ဦးထုပ်ထဲကနွေ  

Posted by IDEA MAGAZINE

Tuesday, March 24, 2009


ဦးထုပ်ထဲကနွေ
လူမမာတစ်ယောက်လိုပါပဲ။
ကမ္ဘာကြီးရဲ့ လျှာအောက်က သာမိုမီတာထိပ်ဖျား . . .
ပြဒါးတွေ . . .
ပေါက်ထွက် လျှံကျလာတော့မတတ်
ကောင်းကင်ကြီး စုတ်ပြတ်သွားအောင် ပူတဲ့ “နွေ”

အပြင်မှာ ဖုန်မှုန်ဝါညစ်ညစ်၊ ပိုးလောက်လန်း ထူလပျစ်ထ၊
ခြောက်သွေ့ပွရှုပ်၊ သစ်ရွက်ကွဲစုတ် ဖုတ်ကပ်ပေလူး၊
စိတ်ကူးတွေ ဖြူဖတ်ဖြူရော်ဖြစ်။
အခန်းကျဉ်းလေးထဲ ညှီစို့ပူနွေး
လေအဟောင်းအဆွေးတွေ၊ ပိတ်ညပ်။
အ . . သက် . . ရှု . . ရ . . ကျပ် . . တယ်။

ငါရယ် . . .
ပုပ်ရိနေတဲ့ ငါ့အလောင်းရယ် . . ။
အင်း! ထိုင်နေဖို့ပဲကောင်းတဲ့ . . “နွေ”။

နွေဟာ
ရန်ကုန်နဲ့ မန္တလေးမြို့ကြီးနှစ်မြို့ကို
“ရုတ်တရက်” သုံးလက်မလောက် ပုဝင်သွားစေခဲ့။
ပြီးတော့မှ၊ . . . အပူဆန့်ကိန်း နိယာမနဲ့
ပျော်ကျပြန့်ထွက်၊ ပက်လက်ကြီးတွေ စီးဆင်းကြ . . . ။

ပြောပြစမ်းပါ
ငါ့သူငယ်ချင်းတွေ ဘယ်ရောက်နေကြပြီလဲ???

နွေဟာ
သူ့ဘောင်းဘီအိတ်ထဲ
ကြေကွဲခြင်းနဲ့ နောင်တတွေ အပြည့်အသိပ်ထည့်ယူပြီး
ငါ့အခန်းထဲ တိတ်တိတ်ကလေး ၀င်လာခဲ့
ဟေ့ . . ငါလှည့်ပြီး ဖမ်းလိုက်ရမလား။

ကောင်မလေးရေ . . .
တစ်ခုခု အယုယခံချင်နေတဲ့ နွေဥတုအဖို့
ငါတို့ ဘာများလုပ်ပေးရင် ကောင်းမလဲ . . . ?
. . . . . . . . .
တောက်! နည်းနည်းတော့ နောက်ကျသွား . . .၊
တကယ်ဆို အားနာပါးနာပဲဖြစ်ဖြစ်
မင်းနဲ့ ငါနဲ့ ချစ်ခဲ့ကြဖို့ကောင်းတာ . . .။
မင်းခိုက်စိုးစန်

This entry was posted on 6:10 PM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments