August Cover  

Posted by IDEA MAGAZINE

Thursday, July 23, 2009


တွေးစရာအနုပညာ
အတွေးတွေ ရှင်းသွားအောင်
တွေးစရာ မပါတဲ့ကဗျာလေးတစ်ပုဒ်
ပေးချင်ခဲ့တာပါ။

တစ်ရက်ကြိုးစားခဲ့ပါတယ်
တစ်လကြိုးစားခဲ့ပါတယ်
တစ်နှစ်ကြိုးစားခဲ့ပါတယ်
ကျွန်တော့် တစ်သက်တာကြိုးစားခဲ့ပါတယ်။
သုခမိန်လှိုင်

ကလစ်ခေါက်ဖတ်ပါ

ဆပ်ကပ်  

Posted by IDEA MAGAZINE



ဆပ်ကပ်
လူကြီးလူကောင်းမ တစ်ယောက်
လက်ဖျောက်တစ်ချက် တီးလိုက်တယ် . . .
ဆပ်ကပ်ဆရာ တစ်ယောက်က
ခွေးလိမ္မာကို အချက်ပေးသလိုမျိုး
အဲဒီမှာ . . ရိုကျိုးနေတဲ့ ငါ့နှလုံးသားကလည်း
မီးကွင်းထဲ ကျွမ်းထိုးဝင်လိုက်တော့တာပဲ . . .။
မင်းခိုက်စိုးစန်

ပင်လယ်အော်  

Posted by IDEA MAGAZINE



ပင်လယ်အော်
ပင်လယ်ကအော်နေတဲ့ ပင်လယ်အော်
လာခဲ့ကြ လာချင်တာ လာခဲ့ကြ
အကောင်းပဲ ဖြစ်ဖြစ် အပုပ်ပဲ ဖြစ်ဖြစ်
လာခဲ့ကြ
ဆားငံရည်တွေအပြည့် ငါမျိုထားပြီးပြီ
ငါစောင့်နေတယ်
လာချင်တဲ့အချိန်လာခဲ့ကြ
ငါဂျက်ထိုးမထားဘူး။ ။
မောင်ခင်သာ(တောင်တွင်း)

စိတ်ဝတ္ထု  

Posted by IDEA MAGAZINE



စိတ်ဝတ္ထု
အလကားနေအသံတွေချဲ့ချဲ့ပြီး
အပျော်တွေကို ငှဲ့သောက်လိုက်ကြ
ဟိုဖက်ကမ်းကူးတဲ့ကိစ္စမှာ
မြစ် ခမ်းနားရမှာလား
အမှားတွေတစ်လှေကြီးနဲ့
ရေစီးသာတဲ့အရပ်မှာတက်ညီလက်ညီ . . .။
တွေးကြည့်တော့
လမ်းဘေးရေချမ်းစင်ကရေခွက်တွေ
လွတ်လပ်စွာနေထိုင်ခွင့်ရပြီလား
အခြားသက်မဲ့ပစ္စည်းတွေကော
အကာအရံမဲ့
အထုပ်အပိုးမဲ့
စည်းနဲ့
ကမ်းနဲ့
လွတ်လွတ်လပ်လပ်
လုံလုံခြုံခြုံအေးအေးဆေးဆေ¬း
ဘ၀ကို
အစအဆုံးခင်းကျင်းခွင့်ရပြီလား။
စိတ်မကောင်းဘဲစိုက်တဲ့သစ်ပင်တွေ
နေမအိုခင် အိပ်အိပ်သွားကြ။
ဘ၀ဆိုတာ
ကြွေဖို့
ဝေလာတဲ့ပန်းတွေပဲ
အနယ်ထနေတဲ့ရေ
ပင်လယ်လိုကျယ်ကျယ်လာသမျှ
ဘယ်တာနဲ့ဖို့ကြမလဲ
တစ်ကပြန်စဖို့
ကမ္ဘာကြီးကတော့လှုပ်နေပြီ။
အသစ်ကပြန်သစ်ဖို့
အသစ်တွေအပုံလိုက် အပုံလိုက်
ဟောင်းလာပါရောလား။
ပုသိမ်မောင်ရွှေမူ


ထင်ယောင်ထင်မှား
ရနံ့တွေအလည်လွန်တာနဲ့ပဲ
နံနက်ခင်းတွေ စိတ်တိုင်းကျ ဖူးပွင့်ခွင့်မကြုံခဲ့ဘူး။
နေ့ခင်းကျဲကျဲတောက်မှာ လတ်ဆတ်ပြပြန်တော့လဲ
ဈေးပေါင်ကျိုးကတောင် အသိအမှတ်မပြုပြန်ဘူး။
ဒဏ်ရာက ကိုယ်ဖာသာတူးဆွပြီး
သောက်သုံးမိတဲ့ဒဏ်ရာ။
အဆိပ်သင့်ခြင်းတွေသီးလုံးထွားလာချိန်
ကိုယ့်အရိပ်ကတောင်
ကိုယ်မှားတာကိုထောက်ပြနေပြန်တဲ့အဖြစ်။
ဒီတိုင်းသာဆို
သိက္ခာတွေဈေးစီချိန်
မနက်ဖြန်လင်းအားမကြီးဖြစ်မယ်။ ။
မိုသျှန်း


အဆင့်မြင့်ဆံသဆိုင်

သံဝေဂတွေညှပ်ပေးပါ အမှားတွေခဏခဏ ရှည်ထွက်လိုညှပ်ပေးပါ
ရေထဲခေါင်းနှစ်ရင်တောင် ရေမစိုတဲ့ခေါင်း သူ့ကိုလည်းလျှော်ပေးပါ
လူဝင်ပေါက်မှာခွေးတစ်ကောင်ပိတ်အိပ်နေတယ် ကန်ထုတ်လိုက်ဦး
ငါ့ခေါင်းကိုမကိုင်ခင် လက်အရင်ဆေး လောကဓံတွေကပ်မပါစေနဲ့
တစ်ခါသုံးဓားတွေပေါ်မှာ သွေးခဏခဏပေတာ အောင်မြင်မှုအမှတ်တံဆိပ်တွေလား
အတွေးအခေါ်တွေ လက်ခေါက်ဝတ်ပြီး ဆုံလည်ကုလားထိုင်ပေါ်မှာ ကျကျနန
အစွယ်ထွက်ရမယ့်အစား မုတ်ဆိတ်မွေးတွေ ထွက်ထွက်လာလို့ ရိတ်ပေးပါဦး
ကတ်ဆက်ပိတ်လိုက်ပါလား မင်းတို့မှာလည်း ပါးစပ်ရှိတာပဲ အော်ဆိုပေါ့
ဟိုဘက်ခုံ လူမလာသေးရင် ငါ့အရေခွံ့လေး ခဏချွတ်တင်ထားပါရစေ
ဒါမှ စိတ်လွတ်ကိုယ်လွတ် ညှပ်စမ်း ခေါင်းပေါ့သွားအောင် ညှပ်စမ်း
ဆေးမှာပေါ့ အရယ်အမုန်းတွေ ပျောက်သွားတဲ့အထိ ငါ့မျက်နှာကိုဆေး
မျက်စိမှိတ်ထားမယ် အားလုံးပြီးမှငါ့ကိုနှိုး မှန်ထဲမှာ
ကိုယ့်မျက်နှာကိုယ်ပြန်မြင်ရတာရှက်လို့။
မြေမှုန်လွင်



ဝိရောဓိပြပွဲ

ရင်နဲ့ရင်းခဲ့ရတဲ့
ပန်းပွင့်တွေကြွေသွားတော့
လက်တစ်ဆုပ်စာ အိပ်မက်လေးတောင်
ပျိုးထောင်ဖို့ ငါ့ရင်ခွင်ရာသီတွေ
လန်းဆန်းမလာခဲ့ကြဘူး
တွယ်ရာမဲ့ လမ်းပေါ်
ဆောင်းခိုငှက်အိပ်ရေးပျက်လို့
သာမန်ကာ ပြုံးပြတတ်တဲ့လူ့အန္ဓတွေ
လွမ်းရမှာရှက်လိုက်တာ။
ရိုးရိုး


အိမ်ပြန်ချိန်
ရထားတွဲတွေ တစ်တွဲနဲ့တစ်တွဲ ချိတ်ဆက်ထားပုံက
ပျော်ရွှင်မှုတွေ ချိတ်ဆက်ထားသလိုပဲ
ပေါ့ပါးလွတ်လပ်မှုနဲ့ ရထားပေါ်ခုန်တက်လိုက်စဉ်
ဘူတာရုံလေးဟာ လက်ပြနှုတ်ဆက်လို့
ရထားခုန်သံတွေလို နှလုံးခုန်သံတွေဆူညံသွား
ရထားပြတင်းပေါက်လေးဆီ မျှော်အငေးမှာ
ရှုမျှော်ခင်းတွေလို မြို့ပြမွန်းကျပ်မှုတွေ
တစ်ခုပြီး တစ်ခု ပြုတ်ကျ ကျန်ရစ်ခဲ့
ရွေ့နေတဲ့ ရထားပေါ်ကနေ
အပြင်းစား သတိရစိတ်တွေကို
နွေးထွေးတဲ့ အမေ့အိမ်လေးဆီ စိတ်ကူးနဲ့
ခဏခဏ တွန်းရွှေ့နေမိတော့တယ်။ ။
သုမင်းညို


ချစ်သောမြွေမလေး
ငါ့ကိုနမ်းနိုင်မလား
ရင်ခုန်နေတဲ့မြွေဟောက်လေးလို . . .
ချစ်သူရှေ့မှာငါ . . လျှာထုတ်ပြမိတယ် . . .
လျှာနှစ်ခွဖြစ်နေလား အချစ်နှစ်ခွဖြစ်နေတာလား
သူရယ်လိုက်ရုံနဲ့ပဲ အဆိပ်တက်တက်လာတယ် . . ငါ့ကိုမလှောင်ပါနဲ့ကွယ် . . .
လှောင်အိမ်နဲ့လည်းမလှောင်နဲ့ အပြုံးနဲ့လည်းမလှောင်ပါနဲ့ . . .
ငါက မင်းရှေ့မှာ အဆိပ်ထုတ်ထားတဲ့ အဆိပ်ထုပ်ပါ . . .
ငါ့ရင်ခုန်သံက ရေမြွေတွန်သလို . . .
မင်းငါ့ကိုရင်မခုန်ရင်တောင်
ရင်ခုန်နေတဲ့ငါ့ကိုမလှောင်ပါနဲ့ . . .။
………..(မြွေမလေးရယ်သံ). ……………..

စိမ်းမြနေတဲ့မြက်ခင်းလေးမှာ ….
ငါမင်းကိုပေါက်သတ်ချင်လိုက်တာ ………
အသည်းယားနေတဲ့မြွေဟောက်လို အံကြိတ်မိတယ်……..
ချစ်စရာကောင်းလွန်းတာကို
ငါဒီထက် မဖွဲ့တတ်တော့ဘူး……
ငါမှာ အရည်ခွံလဲထားတဲ့မေတ္တာနဲ့ …… အရည်ခွံလဲမရတဲ့ လွမ်းဆွတ်မှုရှိတယ်…
ငါ့ကို မနမ်းရင်တောင် မျက်စောင်းမထိုးပါနဲ့ …….
ငါကမင်းနှလုံးသားရဲ့ မျက်စောင်းထိုးမှာနေနေရတာ မွန်းကြပ်လို့ပါ ……
…………(မြွေမလေးရယ်သံ) ……….

ငါတွန်နေတာ ချစ်လို့ပါ …….
ငါပါးပျဉ်းခွက်နေတာကို မကဲ့ရဲ့ပါနဲ့ ……….
ငါ့အချစ်တွေ ပြားကပ်နေတယ်လို့ မပြောလိုက်ပါနဲ့ ………..
ငါယိမ်းနေတာ ချစ်လို့ပါ …….
ငါအယူတိမ်းပြီး ယိမ်းနေတာမဟုတ်ဘူး ………
အသည်းကွဲပုလွေသံလည်း ငါမကြားချင်ဘူး
မင်းငါ့ကို မနမ်းရင်တောင် မနမ်းခင်ပြုံးလိုက်သလို ပြုံးပြပါလား ………
…………..(မြွေမလေးရယ်သံ) ………

ငါ ဟာဖြေဆေးထိုးထားတဲ့ အဆိပ်ပြင်းပြင်းမြွေပါ
ငါ့ကိုမနမ်းရင်တောင် ………. မင်းထွက်မပြေးပါနဲ့ ……..
ငါ့ကိုမနမ်းရင်တောင် မင်းဝင်မပြေးပါနဲ့ ……..
ငါ့ကိုပေါက်မယ်ဆိုရင်တောင် မင်းမမဲ့လိုက်ပါနဲ့ ………..
ငါ့ကိုပေါက်မယ်ဆိုရင်တောင် မင်းမမဲ့ပြန်ပါနဲ့ …………..
ငါဟာ မြွေယောင်ဆောင်ထားတဲ့ မြွေယောင်ယောင်ပါ ………..
အဲဒီလိုမင်းမြင်ရင်တောင် ငါ့ကိုမင်းမမြင်ဘူး ……….
ငါတို့ နှလုံးသားမှာ အမြေးပါးတစ်ခုခံနေတယ် ………
မင်းငါ့အချစ်ကို မမြင်သေးသရွေ့……….
တွေ့သမျှအရိပ်တွေ ငါပေါက်သတ်မယ် ………..
တွေ့သမျှငါပေါက်သတ်နေတာ အရိပ်တွေ့လို့ မင်းရယ်မနေပါနဲ့
ငါ့ကိုမနမ်းရင်တောင် ………..။
………… (မြွေမလေးရယ်သံ) …………..

ငါဟာ ခပ်တုံးတုံး မြွေတစ်ကောင်ပါ ……..
မင်းရဲ့အနမ်းကို ပခြုပ်လိုယက်ပြီး ………..
တစ်သက်လုံးဝင်ခွေနေချင်တာ တစ်ခုတည်းနဲ့၊
ငါ့ကိုမရယ်လိုက်ပါနဲ့ ………..
ငါ့ကိုမရယ်သွားပါနဲ့ …………….
ငါ့ကိုမရယ်ပြေးပါနဲ့……………
……….
…………….(မြွေမလေးရယ်သံ) …………

ချစ်သောမြွေမလေးရေ ……….
ငါ့ကိုမနမ်းရင်တောင် ………
ငါကမင်းကိုချစ်နေတာကို
မင်းငါ့ကိုပြန်မချစ်တာနဲ့
မချေလိုက်ပါနဲ့ ……….
ချစ်သောမြွေမလေးရေ ………
ငါ့ကိုမနမ်းရင်တောင် …... ………. ……….။
………….(မြွေမလေးရယ်သံ) ………..
………….(မြွေမလေးရယ်သံ) ……….
Zephyr

နှစ်ပတ်အလို  

Posted by IDEA MAGAZINE


နှစ်ပတ်အလို


အခန်း(၁)
အချို့သောလက်နက်တွေဟာ
ရည်ရွယ်ပစ်ခတ်လိုက်တဲ့ ပစ်မှတ်တစ်ခုသာ
ပြိုလဲသွားစေခဲ့တယ်။
အချို့သောလက်နက်တွေဟာ
ပစ်မှတ်အနားက မဆိုင်တဲ့အရာတွေကိုပါ
ပြိုလဲသွားစေခဲ့တယ်။
လက်နက်မဟုတ် . . ပါပဲနဲ့ ……..
“စာ” တစ်စောင်ကြောင့်
ရာဂဏန်းလောက်ရှိတဲ့
မိသားစုရဲ့ဘ၀တွေ
ပြိုလဲသွားခဲ့တယ်ဆိုရင် ………
ယုံနိုင်ပါ့မလား။
ဘဏ်မှပို့လိုက်သော Notice (နို့တစ်) စာကိုဖတ်ရင်း “သြရသ”ရဲ့ လက်များ တဆတ်ဆတ်တုန်နေသည်။
မေးကြောကြီးများထောင်နေအောင် အံကိုတင်းတင်းကြိတ်ထား သည်။ ကောင်းကင်မှာ ပုံသဏ္ဍန်အတိအကျမရှိသော တိမ်စိုင်တစ်ခုသည် လမင်းရှေ့မှ ဖြတ်ပြီး ၊ လေနှင်ရာအတိုင်းရွေ့လျားနေသည်။
သြရသသည် ကောင်းကင်ကိုမော့ကြည့်နေသော်လည်း …
သူ့မျက်လုံးများက အဆုံးအစမရှိတဲ့တစ်နေရာကိုရောက်နေသည်။
ညာလက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ပြီး ၀ရံတာ လက်ရမ်းပေါ်တင် ထားသည်။ ကျန်လက်တစ်ဖက်က ဖတ်ပြီးသားနို့တစ်စာကို ခပ်တင်းတင်းဆုပ် ထားသည်။
စာထဲမှာပါတဲ့အကြောင်းအရာများက …….
အဓိပတိပုဂလိကဘဏ်မှ နောက်ဆုံးအကြိမ်အကြောင်းကြားစာဟု ခေါင်း စဉ်တပ်ထားပြီး၊ ထိုဘဏ်မှ ပေါင်ထားသည့်“မြတ်တော်ဝင်”မိသားစုပိုင် အထည် ချုပ်စက်ရုံကို နှစ်ပတ်(၁၄-ရက်) အတွင်း၊ ပေးရန်ကျန်ရှိနေသော အတိုးငွေများ တကွ၊ ပြန်လည်ရွေးယူခြင်းမပြုနိုင်ပါက၊ စက်ရုံနှင့်စက်ရုံပစ္စည်းများအားလုံး၊ မြေ ပေါ်ရှိ အဆောက်အဦးများကို ချိတ်ပိတ်သိမ်းယူမည်ဖြစ်ကြောင်း ရေးသားထား သည်။
  

သြရသသည် သက်ပြင်းရှည်တစ်ခုကိုချရင်း၊ ခေါင်းကို ဖြေးညှင်းစွာခါ လိုက်သည်။ အသက်ကိုဝအောင်ရှုပြီး၊ လမင်းဆီသို့ အားကိုးတကြီးမော့ ကြည့် လိုက်သောအခါ ……..
ကောင်းကင်တွင်တောက်ပနေသောလမင်းကို၊ တိမ်တစ်ဆုပ်က ဖုံးအုပ် လိုက်သည်။
လမင်းအလင်းပျောက်သွားသည်။
ကြယ်များကိုလည်း အားကိုးလို့ရမည်မထင်ပါနှင့် …..
တစ်မိုးလုံးကို တိမ်တွေက မင်းမူလို့ အလင်းစက်မမြင်ရအောင်
ပျောက်နေရှာသည်။
လရောင်ပါးပါးထိနေသည့် တိမ်စိုင်ခဲများပေးတွင်တော့
အလင်းရောင်ဖျော့ဖျော့ကျနေသည်။
  

“သြရသဆိုတဲ့ကောင်က” ……..
မဖြစ်စလောက် အလင်းရောင်ဖျော့ဖျော့လေးကျနေမယ့်အစား
ပိန်းပိတ်အောင်မှောင်နေတဲ့ …….
“အမှောင်” ကို ပိုကြိုက်တယ်” ဟု တွေးရင်း …….
ကောင်းကင်ကိုမော့ကြည့်နေသည့်မျက်လုံးများကို မှိတ်ချလိုက်သည်။ သူသည် ထိုအမှောင်ထဲတွင်ပင်၊ အမှောင်ဆုံးအပိုင်းကို ………
ဆက်လက်ရှာဖွေနေပုံရသည်။
  

မှောင်နေသောညတွင် ……..
မဲနေသည့်တိမ်များပြိုကျပြီး ………
မိုးသည်းသည်းရွာချသည်။

ပြတင်းပေါက်မှန်များဆီသို့ မိုးစက်များ ခပ်ပြင်းပြင်းလာထိနေသည်။
လျှပ်စီးများတစ်ချက်၊ တစ်ချက်ပြက်လိုက်သောအခါတွင်မှ အလင်းရောင် ကြောင့် ပြတင်းပေါက်ကိုကျောပေးထို်နေသည့် လူတစ်ယောက်ပုံသဏ္ဍန်ကို မြင်ရသည်။
ထိုလျှပ်စီးအလင်းရောင်နောက်က၊ မိုးချုန်းသံသည် လူတစ်ယောက် ကို လန့်သွားလောက်အောင် ကျယ်လောင်လွန်းလှသည်။
သို့သော် ……. ပြတင်းပေါက်အနီးတွင် ထိုင်နေသော သီဟလတ် ကတော့ …. မိုးချုန်းသံကို မကြားသလိုငြိမ်သက်နေသည်။
သူသည် သူတွေးနေသည့် အတွေးထဲမည်မျှနက်ရှိုင်းစွာ ၀င်ရောက်နေ သည်မသိ။
ကျယ်လောင်သောမိုးချုန်းသံက၊ သူ့အားတုန်လှုပ်အောင် မလုပ်နိုင်ခဲ့ချေ။ သူသည်နဖူးကြောတွေ ထောင်နေအောင်စဉ်းစားနေသည်။
မျက်မှောင်ကို ကျုတ်၍တစ်စုံတစ်ရာကို အလေးအနက်တွေးနေပုံရသည်။
သူ့လက်ထဲတွင် ဘဏ်မှပို့လိုက်သော နို့တစ်စာကို သေသပ်စွာခေါက် လျက်ကိုင်ထားသည်။
သူသည်ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်နေသော်လည်း။
သူ့အတွေးများက လေ၏အလျင်လိုဖြန့်ကျက်နေလေသည်။
  

ဒီပြဿနာကို နှစ်ပတ်အတွင်းမှာ မရှင်းနိုင်ရင် …..
အဆိုးဆုံးအခြေအနေက ဘာဖြစ်နိုင်သလဲ။
အဲဒီအဆိုးဆုံးအခြေအနေကို ဘယ်လောက်ခံနိုင်ရည်ရှိမလဲ။

ဒီကိစ္စကိုဘယ်နည်းနဲ့မှ မေမေသိလို့မဖြစ်ဘူး။
နှလုံးရောဂါကြောင့် အိပ်ရာထဲလဲနေတဲ့ မေမေသာသိသွားရင် …….
ဒီကိစ္စကို မေမေ မသိအောင်ရော၊ တကယ်ပဲဖုံးနိုင်ပါ့မလား။ ….?

အထည်ချုပ်စက်ရုံကြီးသာ တကယ်လို့ ချိတ်ပိတ်ခံလိုက်ရရင် …….
စက်ရုံအပေါ်မှီခိုအားထားဝန်ထမ်းတစ်ရာကျော်နဲ့ သူတို့ကို မှီခိုနေကြတဲ့
သူတို့ မိသားစုတွေရဲ့ ….စား၊၀တ်၊နေ၊ ရေး . .နဲ့ . .အသက်ရှင်ရပ်တည်မှု

မေမေ့ရဲ့ နှလုံးရောဂါကို ……
အချိန်မှီစက်တပ်၊ အစားထိုးပြီး မကုနိုင်ဘူးဆိုရင် …….
“နှစ်ပတ်” သာ အသက်ရှင်ခွင့်ရတော့မယ် မေမေရဲ့ကျန်းမာရေး၊ …

စီးပွားရေးသမားတိုင်းကပ်ဆိုက်နေတဲ့အခြေအနေ။
မြောက်မင်းကိုလည်း တောင်မင်းက မကယ်နိုင်သေးတဲ့ကာလမှာ …
ဒုက္ခရောက်နေတာကို မမြင်ချင်ယောင်၊ မသိချင်ယောင်ဆောင်သွားရမယ့် အဖြစ်…….

“နှစ်ပတ်”ဆိုတဲ့အချိန်အတွင်းမှာ …..
ငွေသိန်းပေါင်းထောင်နဲ့ချီပြီး ရှာဖို့ဆိုတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး၊ ဆိုတာလည်း သေချာနေပါပြီ။
  

ကဲ . . ဘယ်လိုစဉ်းစားသင့်သလဲ …
ဘာကို “ဗဟို” ပြုပြီး စဉ်းစားသင့်သလဲ။
အချိန်လား ………
အဖြစ်အပျက်လား …..
အခြေအနေလား ……..
ရလာဒ်လား ………
လူလား ………
ငွေလား ……..
ဂုဏ်သိက္ခာလား ………
ကျန်းမာရေးလား …….
လူဘယ်နှစ်ယောက်ကို ကိုယ်စားပြုမှာလဲ ……..
အများနဲ့တစ်ယောက် …….လား၊
တစ်ယောက်နဲ့အများ ……..လား၊
…………….. စသဖြင့် ………
“သီ …..ဟ …….လ ……တ်” ……. တွေးနေဆဲမှာပဲ။
အပြင်မှာ မိုးကလည်းသည်းနေဆဲ ဖြစ်သည်။
လျှပ်စီးများက လက်နေစဲ။
“နှစ်ပတ်” ကြာလျှင် ပေါက်ကွဲတော့မည်၊ အချိန်ကိုက်ဗုံးတစ်လုံး၏ စနက်တံကို ဘယ်လိုအရာနဲ့ပြက်၊ တောက်၊ ပြုတ်ထုတ်နိုင်မည်နည်း။
အပြင်မှာ မိုးချုန်းသံသည်၊ သီဟလတ် ရင်ခုန်သံလောက် မကျယ်လောင် နိုင်ချေ။
ယခု ပြဿနာ၏အမှန်ကန်ဆုံးထွက်ပေါက်ကို တွေ့အောင်မရှာနိုင်ခဲ့ပါ လျှင် …..
ပြတင်းပေါက်မှန်ပေါ်သို့ ကျနေသည့်မိုးစက်များကဲ့သို့ ….
နောက်ဆက်တွဲဆိုးကျိုးများ …… အဆက်မပြတ် ……..ကျလာမည်ဆို သည်ကို ကြိသိနေပါသည်။
  

ကယ်တင်ရှင်နတ်မင်းအပေါင်းတို့ ခင်ဗျား ….
ကောင်းကင်ပေါ်က ကြမ္မာဆိုးမိုးတိမ်တွေကို …….
လေပြင်းတစ်ချက်လောက်မှုတ်ပြီး ……..
ဖယ်ရှားပေးတော်မူပါ။
“တိမ်” တွေရှင်းသွားတဲ့အခါ ……..
ကောင်းကင်ထက်က ……..
“အမေ့” ရဲ့ ပြုံးနေတဲ့ မျက်နှာကို ……
မြင် …..ချင် ……..လွန်း ..လို့…..ပါ။
  

ညတုန်းက မိုးရွာထားသောကြောင့် နံနက်ပိုင်းထွက်လာသည်နေရောင် ခြည်အောက်တွင်၊ သစ်ရွက်ကလေးများသည် ငွေရောင်တဖျပ်ဖျပ်လက်နေကြ သည်။
သစ်ရွက်ကလေးများပေါ်တွင် ……
မိုးစက်ကလေးများရှိနေသလို ……
မြကြာမှုံ၏ပါးပြင်ပေါ်တွင် ……
မျက်ရည်စက်ကလေးများ ရှိနေသည်။
ညကတစ်ညလုံး မိုးတွေသည်းသည်း၊ ထန်ထန်ရွာခဲ့သလို ….
ညကတစ်ညလုံး မြကြာမှုံလည်း သည်းသည်းထန်ထန်ငိုခဲ့သည်။
မိုးရွာပြီးစ ကောင်းကင်သည်လှနေသလို ….
ငိုထားပြီးစ မြကြာမှုံရဲ့မျက်နှာကလေးသည်လည်း၊ ဖောင်းအစ်အစ်နှင့် ချစ်စရာကောင်းနေသည်။
နှလုံးကိုစက်တပ်ပြီး၊ အစားထိုးမကုသနိုင်လျှင် နှစ်ပတ်သာနေခွင့်ရတော့ မည့် သူ့မိခင်၏မျက်နှာကို တစ်ညလုံးထိုင်ကြည့်ရင်း ငိုခဲ့ရခြင်းဖြစ်သည်။
  

“မျက်ရည်ကျမှငိုတာဆိုရင် ………..
မေမေဟာ ဖေဖေ့အတွက် ဘယ်တုန်းကမှ …. မငိုခဲ့ဘူးသူပေါ့။
မျက်ရည်မကျပေမယ့်လည်း၊ ငိုနေနိုင်ပါတယ်လို့ လက်ခံရင်တော့……..
မေမေဟာ…… ဖေဖေ့အတွက်…….ရင်ကွဲနာကျင်အောင် ငိုခဲ့သူပေါ့….”
  

ကျွန်မဆယ်တန်းအောင်တဲ့နှစ်မှာဘဲ …. ဖေဖေဆုံးခဲ့တယ်။
အဲဒီအချိန်ကစပြီး ….. မေမေဟာ အိပ်ရာထဲလဲခဲ့တယ်။
“နှစ်”နှစ်တောင်ရှိသွားပြီ။
မေမေ့နဲ့ဖေဖေဟာ ငယ်လင်၊ ငယ်မယားတွေဖြစ်လို့ သိပ်ချစ်ကြတယ်။
ဖေဖေဆုံးတော့၊ မေမေဟာ မျက်ရည်တစ်စက်တောင် မကျခဲ့ဘူး။
ဘာလို့လဲသိလား။…….
ဖေဖေက မေမေ့ကိုမှာခဲ့တယ်။
တို့နှစ်ယောက်ချစ်သူစဖြစ်ကတည်းက၊ အခု . . .၊ အချိန်အထိ . . .
ကိုယ့်ကြောင့် မင်းမျက်ရည်မကျဘူးရအောင်၊ ကိုယ်ထားခဲ့တယ် . . တဲ့။
နောက်ဆုံးအချိန်ရောက်တော့မှ ကိုယ့်ကြောင့်မျက်ရည်မကျစေချင်ဘူးတဲ့၊
ကိုယ့်အချစ်ကို အသိအမှတ်ပြုတယ်ဆိုရင်၊ မငိုပါနဲ့ . . .တဲ့
မေမေဟာ . .ဖေဖေဆုံးကတည်းက အခုထိ မျက်ရည်တစ်ပေါက်တောင် မကျခဲ့ဘူး၊
အဲဒီလိုနည်းနဲ့မေမေက ဖေဖေ့ကိုဘယ်လောက်ချစ်ကြောင်း သက်သေပြ ခဲ့တယ်။
မေမေဟာ အပြင်ဘန်းမှာတော့ ပုံမပျက်နေနိုင်ခဲ့ပေမယ့်၊ ……..
မေမေ့နှလုံးသားဟာ ဘယ်လောက်နာကျင်ခဲ့သလဲဆိုရင် …….
ရပ်တန့်၊ ပျက်စီး၊ ကြွေကျသွားဖို့ “နှစ်ပတ်” ပဲလိုတော့တယ်တဲ့လေ။……
ကျွန်မ….မေမေ့….. ကို သနားလိုက်တာ…….
မေမေ့ကိုယ်စား ကျွန်မဘဲ အဲဒီဝေဒနာတွေကို ခံလိုက်ချင်ပါတယ်။
ကျွန်မ ….မေမေ့ကို မစွန့်လွှ့တ်ပါရစေနဲ့ ………
“အမေ” အိပ်ရာထဲမှာဘဲ လဲချင်လဲနေပါစေ ………
ဒီလောကကြီးထဲမှာ “အမေ” ရှိနေသေးတယ်ဆိုတဲ့ အသိနဲ့ …….
ကျွန်မဟာ အရာရာကို ရင်ဆိုင်နိုင်တဲ့ ခွန်အားတွေရနေပါတယ်။
  

 အမေ……..
အပြင်ဘက်မှာ……..
ပန်းကလေးတွေဟာ………..
မိုးရေစက်ကလေးတွေနဲ့ ထိတွေ့နေရလို့ ……….
လန်းဆန်း၊ လှပ၊ နေကြတယ် ……… အမေ….။
 မိုးမရွာခင်တုန်းက…….
အဲဒီပန်းကလေးတွေဟာ………
အပူရှိန်ကြောင့် နွမ်းနေကြတယ် …….လေ။
 အချိန်မီသာ မိုးမရွာခဲ့ရင်
အဲဒီပန်းကလေးတွေဟာ……
နွမ်းပြီး၊ သေသွားကြမှာ……..
အမှန်ပါပဲ ………။
  

သြရသ……..
သီဟလတ်……….
မြကြာမှုံ………..
သုံးယောက်စလုံး၊ တိတ်ဆိတ်နေကြသည်။…….
  

ပထမဆုံး စကားသံ သီဟလတ်ထံမှထွက်လာသည်။
“အဓိပ ပြဿနာက “အချိန်” ပဲ။
ပထမဦးစားပေးစဉ်းစားရမှာက တို့သုံးယောက်စလုံးရဲ့ တစ်ဦးတည်း သော……… “အမေ ”…..ပဲ။ အမေရဲ့ ကျန်းမာရေး။……
ဒုတိယဦးစားပေးစဉ်းစားရမှာက…….. စက်ရုံ….နဲ့….စက်ရုံကို မှီခိုနေတဲ့… အလုပ်သမားတွေပဲ”
ဒုတိယစကားသံကတော့ သြရသဆီကထွက်လာတယ်။
“င့ါ…အတွက်ကတော့…….
ပထမဦးစားပေးရော၊ …ဒုတိယဦးစားပေးရော….. နောက်ထပ်ဦးစားပေး ရော
အမေ . . ပဲ။
အလုပ်သမားတွေဆိုတာ …….အလုပ်ရှင်ရှိမှ အလုပ်သမားရှိမှာ…..
တို့…..ငယ်ငယ်ကတည်းက၊ ကျောင်းမှာသင်ဖူးပါတယ်။….ဘာတဲ့…..
မိမိကိုယ်ကို….ကောင်းအောင်ကြိုးစားမည်။
မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်။
မိမိ……..ကျောင်းကို……..
မိမိ……….တိုင်းပြည်ဆိုတာတောင်နောက်ဆုံးမှကွ။
မိမိကိုယ်……..မိမိ……မကောင်းဘဲ။
ဘယ်သူ့ကိုမှ ကယ်တင်လို့မရဘူး၊
သူများကို ကယ်ချင်ရင်…ကိုယ့်ကိုယ်ကိုကောင်းအောင်အရင် ကြိုးစား ရတယ်။
အေး….မင်းပြောနေကျ…..စကားနဲ့ဆိုရင်တော့….ဒါဟာ……
မိမိကိုယ်……..မိမိ……ဗဟိုပြုစဉ်းစားနည်းဖြစ်ချင်ဖြစ်လိမ့်မယ်
သီဟ…. ငါ့မင်းလောက်ပညာမတတ်ပေမယ့်၊ ငါ ….စဉ်းစားတာက အဲဒါ …ပဲ။”
မြကြာမှုံကတော့ အငယ်ဆုံးပီပီ၊ မျက်တောင်ကိုပုတ်ခတ်၊ ပုတ်ခတ်လုပ် ရင်း၊ လက်သည်းလေးကို ကိုက်၍အစ်ကိုနှစ်ယောက်ကိုငေးကြည့်နေသည်။ သီဟက ခေါင်းကို ဖြေးညှင်းစွာညိမ့်ရင်း၊ ပြောသည်။
“ကိုကြီးပြောတာလည်း….မှန်ပါတယ်
အဓိက . . က နှစ်ပတ်..ဆိုတဲ့၊ အချိန်….ပဲ။…မေ့မေ့ကို ကျွန်တော်စီစဉ် ထားတဲ့အတိုင်း…ဘန်ကောက်မှနှလုံးစက်၊ အစားထိုးမယ်၊ မေမေ….စိတ်ချရပြီ ဆိုတာနဲ့၊ စက်ရုံကိုပြန်ရွေးရယ်၊ Exportလုပ်ထားတဲ့၊ အထည်ဘိုးတွေ…ရရင်၊ နောက်ထပ်နည်းနည်းရှာပြီး၊ စက်ရုံကိုဘဏ်က ရွေးလိုက်ယုံပဲ။ အဲဒီအတွက် … အနည်းဆုံး….အချိန်နှစ်လ….လိုမယ်၊ နှစ်ပတ်နဲ့တော့ မဖြစ်နိုင်ဘူး”
သြရသက သက်ပြင်းရှည်ကြီးကိုချရင်း၊ မတ်တပ်ထရပ်လိုက်ပြီး၊
“အေးလေ…ဒါဆိုလည်း….ဘဏ်ဥက္ကဌဦးကြီးမြင့်ဆီမှာ၊ နောက်ဆုံးအကြိမ် အဖြစ်၊ အချိန်ရွေ့ပေးဖို့ မေတ္တာရပ်ခံရတော့မှာပေါ့…..၊ ဒါပဲ….မဟုတ်လား”
သီဟလတ်က ပြတင်းပေါက်လိုက်ကာကို ဖယ်၍ သံပန်းပေါ်လက်ထောက် ပြီး၊ အပြင်သို့ငေးရင်း၊ ပြောသည်။
“ကျွန်တော်လည်း အဲဒါကိုစဉ်းစားနေတာပဲ …..ကိုကြီး
လာမယ့်….ဧပြီ…လဆန်းဆိုတာ၊ ဘဏ်နဲ့ပတ်သက်တဲ့ စာရင်းအားလုံး ပိတ်ရတဲ့အချိန်၊ ….ဗဟို….ဘဏ်နဲ့ ဆက်သွယ်ပြီးလုပ်ထားတဲ့စာရင်းတွေကို ရှင်း ရတဲ့အချိန်ဖြစ်နေလို့ ကိုကြီးပြောသလို ဖြစ်နိုင်ပါ့မလား…လို့ စဉ်းစားနေတာ”
သြရသက ချက်ချင်းပြန်ပြောသည်။
“တခြားလမ်းမှ ရွေးစရာမရှိတာ၊ မဖြစ်လည်း ဖြစ်အောင် လုပ်ရမှာဘဲ…. မဟုတ်လား”
တစ်ချိန်လုံးလက်သည်းကိုက်ပြီးငြိမ်နေတဲ့ မြကြာမှုံလေးဆီက စကားသံ ထွက်လာသည်။
“မေမေ့ …ကျန်းမာရေးကို အကြောင်းပြပြီး၊ အချိန်တာင်းကြည့်ပါလားဟင်၊ သူတို့မှာလည်း အမေရှိတာဘဲ၊ အမေချင်းကိုယ်ချင်းစာတတ်မှာပါ။
ပြီးတော့ ….ဒါဟာ……လိမ်နေတာမှ မဟုတ်ဘဲ၊ တကယ်ဖြစ်နေတာလေ”
သီဟလတ်…က၊ မြကြာမှုံလေးကို ကလေးတစ်ယောက်လို့ကြည့်ရင်း၊
“မေမေ့…ကိစ္စဟာ၊ လူမှုရေးအရတင်ပြလို့ပဲရမယ်။ ဒါဟာ…တစ်ကယ် တော့ တို့မိသားစုရဲ့Personal ကိစ္စပဲ၊
ဘဏ်….ဥပဒေနဲ့တော့ အကျုံးမ၀င်ဘူး၊ ….မြလေးရဲ့”
သြရသက လက်မှနာရီကိုကြည့်ရင်း
“ကဲ . . .အချိန်မရှိဘူး၊ မြလေးလည်း…မေမေ့နားကိုပြန်တော့၊ကြာနေပြီ၊
ကိုကြီးလည်း ….ဦးကြီးမြင့်နဲ့တွေ့ဖို့ လုပ်ရဦးမယ်။
သီဟ . . လည်း၊ ဘန်ကောက်သွားမယ့် ကိစ္စအတွက်၊ ဆေးရုံကို သေချာ အောင်ဖုန်းဆက်ထားဦး”
သြရသကပြောရင်း၊ မြကြာမှုံခေါင်းကလေးပုတ်၍ နှုတ်ဆက်လိုက်သည်။ သီဟလတ်ကတော့ တစ်စုံတစ်ရာကို သတိရသွားပြီ။
“အော် . . .ကိုကြီး၊ မေ့နေလို့ …ဦးကြီးမြင့်မရှိဘူး၊ ပြည်ပခရီးသွားနေ တယ်၊ လကုန်ပြီးမှ ပြန်ရောက်လိမ့်မယ်၊
လောလောဆယ်တော့ …သူ့အလုပ်တွေကို၊ သူ့သားက တာဝန်ယူလုပ် ပေးနေတယ်။ ကိုကြီး ….ကျွန်တော်တို့ကိစ္စအတွက် တွေ့မယ်ဆိုရင် သူ့သား နဲ့ပဲတွေ့ရလိမ့်မယ်း”
သြရသ ခြေလှမ်းတွေရပ်သွားပြီး၊
“သူ့…..နာမည်က ဘယ်လိုခေါ်သလဲ”
သီဟလတ်ကဖြေသည်။
“အဓိပတိ”……တဲ့။
သြရသက ထူးခြားသည့်နာမည်ကို ပါးစပ်မှရွတ်ကြည့်လိုက်သည်။
“အ ….ဓိ ….ပ…..တိ…..”
မြကြာမှုံကတော့ အသံမထွက်ဘဲ၊ ပါးစပ်လှုပ်ရုံသာ ရွတ်ကြည့်နေသည်။
  

အခန်း(၂)
ကံကောင်းခြင်းဟာ အထီးကျန်ဆန်ဆန်၊
အဖော်မဲ့စွာ၊ နေတတ်ပေမယ့်……..
ကံဆိုးခြင်းတွေကျတော့…….
အဖော်အပေါင်း၊ အသိုင်းအ၀ိုင်းတွေနဲ့
အစုလိုက်၊ အဝေးလိုက် နေတတ်ကြတယ်…။
  

မေမေ ဆေးသွားကုရန် ရုံးကိစ္စတွေလုပ်အပြီး အပြန်၊ ကားပေါ်မှာ သီဟလတ်ထံသို့ စက်ရုံမန်နေဂျာကိုဘကျော်၏ ဖုန်းဝင်လာသည်။
ကိုဘကျော်၏အသံမှာ စိတ်လှုပ်ရှားခြင်းကြောင့် တုန်ရီနေသောအသံ ကို တတ်နိုင်သမျှထိန်းပြီး ပြောနေဟန်ရှိသည်။
“လွန်ခဲ့တဲ့ တစ်နာရီလောက်က၊ စက်ရုံကို၊ ကိုကိုကြီးလာသွားတယ်ဆရာ။ ကိုကိုကြီးအရက်တွေလည်း တော်တော်မူးနေတယ်ဆရာ၊ အဲဒီ…အချိန်မှာဘဲ နိုင်ငံခြားဖုန်းဝင်လာတယ်ဆရာ၊
ကျွန်တော်…..တို့ ပို့လိုက်တဲ့….ကွန်တိန်နာတွေအားလုံးကို….
နိုင်ငံတကာဖိအားပေးမှုကြောင့်…..
စီးပွားရေးပိတ်ဆို့မှုအစီအစဉ်အရ…..အကုန်ပြန်ပို့လိုက်တယ်……တဲ့။
ဒီကို ပြန်သယ်မယ်ဆိုရင်…. သဘောင်္နဲ့သယ်ယူခထပ်ပေးရမယ်တဲ့”
ကိုဘကျော်စကားကိုပီပီသသကြားရပါလျက်။ မကြားလိုက်ရသလို ထပ်မေးမိလိုက်သည်။ အမှန်တော့ . . .လက်မခံလိုခြင်းဖြစ်လိမ့်မည်ဟု ထင်သည်။
“ဘာ . . . .ဘာ ပြောတယ် . . .ကိုဘကျော်၊ ကျွန်တော့်ကိုပြန်ပြောစမ်းပါ”
သီဟလတ် . . .ကားကိုလမ်းဘေးချရပ်လိုက်ပြီး၊ ကားစက်ကိုပါသတ် လိုက်သည်။ လက်ကိုင်ဖုန်းမှ အသံချဲ့သောခလုတ်ကို ကျယ်လိုက်သည်။
ကိုဘကျော်ကလည်း၊ ပထမစကားအတိုင်း၊ လေသံအနိမ့်အမြင့်မရှိ ပြန် ပြောပြပါသည်။ ကိုဘကျော်၏စကားဆုံးသောအခါ၊ ထိုအကြောင်းအရာသည် အမှန်တကယ်ဖြစ်လာသည်ဆိုတာကို………
သီဟလတ်….လက်မခံချင်ဘဲ၊ လက်ခံလိုက်ရလေသည်။
ကိုဘကျော်ဆက်ပြောနေသော စကားလုံးများကိုတော့……….
ကြားတစ်ဝက်…….မကြားတစ်ဝက ……..ဖြင့်……. တစ်ပိုင်းတစ်စသာ…..
သီဟလတ် နားထဲသို့ ရောက်လာခဲ့သည်။
ထိုစကားလုံးများမှာ………
“ကျွန်တော်……သိသိချင်း၊ ဆရာဖုန်းကိုခေါ်တယ်။
ဆက်သွယ်မှုဧရိယာ……..၊
စက်ရုံကိုရောက်နေတဲ့ ကိုကိုကြီးကိုပြောလိုက်တော့………၊
…………………………….
အလုပ်သမားတွေက၊ ကိုကိုကြီးကို အထင်လွဲ………….၊
စက်ရုံတစ်ခုလုံးက ဆန္ဒပြနေကြပြီ……….
ဆရာ၊ ခုချက်ချင်းလားမှ……………..
အခြေအနေမကောင်း……………..”

