ သီတာလှတာ အဲလိုပါပဲ။ ကျွန်တော်အဖို့တော့ လက်ထပ်ပြီးလို့ နှစ်ရက်ခွဲကြာတဲ့အခါ သီတာကျွန်တော့်ကိုမေးတယ်။ သူ့ကိုချစ်လားတဲ့။ ကျွန်တော် ဘယ်လိုဖြေလိုက်တယ် ထင်သလဲမခင်ပျို။ မဆိုင်းမတွပါပဲ။ သီတာ့ကို သိပ်ချစ်တယ်လို့ ဖြေလိုက်တယ်။ သီတာပြုံးပြုံးကလေး ကျွန်တော့်ပုခုံးပေါ်ခေါင်းတင်ပြီး မျက်စိမှိတ်ထားတယ်။ အဲဒီအဖြေကို ပေးလိုက်ပြီးတဲ့အခါ လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားတာကို ချောက်ချောက်ချားချား ခံစားလိုက်ရတယ်။ ကျွန်တော်တို့ အိပ်ခန်းထဲက လေအေးစက်သံ၊ ဓာတ်ပြားချိန်ချာမှာလဲ လင်ဒါရွန်စတက်ရဲ့ ကားသံတွေလည်း ခပ်သဲ့သဲ့ကြားနေရတယ်။ ပြီးတော့ သီတာရဲ့ တတွတ်တွတ်ပြောနေတဲ့ ချစ်စကားတွေကိုလည်း ပူနွေးတဲ့ထွက်သက်နဲ့ရောယှက်ပြီး ကြားနေရ တယ်။ ဒါပေမယ့် သူ့ကိုသိပ်ချစ်တယ်လို့ ပြောလိုက်ပြီးတဲ့ခဏ။ ကျွန်တော်ခံစားမိတဲ့ တိတ်ဆိတ်ခြင်းဟာ ဘာနဲ့မှမတူပါဘူး။ တစ်သက်မှာတစ်ခါမှ မခံစားဖူးပါ ဘူး။ တစ်လောကလုံး တိတ်ဆိတ်သွားလိုက်ကြတာ ကြောက်စရာတောင်ကောင်းပါတယ်။ သီတာကတော့ သိပ်ကျေနပ်၊ သိပ်ပျော်သွားမှာပါပဲ။ မပျော်တာက ကျွန်တော်။ အ င်မတန်ချစ်ပုံရတဲ့သီတာ၊ ဘာမှပြောစရာမရှိတဲ့သီတာ။ ကျွန်တော့်ကို အင်မတန်ချစ်ပုံရတဲ့သီတာ၊ သူ့ကိုကျွန်တော် ပိုင်ဆိုင်လိုက်ရပြီ။ မနက်ပိုင်း ဆေးရုံကြီးကိုလိုက်ပို့၊ နေ့လယ်ထမင်းစားဖို့သွားကြို၊ပြန်ပို့။ ညနေကျတော့ ရွှေဘုံသာလမ်းက သူ့ဆေးခန်းလိုက်ပို့ ဆေးခန်းပိတ်ချိန် ပြန်ခေါ်။ ကျွန်တော့် အလုပ်က ဒါပါပဲ။ ကျွန်တော့်ဘ၀မှာ ဘာမှမလိုပါဘူး။ တော်တော်များများ ပိုနေတယ်။ အပိုဆုံးကတော့ အချိန်တွေပဲ။ တစ်လောကလုံး အုတ်အုတ်ကျက်ကျက် အလုပ်တွေရှုပ်နေကြတဲ့အချိန်မှာ ကျွန်တော်က အချိန်တွေကုန်ဆုံးအောင် ကြံရဖန်ရတဲ့အလုပ်ကိုလုပ်နေရတယ်။ ကျွန်တော်ပျော်သလားလို့မေးတယ်။ ဘယ်လို ပြောရမလဲ။ စိတ်ညစ်စရာသောကမရှိတာကို ပျော်တယ်လို့ပြောရင်တော့ ကျွန်တော်ပျော်တာပေါ့။ ကျွန်တော့်အိမ်ထောင်ရေး သာယာသလားမေးရင်လည်း သာယာတယ်လို့ဖြေရမှာပါပဲ။ ဘာပြဿနာမှမရှိတာ အရာရာအဆင်ပြေချောမွေ့တာကို သာယာတယ်လို့ခေါ်ရင်တော့ ကျွန်တော့်ကို သိပ်ချစ်တယ်ဆိုတာ ခံစားသိရှိလာရတယ်။ အဲဒီအချစ်ကို သူဘယ်လိုမွေးမြူယူသလဲ၊ ကျွန်တော်အခုအထိ မသိဘူး။ ကျွန်တော့်သူ့ကို ချစ်သလားမခင်ပျို။ အဲဒီမေးခွန်းဟာ တစ်ကနေပြန်စတဲ့ မေးခွန်းမျိုးထက်ပိုတယ်။ တစ်ရဲ့ဟိုဘက်၊ တစ်ရဲ့ရှေ့က ဘာဂဏန်းများရှိသေးသလဲ။ အဲဒီကစရမယ်။ ချစ်တယ်ဆိုတာ ဘာလဲမခင်ပျို။ ချစ်တယ် ဆိုတာ ဘာလဲဆိုတာကိုမှ ရေရေရာရာမသိပဲနဲ့ သီတာ့ကို ကျွန်တော်ချစ်သလားမေးလိုက်ရင် အဆင့်ကျော်နေပြီပေါ့။ ကျွန်တော်ဘယ်လိုလုပ်ဖြေမလဲ။ ချစ်တယ်ဆိုတာ ရယူခြင်း ပိုင်ဆိုင်ခြင်း သစ်ခွပန်းပွင့်ကလေးလိုလှတဲ့ မသီတာကို ကျွန်တော်ရယူပြီး ပိုင်ဆိုင်ခဲ့ပြီ။ ကျွန်တော့်သူ့ကို ချစ်သလား။ ကျွန်တော် သူ့ကို ချစ်သလား။ ဟန်ဆောင်ခြင်းများကို အရည်ကျို၍ လောက၏နံရံအား သုတ်လိမ်းညစ်ညမ်းစေသူကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြပါ။ ကျွန်ုပ်မှာ မုသားရင်နှင့်အပြည့်ရှိပါ သည်။ အချစ်၏အစနှင့်အဆုံးကို မသိသေးသော်လည်း ဟန်ဆောင်သော အရပ်ဒေသတစ်ခုကို မလွှဲမသွေဖြတ်သန်းသွားရကြောင်းကျွန်ုပ်ကောင်းကောင်းသိပါ သည်။ အမှန်စင်စစ် ဘယ်သူမှ ဘာမှမဟုတ်ကြပါ။ ထိုအချက်ကို သူကပင်စတင်တွေ့ရှိလေဟန် ကြွားဝါဂိုက်ထုတ်သော ဇော်ဇော်အောင်သည် ဘာမှမဟုတ်ပါ။ အချို့လူများ အစာမကြေသော ရောဂါရှိ၏။ သူတို့ပါးစပ်မှ မာက့်စ်ဝါဒလေချဉ်တက်တေသာ အနံ့ရသည်။ တစ်ခါတစ်ရံ စကားလုံးများသည် မြေကိုခွဲ၍ ဘွားကနဲပေါ်လာတတ်၏။ သံသရာလမ်းသည် အ၀ါရောင်တောက်ပသော သုညတစ်လုံးထဲသို့ ငုပ်လျှိုးဝင်သွား၏။ သူသည်နေ့ညဘယ်မှာကမည်လဲ။ ညနေခင်းသည် ဆည်းဆာတို့အနှံ ဖြန့်လွှတ်နေ၏။ လက်ကိုတွဲ၍ ရဲရဲဆုပ်ကိုင်၍ ကျွန်ုပ်နှင့်အတူ အမိုးအောက် ကော်ရစ်ဒါစင်္ကြံတလျှောက်ရေညှိများဖြင့် ချောကျိလျက်။မိုးစက်များထိမှန်သောအခါရွံ့အိုင်ထဲကကံ့ကော်ရွက်များ။ကျွန်ုပ်လက်ကိုရဲရဲတွဲပါ။ဤလောကတွင်အကောင်းဆုံးသတိရနေချင်းသည်မေ့လျော့ထားခြင်းပင်ဖြစ်ကြောင်းလောက က ကျွန်ုပ်အားပြောကြားခဲ့သည်ကိုမေ့သွားပြီ။စုတ်ချာသောလက်ဖက်ရည်ဆိုင်ကလေးမှာသူ့ကိုချစ်ကြောင်းပြော၍ကလောသို့ခိုးယူ ထွက်ပြေးသွားချင်သည်ကိုသူသိဖို့ကောင်းပါသည်။လူအချိုးရင်ထဲမှာမီးပုံများရှိကြောင်းယုံပါသည်။အနုပညာဆိုသည်မှာသီတာရေစင်လိုအေးမြသည်ဟုအဆိုစကားရှိသော်လည်းသီတာရေစင်ကိုကျွနုပ်တွေ့မမြင်ဘူးပါ။ကျွနုပ်ဘယ်ကလာ၍ဘယ်ကိုသွားမည်လဲ။ကျွန်ုပ်၏ဆရာသည်ဇော်ဂျီဖြစ်၏။ဆရာရှေ့ကသွားနှင့်ပါ။လောက၏အစွန်အဖျားတစ်နေရာန၀မမြောက်တိမ်တိုက်ပေါ်တွင်ဆရာနှင့်ကျွန်ုပ်ဆုံပါမည်။တောင်ဆီကမိုးတွေကညို့လာပြန်ပြီ။ဘယ်များရောက်နေသလဲမခင်ပျိုရယ် မန္တလေးအသင်းနှစ်ပတ်လည်ဆုပေးပွဲရှိတယ်လို့စိန်မြင့်ကပြောတယ်။ကျွန်တော်မန္တလေးသားမဟုတ်ပေမယ့် မန္တလေးအသင်းကို စိန်မြင့်နဲ့သွားနေကျ အရက်သောက်၊ဘိလိယက်ထိုး။ မခင်ပျိုကို စပယ်ရှယ်ဖိတ်ပြီးထားတယ်လို့လဲပြောတယ်။ ကျွန်တော့်ရင်ထဲ ဘယ်လိုဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်စမ်း။ အချစ် ဆိုတာ ဘာမှန်းအခုထိမသိသေးပေမယ့် မခင်ပျိုကျတော့ သိပ်ချစ်တယ်လို့ထင်နေတဲ့ကျွန်တော် ဘယ်လောက်ဝမ်းသာမလဲ။ မန္တလေးအသင်းမှာ ယုဇနမခင်ပျိုက မယ်တဲ့။ ဖြစ်ချင်တော့ နေ့ကရက်အား။ သီတာကို ဆံပင်အလှပြင်တဲ့ဆိုင် လိုက်ပို့ရတယ်။ ကြိုလဲပြောမထားဘူး။ ဆိုင်မှာ ထားခဲ့ပြီး နောက်မှအတူတူနေရတဲ့ ရက်အားဆိုရင် ကျွန်တော့်ကို မျက်စိအောက်က အပျောက်မခံဘူး။ သူအလုပ်သွားလုပ်တဲ့အခါမှာလဲ ကျွန်တော့်ကို တစ်ခါတည်းခေါ်သွားချင်တယ်။ တာနောယက္ခ ဘီလူးလို့ လည်ပင်းမှာဆွဲပြီး ရွှေကြုတ်ကလေးထဲထည့်ခေါ်သွားချင်တယ်တဲ့။ ကျွန်တော့်ကို ထည့်ခေါ်သွားနိုင်လောက်အောင် ဂျုတီကုတ်မှာ အိတ်ထောင်အကြီး ကြီးချုပ်တပ်ထားရကောင်းမလားလို့လဲပြောရဲ့။ ယောက်ျားကို မျက်စိအောက်က အပျောက်မခံချင်တာဟာ စိတ်မချတာလား၊ သိပ်ချစ်တာလား။ ကျွန်ုပ်ကိုတော့ သူစိတ်ချတယ်။ ကျွန်တော်ကလည်း ၀ီစကီသောက်တာရယ်၊ ဘိလိယက်ထိုးတာရယ်၊ ဘောလုံးပွဲကြည့်တာရယ်ကလွဲလို့ တစ်ခြားဘာမှ ရှုပ်ရှုပ်ပွေပွေမရှိပါဘူး။ ကျွန်တော့်မှာ အင်မတန်လှတဲ့၊ အင်မတန်စွဲမက်စရာကောင်းတဲ့၊ အင်မတန်တွတ်တီးတွတ်တာလုပ်တတ်တဲ့ သီတာရှိနေပြီပဲ။ အဲလေ ဒါနဲ့ ဆံပင်အလှပြင်ဆိုင်မှာ ထိုင်စောင့်နေလိုက်ရတယ်။ ပြီးတော့တစ်ခါ မိုးကုတ်က သူ့သူငယ်ချင်းတစ်ယောက် ရန်ကုန်လာလို့ သွားတွေ့တယ်။ လိုက်သွားရတယ်။ အဲဒီအမျိုးသမီးကိုခေါ်ပြီး ညစာစားတယ်။ ပြန့်ပို့ရတယ်။ ညကိုးနာရီကိုထိုးပါရော။ မခင်ပျိုနဲ့လွဲရတာ စိတ်ထဲမှာမကောင်းလိုက်တာ။ ဒါပေမယ့်လဲ ဘာတတ်နိုင်မှာလဲ။မန္တလေးအသင်းက နှစ်ပတ်လည်ပွဲ နှစ်ရက်ဆက်မလုပ်ဘူး။ မခင်ပျိုလည်း နှစ်ခါဆက်ကမှာမဟုတ်ဘူး။ ကျွန်တော်စိတ်မကောင်းလိုက်တာ။ ညကိုးနာရီအိမ်ပြန်ရောက်လို့ အိပ်တဲ့အထိ စိတ်ထဲမှာ ဘယ်လိုဖြစ်နေမှန်းမသိ ဘူး။ ဆယ့်တစ်နာရီလောက် အိပ်ပျော်သွားတယ်ထင်ပါရဲ့။ အဲဆယ့်တစ်နာရီအထိ မခင်ပျိုနဲ့လွဲရတာ စိတ်မကောင်းဘူး။ အိပ်ပျော်သွားတော့ ကျွန်တော်အိပ်မက် မမက်တပ်ဘူး။ အိပ်ပျော်နေတုန်းတော့ ဘယ်သတိရမလဲ။ မနက်မိုးလင်းတော့ ကျွန်တော့်အမှန်ပြောရမလား မခင်ပျို။ ကျွန်တော် သတိမရတော့ဘူး။ အိပ်ရာကနိုးလဲနိုးရော ငယ်ငယ်တုန်းက သူငယ်ချင်းတွေ စောစောစီးစီးပေါက်ချလာတယ်။ မြင့်သိန်းရယ်၊ကျော်မောင်ရယ်၊အေးကိုရယ်၊ငှက်ကျားရယ်၊ ဘသန်းတင်ရယ်၊ ကိုသန်းလွင်၊ ဘယ်သတိရဖို့အချိန်ရှိတော့မလဲ။ နောက်ရက်တွေမှာလဲ ကျွန်တော့်မေ့တေ့တေ့ဖြစ်နေတယ်။ တစ်ခါတစ်ခါတော့သတိရရဲ့။ ဒီလို ပါပဲလေ။ နောက်မခင်ပျို မန္တလေးပြန်သွားတယ်ဆိုတာ ကြားလိုက်ရရဲ့။ ပြန်သွားတော့လဲ ပြီးသွားတာပဲ။ မိုးကုန်လို့ ဆောင်းဦးပေါက်ပြီဆိုရင်ပဲ မန္တလေးမှာ အငြိမ့်ပွဲတွေ ခြိမ့်ခြိမ့်သည်းတော့မယ်ဆိုတဲ့ အသိကတော့ တစ်နှစ်တစ်ခါ ပေါ်လာတတ်ရဲ့။ အဲဒီအခါမျိုးမှာတော့ မခင်ပျိုကို သတိရတာတော့ မဟုတ်ဘူး။ တမ်းတ မိတာ။ မခင်ပျိုကတာ၊ ဆိုတာကလေးတွေကို ချမ်းချမ်းအေးအေး ဇာတ်စင်ဘေးက ငေးကြည့်နေချင်တဲ့ တမ်းတမှုမျိုး။ ညဥ့်နက်လာတာနဲ့အမျှ အအေးဓာတ်ကပို လာတယ်။ ပွဲမပြီးပါစေနဲ့၊ မပြီးပါစေနဲ့ဦးလို့ ရင်ထဲမှာ လှုပ်ရှားရတဲ့အရသာ။ အဲ့ဒါတွေ အစားထိုးလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဒီလောကမှာ ယုဇနမခင်ပျိုနှစ် ယောက်မရှိလိုပဲ။ သီတင်းကျွတ်၊တန်ဆောင်မုန်းမှာ မခင်ပျိုကို သိပ်တမ်းတမိတာပါပဲလေထဲမှာဝဲပျံလွင့်မျောလာတဲ့ပတ်မသံ၊စခွံသံ၊သံပတ္တလားသံ၊ကြေးနောင် သအဲဒီအသံတွေမှာနှင်းရေစက်တွေခိုတွဲလို့အဲဒီအချိန်မှာကျွန်တော်ဟာကျွန်တော့အိပ်ခန်းထဲမှာဗွီဒီယိုကြည့်နေတယ်။အရပ်ရှည်တဲ့ရွှေရောင်မိန်းကလေးဆူဇန် အင်တန်ဟာအားကစားဘောင်းဘီတိုကလေးနဲ့အပြေးလေ့ကျင့်နေလေရဲ့သွယ်ပျောင်းတဲ့ခြေတံရှည်ကလေးတွေလှုပ်ရှားပြေးသွားနေတာကြည့်ရင်းနဲ့မခင်ပျိုရဲ့ထဘီအနားခတ်လိုက်ပုံထဘီအနားဖြူဖြူကြီးဝဲကျသွားပုံကိုမြင်နေမိတယ်။ကြည့်ပြီးသွားလို့အိပ်ရာဝင်ကျတော့တစ်ဘက်လှည့်အိပ်ချင်ယောင်ဆောင်နေတဲ့သီတာ့ရဲ့မေးရိုးကလေးဖွဖွညင်သာနမ်းလိုက်တဲ့အခါမှာတော့မခင်ပျိုကိုသတိမရတာအမှန်ပါဘဲ။ဒါပေမယ့်မခင်ပျိုရယ်ကိုယ့်ဘာသာကျိတ်ပြီးအကြိမ်ကြိမ်အခါအခါမေးမိတဲ့ မေးခွန်းနှစ်ခု၊ကျွန်တော်ပြောပြမယ်။အချစ်ပါတယ်မပါတယ်ဘာညာမသိဘူး။အခုတော့သီတာကျွန်တော့်ကို သိပ်ချစ်တယ်။ အိမ်ထောင်ရေးသာယာတယ်။ သီတာ့ ကို ချစ်သလားမေးတဲ့အခါမျိုးမှာ အဖြေဟာ တုံ့ဆိုင်းေ၀၀ဲပြီးတော့ တစ်ခုခုကို မီးခိုးလုံးတွေ ဝေ့၀ိုက်ဖုံးအုပ်သွားသလိုပဲ အဖြေပျောက်ကွယ်သွားတတ်တယ်။ မခင်ပျိုကို ချစ်သလားလို့ မေးတဲ့အခါ အဖြေဟာ ပါးစပ်ဖျား နှုတ်ခမ်းဖျားမရောက်ခင် ရင်ထဲက ဖြေပြီးသွားပြီ။ မခင်ပျိုကို ကျွန်တော့်ချစ်တယ်။ ဘယ်လိုလဲရှင်လို့ မေးမလို့လား။ မမေးနဲ့မခင်ပျို။ ချစ်တယ်ဆိုတာ ရှင်းပြဖို့မဟုတ်ဘူး။ သက်သေထူဖို့မဟုတ်ဘူး။ ရှင်းပြလို့လဲရချင်မှရမယ်။ ထူစရာသက်သေလဲ ရှိချင်မှရှိမယ်။ ရှိတယ်ထားဦး။ ယုံလောက်အောင်လည်း ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် ချစ်တာဟာ ချစ်တာပါပဲ။ ချစ်တယ်ဆိုတာ ချစ်တာပါပဲမခင်ပျို။ နေ၀င်ချိန်တိမ်တောက်ခြင်းသည် ကဗျာဖြစ်၏။ အညိုရောင်မျက်မှန်ကိုင်းနောက်မှ မျက်လုံးများသည် ကဗျာဖြစ်၏။ သူတောင်းစားအိုကြီး၏ ဆုတောင်းသံ သည် ကဗျာဖြစ်၏။ မစားရတာကြာပြီဖြစ်သော ကြက်သားဆီပြန်ဟင်းသည် ကဗျာဖြစ်၏။ ဆယ်နှစ်ကြာမှ ပြန်လာဆပ်သော အကြွေးငါးကျပ်သည် ကဗျာဖြစ်၏။ နှုတ်ခမ်းပ့ါးလှပ်ပါးစပ်ပိတ်ထားသောအပြုံးသည် ကဗျာဖြစ်၏။ အမေ၏ခေါ်သံသည် ကဗျာဖြစ်၏။ အဖေကျိုပေးသော ရေနွေးကြမ်းတစ်အိုးသည် ကဗျာဖြစ်၏။ ခရမ်းရောင်သစ်ခွပန်းသည် ကဗျာဖြစ်၏။ ဆံတိုပြတ်နှင့်သမီးလေးသည် ကဗျာဖြစ်၏။ အော်ဟစ်ရယ်မောနေသော သူငယ်ချင်း၏မျက်နှာသည် ကဗျာဖြစ်၏။ မခင်ပျိုသည် ကဗျာဖြစ်၏။ ကဗျာ၏ရည်ရွယ်ချက်နှင့် ရည်ရွယ်ချက်သို့ရောက်အောင် ပို့ဆောင်ပုံကို အပန်းတကြီးရှာဖွေနေကြသူများ ကျွန်ုပ်နှင့် ကြမ်းတပြေး တည်း မထိုင်ကြနှင့်။ အပြင်ဘက်မှာ နုပျိုသော နှင်းဆီပန်းရနံ့များ ကြိုင်လှိုင်စွာကူးခတ်လွင့်မျောလျက်ရှိနေသည်။ အခန်းတွင်းက အံ့ဆွဲထဲမှာ ပိုးဟပ်တစ်ကောင် ပျို့ဟောင်းတစ်စောင်နှင့် ပင်အပ်တစ်ထုပ်ရှိသည်။ လူတစ်ယောက်သည် ကဗျာဆိုသောအရာကို ဓားမဖြင့် နုပ်နုပ်စဉ်း၍ ဤကဗျာကောင်းသည်ဟုပြော၏။ နောက်တစ်ယောက်က ကဗျာကိုမတို့မထိ အဝေးကကြည့်၍ ကောင်းသည်ဟုပြော၏။ ထိုလူနှစ်ယောက်စလုံးကို ကျွန်ုပ်ကားစင်တင်၍ ကွပ်မျက်လိုက်ပြီ။ ကဗျာဆိုသည်မှာ မည့်သူအတွက်ဖြစ်သည်ဟု မည်မျှပင်ပြောကြစေကာမူ ဥာဏ်တိမ်သူများအတွက် မဟုတ်သည်ကားသေချာ၏။ ဤလက်ဖက်ရည်ခွက်ကို ပြန်ယူသွားပါ ကျွန်ုပ်အိပ်တော့မည်။ ပန်းပေါင်းတစ်ရာဆီဖျန်းသတ်၍ ပြတင်းကိုဖွင့်ထားပါ။ ဟိုလဗ်က အရာအားလုံးတွင် ကဗျာရှိသည်ဟုပြောဖူးသည်။ ဆန်းတော့အဆန်းသား။လောကကြီးမှာဆရာဝန်တွေလည်းဖျားနာတတ်ကြတာကိုး။တစ်နေ့ဆိုနည်းနည်းတော့ကြာပါပြီ။မသီတာဖျားတယ်၊တော်တော် လေးဖျားတယ်။အပူရှိန်ပျင်းလွန်းလို့ထင်ပါရဲ့နဖူးကလေးပေါ်မှာရေတဘက်တင်ပေးရတဲ့အထိပါပဲ။သူ့နဖူးကလေးပေါ်မှာရေဆွတ်ထားတဲ့မွေးပွလက်ကိုင်ပုဝါ ကလေးအသာအယာတင်ပေးရင်းသူ့မျက်နှာကလေးကိုကျွန်တော်ငေးကြည့်နေမိတယ်။သိပ်သနားတာပဲ။ကျွန်တော့်ရင်ထဲအလိုလိုပြည့်ကျပ်မွန်းသိပ်လာတယ်။ငို ချင်သလိုလိုပဲ၊ဖြစ်နိုင်ရင်လူချင်းလဲပြီးဝေဒနာခံလိုက်ချင်ပါတယ်။တကယ်ပါ။မသဲမကွဲညည်းညူပြီးကယောင်ကတမ်းတွေတောင်ပြောလာတယ်မခင်ပျို။ခေါင်းထဲ မှာ မိုက်ကနဲဖြစ်ပြီးမျက်လုံးတွေပြာသွားတဲ့အံ့သြမှုမျိုးကြုံဖူးလား။လျှပ်စစ်ဓာတ်အလိုက်ခံလိုက်ရသလိုလန့်သွားတာလည်းပါမယ်မခင်ပျို။မသီတာဟာကယောင်က တမ်းနဲ့အပူရှိန်ပြင်းပြီးပြောချင်ရာပြောနေတဲ့စကားတွေထဲမှာဘာပါလာတယ်ထင်သလဲ။ကိုကိုတဲ့။မသီတာကျွန်တော့်ကို ကိုကိုလို့ခေါ်တယ်။ကိုကိုတဲ့။ကိုကိုမခင်ပျို ကိုသိပ်ချစ်သလားတဲ့။ကျွန်တော့်တစ်ကိုယ်လုံးအစိတ်စိတ်မြွှာမြွှာကွဲထွက်လွင့်စဉ်သွားသလိုခံစားလိုက်ရတယ်။သူ့ကိုကိုဟာမခင်ပျိုဆိုတဲ့အငြိမ့်မင်းသမီးတစ် ယောက်ကိုချစ်နေတာသူသိနေတာကိုး။ အချစ်သည်ဤကမ္ဘာလောကတွင်အကြီးကျယ်ဆုံးသောဟုတ်ယောင်ထင်မှုဖြစ်ကြောင်းကျွန်ုပ်အားပြောကြားသောဒဿနိကဗေဒပါမောက္ခအိုကြီးသည် ကျောက်ဖြူသားလှေကားထစ်ပေါ်တွင်ထိုင်၍ငိုက်မျဉ်းနေ၏။ဘယ်ကစ၍ဘယ်မှာဆုံးသည်လဲ။အချစ်ဆိုသည်မှာအစလားအဆုံးလား။အစနှင့်အဆုံးဆိုသော စကားနှစ်ရပ်၏အဓိပာယ်ကိုတိတိကျကျသိလိုလှပါသည်။တောင်ပင်လယ်တစ်ကျွန်းတွင်မိုးတွေညို့လာပြန်ပါပြီ။သည်နေ့မနက်ဘာစားထားသလဲ။လူအချို့ ကိတ်မုန့်စား၏။လူအချို့ပီတိကိုစား၏။လူအချို့အာလူးစား၏။လူအချို့ကျော်ကြားမှုကိုစား၏။လူအချို့မနာလိုဝန်တိုမှုကိုစား၏။ဇော်ဇော်အောင်သည်မုသားများ ကိုစား၏။ ပုပ်အဲ့နံစော်နေသောခံတွင်းကိုရှနဲလ်နံပါတ်(၅)ရေမွှေးဖြင့်ဆေးကြောပလုပ်ကျင်းပစ်လိုက်သောအခါလောကသည်အတွေ့အကြုံရင့်ကျက်စွာပြုံး၏။လူ တွေအများကြီးသေဆုံးသွားကြပြီ။သူတော်စင်တွေ၊အာဇာနည်တွေ၊သူရဲကောင်းတွေ၊လူယုတ်မာတွေ၊သစ္စာဖောက်တွေ၊ဖန်တီးသူတွေ၊ဖြည့်ဆည်းသူတွေ၊ထည့် ၀င်သယ်ပိုးသူတွေ၊ဖျက်ဆီးသူတွေ၊အသရေယုတ်လျော့စေသူတွေ၊ညစ်ညမ်းစေသူတွေလူပေါင်းများစွာသေကြေလှပြီ။ဇော်ဇော်အောင်မသေသေး။မသေသေးသမျှ နေသေးကြအုံးပေါ့။မျောက်အကောင်နှစ်ဆယ်သည်ရှင်ဥတတ္တမကျော်တောလားကြီးကိုသံပြိုင်ရရွတ်ဆိုနေကြ၏။ကျွန်ုပ်ခွေးတစ်ကောင်မွေးရအုံးမည်။နာတာရှာ ကင်စကီးကိုစပါးကြီးမြွေတစ်ကောင်ရစ်ပတ်ထား၏။တစ်ခါတစ်ရံရယ်စရာဟာသများသည်မရယ်ရ၊အရယ်ရဆုံးဟာသသည်ကျွန်ုပ်၏အချစ်ဖြစ်၏။ကျွန်ုပ်သည်အ ချစ်ဖြစ်၏။ကျွန်ုပ်အားအချစ်ဖြစ်၏။ကျွန်ုပ်၌အချစ်ဖြစ်၏။ကျွန်ုပ်တွင်အချစ်ဖြစ်၏။ ကျွန်ုပ်ကိုအချစ်ဖြစ်၏။ ကျွန်ုပ်နှင့်အချစ်ဖြစ်၏။စနေဂြိုဟ်၏တတိယမြောက်ခါးပတ် ထဲမှာ ကျွန်ုပ်၏ဒိုင်ယာရီစာအုပ်ကို သိမ်းထားသည်။ အ၀ါရောင်တိုက်တစ်လုံးက စောင့်နေပါ။ ကျွန်ုပ်ကိုလိုက်၍ တုပသူများသည် ကျွန်ုပ်နောက်ကသာရှိ၏။ အမှန် စင်စစ် ဘယ်သူမှဘာမှမဟုတ်ပါ။ (ဂျိမ်းဂျိုက်(စ်)၏ယူလီဆီး၊၁၉၆၁၊စာမျက်နှာ-၁၆၄) အမုန်း၊အချစ်၊အမည်ပညတ်များသာဖြစ်၏။ (စာမျက်နှာ-၂၈၅) အချစ်သည် အချစ်ကို ချစ်ရန်ချစ်၏။ (စာမျက်နှာ-၃၃၃) ၀ါကြွားဟန် ရေးပြလိုက်ခြင်းသည် သရက်မျိုးကောင်းမှည့် မှည့်တစ်လုံးထက် ချိုမြိန်၏။ ဂျက်ကေရိုဗက်၏၀တ္ထုကို ဖတ်ဖူးပါသလား။ ဗာနေကူလာနရေးတစ်နှင့် စထရီးအော့ကွန်းရှစ်စ်နက်စ် ကွဲကွဲပြားပြား ခွဲခွဲခြားခြားသိရဲ့လား။ ကျွန်ုပ်သည် အများသူငါ၏ မုန်းတီးအမြင်ကပ်ခံ ရခြင်းကို ဈေးကြီးပေး၍ ၀ယ်ထားရပါသည်။ မခင်ပျိုရယ်။ ယုဇန မခင်ပျိုရယ်။ ကျွန်တော်ချစ်တယ်လို့ထင်ထားတဲ့ အငြိမ့်မင်းသမီး ယုဇနမခင်ပျိုရယ်၊ သတိရလိုက်တာ။ မခင်ပျိုရယ်။ မခင်ပျို၊ မခင်ပျို၊ မခင်ပျို၊ မခင်ပျို၊ မခင်ပျို၊ မခင်ပျို၊ မခင်ပျို၊မသီတာဟင်။ မခင်ပျို၊ မခင်ပျို၊ မခင်ပျို၊ မခင်ပျို၊ မခင်ပျို၊ မခင်ပျိုမသီတာ၊ မခင်ပျို၊ မခင်ပျို၊ မခင်ပျို၊ မခင်ပျို၊ မခင်ပျို၊ မသီတာ။ မခင်ပျို၊ မခင်ပျို၊ မခင်ပျို၊ မခင်ပျို၊မသီတာ။ မခင်ပျို၊ မခင်ပျို၊ မခင်ပျို၊မသီတာ။ မခင်ပျို၊ မခင်ပျို၊မသီတာ။ မခင်ပျို၊မသီတာ။ မခင်ပျို၊မသီတာ။ မခင်ပျို၊ မသီတာ။မသီတာ။ မခင်ပျို၊မသီတာ။မသီတာ။မသီတာ။မခင်ပျိုရယ်။မသီတာ။မသီတာ။မသီတာ။မသီတာ။မခင်ပျို၊မသီတာ။မသီတာ။မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ မခင်ပျိုဟင်။မသီတာရယ်။သီတာရယ်။မသီတာ။မသီတာ။မသီတာ။မသီတာ။မသီတာ။မသီတာ။မသီတာ။မသီတာ။မသီတာ။မသီတာ။ မသီတာခဏလေးနော် မသီတာ။ ချစ်စဖွယ်နုထွေးအိသောအပျိုမကလေးကိုပွေ့ချီ၍ကျွန်ုပ်ချောင်းကိုဖြတ်ခဲ့သည်။ချောင်းတဘက်တွင် သူ့ကိုထားရစ်ခဲ့သော်လည်း ကျွန်ုပ်နေသောနေရာ အထိ သူလိုက်ပါလာ၏။ ထိုအခါ ချောင်းရေသည် စီးသွားပြီ။ အနုပညာလား၊ အတတ်ပညာလား။ လူ့အချို့တောင် ပိန္နဲပင်အောက်တွင် အိမ်တစ်လုံးဆောက်ရာ တိုင်မထူပဲ အမိုးမိုးနေကြ၏။ ကိုယ့်အလုပ်ကိုယ်သိကြဖို့လည်းလိုသေးကြောင်း ကျွန်ုပ်ပြောကြားခဲ့ခြင်းကို မှတ်ထားဖို့မလိုပါ။ ဥာဏ်ပညာဖြစ်စေတတ်သော ကိတ်မုန့်တစ်လုံးဖုတ်၍ ကျွေးချင်စမ်းလှသည်။ ကျွေးချင်စမ်းလှသည်။ အတင်းအဖျင်းပြောတတ်သူတစ်ယောက်သည် ရွှေရောင်င်္ကျီကိုဝတ်၍ လာနေပြီ။ ညံ့ဖျင်း စွာဖျော်ထားသော ကော်ဖီတစ်ခွက်ဟူသော စကားရပ်သည် မြန်မာမဆန်ပါ။ သိသမျှပြောပြတတ်သူရှိသော်လည်း ပြောသမျှသိသူတွေလည်းလိုသေး၏။ လှုပ်ယမ်းနေသော သရက်ပင်ကိုင်းဖျားကို ခွေးဟောင်နေသည်။ လွယ်အိတ်ထဲကပညာများသည် ကျိုးပဲ့တွန့်ကျေလျက်ရှိ၏။ အစီအစဉ်ဆိုသည်မှာ ရှိနှင့်ပြီးသော အရာလား၊ သဘောလား။ နောက်မှ ရှိလာတာလား။ တစ်ခါရှိလိုက်သည်နှင့် နောင်အမြဲတည်နေသည်လား။ ဇော်ဇော်အောင်သည် ကာလနှစ်ပါးလုံးတွင် အစီအစဉ်မရှိသူဖြစ်၏။ အနာဂတ်ကာလအတွက် အစီအစဉ်ကြိုတင်ပြောရဲသော အာဂလူမိုက်များရှိပါသေးသလား။ ဆယ့်နှစ်နာရီ သံချောင်းခေါက်သံကြားရ၏။ နေ့သစ်သို့ကူးပြီ။ ထိုနေ့သစ်တွင် ကျွန်ုပ်နေ၏။ မည်မျှကြာကြာနေမည်ကို ပြောပြထားရန် ကျွန်ုပ်ငြင်းဆန်ရလိမ့်မည်။ ဆောင်းဦးပေါက်ရောက်ပြန်ပြီ။ လေထဲမှာလွင့်မျောလာတဲ့ ပတ်မသံ၊စခွံ့သံ၊သံပတ္တလားသံ၊ကြေးနောင်သံတွေဟာ နှင်းရည်စက်တွေ ခိုတွဲလို့ ရင်ထဲကို ၀င်လာတယ်။ ဖြူဖွေးတဲ့မီးရောင်အောက်မှာ ထဘီနားဖြူဖြူကြီးဝဲလို့ပျံလို့။ အင်္ကျီမှာ ဘော်ကြယ်တွေ။ သက်တံ့ရောင်တလက်လက်နဲ့ ပုဏ္ဏားကွယ်ကတ္တီပါအစိမ်း စမှာ ညိုမှောင်တဲ့လှိုင်းရိပ်တွေ ထနေတယ်။ ပွဲခင်းဘေးအကြော်ဖို ဆီဒယ်အိုးထဲက အနံ့သင်းသင်းကလေး ဆီနံ့သင်းသင်းကလေး၊ အေးမြနှင်းရည်နဲ့စိုစွတ်တဲ့ မီးခိုပြာပြာတွေ ဇာတ်စင်အထက်က မီးရောင်ထဲမှာ ပျံတတ်နေတယ်။ ကဗျာတွေ အလှအပတွေ ရိုးတွင်းခြင်ဆီထဲ ၀င်နေကြတယ်။ ကပါ၊ဆိုပါ တကယ်ဆိုတယ်ဆို တာ အနုပညာရှင်တွေရဲ့အလုပ်ပါ။ ကကြပါ။ ဆိုကြပါ။ အဲဒါတွေအားလုံးကို ဧရာဝတီမြစ်ထဲမှာ ထည့်သိမ်းထားလိုက်မယ်။ ဘယ်တိုင်းပြည် ဘယ်လူမျိုးကမှ ဘာမှ လုပ်ကိုင်လို့မရပါဘူး။ ဘယ်သူလာလို့မှ ဖျက်ဆီးလို့မရပါဘူး။ ဘယ်သူလာလို့မှ ပြောင်းလဲပစ်လို့မရပါဘူးမခင်ပျို။ ကဗျာများ၊အလှအပများနှင့် မခင်ပျို ဧရာဝတီမြစ်ထဲမှာရှိ၏။ အငြိမ့်မင်းသမီး ယုဇနမခင်ပျို၊ ဆရာဝန်ဒေါက်တာမသီတာနှင့် ဘာမှအသုံးမကျသော ဇော်ဇော်အောင်တို့သုံးယောက် ကွယ်လွန်သွားကြသောအခါ သူတို့သုံးယောက် အသက်ရှင်၍ကျန်ရစ်သည်

ဇော်ဇော်အောင်

၁၉၈၃ နိုဝင်ဘာ သဘင်


လူတစ်ယောက်သည် စကားပြောခြင်းနှင့် ပါတ်သက်၍ “နှစ်မျိုး”သာရှိသည်ဟု . . ကျွန်တော်ထင်ပါသည်။ ပထမတစ်မျိုးက လူသည် အခြားလူ . . တိရစ္ဆာန် . . သစ်ပင် . . ပန်းပွင့် . . စားစရာ . . ဘော(လ်)ပင် . . လုံချည် . . အင်္ကျီစသည့်ကိစ္စများ ဖြေရှင်းလှစွာသောအကြောင်းများကို တစ်ခြားတစ်ယောက်နှင့်စကားပြောခြင်းဖြစ်၏။ လူသည် တစ်ခြားတစ်ယောက်ကို စကားပြောခွင့်မရလျှင် (သို့မဟုတ်) မိမိကမပြောချင်တော့လျှင် . . ကိုယ့်ကိုယ်ကိုယ် စကားပြောတတ်သော သတ္တ၀ါသာဖြစ်ပါသည်။ ကျွန်တော်ဆိုလိုချင်သည်က . . လူသည် တစ်ခုခုကို စကားမပြောရလျှင် . . ကိုယ် ကိုယ်ကိုယ်စကားပြောနေရသော သတ္တ၀ါသာဖြစ်ပါသည်။ ကျွန်တော်လည်း လူငတိကလေးတစ်ယောက်ဖြစ်သည့်အတွက် ထိုအတိုင်းပင် “စကား” ပြောခြင်းနှင့်ပတ်သက်၍ ရင်ဆိုင်ခဲ့ရပါသည်။ “စကား”ပြောခြင်းနှင့်ပါတ်သက်၍ ကျွန်တော်ရေးချင်သမျှရေးရပါဦးမည်။ ကလေးလေးတွေ တစ်နှစ်လောက်ရောက်သည့်အခါတွင် လူကြီးတွေ . . အမေနှင့်အဖေတွေက စကားပြောချင်ကြတာကို လူတိုင်းတွေ့ဖူးကြ လိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။ မည်သည့်ကလေးပင်ဖြစ်စေ စကားစချင်ရာတွင် ပထမ (one state) “တစ်လုံးတည်း”ကိုသာရ၏။ ဥပမာ “မေ” “ဖေ” “ စား” ဒါမျိုးဖြစ်သည်။ တစ်နှစ်ကျော်သွားသည့်အခါကျတော့ . . (Two stat)နှစ်လုံးပြောဖြစ်သွား၏။ “မေမေ” “ဖေဖေ” “သားသား” “သွားသွား” “စားစား” . . ဟုကလေးက ပြောလာပြီဖြစ်သည့်အတွက် မိဖတွေရော . . အဖိုးအဖွားတွေရော ၀မ်းသာကြသည်။ ကျွန်တော့်သား တော်ကီမင်းတုန်းက (Two stat) ကို စသည့်အချိန်တွင် သူများကလေးတွေလို “ဖေဖေ” “မေမေ” မခေါ်ပဲ “အိပြဲ” “ဂျန်ဘစ်” . . ဆိုသောစကားနှင့် (two state) ကို ဒီငတိကစခဲ့သည်။ ကျွန်တော်သည် ဒီကောင်ဘယ်လိုစကားတတ်မလဲ! ဆိုတာကို စိတ်ဝင်စားခဲ့ဖူးသည်။ အမှန်တော့ “စကား”ဆိုသည်မှာ ကြားတာကိုမှတ်ထားပြီး ထိုအတိုင်းပြန်ပြောတတ်ခြင်းသာဖြစ်သည်ဆိုတာကို ကျွန်တော် ကောင်းကောင်းကြီး သဘောပေါက်၍သွားပါသည်။ တရုတ်ကလေးလေးတွေက တရုတ်လိုတတ်မည်။ ကုလားကလေးလေးတွေက ကုလားလိုတတ်မည်။ အင်္ဂလိပ်ကလေးလေး၊ဂျာမန်၊ပိုလန်၊ သြစတေးလျ၊လစ်သူနေရီးယား၊အီဂျစ်၊ရောမ၊ပြင်သစ်၊ဂျာမန်၊အင်ဒိုနီးရှား၊အိန္ဒိယ၊ပါကစစ်တန် . . အားလုံးသောကလေးတို့သည် . . သူတို့မိခင်ဘာသာ စကားကို သူတို့အော်တိုမစ်တစ် အသံကိုနားထောင်ရင်းတတ်ကြပါသည်။ ယခု ကျွန်တော့်သားသည်လည်း မြန်မာစကားကို မည်သည့်သင်တန်းကျောင်းတွင်မှ မသင်ရပါပဲ နှစ်နှစ်ကျော်သောအခါ . . Expeart ဖြစ်၍ သွား၏။ ဒီငတိသည် . . လူများကိုလည်း“စကား“ပြောတတ်ပြီးဖြစ်သွားသလို . . သူ့ကိုယ်သူလည်း “စကား”ပြောတတ်ပြီဟု ကျွန်တော်သဘောပေါက်ပါ သည်။ ကိုယ့်ကိုယ်ကိုယ်ပြောရသောစကားသည် . . ဆိုးသည်ဖြစ်စေ၊ယုတ်ညံ့သည်ဖြစ်စေ၊မွန်မြတ်ပြီး အထက်တန်းကျသည်ဖြစ်စေ၊ ပျော်စရာကောင်း သည်ဖြစ်စေ၊ ဖြူစင်သည်ဖြစ်စေ၊ကြောက်စရာကောင်းသည်ဖြစ်စေ၊ မဟုတ်က ဟုတ်ကပဲဖြစ်စေ . . ဘာပဲဖြစ်စေဖြစ်စေ မည်သူမျှမကြားမရသည့် အတွက် ဘာပြဿနာမျှမရှိနိုင်ပါ။ သို့သော် . . တစ်ခြားလူကိုပြောရက်သား “စကား”ကျတော့ စကားလုံး၊အဓိပ္ပါယ်၊ရည်ရွယ်ချက် . . စသည့်တို့ကို သတိတကြီးနှင့် ပြောရလေ့ရှိ ပါသည်။ ကျွန်တော့်ဘ၀တွင် . . စကားပြောမှားခဲ့သဖြင့် သူငယ်ချင်းနှစ်ယောက်ဆုံးရှုံးခဲ့ရဘူးသည်။ ဒုတိယအကြိမ်စကားပြောမှားတော့ တရားရုံးသို့ ရောက်သွား၏။ တတိယအကြိမ်စကားပြောမှားတော့ . . ကျွန်တော့် ငယ်ကလောင်ကလေးပါသွားသည်။ ကျွန်တော် လူတွေနှင့် စကားပြောရာတွင် ယနေ့ အထိ ညံ့ဆဲဖြစ်ကြောင်းကိုယ့်ကိုယ်ကိုယ် ခေါင်းလောင်းထိုးလိုက်ရပါသည်။ သို့ရာတွင် . . စကားပြောရာ၌ စည်းမရှိ၊၀ါးမရှိ၊ လွတ်လွတ်လပ်လပ်ကြီးပြော၍ရသော . . လူမျိုးလည်း လူ့ဘ၀တွင်ရှိပါသေးသည်။ လူသည် လောဘ၊ဒေါသ၊မာန်မာနနှင့်စကားပြောမည်၊မေတ္တာစေတနာနှင့် ပျော်ပျော်ရွှင်ရွှင်စကားပြောမည်။ ကိုယ့် တစ်ကိုယ်တည်းကျတော့ ပြောချင်သလိုပြောမည်။ ကျွန်တော်တို့ စာရေးဆရာ ဆိုသည်က တစ်ကိုယ်တည်း စကားပြောနေကျလူမျိုးဖြစ်သည်။ ကျွန်တော်သည် အခြားလူများစွာထက် . . ကိုယ့်ကိုယ်ကိုယ် တော်တော်လေး နှစ်ပေါင်းများစွာစကားပြောခဲ့သော လူတစ်ယောက်ဖြစ်သည်။ ကိုယ့် ကိုယ်ကိုယ်စကားပြောရခြင်းသည် အန္တရာယ်အကင်းဆုံးဖြစ်ကြောင်းကိုလည်း ကျွန်တော်နားလည်ခဲ့ပါပြီ။ ဒါပေမယ့် . . လူဆိုတာက တစ်နေကုန် နှုတ်ဆိတ်၍မရ။ ပြောစရာရှိတာကိုတော့ပြောရသည်။ ပြီးတော့ . . ကိုယ့်ခံစားချက်ကလေးတွေ . . ကိုယ်စဉ်းစားထားတာကလေးတွေကိုလည်းပြောချင်ကြသည်။ အဲဒီလိုဆိုလျှင်တော့ . . အထက်မှာရေးခဲ့ဘူးသလို စည်းလွတ်၊၀ါးလွတ် . . လွတ်လွတ်လပ် လပ်ကြီးပြော၍ရသောလူများမှာ . . . ငယ်သူငယ်ချင်းများပင်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် ငယ်သူငယ်ချင်းများနှင့် “စကား”ပြောရန်ဆုံခဲ့သည်။ (မရ ရအောင် ကြိုးစားပြီးဆုံတွေ့ရခြင်းဖြစ်၏။) “ဟေ့ကောင် . . မင်းကိုယ်မင်း ဘာထင်နေသလဲ! ဟမ်းဖုန်းကလေးရှိတာနဲ့၊ ဟိုလူ့ကိုဆက် ဒီလူ့ကိုလာပါနဲ့ . . .” “မင်းက ငယ်ကျင့်မပျောက်တာ ငါဝမ်းသာတယ်ကွာ၊ ဟိုလူစောင်း ဒီလူတို့ စကားမျိုးကိုမင်းအခုထိပြောတတ်တုန်းပဲ” “ဟေ့ကောင် . . ရော့ စီးကရက် မာဘယ်လိုနော်” “ငါ . . ဆေးလိပ်ဖြတ်လိုက်ပြီကွ” “သောက်ရူး . . ” “မရူးဘူးသူငယ်ချင်း၊ ဆေးလိပ်သောက်ခြင်းသည် ကျန်မာရေးကိုဆိုးဝါးစွာ ထိခိုက်စေပါသည်လို့ ရေးထားတာမတွေ့ဘူးလားဟင်” “စာရေးဆရာကလေးဖြစ်တာနဲ့ ငါတို့ကိုသောက်ပိုတွေ လာပြောမနေနဲ့၊ မင်းရေးတဲ့စာတွေငါဖတ်တာ တစ်ခုမှ မကောင်းဘူး၊ ဘာတွေရေးမှန်း မသိဘူး၊ ငကြောင်ပဲ” “အေး . . မင်းစိုးစိုးဖြူအတွက် ရည်းစားစာကတော့ ငါကရေးပေးရတာပဲ မဟုတ်လား ငအူရဲ့” သူငယ်ချင်းတွေအားလုံးရယ်မောကြသည်။ ကျွန်တော်တို့သူငယ်ချင်းလေးယောက် ပြန်လည်ဆုံတွေကြခြင်းဖြစ်ပြီး ပြောရသောစကားတွေက ပြောချင်တာပြောခွင့်ရှိသော စကားတွေဖြစ်နေ သဖြင့် ကျွန်တော့်ရင်ထဲတွင် နှစ်ပေါင်းများစွာချုပ်တီးထားနေသောအမောကြီး ပြေ၍သွား၏။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က နိုင်ငံခြားမှာအလုပ်သွားလုပ်ပြီး ပြန်လာတာမကြာသေးသောသူဖြစ်သည်။ (သူ့ကို ‘A’ဟုပင်ခေါ်ကြပါစို့၊ သူတို့က နာမည်အရင်းများကို ထည့်မရေးရန် မေတ္တရပ်ခံထားသောကြောင့်ဖြစ်သည် . .။) ဒုတိယတစ်ယောက်ကတော့ ကားပွဲစားဖြစ်နေပြီး ငွေရှိ၊ချောမော၊တိုက်နှင့်ကားပါ ပါသောမိန်းမကိုရထားသူဖြစ်သဖြင့် ကျွန်တော်တို့လေးယောက် ထဲတွင် အဆူဖြိုးဆိုလူတစ်ယောက်ဟုဆိုနိုင်ပါသည်။ သို့သော် . . သူသည် ကျွန်တော်တို့ သူငယ်ချင်းလေးယောက်ထဲတွင် ရုပ်အဆိုးဆုံးဖြစ်သည်။ ကျွန်တော်လည်း ရုပ်မလှပါ။ သို့သော် သူက ကျွန်တော့်ထက်ပိုရုပ်ဆိုး၏။ သို့သော် . . မိန်းမရတော့ . . ကျွန်တော်ရသော မိန်းမထက်ပို၍ ချောသော၊ထောသောမိန်းမကိုရ၏။ လူ့လောကတွင်“ကံ”သည် တော်တော် လေးကို ဆန်းကျယ်သည်ဟုပြောလျှင် ပြောနိုင်ပါသည်။ သူ့ကိုတော့ ‘B’ ဟုသာမှတ်ထားလိုက်ပါတော့ . . ။ တတိယတစ်ယောက်ကတော့ Y.E.S ဆိုတဲ့ အင်္ဂလိပ်စာသင်တဲ့ကျောင်းမှာ ဆရာဇေယျလင်းရဲ့လက်အောက်က ကျောင်းဆရာတစ်ယောက်ပါ။ သူက စကားနည်းတယ်၊ အကြံကြီးတယ်၊ဒေါသကြီးတယ်၊မခံချင်စိတ်ကြီးတယ်။ သူက ကြီးလို့ရချင်တာတွေ အားလုံးကြီးချင်တဲ့ငတိပေါ့။ အဲဒီတော့ . . သူ့ထက်အသက်ကြီးတဲ့ မိန်းမနဲ့အိမ်ထောင်ကျသွားသည်။ သူကိုတော့ ‘C’ (စီ)လို့ပဲ မှတ်ထားလိုက်ပါခင်ဗျား။ ကျွန်တော်ကိုတော့ ကိုယ့်ဆရာတွေသိပြီးသားမို့ နာမည်ဝှက်တွေ ဘာတွေပေးနေစရာမလိုတော့ပါဟုထင်ပါသည်။ ထိုနေ့က ကျွန်တော်တို့အားလုံး ကားပွဲစား၏အိမ်သို့ . . သူပွဲစားလုပ်နေပြီး ရောင်းမထွက်သေးသောကားနှင့် ရောက်သွားကြသည်။ သူ့အိမ်ကို ရွေးချယ်ရခြင်းမှာ . . သူ့တွင် ကားရှခြင်း . . သူ့အိမ်က အခန်းဆယ့်နှစ်ခန်းပါသော တိုက်အိမ်(နှစ်ထပ်)ဖြစ်ခြင်း၊ KARAOKE စက် အကောင်းစားလည်းရှိပြီး အခန်းတစ်ခန်းတွင် ဆိုများမှာကဲ့သို့ စိတ်ကြိုက်ဟစ်နိုင်သည်ဟုဆိုခြင်း အပြန်ကိုလည်း လိုက်ပို့ပေးပါမည်ဟု ကတိက၀တ် စကားကိုဆိုခြင်းတို့ကြောင့်ဖြစ်ပါသည်။ ကျွန်တော်တို့သူ့အိမ်ကိုရောက်သွားတော့ သူ့ကတိစကားအတိုင်းညီပါပေသည်။ ကျွန်တော်တို့ကို ကာရာအိုကေအခန်းထဲသို့ ထည့်ပေးပြီး ဖန်ခွက်၊ရေခဲ၊အမြည်း . . စသည်တို့ကို စီစဉ်ရန်အိမ်ဖော်ကောင်မကလေးသုံးယောက်ကို ငတိက ဆရာကြီးအထာနှင့် အမိန့်ပေးပြီး သူ့ဇနီးလက်ကို ဆွဲရင်း ကျွန်တော်တို့အခန်းထဲသို့ဝင်လာ၏။ သူ့ ခယ်မကလေးများကလည်း ကျွန်တော်တို့လိုအပ်သမျှကိုရိုရိုသေသေပင် ဧည့်ဝတ်ပြုကြသည်။ “သူငယ်ချင်းတို့၊ ဒါ ငါ့ မိန်းမပဲ မင်းတို့ကိုရေခဲလာပေးတာက ခယ်မကလေးတွေ” ကျွန်တော်တို့အသံမထွက်ပဲ . . ခေါင်းကိုသာညိတ်ပြရကြ၏။ ခယ်မကလေးတွေဆိုသဖြင့် နည်းနည်းတော့စိတ်ဝင်စားသွားကြသော်လည်း သူတို့ က ရိုသေလွန်းသဖြင့် ခပ်တည်တည်နေကြရ၏။ “မိန်းမ၊ ဒါ . . မောင့်သူငယ်ချင်းတွေ . . ဒီကော်က နာမည်ကြီးစာရေးဆရာ “နီကိုရဲ”တဲ့” သူ့မိန်းမက အသံတိတ်ပင် ခေါင်းကိုညိတ်၍ပြသည်။ သူကတစ်ခုပိုတာက အပြုံးကလေးဖြင့် ခေါင်းကိုညိတ်ခြင်းဖြစ်သော်လည်း သူကျွန်တော် စာအုပ်ကိုတစ်အုပ်မှဖတ်ဖူးဟန်မတူပါ။ ဟိုငတိ၏ခယ်မကလေးတွေက ဖန်(လ်)ခွက်တွေ ပုလင်းတွေကို သေသေချာချာကြီးကို လုပ်ပေးနေသည်။ ကျွန်တော့်စာအုပ်ကို မဖတ်ဖူးသဖြင့် ငတိဇနီးဒုက္ခတွေ့နေပုံရသည်။ သူတင်မဟုတ်ပါ။ ကျွန်တော့်သူငယ်ချင်း ‘B’ ကလည်း ကျွန်တော်ရေးသော စာအုပ် တစ်အုပ်ကိုမှမဖတ်ဖူးပါ။ သူငယ်ချင်းဆိုတော့ အကြောင်းသိမို့ “သောက်ထင်ကြီးစရာမရှိပါဘူး” ဆိုပြီး မဖတ်တာလည်းဖြစ်နိုင်ပါသည်။ သူငယ်ချင်းဆိုတာ အချင်းချင်းအထင်ကြီးလေ့မရှိတတ်ပါ။ ထို့အတွက် ကျွန်တော်ဝမ်းမနည်းပါ။ ကျွန်တော့်ကို အထင်တကြီးနှင့် ဖုန်းတွေဘာတွေဆက်ပြီး အိမ်ကိုခက်ခက်ခဲခဲရှာ၍ မောကြီးပန်းကြီးနှင့်ရောက်လာ၍ အင်တာဗျူးသော . . လူများ လည်း ကျွန်တော့်စာအုပ်များကို မဖတ်ဖူးကြပဲ “စာပေလောကကို ဘယ်အချိန်က စရောက်ခဲ့တာလဲဆရာ . .” ဆိုသော ဒုတိယစကားကို ဆိုတတ်ကြ သဖြင့် . . ကျွန်တော့်သူငယ်ချင်း ‘B’ နှင့် သူ့ဇနီးက ကျွန်တော့်ကိုမသိရှိခြင်းကို ဂုဏ်ယူဝံ့ကြွားစွာပင်ရေးလိုက်ရပါသည်။ (သူ့ ခယ်မကလေးများကတော့ စာအုပ်တစ်အုပ် . . ဖတ်မိလိမ့်မည်ဟုထင်ပါသည်။) “ဒီကောင်က နာမည်ကြီးနော်မိန်းမ၊ ငါတို့ဒီနေ့ . . နည်းနည်းတော့ချမယ် . . ဒီကောင့်အတွက်ဆိုပါတော့ကွာ . .” “ဘာလုပ်ပေးရမလဲ! မောင် . . လိုတာကိုပြောလေ . . .” ရေခဲရယ်၊ ဆော်ဒါရယ် . . ပြီးတော့ မောင် ဘဲကင်ဝယ်လာတယ်၊ ပြန်ကြော်လိုက်၊ ပြီးရင် တစ်ဝက်ကို ဒီလာပေး၊ လက်ဖက်သုတ်ကွာ . . ဂေါ်ဖီ ထုတ်တွေမထည့်နဲ့၊ အဖိုးကြီးသုတ်ပဲလုပ် . . .” “ပဲခြမ်းသုတ်ရော . .” “အေး . . ကောင်းတာပေါ့ကွ၊ ရှောက်သီးနဲ့မသုတ်နဲ့ သံပုရာသီးနဲ့သုတ်” “ဟုတ်ကဲ့ . . ” ‘B’ ရဲ့မိန်းမကလေးက ဂျာပန်ဂေးရှားမယ်ကလေးတွေ . . လို ရိုရိုသေသေနဲ့ ကျွန်တော်တို့ ရှေ့ကထွက်သွား၏။ ကျွန်တော်တို့ သူငယ်ချင်း သုံးယောက် တစ်ယောက်နှင်တစ်ယောက် မျက်ဝန်းခြင်းဆုံအောင်ကြည့်ဖြစ်ကြသည်။ ခယ်မတွေကလည်းရိုသေ၊ မယားကလည်းရိုသေဆိုတော့ ကျွန်တော်တို့ပါသူ့ကို ရိုသေရမလိုဖြစ်နေသည်။ “ပုလင်းဖွင့်တော့လေကွာ . . မင်းတို့ကလည်း . . .” ‘B’ က သူ့မိန်းမကိုပြောသော မျက်နှာပေးနှင့်ပင် ကျွန်တော်တို့ကိုပြောရင်း Air-conခလုပ်ကိုဖွင့်လိုက်သည်။ သူ့အိမ် . . မို့ကျွန်တော်တို့ တစ်တွေဘာမှထပ်မပြောတော့ပဲ သူငွေစိုက်ထုတ်၍၀ယ်လာသော . . JOHNNIE WALKER ပုလင်းကိုဖွင့်လိုက်ကြသည်။ ဒီကောင်က အဲယားကွန်းကို တောင်လုပ်၊မြောက်လုပ်နှင့် အလုပ်ရှုပ်၍နေ၏။ “ငါတော့ . . ဒီကောင့်ကိုဆွဲထိုးချင်နေပြီ” “သူ့မိန်းမကလေးကချောလို့လား!” “ခွီးပဲ၊ ဒီကောင်ကငါတို့ကို ရင့်နေတာမင်းမတွေ့ဘူးလားရ၀င်းရဲ့၊ စာရေးဆရာဆိုပြီး တုံးလှချည်လား” “သိတာပေါ့၊ အရက်သောက်ပါစေဦးကွာ . . မင်းတို့ကလည်း . . ဒီကောင့်ကို မူးအောင်တိုက်ရမယ် . . ပြီးရင် ငါ့တာဝန်ထားကွာ၊ ဒီကောင် ဘာလဲ ဆိုတာငါသိပါတယ်။” ကျွန်တော့်“စကား” ဆုံးတော့ ကျန်သည့်သူငယ်ချင်းနှစ်ယောက်က အချင်းချင်းကြည့်လိုက်ကြသည်။ သဘောကတော့ . . ကျွန်တော်ရွေးချယ် သောနည်းကို သဘောတူမတူဆိုတာပဲဖြစ်၏။ “OK . . မင်းဘာလုပ်မှာလဲ!” “ဒီကောင့်ကိုအရက်မူးအောင်တိုက်မယ်ကွာ . . ပြီးတော့ “စကား”ပြောခိုင်းမယ် ဒီလောက်ပါပဲ” ထိုအချိန်တွင် ‘B” ပြန်ရောက်လာသဖြင့် ‘A’ နှင့် ‘C’ တို့ ဟန်မပျက်ပင်နေလိုက်ကြသည်။ ကျွန်တော်က JOHNNIE ကို အသေအချာကြီးထည့်ပြီး ဆော်ဒါနှင့်ရောပစ်လိုက်သည်။ (B ၏ခွက်ကိုပို၍များများထည့်ထားပါသည် . .။) “ကဲ . . တို့သူငယ်ချင်းတွေ ပြန်လည်ဆုံတွေ့မှုအမှတ်တရအနေနဲ့ ချီးယား” ကျွန်တော်တို့ ဖန်(လ်)ခွက်ချင်းထိခတ်ပြီးသည်နောက် ကျွန်တော်ကစ၍ လက်ထဲမှာရှိသော ဖန်(လ်)ခွက်ထဲကအရက်ကို တစ်ရှိန်ထိုး “ကစ်”ပစ် လိုက်သည်။ ဒီတော့ ဘေးမှာရှိနေသော ‘A’ ‘B’ ‘C’ တို့ကလည်း ငယ်သူငယ်ချင်းချင်း ဒီလိုလုပ်ကြတာကို မခံချင်စိတ်နှင့် သူတို့လည်းတစ်ရှိန်ထိုး “ကစ်” ပစ်လိုက်ကြ၏။ သူတို့ဖန်(လ်)ခွက်တွေချသည်နှင့် ကျွန်တော်က နောက်ထပ်အရက်ကိုငှဲ့လေပြီ။ ကျွန်တော်က စာပေလောကမှာ (စာအုပ်ရောင်းသောဆိုင် မဟုတ်)၊ ရုပ်ရှင်လောကမှာ . . တစ်ကယ်သောက်သောအရက်ဘီလူး၊သရဲ၊ မှင်စာ၊ အဓိပတိများနှင့် နှံခဲ့ဖူးသဖြင့် ဒီကောင်တွေလောက်ကိုတော့ အပျင်း ပြေသဘောသာထားပါသည်။ “အမြည်းလာမှလေကွာ . .” “ထည့်ထားတာပဲ” “မင်းက . . သောက်ရူးငယ်ငယ်တုန်းက အကျင့်ကိုမပျောက်ဖူး၊ ဟေ့ကောင်“စီ” တို့ညနေကျောင်းဆင်းရင်ကန်တဲ့ ရာဘာဘောလုံးကို ဒီကောင် ဖွက်ထားတာမှတ်မိလား” “ဘီ” မေးသည့်စကားကို “စီ” က ခေါင်တညိတ်ညိတ်နှင့်ပြုံး၍သာနေသည်။ ဘာမှတော့ . . ပြန်မပြော။ “သိမ့်သိမ့်ခိုင်ရဲ့ ကွန်ပါဘူးနောက်ကြောမှာ ဒီကောင်က ရည်းစားစာကပ်ပေးလိုက်တဲ့ကိစ္စတုန်းကရော . . .” “အေ”ကမေးသည်။ “ဘီ”ကဖြေ၏။ “ဒီကောင်က အဲဒီကတည်းက သောက်ကျင့်မကောင်းတာပါကွာ . .၊ ရေးတုန်းက သူရေးပြီး အောက်ကနာမည်ကျတော့ . . “ကျော်ထွေး”လို့ရေး တယ်၊ ဟိုကောင် အတီးခံရတာပေါ့၊ ဟေ့ကောင် . . မင်းအခုဝတ္ထုတွေ၊ ဇာတ်ညွှန်းတွေရေးပြီးရင် . . “ကျော်ထွေး”လို့ အပ်ပါလား၊ ဘာဖြစ်လို့ မင်းနာမည် ကိုမင်းကတပ်နေရတာလဲ!” သူငယ်ချင်းလေးယောက်စလုံးအားရပါးရရယ်လိုက်ကြသည်။ ထိုသို့ရယ်သောအသံထဲတွင် ကျွန်တော့်အသံကအကျယ်ဆုံးဖြစ်ပါလိ့မ်မည်။ ကျွန်တော်သည် ငယ်သူငယ်ချင်းများနှင့်တွေ့သည်အတွက် . .“ရင်ဘတ်ပွင့်” ၍ သွား၏။ ပြောချင်သော“စကား” ကိုပြော၍ရပြီ။ ငယ်ဘ၀ရနံ့ ကလေးကိုလည်းပြန်၍ရပြီ။ ဂျော်နီလမ်းလျှောက်ကလေးကလည်းရှေ့မှာရှိနေပြီ။ အခုနေ ဗြမ္မာဘုံကိုသွားမလားဆိုလျှင် ကျွန်တော်က ထူးအိမ်သင်၏ သီချင်းထဲကလို ‘OH . . .NO!” ဟုသာပြောဖြစ်မည်မှာသေချာသည်။ ”ငါအခုရေးတာလည်း ငါ့နာမည်မှမဟုတ်ပဲ၊ နီကိုရဲလေ . .” “မင်းနာမည်နဲ့မင်းရောပါတယ် . . ဘာလဲ!။ ငါမေ့နေပြီ” “မသီတာပါခွေးကောင်ရာ . . .” ဟိုဟာကွာ . . ဟေ့ကောင် “စီ” မင်းသိလား!” ဘီကမေးလိုက်တော့ “စီ” က တစ်ချက်စဉ်စားသည်။ ဒီကောင်က စကားပြောလျှင် တိတိကျကျဖြစ်မှကြိုက်သော သောက်ကျင့်ကလေးရှိ၏။ ကျွန်တော်သည် ဘာကြောင့်မှန်းမသိပျော်ပြီးမြူး၍လာ၏။ “တစ်နေ့စာအလွဲများ . . လို့ထင်တယ်” “ဟုတ်တယ် . . တစ်နေ့စာအလွဲများ . . ” “သောက်တလွှဲ၊ အဲဒါက . . ထူးအိမ်သင်ရဲ့သီချင်းခွေကြီးကွ” “ဟုတ်တယ်၊ မင်းတို့ပြောတာမှားတယ် . .၊ ဒီကောင်ရေးတာ နဂ္ဂတစ်တော့ပါတယ်၊ ငါမသိတော့ဘူး” “အေ” က၀င်ပြောတော့မှ ဟိုကောင်တွေငြိမ်၍သွားကြသည်။ ကံကောင်းသည်က ထိုအချိန်တွင် ဟိုကောင့်ခယ်မကလေးများ၏အမြည်းတွေရောက်လာကြခြင်းပင်ဖြစ်၏။ ကျွန်တော်က ပဲခြမ်းသုတ်ကိုအရင် မြည်းကြည့်သည်။ ကြက်သွန်နီကိုပါးပါးကလေးလှီးပြီး ဆီရွှဲရွှဲဖြင့် ရှောက်သီးညှစ်ထားသဖြင့် အရသာက လျှာဖြားမှာ . . နောက်တစ်ခွက်လာမလား . . လာမလားဖြစ်နေသည်။ ဟိုကောင့် ခယ်မကလေးများကိုပြုံး၍ နှုတ်ဆက်လိုက်ရ၏။ ဒီတော့ ကျွန်တော် နောက်တစ်ခွက်ကို သူတို့ကိုထည့်မပေးတော့ပဲ ကိုယ့်ဘာသာကိုယ်ပင် ခပ်ပြင်းပြင်းကလေးဆော်ဒါနှင့် စပ်ပြီး “ကစ်” လိုက်၏။ ဒီတော့ . . သူတို့ကလည်း မခံချင်စိတ်နှင့် သူတို့ဘာသာသူတို့ထည့်ပြီး “ကစ်”ကြလေသည်။ “ခယ်မ” ကလေးတွေလည်းသွားပြီ။ ကျွန်တော်တို့လည်း လွတ်လပ်သွားပြီဖြစ်သည်။ အသီးသီးကစ်ပြီးတော့ . . “အမြည်း” အကောင်းစားများကိုစားကြ၏။ အမြည်းစားပြီးသည်နှင့် ကျွန်တော်က ဂျော်နီကိုနောက်ထပ်စိန်ခေါ်လိုက် သည်။ အဲဒီတော့ သူတို့ကလည်း ဘယ်နေမှာလည်း ဂျော်နီ့ကိုလိုက်၍စိန်ခေါ်သည်။ အမြည်းစားသည်။ ထပ်စိန်ခေါ်သည်။ ထပ်စိန်ခေါ်သည်။ စိန်ခေါ် သည်။ စိန်ခေါ်သည်။ ဂျော်နီသည် တစ်ဖြည်းဖြည်းပါး၍သွားပြီး ကျွန်တော်တို့ပါးတွေ၊ နဖူးတွေက ထူ၍ ထူ၍လာသည်။ “ဟေ့ကောင်ရဲဝင်း . . မင်းကဘာဖြစ်လို့ စာရေးဆရာဖြစ်သွားရတာလဲ!” “မင်းတို့လို ငတိတွေနဲ့ သူငယ်ချင်းဖြစ်ရလို့ပေါ့ကွ” စကားအနည်းဆုံး “စီ” က သောက်စကားများလာပြီဖြစ်သည်။ “သောက်ရူး၊ မင်း . . သီတာဦးကို မရလို့မဟုတ်လား!” “သွားသေလိုက်ပါလား ! အဲဒီတုန်းက သီတာဦးကိုမင်းလည်းကြိုက်တာပဲ မဟုတ်လား၊ တင်မောင်မြင့်လည်းကြိုက်တယ်လေ . . ” “မင်းကို စာရေးဆရာဆိုလို့ ငါတို့က အထင်ကြီးမယ်လို့တော့ မထင်နဲ့လေ . . ” “ဘီ” က၀င်ပြောတော့ ကျွန်တော့်စိတ်ထဲမှာ တော်တော်လေးဒေါသဖြစ်သွားသည်။ (အရက်၏အရှိန်ကြောင့်လည်းဖြစ်နိုင်သည် . . .။) “ဟေ့ကောင် . . ငါက မင်းကိုအထင်ကြီးခိုင်းနေလို့လား! အေး . . ငါကလည်း . . အရက်ကောင်းကလေးတိုက်၊ မယားကောင်းကလေးရပြီး တိုက် ကောင်းကောင်းနဲ့နေရပေမယ့် သီချင်းတစ်ပုဒ်ကိုတောင် ကီးဝင်အောင်မဆိုတတ်ဘဲ . . အနုပညာရှားပါးတဲ့မင်းလိုကောင်မျိုးကို သောက်ထင်လုံးဝမကြီး ဘူးကွ” “ဟေ့ကောင်တွေ . . မင်းတို့တော်ကြတော့ကွာ” “ရဲဝင်း . . တော်တော့ကွာ၊ လူများအိမ်မှာ . .၊ “ဘီ” မင်းလည်းတော်တော့ကွာ၊ ကိုယ့်အိမ်မှာ . . ” “စီ” ပြောသောစကားသည် ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ၊ ကျွန်တော်တို့ကတော့ ငြိမ်ပြီးနေလိုက်ကြတော့သည်။ ကျွန်တော်က ရှေ့က ဂျော်နီ့ကို လမ်းလျှောက်ခိုင်းဖို့ ပုလင်းကိုကိုင်သည်။ “အေ” ကတား၏။ “ရဲဝင်းမင်းများနေပြီ” “ကောင်းတာပေါ့ကွ၊ များများသောက်၊မြန်မြန်အိပ်၊နောက်ကျမှနိုး သခိုး၊ဂျပိုး၊ငတေပြီးရောပေါ့ . . .” “အေ” က ကျွန်တော်ကိုင်ထားတဲ့ပုလင်းကို လွှတ်ပေးလိုက်တော့ ကျွန်တော်တူးပက်လောက်ထည့်၊ ဆော်ဒါနဲ့ရောပြီး “ကစ်”ပစ်လိုက်သည်။ ထိုအချိန်တွင် ကျွန်တော်သည် ပြောချင့်စကားကို ပြောချင်တာပြောခွင့်ရသော ကျွန်တော်တို့သူငယ်ချင်းဝိုင်းကလေးကို တပ်တပ်မက်မက်ကို ချစ်နေပြီဖြစ်ပါသည်။ ကျွန်တော်အရက်ခွက်ကို လုပြီးသောက်မည်အလုပ်တွင် . . . . ။ ကျွန်တော့်နဖူးပေါ်သို့ ပျော့စိစိအရာတစ်ခုကျလာသည်။ ကျွန်တော် လန့်ဖြန့်ပြီး လက်နှင့်သပ်ချလိုက်တော့ ထိုအရာသည် “ဘီ” ၏ပေါင်ပေါ်သို့ရောက်သွား၏။ “ဘီ”က တစ်ချက်ငုံကြည့်ရင်း လက်ဖြင့် အုပ်ထားလိုက်သည်။ “ဟာ . . အိမ်မြှောင်ကွ၊ အိမ်မြှောင်၊ အမြှီးနှစ်ခွနဲ့ . . .” “ဘီ“၏ ၀မ်းသာအားရစကားကြောင့် ကျွန်တော်တို့သုံးယောက် နည်းနည်းကြောင်သွားကြသည်။ “ဘီ”က သူ့လက်သီးဆုတ်ထဲက အိမ်မြှောင်ကို လက်မနှင့်လက်ညှိုးကြားမှနေ၍ချောင်းကြည့်နေသေးသည်။ ကျွန်တော်တို့သုံးယောက် အချင်းချင်းကြည့်လိုက်ပြီး . . .တော့မှ “စီ”ကပြောသည်။ “အိမ်မြှောင်ပဲကွာ . . လွှတ်ပေးလိုက်ပါ” “ဟာ . . မလုပ်နဲ့ . . ဒီကောင်က အမြှီးနှစ်ခွနဲ့ကွ” “နှစ်ခွတော့ ဘာဖြစ်လဲ” “အေ”၏မေးခွန်းသံက နည်းနည်းကျယ်၍သွားသည်။ “ဘီ”ကတော့ သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားရင်းကနေလေသံပျော့ပျော့ကလေးဖြင့်ပြော၏။ “ငါ့လို ရုပ်မျိုးနဲ့ ဒီမိန်းမမျိုးကို ဘာကြောင့်ရသလဲဆိုတာ မင်းတို့သိလား!” “မင်းက ဖွန်ကြောင်ပဲရမှာပေါ့ . . .!” ဒီတစ်ခါတော့ ကျွန်တော်ဒေါသဖြင့် ၀င်၍ပြောရသည်။ ကျွန်တော်က ထိုအချိန်တုန်းကအထိ မိန်းမမယူရသေးသဖြင့် “ဘီ” ကို မသိစိတ်ထဲက မကျေမနပ်ဖြစ်နေဟန်တူပါသည်။ “မဟုတ်ဖူးကွ၊ ငါ. . အိမ်မြှောင်အမြှီးနှစ်ခွကိုစားလို့၊ ဒီကောင်က ပီယကောင်းတယ်” “ပေါက်ကရတွေမပြောနဲ့ကွ” “ဟာ . . စီးကလည်း . . ဒီအိမ်မြှောင်က ရဲဝင်းနဖူးပေါ်ကျပြီး ငါ့လက်ထဲရောက်လာလို့ ကြည့်လိုက်တော့ အမြှီးကနှစ်ခွဖြစ်နေလို့ ငါဝမ်းသာသွား တာ . . .” “အဲဒီတော့ . . ဘာလုပ်မှာလဲ!” “အေ” ကမေးတော့ . . “ဘီ”က သူ့လက်သီးဆုတ်ကို သတိတကြီးနဲ့ကြည့်ရင်း ချီတုံချတုံဖြစ်နေသည့် စိတ်လှုပ်ရှားမှုကိုတွေ့ရသည်။ “ဘီ” ၏ပုံစံ က သူ့လက်သီးဆုတ်ထဲတွင် လက်ပစ်ဗုံးတစ်လုံးကို ဆုတ်ကိုင်ထားရသူလိုဖြစ်၍နေသည်။ “ငါက . . အိမ်ထောင်ကျပြီးပါပြီကွာ . . ၊ မင်းတို့ပဲစားကြပါ။ တော်ကြာ နောက်တစ်ယောက်ထပ်ရနေရင် . . ငါမိန်းမအသည်းကွဲလိမ့်မယ်ကွ၊ ရော့ . . .” “ဘီ”က ကျွန်တော့်လက်ထဲသို့ အိမ်မြှောင်ကိုထည့်ပေးလိုက်သည်။ ကျွန်တော်ကြည့်တော့ “ဘီ”ပြောသည့်အတိုင်း အမြှီးက “နှစ်ခွ”ဖြစ်နေတာကို တွေ့ရသည်။ ကျွန်တော်ရော “အေ” နှင့် “စီ” ပါ အိမ်ထောင်မကျကြသေးသဖြင့် ကျွန်တောတို့သုံးယောက် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက် ကြသည်။ အရက်ကလည်းကောင်း . . . အမြည်းကလည်းကောင်း . . အိမ်မြှောင်အမြှီးနှစ်ခွကလည်း လက်ထဲရောက်နေသဖြင့် . . ကျွန်တော်တို့ သုံးယောက် နောက်ဆုံးလက်ကျန်ခွက်ကို “ကစ်”ပစ်လိုက်ကြပြီး . . ငယ်သူငယ်ချင်းတွေပြန်တွေ့ကြသည့်မခံချင်စိတ်ကလေးကလည်းရှိနေသဖြင့် . . အမူးပေါ်မှာ မာနကလေးကို ပါးပါးတင်ပြီး ကျွန်တော်က စမေးသည်။ “ကဲ . . ဘယ်သူအရင်စားမလဲ!” “မင်း . . စားရဲ့လား!” ကျွန်တော်အိမ်မြှောင်ကိုလည်မြိုမှာ ညှစ်၍ကိုင်ကာအမြှီးကိုကိုက်ပြီး စားပစ်လိုက်သည်။ ထုတ်ထုတ်၊ ထုတ်ထုတ်နှင့် စား၍ကောင်းပါသည်။ ဟိုကောင်တွေလည်းမူးနေပြီဆိုတော့ . . ကျွန်တော့်လိုပင်စားကြ၏။ ကျွန်တော်တို့သည် အမူးစိတ်နှင့် စားရသည်ဆိုသော ငယ်သူငယ်ချင်း အချင်းချင်းသတ္တိပြိုင်လိုက်ကြသည်မှာ . . ထိုအိမ်မြှောင်ကလေးကို ခေါင်းအထိပါဝါးစားလိုက်ကြ၏။ အခုနေပြန်တွေးတော့ . . အန်ပင်အန်ချင်သည်။ အရက်သည် အလုပ်ချင်သောအရာကို လုပ်အောင်စွမ်းဆောင်ပေးနိုင်သလို၊ မလုပ်သင့်သောအရာကိုလည်း (အရှက် . . အကြောက် . . ပညာ . . မာန)မရှိတော့ပဲ လုပ်အောင်စွမ်းဆောင်မြှောက်ပင့်ပေးတတ်သော သတ္တိရှိသည်ဟု ကျွန်တော်ပြောချင်ပါသည်။ ထိုအိမ်မြှောင်ကလေးကို အစိမ်းလိုက်စားလိုက်ရသည့်အတွက် . . ကျွန်တော်သည် “ဘီ”လို ရုပ်ချော၊ ဥစ္စာကလည်းမထော၊ ပေါတောတောနှင့် တော်တော်စိတ်ပျက်ဖို့ကောင်းပါသည်။ ဟိုကောင် နှစ်ကောင်ရသောမိန်းမတွေကလည်း ကျွန်တော့်နည်းတူသိပ်မကွာပါ။ “စီ” က ကျွန်တော်တို့သူငယ်ချင်းအုပ်စုထဲမှာ နောက်ဆုံး သုံးဆယ်ကိုးနှစ်ကျမှ အိမ်ထောင်ကျပြီး သူ့ဇနီးက သူ့ထက်ငါးနှစ်ကြီးပါသည်။ ဒီ မင်္ဂလာဆောင်မှာဆုံကြတော့မှ “ဘီ”က ကျွန်တော့်ကိုပြောသည်။
“ဒီည . . ဘတ်ချလာနိုက်မှာ သောက်ကြဦးမလား!”
“ဒါပေါ့ကွ၊ သောက်ရမှာပေါ့”
“ဒီကောင့် မိန်းမအိုကြီးကလက်ခံပါမလား!”
“ဒီနေ့တော့ရမယ်ထင်တာပဲ၊ ဟော်တယ်တစ်ခုခုသွားလိုက်တာပေါ့ကွာ . .”
“မသွားပါဘူး . . ၊ ငါ့အခန်းပဲသွားမယ်”
“အာ . . မင်းအိမ်သွားရင် ဘာထူးမှာမို့လို့လဲ! ဒီကောင်ပြန်ရတာဝေးနေမှာပေါ့ကွာ”
“ထူးတာပေါ့၊ ငါ့အခန်းမှာက အိမ်မြှောင်တွေအများကြီးလေ . . .၊ မင်းတို့အရက်မူးပြီဆိုရင် အိမ်မြှောင်အမြှီးနှစ်ခွတစ်ကောင်ဖမ်းပြီး အစိမ်းလိုက် ကိုက်စားတာကို ငါ့ခယ်မတွေကချောင်းကြည့်ပြီးရယ်ရတာပေါ့”
“ခွေးမသား . . .”
နီကိုရဲ


နဂါးမျက်စောင်း
(၁)
မအေးသွယ်က ရှိစုမဲ့စု ထမီ......ဟောင်းလေးသုံးထည်ကို ကြွပ်ကြွပ်အိတ်အနွမ်းလေးထဲထည့်လိပ်ရင်း “ဘယ်နှယ့်လုပ်ကြမလဲ . . ကိုစိန်ဖေ။ ဒီနေရာကနေပြောင်းရရင် ကျုပ်တို့ ဘယ်ခွေးကတက်မှာ သွားနေရမှာတုန်း . . တော့”” ကိုစိန်ဖေကတော့ ခပ်လှမ်းလှမ်းက တောင်ပူစာကို မျက်စိတစ်ဆုံး ဟီးထနေတဲ့ အမှိုက်ပုံကြီးဆီကိုငေးကြည့်ရင်း သူ့မိန်းမမအေးသွယ်ရဲ့ စကားသံကို မကြားသလိုလုပ်နေတယ်။ သူ ငေးမောနေတဲ့ပုံက ဟိုးအဝေးကြီးကလာမယ့် မမြင်နိုင်တဲ့ တစ်စုံတစ်ရာကို စောင့်မျှော်နေသလိုမျိုးပဲ။ ကိုစိန်ဖေ့အမေ ဖွားဒေါ်ဆုံကတော့ အိုမင်းပြီး မျက်ပျဉ်းတွေတွဲကျနေတဲ့ ဝေေ၀သီသီမျက်လုံးမွဲမွဲတွေနဲ့ အမှိုက်ပုံကကောက်ရလာတဲ့ ပလတ်စတစ်စ တွေကို ရေဆေးရင်း သားနဲ့ချွေးမကို မသိမသာ အကဲခတ်နေတယ်။ အိုကြီးအိုမနဲ့ တလှုပ်လှုပ်လုပ်နေရှာတဲ့ သူ့အမေကိုမြင်ရတော့ ကိုစိန်ဖေက . . . “သြော် . . အမေကလည်း၊ ခက်တော့တာပဲဗျာ။ နေကလည်းကောင်းတာမဟုတ်ဘဲနဲ့။ အဲဒါတွေ မလုပ်ပါနဲ့ဆို . . .။ ဟိုကောင် . . ဖိုးနီကို ခေါ်ပြီး ဆေး ခိုင်း။ ဖိုးနီ ဘယ်များ.........." ပြောပြောဆိုဆိုနဲ့သူ့သား ဖိုးနီကို တကြော်ကြော်အောင်ခေါ်လေရဲ့။ အမှိုက်ပုံကြီးကို တုတ်တစ်ချောင်းနဲ့ထိုးဆွပြီး ရှာဖွေနေတဲ့ ဖိုးနီလည်း သူ့အဖေခေါ်သံကြောင့် ပြေးချလာတယ်။ မအေးသွယ်ကတော့ မှုန်ကုပ်ကုပ်နဲ့ကြည့်ရင်း “တော့် . . ဒီမှာ၊ ကျုပ်မေးတာဖြေစမ်းပါဦးတော့်၊ ကျုပ်တို့ ဘယ်မှာသွားနေကြမလဲဆိုတာ” ဆောင့်ဆောင့် အောင့်အောင့် မေးသံကြောင့် ကိုစိန်ဖေလည်း စိတ်တိုသလိုဖြစ်သွားပြီး “ဟာ . . ခက်တဲ့မိန်းမနှယ်။ ဒီလိုပဲ ကြံရဖန်ရမှာပေါ့ဟ။ သူများနည်းတူဖြစ်တဲ့ဟာပဲ။ ဘာတတ်နိုင်မှာလဲ”
“တော့်ကို ပြောလိုက်ရင် ဒီလိုချည်းပဲ။ ငေါက်ချင် ငမ်းချင်ရတာနဲ့။ ရေရေရာရာတော့ဖြင့် ခုထိဘာမှမရှိသေးဘူး။ မနက်ဖြန် သန်ဘက်ခါဆိုရင်ပဲ ဒုက္ခ ရောက်တော့မယ့်ဥစ္စာကို . . .”