“ကျွန်တော်………အခုလာနေပြီ……
ကိုဘကျော်…………ဆယ်ငါးမိနစ်အတွင်း ကျွန်တော်ရောက်မယ်။
အဲဒီအချိန်အထိ ဘာမှမဖြစ်အောင် ခင်ဗျား ခဏထိန်းထားပေးပါ”

သီဟလတ်သည် ကိုယ့်အသံကိုတောင်၊ ကိုယ်မမှတ်မိအောင်……..
မျော့တော့တော့၊ ခြောက်ကပ်ကပ်နိုင်လွန်းသည်ဟုထင်မိသည်။
မောင်မျိုးမင်း(ရင်တွင်းဖြစ်)
(ရှေ့လဆက်ဖတ်ပါ…..)


ခုံပိုင်ရှင်
(၃၃)လမ်းထိပ်ကို ကျွန်တော်ဝင်လိုက်တော့ မဲမဲလုံးလုံးနဲ့ပုံ့ပုံ့ ကြီး ထိုင်နေ တဲ့သူ့ကိုယ်လုံးကြီးကို အရင်ဆုံးသွားတွေ့ပါတယ်။ သူက အင်္ဂလိပ်လို ရေးထား တဲ့ စာအုပ်ကြီးတစ်အုပ်ကို သဲသဲမဲမဲကြီးကိုဖတ်နေပါတယ်။
ကျွန်တော်ဝင်ထိုင်တော့ သူက တစ်ချက်တော့မော့ကြည့်ပြီး စာကိုပြန်ဖတ် တယ်။ ကျွန်တော့်စိတ်ထင်အရတော့ စာပုဒ်မဆုံးသေးလို့ ဆက်ဖတ်နေတယ် ထင်တာပဲ။ ကျွန်တော်ဝင်ထိုင်တဲ့အတွက် သူ့မျက်နှာမဲမဲကြီးဝင်းပသွားတာကို ကျွန်တော်ဆိုတဲ့ငတိကလည်း သိတာပေါ့။
ကိုမျိုးသိန်းကို လက်ဖက်ရည်တစ်ခွက်မှာရင်း စီးကရက်မီးညှိနေတုန်းမှာ ဘဲ ကိုယ့်ဆရာက “၀ှီး” ဆိုတဲ့ သက်ပျင်းကြီးကိုချပြီး စာအုပ်ကိုပိတ်တယ်။ ပြီး တော့ ရိုရိုသေသေပဲ သူ့လွယ်အိတ်ကြီးထဲကိုထည့်ပါတယ်။
“ကွာတယ်ဗျာ၊ ကွာတယ် ကွာတယ်”
သူပြောတဲ့ကွာတယ်ဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာကို ကျွန်တော်ရိပ်မိ ပါတယ်။ ဒီရောဂါမျိုးက အင်္ဂလိပ်လို ဖတ်တတ်တဲ့လူတွေမှာ ဖြစ်နေကျရောဂါပါ။
“International ကြီးတစ်ခုလုံးကို (၃၃) လမ်းထိပ်နဲ့ ခုခံမယ်ဆိုရင်တော့ ကွာတာပေါ့ ဆရာညိုရယ်”
“ဒီတစ်မောင်ရင်လွဲသွားပြီ (၃၃) လမ်းကြီးတစ်ခုလုံးကို International ကြီး ကခုခံနေရတာဗျ”
သူနဲ့ကျွန်တော် ပြိုင်တူရယ်လိုက်ကြတယ်၊ အဲဒီအချိန်မှာဘဲ ကိုမျိုးသိန်းရဲ့ တပည့်ကလေးက လက်ဖက်ရည်လာချတော့ သူက ကျွန်တော့်ကို မျက်လုံးကြီး ပြူးပြီးကြည့်တယ်။
“ဒီမှာမောင်ရင် Tea-Time က လွန်သွားပြီဗျ၊ အခုအချိန်က Party-Time အချိန်၊ ကျုပ်က နေလုံးကိုတောင်မှ ကြက်ဥဟပ်ဖရိုက်ကြော်လို့ ပြင်နေတာ…”
ကျွန်တော်တို့နှစ်ယောက် အားရပါးရရယ်လိုက်ကြပါတယ်။ သူဆိုလိုတဲ့ အဓိပ္ပါယ်ကို ကျွန်တော်သိတယ်လေ….။ နေညိုချိန်ဘာကလေးမှာ ဘ၀ကို အနား ပေးပါပေါ့ဗျာ။
“တစ်ခွက်တော့သောက်ပါရစေဦးဗျာ၊ ပြီးတော့ မောင်နိုင်ကိုပုံအပ်ဖို့ကို တင်ကိုအောင်က ပေးအပ်ထားတဲ့တာဝန်ကလည်းရှိသေးလို့ပါ”
“ကိုင်း….ဒါဆိုလည်း စိတ်လက်မကြည်သာစွာနဲ့ပဲခွင့်ပြုလိုက်မယ် သောက် စေဗျာ”
ကျွန်တော်လက်ဖက်ရည်တစ်ငုံ့သောက်လိုက် တွေ့သမျှလူတွေကို ကိုနိုး ကိုတွေ့သလားမေးလိုက်နဲ့ အဲဒီနေ့က ကိုနိုးမြို့ထဲ ထွက်ဟန်မတူပါဘူး။ ဒါမှ မဟုတ် ကိုယ့်ထက်စောအောင် နေညိုချိန် ဘားကိုရောက်နေတာလည်း ဖြစ်နိုင် ပါတယ်။
“မောင်ရင် ဒီညနေခင်းကို ကျုပ်ဘယ်သူ့ကိုမှလေလံ မပစ်တော့ဘူးနော်”
“မပစ်ပါနဲ့တော့ဗျာ၊ ကျွန်တော်ကန်ထရိုက်ဆွဲလိုက်ပါပြီ”
ဒီလိုနဲ့ ကျွန်တော်ရှာတဲ့ ပန်းချီဆရာကိုလည်းမတွေ့တော့ သေချာပြီမို့ လေဆန်ကုန်း မပိတ်ခင်မှာဘဲ ကျွန်တော်တို့ ထိုင်နေကျဆိုင်ကိုချီတက်ခဲ့ကြ တယ်။
ကျွန်တော့်လက်ထဲမှာ ကျွန်တော်တို့နှစ်ယောက်လောကကြီးကို အနိုင် ယူဖို့အတွက်တော့ လုံလောက်တဲ့ငွေကြေးပါ ပါတယ်။
ဆိုင်ထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ စီးကရက်မီးခိုးနဲ့ရယ်၊ အရှိန်ရနေကြပြီ ဖြစ်တဲ့ ၀ိုင်းအသီးသီးက စကားသံ တဝေါဝေါရယ်က ဆီးကြိုနှုတ်ဆက်ကြပါ တယ်။
ကျွန်တော် ၀ိုင်းတွေအားလုံးကို မျက်စေ့ကစားလိုက်တော့ ၀ိုင်းတိုင်း ၀ိုင်း တိုင်းလူပြည့်နေတော့ တော်တော်လေးစိတ်ပျက်သွားမိတယ်။ ဟုတ်တယ်လေ . . .အရက်သောက်တယ်ဆိုတော့….. ကိုယ့်ဝိုင်းနဲ့ ကိုယ့်ဂီတနဲ့ကိုယ့်စကားလုံးနဲ့ သီးသန့်မှကောင်းတော့မှာပေါ့။
ကိုယ်နဲ့လည်းမသိ၊ ရင်ခုန်သံချင်းလည်းမတူ၊ သူ့ဂီတနဲ့ ကိုယ့်ဂီတနဲ့ လည်းမတူတဲ့ဝိုင်းမှာ နှစ်ဖွဲ့စပ်သောက်ရရင် သောက်ရတဲ့အရက် ကိုယ်ကျိုးနဲ ရော ပေါ့။
“အကိုကြီး ဒီမှာ လူပြည့်နေပြီ၊ တခြားဆိုင်သွားမလား! ”
“မောင်ရင့်သဘောပဲလေ မောင်ရင်ကလေလံပိုင်ရှင် မဟုတ်လား”
ကျွန်တော်တို့ မတ်တပ်ရပ်လျက်က နေလှည့်အထွက်မှာ . . .
“နီကိုရဲ၊ ဟေ့…..နီကိုရဲ ”
ကျွန်တော့်နာမည်ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့….ကျွန်တော့် ကိုခေါ်တာ စာပေမိတ်ဆွေတစ်ယောက်ပါ။ သူ့ကို ကျွန်တော်တို့ နှစ်ယောက် စလုံးသိပါတယ်။ သိပ်အရင်းနှီးကြီးတော့ မဟုတ်ဘူးပေါ့ဗျာ။
သူထိုင်နေတဲ့ ၀ိုင်းကိုကြည့်လိုက်တော့ သူတစ်ယောက်တည်း….။ ဒါနဲ့ ကျွန်တော် ကိုညို့ကိုတစ်ချက်ကြည့်ရတယ်။ သဘောကတော့ ဒီမှာဘဲဝင်ထိုင် မလား! တခြားဆိုင်မှာဘဲ ထိုင်မလားပေါ့လေ…….။
“သူတစ်ယောက်တည်းဗျ၊ သူ့နဲ့ဆိုမဆိုးပါဘူး”
“မောင်ရင့်သဘောလို့ ပြောထားတယ်လေ”
ဒါနဲ့ပဲ ကျွန်တော်တို့ သူ့ဝိုင်းကို ၀င်ထိုင်ကြတယ်။
Rum တစ်ပိုင်းနဲ့ကြက်ဥမွှေကြော်တစ်ပွဲမှာတော့ …ခုံပိုင်ရှင်စာပေမိတ်ဆွေ က ပြောပါတယ်။
“ဒီဆိုင်က နံရိုးအကြွပ်ကြော်သိပ်ကောင်းတာကွ၊ အဲဒါပါ မှာလိုက်ကွာ…..”
ဒါနဲ့ကျွန်တော်လည်း နံရိုးအကြွပ်ကြော်ပေါ့လေ၊ ကိုယ့်ကသူ့ခုံကို ၀င်ထိုင် မိမှကိုး။ Rum တစ်ပိုင်းရောက်လာတော့ ၀ိုင်းဆရာကပဲ မာကာလုပ်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ခွက်အပြင် သူ့ခွက်ထဲကိုလည်းထည့်ပါတယ်။ ကျွန်တော်က ဘာပြောလို့ရတော့မှာတုံး။
First Cut ကို ချီးယားတောင်မလုပ်ဘဲ ရေနည်းနည်းရောပြီး ကိုညိုရော ကျွန်တော်ပါ တစ်ရှိန်ထိုးကစ် ပစ်လိုက်ကြတယ်။
ကစ်ပြီးတော့ သူမှာထားပြီး သူစားလို့ကုန်ခါနီးနီးဖြစ်နေတဲ့ အဖိုးကြီးသုတ် ထဲက လက်ဖက်လေးတစ်ဇွန်းကို ကျွန်တော်ရော ဆရာညိုပါစားလိုက်ကြရ တယ်။ ဟုတ်တယ်လေ…ကျွန်တော်တို့မှာတဲ့ အမြည်းတွေက ရောက်မှမရောက် သေးတာကိုး၊ ခုံပိုင်ရှင်ကလည်း သူ့ခွက်ထဲက လက်ဖက်ကို လက်နဲ့ပဲယူစား လိုက်တယ်။ ပြီးတော့ ကုန်လုလုလက်ဖက်ပန်းကန်ကို ကျွန်တော်တို့ဘက်တွန်း ပို့ရင်
“စားကြဗျာ၊ ကျွန်တော်က တစ်ဝိုင်းတည်းထိုင်ရင်၊ သူ့အမြည်းကိုယ့် အမြည်း မခွဲတတ်ပါဘူး၊ ဒါနဲ့ ဆရာမြသန်းတင့်ကို မောင်သွေးချွန်က ဝေဖန်လိုက် တာ ဖတ်ပြီးပြီလား”
ခုံပိုင်ရှင်ဆရာက ထိုသို့သော စကားဖြင့် အနုပညာနှင့်စာရေးခြင်း စားရေး ဆရာလောက စသည့်တို့ကို စတင်ဆွေးနွေးပါတယ်။ ကျွန်တော်တို့နှစ်ယောက် က တစ်ခွက်စီပဲ ကစ်ရသေးတော့ သူပြောသမျှကိုပဲ နားထောင်နေရတာပေါ့ ခင်ဗျာ။
ဒါနဲ့ …မဖြစ်ချေဘူး။ သူ့ကိုတော့ “မှီအောင်လိုက်မှဘဲ” ဆိုတဲ့ ဆုံးဖြတ် ချက်နဲ့ ကိုညို့ကိုကြည့်တော့ သူကလည်းသဘောတူပုံရတာနဲ့ ကျွန်တော်ပုလင်း ကိုယူပြီး ခပ်များများလေးထည့်ပြီး ပုလင်းကို ဆရာညိုဘက်ပေးလိုက်တော့ ဆရာညိုကလည်း ကျွန်တော်ထက်မနည်း ငှဲ့ချလိုက်ပြီးရေကိုပါးပါးထည့်၊ ရေခဲ တစ်တုံးထည့်ပြီး တစ်ရှိန်ထိုးကစ်ပစ်လိုက်ရော၊ ကျွန်တော်ကတော့ ရေခဲတောင် မထည့်တော့ပါဘူး။ ဟုတ်တယ်လေ။ ကျွန်တော်က အရက်အေးစက်စက်ကြီး ဆိုရင် မသောက်တတ်ဖူးမဟုတ်လား!။