မအေးသွယ်ရဲ့အသံက ပြောရင်းနဲ့ငိုသံရှိုက်သံထွက်လာတယ်။ ကိုစိန်ဖေကတော့ ငူတူတူငိုင်တိုင်တိုင်ပဲ။ သူ့သား ဖိုးနီတစ်ယောက် ပလတ်စတစ်စတွေ ကို ရေဆေးပြီး နေရောင်အောက်မှာ ဖြန့်လှန်းနေတာကို တစ်ခါမှ မမြင်ဘူးတဲ့ လူတစ်ယောက်လို ငေးကြည့်နေလေရဲ့။ ဒီကနေ့မှ နေရောင်က ပိုလင်းလင်းချင်းချင်းဖြစ်နေပါကလား . . လို့ အောက်မေ့တာ။ အမှန်တော့ သူတို့ ရှေ့မြေကွက်လပ်ကိုအရိပ်ကွယ်နေတဲ့ အိမ်နီးနားချင်းတဲတွေတစ်လုံးမှ မရှိတော့ဘူး . .ဆိုတာ နောက်မှသတိထားမိသွားတယ်။ ဟော . . ဟုတ်ပါရဲ့၊ ဟိုဘက် ရေမြောင်းကြီးအစပ်နားက ကိုသောင်းတို့ တဲကိုတောင် ၀ါးလုံးတန်းတွေ တာလပတ်စတွေဆွဲချပြီး ဖျက်နေပါကကောလား။ သူတို့ကော ဘယ်များသွားကြမှာပါလိမ့်။
“အဟွတ် . . အဟွတ် . . .ဟင်း . . ဟင်း . . အဟွတ်”
တောင်စဉ်ရေမရ တစ်စစီပျံ့လွင်နေတဲ့ ကိုစိန်ဖေရဲ့အတွေးစတွေဟာ အမေ့ချောင်းဆိုးသံကို ကြားလိုက်ရတော့မှပဲ ရိုက်ပုတ်လှန့်နိုးခံလိုက်ရသူလို ဖြစ် သွားတယ်။ အမေကတော့ ပန်းနာရင်ကြပ်သမားပီပီ တစ်ခါ တစ်ခါ ချောင်းဆိုမိပြီဆိုရင် မပြီးတော့ဘူး။ ဒါ့အပြင် အသက်ရှုတဲ့အသံက “ဂရူး . . ဂရူး”နဲ့ မြည်ပြီး ကျပ်ဆို့ နေတတ်တာ။ အသက်ရှူရတာကိုလည်းမ၀လို့ထင်ပါရဲ့။ ပါးစပ်ဟဟပြီးရှူရတယ်။ ပြီးရင် . . အကြာကြီးနှလုံးတုန်ပြီး မောနေတော့တာပဲ။
“အမေ . . အမေ”
ခေါ်သံနဲ့အတူ ကိုစိန်ဖေတစ်ယောက်ထိုင်ရာကမထနိုင်ခင်မှာဘဲ ဖွားဒေါ်ဆုံအနားမှာရှိနေတဲ့ မအေးသွယ်က ယောက္ခမဖြစ်သူကို ပွေ့ထားလိုက်ပြီး ဒေါ်ဆုံ ပါးစပ်က ထွေးချတဲ့ အကျိအချွဲတွေကို ၀ါးကြမ်းခင်းအပေါက်ကြားကျအောင် လက်ညှိုးနဲ့သပ်ချလိုက်တယ်။ ကိုစိန်ဖေက “အဲဒါကြောင့် အမေ့ကို ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်နေပါ . . လို့ ပြောတာပေါ့။ အမေ့ဟာက တစ်ခါတစ်ခါ ထဖြစ်လိုက်မှဖြင့် သေကောင်ပေါင်းလဲချည်းဥစ္စာ။ ခွကျတာပဲဗျာ” ဖွားဒေါ်ဆုံကတော့ ဘာမှပြန်မပြောနိုင်ဘူး။ ဟောဟဲဆိုက်ပြီး လှိုင်းဘောင်ဘင်ထနေတဲ့ ရင်အုံပြားချပ်ချပ်လေးနဲ့ အသက်ကို မနည်းလုရှူနေရတာ။ တကယ်တော့ . . ကိုစိန်ဖေတစ်ယောက် ပါးစပ်ထဲတွေ့ကရာတွေကိုသာ ကရုဏာဒေါသောနဲ့မို့ တွန်းပြီးပြောနေရရှာတာ။ သူ့အမေဒေါ်ဆုံရဲ့ ရောဂါက ငြိမ်ငြိမ်နေနေ မနေနေ . . ကောင်းလာစရာ အကြောင်းမရှိတော့ဘူး ဆိုတာကို နည်းနည်းပါးပါးတော့ ရိပ်မိပြီးသား။ နှစ်ပေါင်းမနည်းမနောကြာပဲကြာလှမင့်ဟာ။ ဆေးမြီးတိုလေးနဲ့ ကွမ်းရွက်ပြုတ်လေးနဲ့လောက်တော့ ဘယ်ရလိမ့်မလဲ။ ဒီပန်းနာရင်ကျပ်ဆိုတာမျိုးက အသက်ရှူစက်တွေ . . အောက်စီဂျင်ဗူးတွေ . . စားဆေး . . ထိုးဆေးတွေ အစုံအစုံကို ရွှေကိုယ်လေး ငွေကိုယ်လေးနဲ့ ဆက်ပြီးကုတာတောင်မှ နည်းနည်း လောက်ခုသာခံသာရှိတာမျိုးရယ် . . ။ ကိုစိန်ဖေတို့ အနေအစားမျိုးနဲ့ကတော့ ဘယ်လွယ်လိမ့်မတုန်း။ ခုချိန်ထိ ဖွားဒေါ်ဆုံကြီးရဲ့ နှလုံးတွေအဆုပ်တွေ အုံလိုက်ပြုတ်မထွက်သွားသေးတာကို ပဲ ကံကောင်းလှချေရဲ့လို့ အောက်မေ့ရမှာ။
“ဟင်း . . ”
ကိုစိန်ဖေက သူ့အမေဘေးက ၀ါးကပ်ကျဲကျဲကြမ်းခင်းကို ညွှတ်ပဲ့ ညွှတ်ပဲ့ဖြစ်သွားတဲ့အထိ စိတ်ပျက်လက်ပျက် ဆောင့်ကြောင့် ထိုင်ချလိုက်ရင် သက်ပြင်း ကိုစိတ်ပျက်လက်ပျက်မှုတ်ထုတ်လိုက်တယ်။ မအေးသွယ်ကတော့ ယောက္ခမဖြစ်သူရဲ့ ကိုယ်ခန္ဓာပါးပါးလှပ်လှပ်လေးကို ဖေးထူထားရင်း
“အမေ့ကိုချည်းပြောမနေနဲ့ဦး၊ ရှင့်ကိစ္စကိုကော ဘယ့်နှယ်လုပ်မှာတုန်းတော့”
ပုဆိုးကို ဒူးပေါ်ပေါင်ပေါ်မတင်ထားရင်း ဆောင့်ကြောင့်ကြီးကြောင်ငေးနေတဲ့ ကိုစိန်ဖေက “ရှင့်ကိစ္စ . . .” ဆိုတဲ့စကားကြောင့် ဆတ်ခနဲထရမလို ထိုင်ရမလိုဖြစ်သွားတယ်။ တကယ်ဆို . . . သူ့တစ်ယောက်တည်းရဲ့ “ကိစ္စ” မှ မဟုတ်ဘဲ။ တစ်မိသားစုလုံးရဲ့ ကိစ္စ။ အို . . အားလုံးရဲ့ “ကိစ္စ”ပဲ မဟုတ်လား။ ဒါပေမယ့် . . သူ့မိန်းမကို စကားနိုင်လုပြီး ပြန်ငြင်းမနေချင်တော့ဘူး။ ခေါင်းကိုလေးလေးတွဲ့တွဲ့နဲ့ တလှုပ်လှုပ်ငြိမ့်ရင်းက
“အေးပါဟာ၊ ကိုကျင်ဟုတ်ဆီမှာ ငါသွားပြီး အကူအညီတောင်းကြည့်ပါဦးမယ်”
သူ . . ဒါပဲပြောနိုင်တော့တယ်။

(၂)

“ဒုံး . . နောင်ဂျမ်း” . . “ဒုံး . .နောင်ဂျမ်း” နဲ့ ဆူညံ့ ဆူညံ့မြည်နေတဲ့ တရုတ်ဗုံသံ မောင်းသံ၊ လင်းကွင်းသံတွေကို ကြားလိုက်ရတော့ ကိုစိန်ဖေတစ်ယောက် လမ်းလျှောက်နေတဲ့ သူ့ခြေထောက်တွေကို ပိုပြီး သွက်လိုက်ရမလား အရှိန်လျော့ချလိုက်ရမလားဆိုတာ မစဉ်းစားတတ်အောင် ဇဝေဇ၀ါဖြစ်သွားတယ်။ သူ လည်ကိုဆန့်ပြီး လှမ်းကြည့်လိုက်တော့ ကိုကျင်ဟုတ်ရဲ့အိမ်ရှေ့မှာ လူငယ်တွေကော လူကြီးတွေကော ရုံးစုရုံးစုနဲ့ . . .။ တရုတ်ဗုံသံနဲ့ လင်းကွင်းသံတွေကလည်း အဲဒီလူအုပ်ကြီးထဲကနေလာတဲ့အသံပဲ။ တရုတ်နှစ်သစ်ကူးနေ့နီးနေပြီကိုး . . ဆိုတာ ကိုစိန်ဖေအလိုလိုသိလိုက်တယ်။ နှစ်ကူးနေ့နီးတာ မနီးတာကအကြောင်းမဟုတ်ပါဘူး။ တစ်ခါ တစ်ခါ ကိုကျင်ဟုတ် စိတ်လိုလက်ရရှိတဲ့ နှစ်တွေမှာဆိုရင် နှစ်ကူးပြီဆိုတာနဲ့ စာအိတ်အနီရောင်လေးထဲမှာ နှစ်ရာတန်အသစ်လေးတစ်ရွက်ထည့်ပြီး “အန်ပေါင်း” ဆိုလား ပေးတတ်တာကိုး။ ကိုစိန်ဖေရဖူးတာကိုပြောတာပါ။ သူများတွေတော့ ဘယ်လောက်ရသလဲ မပြောတတ်ဘူး။ “သူများတွေ . .”ဆိုတာက ကိုကျင်ဟုတ်ဆီမှာ ပလတ်စတစ်ပြန် ပြန်သွင်းတဲ့ ကိုစိန်ဖေလိုဘ၀တူ “ရှာဖွေရေးသမား”တွေပဲ ဆိုပါတော့။ အယောက်သုံးဆယ်လောက်တော့ ရှိမယ်ထင်ပါရဲ့။ ကိုစိန်ဖေတစ်ယောက် ဇဝေဇ၀ါဖြစ်နေရတာက တခြားကြောင့်တော့မဟုတ်ဘူး။ အခုလို နှစ်ကူးရက်နီးပြီဆိုရင် ကိုကျင်ဟုတ်က အလုပ်ရှုပ်တတ်တယ်။ သူတို့ဓလေ့ထုံးစံထင်ပါရဲ့။ တရုတ်နဂါးကတာတို့ . . ဘာတို့ပေါ့။ အဲဒါတွေကို ကမကထလုပ်ဖို့လည်းပဲ ကိုကျင်ဟုတ်ပဲဦးစီးရပုံပေါ်တယ်။ တရုတ်နဂါးကဖို့ လေ့ကျင့်ရတာကအစ ကိုကျင်ဟုတ်အိမ်ရှေ့ခြံဝင်းထဲမှာပဲ လုပ် ကြတာများတယ်။ အခုလည်း ဗုံသံတွေ လင်းကွင်းသံတွေ တဒုံးဒုံးတဂွမ်းဂွမ်းကြားနေရပုံထောက်ရင် ချာတိတ်တွေ တရုတ်နဂါးအကတိုက်နေကြပြီထင်ပါရဲ့။ ကိုကျင်ဟုတ်လည်း ထုံးစံအတိုင်း အလုပ်ရှုပ်နေမှာသေချာတယ်။ “ဒီလိုမျိုး သူအလုပ်ရှုပ်နေတဲ့အချိန်မှာ အကူအညီသွားတောင်းရင် ကိုကျင်ဟုတ်တစ်ယောက် စိတ်တိုပြီးတော့များ အော်ငေါက်လွှတ်လေမလား” သိမ်ငယ်စိတ်နဲ့ဆိုတော့ အဲဒီလိုတွေးပြီးခြေလှမ်းလည်းတွန့်မိသား။ အကောင်းဘက်က လှည့်တွေးကြည်တော့လည်း “နှစ်ကူးခါနီးဆိုတော့ သူစိတ်လက်ရွှင်ရွှင်ရှိတုန်းမို့ အကူအညီပေးတန်ကောင်းပါရဲ့လေ” ဆိုတဲ့ထင်ကြေးက ခြေလှမ်းသွက်ချင်စရာ။ ဘာပဲဖြစ်ဖြစ်ရွေးချယ်စရာမရှိမှတော့မထူးဘူးလေ။ လင်းကွင်းသံတဂျမ်းဂျမ်းဆူညံနေတဲ့ ကိုကျင်ဟုတ်ရဲ့ခြံဝင်းထဲကို လှမ်းဝင်လိုက်တယ်။ ဟုတ်ပါရဲ့။ နီညိုရောင်တရုတ်ဘောင်းဘီပွပွနဲ့ စွပ်ကျယ်လက်စက၀တ်ထားတဲ့ အသားဖြူဖြူ လူငယ်လေးတွေဟာ ချွေးတလုံးလုံးနဲ့ . . ပြေးလိုက်လွှားလိုက်၊ ၀ုန်းဆိုခုန်လိုက်၊ ရုတ်တရက် ကိုယ်ကို ကိုင်းညွှတ်ပြီး ယိမ်းနွဲ့လိုက်။ အားလုံးတစ်ပြိုင်တည်းဆိုပေမယ့် ယိမ်းကသလို ညီတူညာတူလှုပ်ရှားနေကြတာတာ့မဟုတ်ဘူး။ ရှေ့ဆုံးကတစ်ယောက်က အပေါ်ကို ဆတ်ခနဲခုန်းလိုက် ချိန်မှာ ဒုတိယတစ်ယောက်က လက်ကို သာသာလေးမြှောက်ပြီး ကိုယ်ကိုဘေးဖက်ဆီ ယိမ်းနွဲ့လိုက်တယ်။ တတိယတစ်ယောက်ကျတော့ ဖျတ်ခနဲ ဒူးကွေးထိုင်ချလိုက်ရဲ့။ အဲ . . သူ့နောက်ကတစ်ယောက်ကတော့ ဒုတိယလူ ကိုယ်ဟန်ယိမ်းတဲ့ဘက်နဲ့ ဆန့်ကျင့် ဖက်ဆီကို လွှားခနဲခုန်လည်းခုန်၊ တိမ်းလည်းတိမ်းပေါ့။ သူတို့လက်ထဲမှာလည်း တစ်တောင်ခွဲသာသာလောက်ရှိမယ့် တုတ်ရှည်ရှည်တစ်ချောင်းစီကို ထိပ်မှာ ပြည်တောင်းအရွယ်လောက် ၀ါးနှီးခြင်းတောင်းလို ဟာမျိုးစွပ်ပြီး ထောင်လျက်ကိုင်မြှောက်ထားကြလေရဲ့။ လေထဲမှာ တုတ်နဲ့ထောက်ပြီး မြှောက်ထားတဲ့ ၀ါးနှီးခြင်းတောင်းလေးတွေကို ရှေ့နောက်တန်းစီပြီး ရောင်စုံဘော်ကြယ်တွေ အကွက်ဖော်ဆေးခြယ်ထားတဲ့ အ၀တ်စရှည်ရှည်ကြီးနဲ့ အလျားလိုက်အုပ်လိုက်ရင် အင်မတန်လှပတဲ့ တရုတ်နဂါးကြီးတစ်ကောင်ပုံပေါ်လာမှာပဲ . . လို့ ကိုစိန်ဖေ့ မျက်စိထဲမြင်ယောင်ကြည့်နေ တယ်။ ချာတိတ်လေးတွေကတော့ နဂါးကြီးရဲ့ ကိုယ်လုံးထည်တစ်လျောက်ကို တုတ်နဲ့ထောက်မထားတဲ့ဟန်ပေါ့။ သူတို့ လက်ထဲက တုတ်ချောင်းတွေရဲ့ အနှုတ် အသိမ်း အရွှေ့အပြောင်းဟာ နဂါးကြီးရဲ့ ကိုယ်ဟန်ကအယိမ်းအနွဲ့ပဲ။ ခုဟာကတော့ လေ့ကျင့်နေကြတာပဲဆိုတော့ အပေါ်က နဂါးရုပ်အ၀တ်ကြီးအုပ်မထားသေးဘူးပေါ့။ အလွတ်သက်သက် တုတ်တွေကိုင်ပြီး မြှောက်လိုက် နှိမ့်လိုက် စောင်းလိုက် ၀ိုက်လိုက်နဲ့ လေ့ကျင့်နေကြတာ။ ချာတိတ်လေးတွေက ခုနှစ်ယောက်၊ရှစ်ယောက်လောက်တော့ ရှိမယ်ထင်တယ်။ ရှေ့ဆုံးက အရွယ်ကြီးကြီး လူငယ်လေးက နဂါးရဲ့ဦးခေါင်းကို ကိုင်ရမှာထင်ပါရဲ့။ နောက်ဆုံးကချာတိတ်လေးကတော့ နဂါးအမြီးဖြစ်မှာပေါ့လေ။ သူတို့ကို သင်ပေးနေတဲ့လူကတော့ ကိုကျင်ဟုတ်ပဲ။ “နဂါးခေါင်းက ဟိုဖက်ကိုစောင်းလိုက်ရင် နင်က ဒီဖက်ကိုပြေးလာခဲ့။ နဂါးခေါင်းက ဒီဖက်ကိုစောင်းရင် နင် ဟိုဖက်ကို ပြန်ပြေးသွား။ သဘောပေါက်လား” နဂါးအမြီးနေရာမှာ နေရတဲ့ချာတိတ်လေးကို ကိုကျင်ဟုတ်က တတွတ်တွတ်မှာနေလေရဲ့။ ဒါနဲ့ ကိုစိန်ဖေလည်း အဲဒီချာတိတ်လေးကို သေသေချာချာသတိထားပြီး ကြည့်မိသွားတယ်။ ခမျာမှာ ချွေးတွေသံတွေနဲ့ အတော်လေးဖတ်ဖတ်မောနေရှာပုံ ပဲ။ ဟုတ်မှာပေါ့လေ။ သူက နဂါးအမြီးနေရာမှာနေရရှာတာမဟုတ်လား။ နဂါးခေါင်းကသာ နည်းနည်းလေးစောင်းရုံစောင်းလိုက်တာ။ အမြီးကျတော့ ခေါင်းငဲ့ တာနဲ့ လိုက်ဖက်အောင် သေလုမျောပါးပြေးလွှားနေရတာကလား။

(၃)

ကိုကျင်ဟုတ်က ချာတိတ်ကလေးကိုသင်ပေးနေရင်းက ဒီဖက်ကို မျက်နှာလှန်ကြည့်လိုက်တော့ လူအုပ်ထဲမှာရပ်ကြည့်နေတဲ့ ကိုစိန်ဖေကိုမြင်တယ်နဲ့ တူပါ ရဲ့။ မျက်နှာက တစ်မျိုးဖြစ်သွားသလိုပဲ။ ဘာရယ်တော့ မပြောတတ်ဘူး။ ကိုစိန်ဖေလည်း လူတွေကြားထဲမှာပဲ မိုးတိုးမတ်တပ်ရပ်ရင်း၊ မျက်နှာသေကလေးလုပ်ထားရင်းနဲ့ ကိုကျင်ဟုတ်အကဲကိုခတ်နေရတယ်။ “ကဲ . . ကဲ၊ နောက်တစ်ခေါက်ပြန်စကြမယ် ဟေ့” ကိုကျင်ဟုတ်ရဲ့ စကားအဆုံးမှာ ဗုံသံတွေ၊ မောင်းသံ၊ လင်းကွင်းသံတွေ “ဒုံး နောင် ဂျမ်း . . ဒုံး နောင် ဂျမ်း ”နဲ့အတူ ချာတိတ်လေးတွေက ပြေးကြလွှားကြ ယိမ်းကြနွဲ့ကြနဲ့ လုပ်ရပြန်ပါရော။ ခဏကြာတော့ ကိုကျင်ဟုတ်က လေ့ကျင့်နေတဲ့လူငယ်တွေကို ထားပစ်ခဲ့ပြီး ဒီဖက်ပြန်လျောက်လာတယ်။ လူအုပ်ထဲကို လှမ်းကြည့်လိုက်တဲ့ သူ့အကြည့်က ကိုစိန်ဖေနဲ့မျက်လုံးချင်းဆုံသွားတော့ ကိုကျင်ဟုတ်က အသိအမှတ်ပြုသလိုမျိုး ခေါင်းတစ်ချက်ဆတ်ပြီး ငြိမ့်ပြလေရဲ့။ ကိုစိန်ဖေကလည်း အရိပ်အကဲကိုကြည့်ရင်း အိမ်ထဲဝင်သွားတဲ့ ကိုကျင်ဟုတ်ရဲ့နောက်ကို ခပ်ယို့ယို့ကလေးလိုက်သွားတယ်။ ကိုကျင်ဟုတ်ရဲ့ နောက်မှာ လက်ကလေးနှစ်ဖက်နောက်ပစ်ပြီး ရပ်မိတော့ ကိုကျင်ဟုတ်က “နင်တို့တွေ ဟိုဒင်းဖြစ်ကြရမယ် ဆို . . ” ကိုကျင်ဟုတ်က ဗမာရည် လည်ပေမယ့် စကားပြောရင်တော့ သူတို့တရုတ်ထုံးစံအတိုင်း “နင်” တွေ “ငါ” တွေသုံးပြီးပြောတတ်တယ်။ ကိုစိန်ဖေက ဘာမှပြန်မဖြေဘဲ ခေါင်းကြီးငိုက်စိုက်ချပြီး တုံဏှိဘာဝေလုပ်နေတယ်။ အကူအညီတောင်းဘို့ စကားကို ဘယ်လိုစရမယ်မှန်းမသိဘူး။ ဘာကို ကူညီစေချင်တာမှန်းလည်း သူ့ဖာသာသူ မသဲကွဲသေးဘူး။ ကိုကျင်ဟုတ်က ဆက်ပြီး “ ငါ့ကိုလည်း သိန်းဒန်လာပြောလို့သိတာ။ သိန်းဒန်တောင် နေစရာမရှိဘူးဆိုလို့ ငါ့ ဘဲခြံမှာ သွားနေခိုင်းလိုက်ရတယ်” အဲဒီစကားကြောင့် မြို့ပြင်က အဝေးပြေးလမ်းမကြီးဘေးမှာ ကိုကျင်ဟုတ်ပိုင်တဲ့ ဘဲခြံတွေရှိတာကို ကိုစိန်ဖေသတိရလာတယ်။ ငါတို့ မိသားစုကော အဲဒီမှာသွားနေခွင့်ရနိုင်ဦးမလား . . ဆိုတဲ့ အတွေးက ကိုစိန်ဖေ့ဦးနှောက်ထဲမှာ ကောက်ရိုးတစ်မျှင်လိုပေါ်လာလေရဲ့။ ယာယီပဲပြော ပြော၊ ဘာပဲပြောပြော . . အခိုက်အတန့်အားဖြင့်တော့ ဒုက္ခက အထိုက်အလျောက် သက်သာရာရမှာပဲလေ။ ဒါပေမယ့် . . . အဲဒီလောက် အဝေးကြီးမှာ သွားနေရရင် နေ့စဉ် ပလတ်စတစ်သွင်းတဲ့ အလုပ်ကို ဘယ်လိုဆက်လုပ်မလဲ။ ဒါက . . နေ့တိုင်း ထမင်းကျွေးနေတဲ့အလုပ်။ မိသားစုလေးယောက်ရဲ့ ပါးစပ်ပေါက်ကို နေ့စဉ်ပုံမှန်ဝင်ငွေမရှိဘဲ ဘယ်လိုထမင်းကျွေးရမှာတုန်း။ ဘဲခြံထဲမှာနေပြီး ဘဲတွေလို အစာရှာစားတတ်ရင် လည်း အကောင်းသား . . လို့ ကိုစိန်ဖေတွေးနေမိတယ်။ လောလောဆယ်မှာ ရွေးချယ်စရာက သိပ်ရှိလှတာမဟုတ်ဘူး။ အရင်လာတဲ့ ဒုက္ခကို အရင်ရှင်းရမှာပဲ။ ပစ္စုပ္ပန်ကိုကို တည့်တည့်ရှုတယ်ဆိုတာဒါမျိုးလား။ အင်းလေ . . ပစ္စုပ္ပန်ကိုပဲရှုရမှာပေါ့။ အနာဂတ်မှ မရှိတာ။ ကိုစိန်ဖေက . .
“ကျွန်တော်တို့ မိသားစုလည်း အတော်ဒုက္ခများနေတယ် . . ဆရာကိုကျင်ဟုတ်ရယ်။ ကျွန်တော်တို့ကိုကော သိန်းဒန်တို့လို ဘဲခြံမှာခဏထားပေးလို့ မရ ဘူးလား။ ကယ်နိုင်ရင် ကယ်ပါဦးဗျာ”
အလောတကြီး ပြောလိုက်တဲ့လေသံကြောင့် ကိုကျင်ဟုတ်က မျက်ခုံးပင့်ပြီးကြည့်တယ်။
“ဟ . . ခင်ဗျားပြောပုံက လွယ်လှချည်လား” . .
လို့ အပြစ်တင်ချင်တဲ့ အကြည့်မျိုး။ ဒါပေမယ့် . . . ကိုစိန်ဖေရဲ့မျက်လုံးအစုံထဲက တစ်စုံတစ်ရာကို မျှော်လင့်အားကိုးနေတဲ့ အငွေ့တလူလူလေးကို တွေ့လိုက်ရလို့လားမသိဘူး။ ကိုကျင်ဟုတ်က ချောင်း တစ်ချက်ဟန့်လိုက်ပြီး ငြိမ်သက်နေတယ်။ ပြီးတော့မှ . . .
“အမှန်တော့ . . ငါ့ ဘဲခြံမှာက လူများများစားစားမလိုဘူး။ နောက်ပြီး . . ဘဲခြံထဲမှာနေရင် ဘဲကျောင်းတာတို့၊ သန့်ရှင်းရေးလုပ်တာတို့၊ ငါ့ဘဲတွေ သူများလာမခိုးအောင် စောင့်ရတာတို့၊ ဘာညာအစုံလုပ်နိုင်ဦးမှ။ ဟူး . . မလွယ်ဘူး
ကိုကျင်ဟုတ်က ခပ်ညည်းညည်းပြောတယ်။ ဒီလောက်ပြောပြီဆိုရင်ဘဲ ကိုစိန်ဖေက အလိုက်သိတာပေါ့။
“လုပ်ပါ . . ဆရာကိုကျင်ဟုတ်ရယ်။ ကျေးဇူးမမေ့ပါဘူး။ ဘဲခြံထဲက လုပ်စရာတွေကိုလည်း ကျွန်တော်တို့ မိသားစုတာဝန်ပဲထားလိုက်ပါ။ ကျွန်တော့် သား ဖိုးနီကိုလည်း ခိုင်းလို့ရပါတယ်”
“ဒါဖြင့် . . နင်တို့ ပလတ်စတစ်ရှာတဲ့ အလုပ်ကျတော့ကော ဘယ်နှယ်လုပ်မလဲ။ နေ့တိုင်းလာဘို့တော့မလွယ်ဘူးနော်။ ဟိုနဲ့ဒီသွားတာ ပြန်တာနဲ့တင် တစ်ရက်လုံးလုံးကုန်မှာ”
ကိုစိန်ဖေက သက်ပြင်းကို ကျိတ်ပြီးချလိုက်တယ်။ ပြီးတော့ . . တံတွေးကို ကမန်းကတန်းမျိုချရင်း
နေတိုင်းတော့ မလာနိုင်ဘူးပေါ့ . . ဆရာကိုကျင်ဟုတ်ရယ်။ နှစ်ရက်တစ်ခါလောက်တော့ ကျွန်တော့်မိန်းမ မအေးသွယ်ကိုလွှတ်ပါမယ်။ လောလောဆယ် အသက်ရှူပေါက်ကလေးရရင်တော်ပါပြီ။ ဒီနှစ်ရက်၊ သုံးရက်အတွင်းမှာမှ ခြေချစရာမရှိရင် ဒုက္ခရောက်တော့မှာမို့လို့ပါ”
ကိုကျင်ဟုတ်က ခေါင်းကိုကုတ်လိုက်တယ်။ သူ့ကိုကြည့်ရတာ စိတ်ရှုပ်နေသလို အလုပ်လည်းများနေသလိုပဲ။ ပြီးတော့ . . . သူက
“ကျွတ် . . ကဲ . .၊ ငါလည်း အခု အလုပ်ရှုပ်နေတယ်။ နင်တို့ အဲဒီမှာ ခဏတဖြုတ်နေချင်လည်းနေကြပေါ့။ ဆက်ထားဘို့၊ မထားဘို့ကတော့ နောက်မှပဲ နင်နဲ့ သေသေချာချာစကားပြောမယ်။ ကဲ . . ရော့” ကိုကျင်ဟုတ်က သူ့အိတ်ကပ်ထဲက ပိုက်ဆံငါးရာတန်တစ်ရွက်ထုတ်ပြီး ကိုစိန်ဖေကိုလှမ်းပေးတယ်။ ဘာအတွက်ပေးမှန်းတော့ မသိဘူး။ ကိုစိန်ဖေလည်း ယောင်နနနဲ့ လှမ်းယူလိုက်ရဲ့။ ကိုစိန်ဖေခမျာ ကျေးဇူးတင်ရတာတောင်မှ ယောင်တောင်တောင်နဲ့ရယ်။ ကိုကျင်ဟုတ်က ပိုက်ဆံပေးပြီး လှည့်ထွက်မယ်အလုပ်မှာ ကိုစိန်ဖေက မ၀ံ့မရဲလေသံနဲ့
“ဆရာ. . ဆရာကိုကျင်ဟုတ်၊ ကျွန်တော်တို့ ပြောင်းဘို့ ရွှေ့ဘို့က ဟိုဒင်း . . ဘယ်လို . . အဲ . . အဲဒါ” ကိုစိန်ဖေက လက်ထဲက ငါးရာတန်လေးကို ကျစ်ကျစ်ပါအောင်လိပ်လိုက် ဖြန့်လိုက်လုပ်ရင်း မ၀ံ့မရဲစကားစရှာတယ်။ ဟုတ်တယ်လေ။ တစ်အိမ်ထောင် ပြောင်းဘို့ ရွှေဘို့ ဆိုတာ လွယ်တာမှမဟုတ်တာ။ အိုးတွေ ခွက်တွေ အထုပ်အပိုးတွေရွက်ပြီး ခြေလျင်လျှောာက်ရမှာလား။ ကိုကျင်ဟုတ်ကလည်း သူဌေးပဲ။ ချက်ဆို နားခွက်က မီးတောက်တာပေါ့။ ကိုစိန်ဖေဘာပြောချင်သလဲဆိုတာကို တန်းပြီးသဘောပေါက်တယ်။ ဒါနဲ့ . . ကိုကျင်ဟုတ်က ခေါင်းရှုပ်မခံချင်တဲ့လေသံနဲ့ . .