ခုံပိုင်ရှင်ဆရာကလည်း သူ့ခွက်ထဲက လက်ကျန်ကိုရှင်းပစ်လိုက်ပြီး နောက်ထပ်တစ်ခွက်ငှဲ့ပြန်ပါတယ်။ ရေခဲတွေ ဘာတွေနဲ့စပ်ပြီးတော့ မသောက် သေးဘဲ သူ့ရဲ့ကုန်လုလုအဖိုးကြီးသုပ်ပန်ကန်းကို ကျွန်တော်တို့ဘက်ကို တွန်း လွှတ်ပါတယ်။ ပန်းကန်ထဲမှာက နှမ်းနဲ့မြေပဲနည်းနည်းကလေးပဲ ကျန်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ဒါကိုပဲ စားမိသွားတယ်။ မှာထားတဲ့ အမြည်း က မရောက်သေးတော့ရှိတာလေးပဲ၊ လျှာပေါ်ဖြတ်ပြေးရင် တော်ပြီဆိုတဲ့ သဘောမျိုးနဲ့ပါ။
“၀တ္ထုတိုတစ်ပုဒ်မှာ အကြောင်းအရာနဲ့ပုသဏ္ဍန်ဘယ်ဟာက ပိုအရေးကြီး တယ်လို့ ခင်ဗျားတို့ထင်သလဲ!”
“နှစ်ခုစလုံး အရေးကြီးတာပေါ့ဗျ”
ခုနက ကစ်လိုက်တဲ့ နှစ်ဖက်စာလောက်က စကားတွေကို ကျွန်တော် နှုတ်ခမ်းပေါ် တွန်းတင်ပေးလိုက်တယ်ဆိုတာကို ကျွန်တော်သဘောပေါက် သွား ပြီဆိုတော့ ဘာမှထပ်မပြောခင် ပုလင်းထဲမှာ ကျန်တဲ့လက်ကျန် လက်နှစ်လုံးစာ လောက်ကို အကုန်ထည့်ပြီး ရေပါးပါးထည့်ပြီ ထပ်ကစ်ပစ်လိုက်တယ်။
ခုံဆိုင်ရှင်ဆရာက ဘာမှမပြောဘဲ သူ့ရဲ့နှမ်းကလေးနည်းနည်းပဲရှိတော့ တဲ့။ အဖိုးကြီးသုတ်ပန်းကန်းကို ကျွန်တော်ရှေ့ကို ထပ်တွန်းပေးပြန်ရော…..။
“ဆရာညိုကရော အကြောင်းရာနဲ့ ပုံသဏ္ဍန်ဘယ်ဟာကို ဦးစားပေးရေး တတ်သလဲ!”
“ကျွန်တော်ကတော့ …. ဒီလိုပဲရေးတာပါပဲဗျာ”
“အဲဒါပြောတာပေါ့ဗျာ၊ အခု ကျွန်တော်တို့ဝတ္ထုတိုလောကမှာ အကြောင်း အရရော ပုံသဏ္ဍန်ရောတို့ပါဖျက်ပြီး စကားလုံးတွေနောက်ကို လိုက်နေကြ တယ်။ စာဖတ်ပရိသတ်ကို ဘာပေးချင်တာလဲ၊ ဘာပြောချင်တာလဲဆိုတာ မရှိ တော့ဘူး၊ ဟေ့….ညီလေး Rum တစ်ပိုင်းပေးဦးကွာ….. အမြည်းမှာထားတာ မလာသေးဘူးလား!”
“လုပ်နေပြီဆရာ၊ လာတော့မှာပါ”
“မင်းတို့ကိုပြောလိုက်ရင် လုပ်နေပြီ၊ ချက်နေပြီဆိုတာချည်းပဲ၊ ရေခဲ တစ်ပွဲနဲ့ Rum တစ်ပိုင်း အမြန်လုပ်”
“ဟုတ်ကဲ့……ဆရာ”
“အဲဒီတော့ဗျာ၊ ကျွန်တော်မြင်တာကတော့ ၀တ္ထုတိုခေတ်မဟုတ်တော့ဘဲ စကားလုံးခေတ်ကို ရောက်နေတယ်။ စကားပြေဆိုတာ မရှိသလောက်ဖြစ်သွားပြီ ဗျ”
“သူ့ခေတ်နဲ့သူတော့ အဆင်ပြေနေတာပဲ မဟုတ်လား! မြစ်တွေချောင်း တွေလိုပေါ့ဗျာ၊ ရေစီးကြောင်းဆိုတာ တစ်သမတ်ထဲ ဘယ်ရှိပါ့မလဲ၊ ပြောင်ချင် ပြောင်းသွားတာ့မဟုတ်လား”
အောင်မယ်… ဘယ်ဆိုးလို့တုန်း Rum သုံးပတ်လောက်ဝင်သွားတာနဲ့ ကျွန်တော့်ဦးနှောက်က မြူးပြီး သူ့ကို ပြန်ခုခံတဲ့ဘက်ကို အလိုလိုရောက်သွား တယ်။ ဆရာညိုကတော့ သူ့ဆေးပေါ့လိပ်ကို ဖင်ဆောင့်ပြီး ကုန်သွားတဲ့အရက် ပုလင်းကိုပဲ တွေတွေကြီးစိုက်ကြည့်ရင်း ဆေးပေါ့လိပ်ကို မီးညှိပါတယ်။ ဒါပေမယ့် ဆရာညို့ GAS မီးခြစ်က တော်တော်နဲ့ခြစ်မရဘူးခင်ဗျ။ GAS ကုန်ပြီးတဲ့ မီးခြစ်ကို ဘယ်နှစ်ကြိမ် GAS ပြန်ဖြည့်ထားတဲ့ မီးခြစ်လည်းတော့မသိဘူး။
အဲဒီမှာ ခုံပိုင်ရှင်ဆရာက သူ့မီးခြစ်ကိုခြစ်ပြီး လက်နဲ့ကာရင်းဆရာညိုရဲ့ ဆေးပေါ့လိပ်ကို မီးညှိပေးတယ်။
“ခေတ်ရေစီးကြောင်းကို ကျွန်တော်သိပါတယ်ဗျာ၊ ၀တ္ထုတိုင်း မကောင်းဖူး လို့ပြောနေတာမဟုတ်ပါဘူး၊ အချို့ဝတ္ထုတိုကလေးတွေ တော်တော်လေး ကောင်းပါတယ်၊ ဖတ်ရင်းနဲ့ ပါသွားတယ်ပေါ့ဗျာ၊ ဒါပေမယ့် ဇာတ်သိမ်းပိုင်းလည်း ရောက်ရော ကိုယ်တော်က လူနားမလည်အောင်လုပ်ချလိုက်ရော….ဆရာညို အဲဒီလို ၀တ္ထုမျိုးကို ဘယ်လိုထင်သလဲ! ”
ခုံပိုင်ရှင်ဆရာက စကားဝိုင်းထဲကို မ၀င်တဲ့ဆရာညို့ကိုအပါဆွဲခေါ်တယ်။ အဲဒီအချိန်မှာ Rum တစ်ပိုင်းနဲ့ ရေခဲတစ်ပွဲရောက်လာတယ်။ ကြက်ဥမွှေကြော် လည်းပါလာတယ်။ ကုန်သွားတဲ့ပုလင်းကို ပြန်ယူ၊ ရေခဲခွက်ကို ပြန်ယူ၊ ပုလင်း အသစ်ချ၊ ကြက်ဥမွှေကြော်နဲ့ ၀ိုင်းက ခဏအလုပ်ရှုပ်သွားလို့ပြောလက်စ စကား ခဏပြတ်သွားတယ်။ စားပွဲထိုးကလေးထွက်သွားတော့ ကိုညိုက ပုလင်းကိုယူပြီး တော်တော်များများထည့်ပြီး ရေနည်းနည်းပဲရောပြီး ကစ်ပစ်လိုက်တယ်။ ပြီးတော့ မှ ကြက်ဥမွှေကြော်တစ်ဇွန်းကို ကောက်ဝါးတယ်။ ဆရာညို့ကို ကြည့်ရတာ အခု မှ လင်းသွားသလိုပဲ။
“Rum က အပြားဆို မစစ်ဖူးဗျ၊ အတုတွေများတယ်။ အခုလို ပုလင်းကြီးကို တစ်ဝက်ခွဲမှာတာက စစ်တာ”
“ကောင်းပါတယ်”
“နံရိုးအကြွပ်ကြော်ကလည်း ခုထိမလာသေးဘူး၊ ခေါ်မေးလဲ လုပ်နေပါပြီ ပဲပြောဦးမှာဘဲ၊ အဲဒီတော့ ဆရာညိုရာ ၀တ္ထုကို ရိုးရိုးရေးရင် ရရဲ့သားနဲ့ မော်ဒန် ဆန်အောင်လုပ်ပစ်လိုက်တော့ ၀တ္ထုပျက်စီးမသွားဘူးလား!”
“ဟုတ်တယ်၊ ဆရာ့ Rum က စစ်တယ်ဗျ၊ သုံးခွက်ထဲ တော်တော်လေး လာတယ်”
“ဟုတ်တယ်၊ ကျွန်တော်လည်း ဆိုင်တွေစုံနေပြီ၊ ဒီဆိုင်က အမှန်ဆုံးပဲ၊ ဝေဖန်ရေးလည်းရှိရမယ်ဗျ၊ အခုခေတ်မှာ ဝေဖန်ရေးဆိုတာ မရှိသလောက်ဖြစ် သွားပြီ၊ ဝေဖန်ရေးမရှိတော့ အကွပ်မရှိတဲ့တောင်းလို ၀တ္ထုတိုတွေ လုံးချင်းဝတ္ထု တွေက ပရမ်းပတာတွေဖြစ်ကုန်ပြီ။ ဟေ့…..ဟေ့……ရေဗျ….ရေဗူးပေးပါဦး”
ခုံပိုင်ရှင်ဆရာက ရေဗူးလာချပေးတဲ့ စားပွဲထိုးကလေးကို စီးကရက်တစ်ပွဲ မှာတယ်။ ပြီးတော့ သူ့ခွက်ထဲကို Rum ထပ်ငှဲ့ထည့်တယ်။ စီးကရက်တစ်လိပ်ကို မီးညှိတယ်။ အားရပါးရဖွာပြီးတော့မှ တစ်ယောက်တည်းခေါင်းကို ညိတ်နေတယ်။ သူအတွေးထဲမှာ ဘယ်အမှန်တရားကိုတွေ့လို့ သူဘာသာသူထောက်ခံနေလဲ တော့မသိဘူး။
“ဆရာနီကိုရဲ စဉ်းစားကြည့်ဗျာ၊ မော်ဒန်ပေါ်လာတယ်ဆိုတာကို ကျွန်တော်က ဒီလိုမြင်တယ်။ သူတို့ဆီမှာ ပုံသဏ္ဍန်ဟောင်းကို ငြီးငွေ့လို့ သူတို့ က ပုံသဏ္ဍန်ဟောင်းအတိုင်းမရေးတော့ဘဲ ပြောင်းရေးရာကနေ သူ့အလိုလို မော်ဒန်ဆိုတာကြီးပေါ်လာတာ ဖြစ်ဖို့များတယ်”
အဲဒီနေရာအရောက်မှာ နံရိုးအကြွပ်ကြော်က ရောက်လာလို့စကားခဏ ပြတ်သွားတယ်။ ခုံပိုင်ရှင်ဆရာက သူခုနက ငှဲ့ထားတဲ့ Rum ကိုတစ်ရှိန်ထိုးကစ် ပြီး နံရိုးနုတစ်ခုကို ကောက်ဝါးတယ်။
“အင်း….ကောင်းတယ်ဗျာ၊ ကောင်းတယ်စားကြည့်။ အဲဒီတော့ဗျာ ကျွန်တော်တို့ဆီမှာက ရေးရင်းနဲ့ဒန်သွားတာမဟုတ်ပဲ မဒန်ဒန်အောင်ရေးနေကြ တော့ မခက်ဘူးလား! ဆရာညို…..”
“အင်း…..စဉ်းစားစရာတစ်ခုပေါ့လေ…..”
ခုံပိုင်ရှင်ဆရာက သူ့ခွက်ထဲကိုထပ်ထည့်တော့ ကျွန်တော်လည်း ထပ် ထည့် လိုက်တယ်ခင်ဗျ။ ဒီတော့မှသူက ရေပုလင်းကို ကမ်းပေးရင်းနဲ့……..
“ဆရာနီကိုရဲတို့ကတော့ ဟာသကလေးတွေ၊ ဘာလေးတွေရေးတယ်ဗျာ၊ ပြီးရောပေါ့ ကိုယ်ရေးတတ်သမျှ ကလေးကိုရိုးရိုးသားသားရေးတာ၊ ဒါပေမယ့် ဆရာနီကိုရဲလည်း အကြောင်းရာနဲ့ ပုံသဏ္ဍန်ကိုတော့ သတိထားရလိမ့်မယ်”
“ဘာကိုပြောတာလဲဗျ၊ ကျွန်တော်နားမလည်ဘူး”
“အဟမ်း! ဒီလိုဗျာ….ဟိုငတိတွေက မဒန်တာကို ဒန်အောင်ရေးတယ်၊ ဆရာနီကိုရဲကကျတော့ မရယ်ရတာတွေကို ရယ်ရအောင်ရေးတယ်၊ အဲဒါကို ပြောတာ”
သူ့စကားဆုံးတော့ ကျွန်တော်ဒေါသတော်တော်ဖြစ်သွားတယ်။ အရက် အရှိန်ကလေးကလည်း ရနေပြီဆိုတော့ ဒါမျိုးကတော့ ပွဲကြီးပွဲကောင်းပေါ့။
“မရယ်ရတာကို ရယ်ရအောင်ရေးရတာ လွယ်တယ်လို့များ ကိုယ့်ဆရာ က ထင်လို့လား!၊ လွယ်တယ်လို့ထင်ရင် ကိုယ့်ဆရာ အဲဒီလို ၀တ္ထုမျိုးတစ်ပုဒ် လောက်ရေးကြည့်ပါလား!”
ကျွန်တော့်အသံမှာ ဒေါသကပါနေတယ်၊ စကားလုံးတွေက ရိုးရိုးပေမယ့် ဒေါသအရှိန်ကြောင့် တုန်ခါနေတယ်။ ဒီတော့ သူက ကျွန်တော့်ကိုလက်ကပြရင်း နဲ့ Rum ထပ်ထည့်ပြီးရေခဲထည့်ရေရောပြီး တစ်ဝက်လောက်သောက်တယ်။
“ကျွန်တော်က အပြုသဘောဝေဖန်တာပါဗျာ၊ စိတ်မဆိုးပါနဲ့၊ ဟုတ်တယ် မဟုတ်လား ဆရာညို စာနဲ့ပေနဲ့ဝေဖန်တာမျိုးကို လုပ်ဖို့ ကျွန်တော်စဉ်းစားနေ တုန်းပါ။ ဝေဖန်ရေးလိုတယ်ဗျာ ဝေဖန်ရေး…..ဟေ့ ချာတိတ်……ဟေ့ …..လာဦး၊ အစိမ်းကြော်တစ်ပွဲနဲ့ ထမင်းတစ်လုံးမြန်မြန်လုပ်ကွာ…….. ငါဆာနေပြီကွ”
“ဟုတ်ကဲ့ ဆရာ”
ခုနက တင်းမာမှုကြောင့် ကျွန်တော်တို့ဝိုင်းဟာ ခဏစကားပြတ်သွား တယ်။ ကျွန်တော်တို့နှစ်ယောက်စလုံးနဲ့ ခုံပိုင်ရှင်ဆရာနဲ့ စကားမပြောကြတော့ ဘူး။ ဆရာညိုက ဆေးပေါ့လိပ်ဖွာရင်း လက်ကျန်ကိုထပ်ကစ်ပစ်လိုက်ပြီး ကျွန်တော့်ကို မေးတယ်။
“ဟန်သစ်ထွက်ပြီလား!”
“မနေ့ကမှ ရုံးဆင်းတယ်လေ………”
“ဒါဆို ထုံးစံအတိုင်း လကုန်ပြီးပထမအပါတ်ပေါ့၊ မောင်ရင့်ဝတ္ထုရောပါ သေးလား! ကျုပ်ကြီးဒေါ်ကြီးကတော့ တစ်လ တစ်လ မောင်ရင် မကြည်ပြာနဲ့ ဘာလွဲဦးမလဲဆိုတာကိုပဲ သိချင်နေတာဗျာ……”
“ဟုတ်တယ်၊ ဒါ ပရက်ဆန်တေးရှင်းကောင်းလို့ပေါ့ဗျ”
ခုံပိုင်ရှင်ဆရာက၀င်ပြောတော့ ကျွန်တော်တို့စကားကိုရပ်ပစ်လိုက်တယ်။ ပြီးတော့ အရက်ကိုယ်စီငှဲ့ပြီး ကိုယ့်ဘာသာအေးအေးဆေးဆေးသောက်နေလိုက် တယ်။ အဲဒီအချိန်မှာ နံရိုးနုကြော်က သုံးလေးခုလောက်ပဲ ကျန်တော့တယ်။ မှတ်မှတ်ရရ ကျွန်တော်(၂)ခုပဲ စားရသေးတယ်၊ ဆရာညိုလည်း အဲဒီလောက်ပါ ပဲ၊ ခုံပိုင်ရှင်ဆရာ တွယ်သွားပြီပေါ့ ရှိစေပေါ့လေ။
ကျွန်တော်နဲ့ ဆရာညိုတို့ စာပေရေးရာတွေမပြောတော့ပဲ။
ဆရာမ မဂျူးရဲ့ care အကြောင်း၊ ဆရာလူထုစိန်ဝင်းရဲ့ အင်္ဂလိပ်စာသင် တန်းက အကြောင်းတွေပဲပြောနေလိုက်တယ်။ ခုံပိုင်ရှင်ဆရာကတော့ ပူပူနွေး နွေး ရောက်လာတဲ့အစိမ်းကြော်နဲ့ ထမင်းကိုမစားခင် Rum တစ်စိတ်ထပ်မှာ တယ်။
“အေးဗျာ…..ဆရာမဂျူးက စာသိပ်မရေးတော့ပဲ၊ လူမှုရေးလှုပ်ရှားမှုတွေ လုပ်လာတာ ချီးကျူးဖို့ကောင်းတယ်ဗျာ။ တစ်နေ့တော့ ကျွန်တော်လည်း ဆရာမတို့နဲ့ ပူပေါင်းပြီး ကူညီဦးမှာပါ”
Rum တစ်စိတ်ရောက်လာတော့ သူက တစ်ဝက်လောက်ထည့်ပြီး ကျန်တဲ့ Rum ကို ကျွန်တော်တို့ တစ်ဝက်စီငှဲ့ပေးပါတယ်။ သူက ရေခဲထည်၊ ရေရောပြီး တစ်ရှိန်ထိုးကစ်တယ်။
“ဆရာမဂျူးရဲ့လိပ်စာသိလား”
“မသိဘူး…….”
“ကျွန်တော်လည်း လူမှုရေးလုပ်ချင်တယ်ဗျာ ဆရာညို”
“ကောင်းပါတယ်”
“Phone နံပါတ်ရောသိလား”
“မသိဘူး”
“လူမှုရေးလုပ်ရမယ်၊ လူမှုရေး…… လူမှုရေး”
ခုံပိုင်ရှင်ဆရာတော်တော်မူးနေလို့ ကျွန်တော်ထင်တယ်။ ကျွန်တော် တို့ က သူ့ကိုစကားပြောချင်တော့မှန်းလည်း သူသိတယ်။ ဒီတော့ သူက အစိမ်း ကြော်နဲ့ ထမင်းကိုစားတယ်၊ ကျွန်တော်တို့က အရက်သောက်တယ်၊ သူ့အစိမ်း ကြော်ကို ကျွန်တော်တို့ယောင်လို့တောင် မနှိုက်ပါဘူး။ ခုံပိုင်ရှင်ဆရာက ထမင်း စားတာ မြန်သလားမမေးနဲ့။ ကျွန်တော်တို့ စကားနည်းနည်းပြောပြီး အရက်တစ် ခွက်စီသောက်အပြီးမှာ သူထမင်းစားတာပြီးသွားပါပြီ။
သူက တစ်ရှုးပေပါနဲ့ နှုတ်ခမ်းသုတ်ရင်း……..
“ဆရာနီကိုရဲကို ခုနက ကျွန်တော်ပြောတာ တော်တော်စိတ်ဆိုးသွားလား”
“ထားလိုက်ပါတော့ဗျာ”
“ထားလို့ ဘယ်ရမလဲဗျ၊ စာရေးဆရာဆိုတာ ဝေဖန်တာကိုခံနိုင်ရမှာပေါ့၊ ကျွန်တော်ကလည်း အပြုသဘောဝေဖန်တာပဲ၊ ကိုနီကိုရဲ ဘယ်လောက်စာရေး ကောင်းကောင်း ဘယ်တော့မှ ဂန္တ၀င်မထွင်ဘူး”
“ဟေ့ ခင်ဗျား စကားကိုရပ်လိုက်တော့ဗျာ”
ကျွန်တော် ဒေါသပြန်ဖြစ်လာတယ်၊ ဆရာညိုကတော့ အခြေအနေကို ၀င် ထိန်းပါတယ်။
“ကဲ….ဗျာ…. ကိုရဲကလည်း အဝေဖန်ခံနိုင်ပါတယ်၊ စာနဲ့ပေနဲ့ သေသေ ချာချာသာ ဝေဖန်ပါဟုတ်လား! ခင်ဗျားလုပ်ရင်ဖြစ်ပါတယ်”
“ဖြစ်ပါတယ်။ ကျွန်တော်ကဝေဖန်ရင်ရတာပေါ့၊ ဒါပေမူယ့် ကိုယ့်လူတွေ ဆိုပြီး အမေ့ခံထားတာ ဒီမှာ ဆရာနီကိုရဲ၊ ဆရာလည်း စာဖတ်နာခဲ့တဲ့လူပဲ၊ နိုင်ငံ အသီးသီးက ဂန္တ၀င်ဝတ္ထုတွေမှာ ဟာသ၀တ္ထုမပါဘူးဗျ”
ကျွန်တော်“၀ုန်း” ကနဲ ထရပ်လိုက်တယ်။ စားပွဲခုံပေါ်က ဖန်ခွက်တွေ ဘာ တွေလဲ မှောက်ကုန်တယ်။
“ဟေ့ လူ ခင်ဗျား ထွက်သွား၊ ကျွန်တော်ရှေ့က အခုထွက်သွား၊ မသွားရင် ခင်ဗျားကို ကျွန်တော် တစ်ခုခုလုပ်မိလိမ့်မယ်။ အခုထွက်သွားဗျာ”
“ကဲ…. ကိုယ့်ဆရာသွားပါတော့ဗျာ၊ သွားတော့ သွားတော့”
ဆရာညိုကလည်း လေသံတင်းတင်းနဲ့ ပြောတော့မှ ခုံပိုင်ရှင်ဆရာက သူ့ လွယ်အိတ်ကလေးကောက်လွယ်ပြီး ဆိုင်ထဲက ခပ်သုတ်သုတ်ထွက်သွားတယ်။ ဆိုင်ထဲမှာ သောက်နေတဲ့လူတွေက စကားသံခဏတိတ်ပြီး ကျွန်တော်တို့ဝိုင်းကို ကြည့်ကြတယ်။
ဆရာညိုက နောက်ထပ်တစ်စိတ်ထပ်မှာပြီး ကျွန်တော်တစ်ခွက်လောက် ကစ်ပြီးတော့မှ စိတ်ကငြိမ်သွားတယ်။
“ကျွန်တော်တို့ ၀င်ထိုင်မိတာကိုက မှားတာဗျ”
“မှန်တာပေါ့၊ မှားတာကတော့ သူ့ကိုချက်ချင်းမောင်းထုတ်ပစ်လိုက်တာပဲ”
“ဘာဖြစ်လို့လဲ ဆရာညိုရဲ့ မောင်းမထုတ်ရင် ရန်ပွဲသေးသေးကလေးတစ် ခုတော့ဖြစ်သွားမှာပေါ့”
“သူမှာ စားချင်တာတွေ စားသွားပြီ၊ ပိုက်ဆံတစ်ပြားမှ ရှင်းမသွားဘူးလေ”
“ဟိုက်……..!!”
ဘီလ်တောင်းကြည့်လိုက်တော့ အားလုံးခြောက်ထောင်ရှစ်ရာကျတယ်။ ကျွန်တော်နဲ့ ဆရာညိုနှစ်ယောက်ပေါင်းငွေက ငါးထောင့်နှစ်ရာပဲရှိတယ်။ အဲဒီ ငါးထောင့်နှစ်ရာထဲက အပြန်လမ်းစရိတ် ငါးရာနှုတ်လိုက်ရင်….. ဆိုင်ကိုပေးလို့ရ မယ့်ပိုက်ဆံက လေးထောင့်ခုနှစ်ရာပဲရှိမယ်ဆိုတော့ တော်တော်ကို ပြဿနာ တက်နေပြီပေါ့ဗျာ။ ငွေက နှစ်ထောင့်တစ်ရာလိုနေတာကိုး။ သူမှာပြီး စားသွားတဲ့ အမြည်းတွေရယ်၊ သူ့အတွက် ညစာအစိမ်းကြော်နဲ့ ထမင်းဖိုးရယ်တွေသာ မပေး ရရင် ကျွန်တော်တို့မှာရှိတဲ့ငွေဟာ ကျွန်တော်တို့နှစ်ယောက်အတွက် ကောင်း ကောင်းလောက်ပါတယ်။
အခုငွေလိုနေပြီဆိုတော့ ကောင်လေးကို လှမ်းကြည့်လိုက်တော့ ထိုင်နေ တာက ဆိုင်ပိုင်ရှင်ရဲ့ဇနီးပါ။ မိန်းကလေးဆိုတော့ သနားအောင်ပြောနိုင်ရင် ခွင့်ပြု နိုင်ကောင်းပါရဲ့လို့ တွေးပြီး ကောင်တာကိုသွားရတယ်။
“ကျွန်တော်လည်း ဒီဆိုင်မှာ ရံဖန်ရံခါ သောက်နေကျပါ အန်တီရယ်၊ ဒီနေ့ တော့ ပြဿနာက အန်တီတွေ့တဲ့အတိုင်း ဖြစ်သွားတော့ လိုတဲ့နှစ်ထောင့် တစ်ရာကို………”
“ရပါတယ် ဆရာရယ်၊ ဆရာ့ကို ကျွန်မတို့ သိပါတယ်။ ဆရာတို့က ထောင်ချောက်မိသွားတာကိုး”
“ဗျာ……! ထောင်ချောက်”
“ဟုတ်တယ်။ အဲဒီလူက ခပ်စောစောလာပြီ်း၊ ခုံတစ်လုံးမှာ ထိုင်နေလေ့ရှိ တယ်၊ သူ့ခုံဝင်ထိုင်တဲ့လူကို စကားပြော မှာချင်တာတွေမှာစားပြီးရင် ပြဿနာတက် မောင်းထုတ်အောင်လုပ်နေကျဆရာ……”
“အော်………”
“ဆရာ့အတွက် ၀တ္ထုတစ်ပုဒ်ရတာပေါ့ဆရာရဲ့”
“တော်ပါပြီဗျာ၊ အဲဒီလိုဝတ္ထုမျိုးတော့ နောက်ထပ်မရချင်တော့ပါဘူး”
ဒီတော့ ကိုယ့်ဆရာတို့ကိုပြောချင်တာက…….. အရက်သောက်မယ်ဆို လျှင် ဆိုင်ရွေးပါ၊ လူရွေးပါ၊ နေရာရွေးပါ။
တစ်ယောက်တည်းထိုင်နေတဲ့ “ခုံပိုင်ရှင်” မျိုးကို ရှောင်ပါလို့ အတွေ့ အကြုံနဲ့ သတိပေးလိုက်ပါတယ်ခင်ဗျား။
နီကိုရဲ