“အင်း . . အင်း . . သဘောပေါက်ပြီ။ ဘဲတွေတင်တဲ့ ဒေါ့ဂျစ်ကားနဲ့ပဲ နင်တို့ ပစ္စည်းတွေတင်ပြီးလိုက်သွားကြ။ မနက်ဖြန် မနက်သုံးနာရီလောက်ဆို ဒေါ့ဂျစ်မောင်းတဲ့ အန်းကောက်က ခြံထဲက ဘဲတွေသွားယူမှာ။ အဲဒီကားနဲ့ နင်တို့ကို ၀င်ခေါ်သွားဘို့ ငါမှာထားလိုက်မယ်။ မနက်သုံးနာရီမထိုးခင် နင်တို့ အဆင့် သင့်ပြင်ထား။ နောက်မကျစေနဲ့နော်။ အန်းကောက်က ဈေးချိန်အမီပြန်လာရမှာ”
မောင်မင်းကြီးသား . . ကျေးဇူးကြီးလှပါပေ့လို့ ကိုစိန်ဖေက တွေးလိုက်မိတယ်။ ဘုရားမတာပဲလား၊ ကိုကျင်ဟုတ်က မတာပဲလားတော့မသိဘူး။ လောလောဆယ်တော့ သူ့အတွက် ဧရာမမီးခဲကြီးတစ်ခုကို ပြာနဲ့ဖုံးပစ်လိုက်နိုင်ပြီ။ ကိုစိန်ဖေရဲ့ခြေလှမ်းတွေက ပေါ့ပြီးသွက်နေတယ်။ မသွက်လို့လည်း မဖြစ်ဘူးလေ။ ဒီတစ်ညအတွင်း ဖျက်စရာရှိတာဖျက်ရမယ်၊ သိမ်းစရာရှိတာ သိမ်းရမယ်မဟုတ်လား။ ခပ်သုတ်သုတ်လုပ်မှဖြစ်မယ်။
(၄)
မှောင်နေပြီဆိုတော့ သစ်သားချောင်းဆင့်ခံပြီးရိုက်ထားတဲ့ ၀ါးကြမ်းခင်းက သံချက်တွေကို ကော်ထုတ်ရတာ အလုပ်မတွင်ဘူးဖြစ်နေတယ်။ မတော်တဆ သံစူးမိမှာလည်း စိုးရသေးတယ်။ ဘေးက ၀င်ကူနေတဲ့သူ့သားဖိုးနီကိုလည်း “တဟဲ့ . . ဟဲ့” နဲ့ အရမ်း အရမ်း မလုပ်ဘို့ ဟန့်နေရသေးရဲ့။ စူးမိရှိမိမှဖြင့် ကိုယ့်အခြေအနေနဲ့ ဘယ်နှယ်လုပ်ပြီး ဆေးခန်းသွားမလဲ။ “ဖိုးနီ၊ ဒီဘက်နားကို မီးရောင်သေသေချာချာပြထားစမ်း” “ကျွတ် . . ဂလောက် . . ဖြောင်း” ဟာ . . သွားပြီ။ ဂရုစိုက်ြပီးလုပ်နေတဲ့ကြားက သစ်သားချောင်းက ပဲ့ထွက်သွားသေးတယ်။ နှမျောလိုက်တာ . . .။ သစ်သားလည်းသစ်သားအလျောက် တန်ဘိုးရှိတာမဟုတ်လား။ တစ်ချောင်း တစ်ချောင်းဆို ဈေးက နည်းတာမဟုတ်ဘူး။ ဒီအဟောင်းလေးတွေပဲ ပြန်ပြီး သုံးနိုင်မှ တော်ကာကျမှာ။ ကိုစိန်ဖေတစ်ယောက် သစ်သားအပဲ့အရွဲ့စကို ငိုင်ပြီးကြည့်နေတုန်းမှာပဲ မအေးသွယ်က စိတ်ပူနေတဲ့ မျက်နှာနဲ့ အနားကိုရောက်လာပြီး “တော့် . . ကိုစိန်ဖေ၊ အမေ့ကိုလာကြည့်ဦးတော့။ အမေက မနည်းဖြစ်နေတာ”
မအေးသွယ်ရဲ့စကားကြောင့် ကိုစိန်ဖေရင်ထဲမှာ ထိတ်ခနဲဖြစ်သွားတယ်။ ဟုတ်တယ်။ ညဦးပိုင်းကတည်းက အမေက အမောဖောက်ဖော်နေတာ။ သူ့မိန်းမ မအေးသွယ်လည်း အထုပ်အပိုးလေးတွေ ထုပ်ဟယ်၊ ထည့်ဟယ်၊ လုပ်လိုက်။ အမေ့ကို ပြေးပြေးပြီးပြုစုလိုက်နဲ့ တစ်ညလုံး ဗျာများနေလိုက်တာ ဆိုတာများ။ ကိုစိန်ဖေက သုတ်ခနဲထသွားပြီး သူ့အမေနားမှာ ထိုင်ချလိုက်တယ်။ မြင်ရတာကတော့ စိတ်မသက်သာစရာပဲ။ ဖွားဒေါ်ဆုံကတော့ အသက်ရှူကျပ်လွန်းလို့ထင်ပါရဲ့။ လှဲပြီးတောင် မအိပ်နိုင်ဘူး။ ထောင်ထားတဲ့ ဒူးခေါင်းနှစ်လုံးပေါ်မှာ မည်းတူညစ်ပေနေတဲ့ ခေါင်းအုံး စုတ်ကလေးကိုခုပြီး ရင်ဘတ်နဲ့ဖိလို့ ကုန်းကုန်းလေးပဲနေရရှာတယ်။
“အမေ . . အမေ . .၊ ဘယ့်နှယ်လဲဟင်၊ သက်သာရဲ့လား”
သားဖြစ်တဲ့ကိုစိန်ဖေရဲ့စကားကိုလည်း ဖွားဒေါ်ဆုံတစ်ယောက်ပြန်မဖြေနိုင်ဘူး။ ပါးစပ်ဟဟပြီး အသက်ရှူနေပုံက ကုန်းပေါ်ပစ်တင်ခံထားရတဲ့ ငါးတစ် ကောင်ရဲ့ ပါးဟက်တွေလှုပ်နေပုံမျိုးပဲ။ ကိုစိန်ဖေက သက်ပြင်းကို ကျိတ်ပြီးမှုတ်ထုတ်လိုက်တယ်။ ခါတိုင်း သူ့အမေဆိုးဆိုးရွားရွား အသက်ရှူကျပ်ပြီဆိုရင် အခုလိုမျိုး ခါးလေးကုန်းပြီး တစ်ညလုံး ငုတ်တုတ်ထိုင်နေရတာမျိုးကြုံဖူးသားပဲ။ ဖြစ်နိုင်ရင် သူ့အမေရင်ဘတ်ထဲက ရောဂါကို လက်နဲ့တစ်ဆုံးနှိုက်ယူပြီး သူ့ပါးစပ်ထဲ မျိုချပစ်လိုက်ချင်တယ်။ အဲသလောက် တောင် . . .။ ဟုတ်တယ်။ အမေ့ဖြစ်နေပုံကို မမြင်ရက်လွန်းလို့ ကိုယ်တိုင်သာဖြစ်ပစ်လိုက်ချင်တော့တာ။ ကိုစိန်ဖေက သူ့မိန်းမ မအေးသွယ်ကို လက်ယပ်ပြကာ အနားကိုခေါ်လိုက်ပြီး “အမေ့ကို ဟိုလျက်ဆားနဲ့ ကွမ်းရွက်လေးတိုက်ထားလိုက်ဦးဟာ။ ငါ . . နောက်ဖေးမှာ ကာထားတဲ့ တာလပတ်စကြီး သွားဖြုတ်ပြီး လိပ်သိမ်းလိုက်ဦးမယ်”
“တော်ကလည်းရှင်၊ အရေးကြီးနေလိုက်တာ . .”
“ဟ . . အရေးမကြီးလို့ရမလားဟ။ အချိန်နဲ့လုပ်ရမှာ။ ဟိုက လာခေါ်တဲ့အချိန်မှာ အားလုံးသိမ်းပြီး၊ ဆည်းပြီးဖြစ်မနေရင် သောင်ပြင်လွှတ်တဲ့ခွေးလို ဒုက္ခ ရောက်ပြီးကျန်ခဲ့မှာ။ နင့်လင် အန်းကောက်က စောင့်ပြီးခေါ်မှာမဟုတ်ဘူး”

ဒေါပွပွနဲ့ မိန်းမကိုပဲ ဖိပြီးကြိမ်းရတော့တယ်။ ဟုတ်တယ်လေ . .၊ အခုကိုပဲ အချိန်က သန်းခေါင်နားကပ်နေပြီ။ နောက်ထပ်နှစ်နာရီသာသာပဲ လုပ်ချိန် ကိုင် ချိန်ရတော့တာ။ တဲသာသာ အိမ်ကလေးဆိုပေမယ့် ဗာဟီရတော့ အများသား။ တန်းထိုးထားတဲ့ ၀ါးလုံးတွေကို နှီးချက်တွေဖြည်ချ၊ တွင်းတူးပြီး ရိုက်ထားတဲ့ မဓမတိုင်တွေကိုနှုတ်ရ၊ ဓနိပျစ်တွေကို ခွာရနဲ့ သန်းကောင်ကျော် မှောင်ကြီး မည်းကြီးထဲမှာ ကိုစိန်ဖေချွေးတလုံးလုံးဖြစ်နေတယ်။ ဒန်အိုး ဒန်ခွက် သုံးလေးလုံးကိုတော့ ဆင့်ကဲ ဆင့်ကဲ အကြီးထဲ အသေးထည့်ပြီး ပုဆိုးအဟောင်းနဲ့ ပတ်ချည်လိုက်ရဲ့။ ပြီးတော့ ဓါးမကိုလည်း ခါးကြားထိုး ထားလိုက်တယ်။ ဒီ ဓါးမက ပျောက်လို့မဖြစ်ဘူး။ သိပ်အသုံးဝင်တာ။ ဟင်းတွေ ဘာတွေခုတ်ရင် ထစ်ရင်လည်း ဒီဓါးမပဲ။ ထင်းခြောက် ၀ါးလုံးခြောက်လေး ခွဲရခြမ်းရရင်လည်း ဒီဓါးမပဲ။ တိုင်တွေ ငုတ်တွေစိုက်ချင်လို့ မြေကြီး မှာ တူးရဆွရရင်လည်း ဒီဓါးမပဲ။ နောက်ပြီး . . သူတို့ မိသားစုမှာက ချက်ဘို့ပြုတ်ဘို့ ယောက်မတွေ ဘာတွေကလည်းရှိတာ မဟုတ်တော့ ဟင်းအိုးမွှေရင်လည်းဒီဓါးမပဲလေ။ ကိုစိန်ဖေက ဓါးမတိုလေးကို တခုတ်တရ ခါးကြားထိုးလိုက်ပြီးတော့ သူ့သားဖိုးနီကို “သား၊ လူလေး . . ဟောဟိုက ဒန်အိုးကြီးတွေမလာခဲ့ကွာ” သူကိုယ်တိုင်ကတော့ တာလပတ်စနဲ့လိပ်ပြီး ပလတ်စတစ်ကြိုးနဲ့ ချည်ထားတဲ့ဝါးလုံးတိုင်တွေ မဓမတိုင်တွေကို ထမ်းသယ်ပြီး ကားလမ်းမဘေးမှာ ပုံထား လိုက်တယ်။ ပြီးတော့ . . ပုဆိုးဟောင်းနဲ့ထုပ်ထားတဲ့ ဒန်ပန်းကန်ပြားအဟောင်းတွေရယ်၊ ခေါင်းအုံးစုတ်၊ စောင်စုတ်တွေရယ်ကို သယ်ရပြန်တယ်။ ဖိုးနီကတော့ ဘုရား ပုံတော်ပါတဲ့ ပြက္ခဒိန်စာရွက်အနွမ်းနဲ့ သောက်ရေအိုးပဲ့ကို မနိုင်တနိုင်သယ်လာလေရဲ့။ သားအဖနှစ်ယောက် လေး ငါး ခေါက်လောက် တက်ညီ လက်ညီသယ်လိုက်တော့ ကားလမ်းဘေးမှာ ပစ္စည်းပစ္စယတွေ အတော်စုံစုံလင်လင် ပုံထားပြီးသား ဖြစ်သွားပြီ။ “ဂွီ . . ဂွီ . . ” မပီမသ အက်ကွဲကွဲမြည်နေတဲ့ ကားဟွန်းသံကြားလို့ လှမ်းကြည့်လိုက်တော့ ရှေ့မီးကြီးနှစ်လုံးထိုးပြီး သူတို့ရှိရာဆီကို တည့်တည့်လာနေတဲ့ ဒေါ့ဂျစ်ကား အိုကြီးကို မြင်နေရပြီ။ ကားစက်သံ တဂျုံးဂျုံး တဂျိမ်းဂျိမ်းကလည်း ဆူညံလို့။ “သား၊ အဲဒီဒေါ့ဂျစ်ကားပေါ်ကို ဖေဖေတို့ ပစ္စည်းတွေတင်ထားနှင့် မေမေနဲ့ဖွားဖွားကို ဖေကြီး သွားခေါ်လိုက်ဦးမယ်” ဖိုးနီကို မှာထားပစ်ခဲ့ပြီး တဲရှိရာဆီကို ကိုစိန်ဖေတစ်ယောက် ခြေလှမ်းကျဲကြီးတွေနဲ့ ပြန်လှည့်လာခဲ့တယ်။ တဲထဲကို ငုံဝင်လိုက်တာနဲ့ . . .
“ကိုစိန်ဖေ . . ကိုစိန်ဖေ၊ ဒီမှာ . . အမေ့ကို ကြည့်ပါဦး။ အမေလေ . . အမေ . . ”
သူ့မိန်းမ မအေးသွယ်ရဲ့ ဆို့ဆို့အက်အက်အသံဆိုကြီးက ကိုစိန်ဖေကို ခေါင်းနပန်းကြီးသွားစေတယ်။ “ဘာဖြစ်ပြီ . .” ဆိုတာကိုလည်း ရင်ထဲက ထိတ်ခနဲသိလိုက်တယ်။ အဲဒီ အသိကြောင့် စိတ်ဟာ မှိုင်းညို့မဲမှောင်ပြီး လူတစ်ကိုယ်လုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားသလိုပဲ။ “အမေ . . အမေ . . ” အမေ့နားကို အပြေးကလေးထိုင်ချလိုက်ပြီး လှုပ်လှုပ်နှိုးနှိုးခေါ်ကြည့်လိုက်တယ်။ အမေဟာ တိတ်ဆိတ်ငြိမ်သက်လွန်းနေရဲ့။ မအေးသွယ်ဆီကနေ . . . “ဖြစ်ရလေ . . အမေရယ် . .” ဆိုတဲ့ ငိုသံအက်အက်အပျိုးအစမှာတင် ကိုစိန်ဖေက
ဟဲ့ . . ကောင်မ၊ နင့်ပါးစပ်ပေါက်ကို ပိတ်ထားစမ်း။ အသံတစ်စက်မှ မထွက်နဲ့။ သုတ်စမ်း . . နင့်မျက်ရည်တွေကို အခုသုတ်”
ကိုစိန်ဖေရဲ့ စကားသံက ခက်ထန်ကြမ်းတမ်းလွန်းနေတယ်။ မအေးသွယ်တောင်မှ တစ်ကိုယ်လုံး တုန်ခနဲဖြစ်သွားပြီး ပါးစပ်အဟောင်းသားနဲ့ ပြန်ငေးစိုက်ကြည့်နေမိလေရဲ့။ ကိုစိန်ဖေက အံကြိတ်သံနဲ့
သွားစမ်း . . အိမ်ရှေ့ကို။ ဟိုမှာ . . ကလေးတစ်ယောက်တည်း မနိုင်မနင်းနဲ့ ပစ္စည်းတွေ ကားပေါ်တင်နေရတာ . . သွားလုပ်ပေးလိုက်။ မျက်ရည်မထွက်နဲ့နော် . . ကြားလား။ လုံးဝအပူအယာမပျက်စေနဲ့”
တင်းမာလွန်းတဲ့ ကိုစိန်ဖေအသံက နာနာကျင်ကျင်ရယ်။ ဟုတ်တယ်။ ဒီစက္ကန့်ပိုင်းလေးအတွင်း ကိုစိန်ဖေ့ ဦးနှောက်ထဲမှာ အများကြီး . . အများကြီး . . စဉ်းစားပြီးသွားပြီ။ တွက်ချက်ပြီးသွားပြီ။ ဒီလို အခြေအနေမျိုးနဲ့ဆို . . . ကားပေါ်ကို ဘယ်သူက ခေါ်တင်ချင်မှာလဲ။ ထားပစ်ခဲ့မှာသေချာ်တယ်။ ဒါဆို . . ခက်ရချည်ရဲ့။ ပြီးတော့. . ကိုကျင်ဟုတ်ရဲ့ ဘဲခြံထဲကို ဒီပုံစံနဲ့ အမေနဲ့ ပေါ်ပေါ်ထင်ထင်သယ်ပြီး ၀င်သွားလို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတုန်း။ ဟိုမှာရှိနေတဲ့ လူတွေက “ရွာနာ” တယ်ဆိုပြီး နှင်လွှတ်မှာပေါ့။ ကိုကျင်ဟုတ်သိသွားရင် ပြဿနာအကြီးအကျယ်တက်မှာ . . .။ အိမ်ရှေ့မှာ ကားပေါ်ကိုပစ္စည်းတွေ အားလုံးနေသားတကျတင်ထားပြီးလောက်ပြီ။ ကိုစိန်ဖေက အမေ့ကို စောင်နဲ့အသေအချာခြုံလိုက်တယ်။ ပြီးတော့ ပုခုံးအောက်က လက်တစ်ဖက်လျှို၊ ဒူးခေါင်းအောက်က လက်တစ်ဖက်ကို လျှိုပြီး လူမမာပွေ့သလို တယုတယပွေ့ချီိုလို့ ကားဆီကို လျှောက်လာခဲ့တယ်။ ကားနောက်ဖက် ခြေနင်းခုံပေါ်လှမ်းအတက်မှာ အမေ့မျက်နှာပေါ်လွှမ်းထားတဲ့ စောင်စက ဖတ်ခနဲလျောကျသွားလို့ ကမန်းကတန်းပြန်ဖုံးလိုက်ရသေးရဲ့ ပြီးတော့ . . . ငိုချင်သလို ပြုချင်သလိုဖြစ်နေတဲ့ သူ့မိန်းမ မအေးသွယ်ကိုလည်း မျက်ထောင့်နီကြီးနဲ့ လှမ်းဟန့်လိုက်ရသေးတယ်။ ပြီးတော့ . . ကိုစိန်ဖေက
“ဟဲ့ . . အေးသွယ်။ ဟိုဘက်တိုးစမ်း။ အမေနဲ့ငါ . . ဒီဖက်မှာထိုင်မလို့”
မအေးသွယ်က ကမန်းကတန်းပစ္စည်းတွေရွှေ့ပြီးနေရာဖယ်ပေးတယ်။ ကိုစိန်ဖေက အမေ့ကို သူ့ဘေးနားမှာထိုင်လျက်သားချလိုက်ပြီး ပြိုလဲကျမသွားအောင် အမေ့ခါးကို နောက်ကပွေ့လို့ အသာထိန်းထားလိုက်တယ်။ အမေ့ ဦးခေါင်းကိုတော့ သူ့ပုခုံးပေါ်မှာ ခပ်မှီမှီလေးတင်ထားလိုက်ရဲ့။ တော်ပါသေးရဲ့ . . .။ အန်းကောက်က ကားရှေ့ခန်းကနေ သူတို့ဖက်လုံးဝလှည့်လည်းမကြည့်၊ စိတ်လည်းမ၀င်စားလို့ ကားစက်နှိုးလိုက်တော့ . . အမေ့ ခန္ဓာကိုယ်က ကိုစိန်ဖေအပေါ် ယိုင်ကျဆင်းလာလို့ အသာမှေးပြီး တောင့်ထားလိုက်ရတယ်။ ဘာကိုမှ မရိပ်မိတဲ့ သားလေးဖိုးနီက ထွက်ခါစပြုနေတဲ့ ဒေါ့ဂျစ်ကားအိုကြီးရဲ့ နောက်မြီးကိုတွဲလွဲခိုရင်း “ဆွဲ . . ဆရာ့ရေ” လို့ အော်လိုက်တယ်။
မင်းခိုက်စိုးစန်