မောင်ကိုကို ကော်ဖီသောက်ခြင်း

ဇော်ဂျီမှာကျွန်တော်ကော်ဖီသောက်နေသည်။ ဗိုလ်ချုပ်လမ်းမကြီးကိုစားနေ၏။ ကော်ဖီခါးခါးထဲမှာသကြားမထည့်ပဲငွေကရားအိုးလေးထဲမှနို့များများလောင်းထည့်၏။
ဇော်ဂျီထဲမှာပြင်သစ်ကရောက်လာသည့်ခွေးသေးသေးလေးကိုကျွန်တော်က ဘော်ဘီဟုအမည်ပေးလိုက်၏။
ခွေးသေးသေးလေးတစ်ကောင်
မျက်လုံးကြောင်တောင်တောင်
ဇော်ဂျီထဲမှာယောင်တောင်တောင်ပေါင်တောင်တောင်လုပ်ကာ
အမျိုးသမီးတစ်ယောက်၏ပေါင်ပေါ်မှာထိုင်နေ၏။
ကျွန်တော်က
ဇော်ဂျီမှာ
ကော်ဖီသောက်ရင်း
ခွေးကလေး ဘော်ဘီရဲ့ လော်လီတာကြည့်ရင်း တော်ကီတွေ လွှတ်နေ၏။
“ချစ်သူရေ ဇော်ဂျီမှာဟောဒီလို ကော်ဖီသောက်စို့ရဲ့”
ကျွန်တော်ရှေ့မှာ Time မဂဇင်းတစ်စောင်။ Asia’s Happy Artisists တဲ့။ကတုံး ပြောင်ပြောင်တရုတ်ပန်းချီဆရာ YUE Minjun ကဆောင့်ကြောင့်ထိုင်လျက် ဟက်ဟက်ပက်ပက်ရယ်လို့။
သူ့ဘေးမှာသူ့ပုံတူကလည်း ဟက်ဟက်ပက်ပက်ရယ်လို့။ ဒေါ်လာသန်းချီရထား သည့်ပန်းချီဆရာ ဆောင့်ကြောင့်ထိုင်ပြီး ဟက်ဟက်ပက်ပက်ရယ်နေ၏။
ကျွန်တော်တို့ဟက်ဟက်ပက်ပက်ရယ်ချလိုက်ရမည်။ ပျော်ပျော်ရွှင်ရွှင်ရယ်ရမည်။
ကျွန်တော်သည် Donald Barthelme ၏ A City of Churches ၀တ္ထုတိုလေးကို ကြိုက်သည်။ မိတ္တူကူးပြီး ဂါစီယာမားကွက်ဇ်ကို ကြိုက်သော ကိုမင်းသစ်အားပေး လိုက်သည်။ သူက သူ့လေဒီကို ပေးဖတ်မယ်တဲ့။ ထိုညက ကယ်လီchurch နှင့်ကပ် လျက် ပါဝါ5 မှာ ၀ီစကီသောက်ကြသည်။ ကျွန်တော်တို့ ဘယ်တော့မှစိတ်မကုန် သော ရန်ကုန်မြို့အကြောင်းပြောကြသည်။ စေတနာပိုပြီး “ ကာလာပွဲတော်” စာအုပ် ပါ အမှတ်တရပေးလိုက်သေး၏။ ကျွန်တော်နှင့် အောင်ဘညိုက ဆိုင်ကယ်တစ်စီးဖြင့် ပြန်ခဲ့ကြသည်။ ထိုညက ကိုမင်းသစ် ကားတိုက်ခံရသတဲ့။
ကျွန်တော်လည်း လောကနတ်စာအုပ်ပြပွဲမှ ဂါစီယာမားကွက်စ်၏ လက်ရွေးစင် ၀တ္ထုတိုကို ရှစ်ထောင့်ငါးရာ ပေး၍ ၀ယ်ဖတ်သည်။ သူ့ဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှု တွေက ကြွနေ၏။ မဂဇင်းထဲမှာတော့ အဖြူရောင်ဝတ်စုံနှင့် ပန်းဖောက်အကျီ င်္နှင့် မိန်းမတစ်ယောက်က ၀တ္ထုစာအုပ်တွေကြားမှာ ထိုင်လျက် ဒီဇိုင်းများသောစာအုပ်ကို ကြည့်နေ၏။
အခုတော့ ကျွန်တော်က ဇော်ဂျီမှာ ကော်ဖီသောက်ပြီ။ ပြင်သစ်သူ တစ်ဦးဝင် လာသည်။
“မင်္ဂလာပါ”
“မင်္ဂလာပါ”
မိန်းမသားချင်း ဖက်ပွေ့ကြသည်။ အပြုံးတွေဝေသွား၏။ ဗိုလ်ချုပ်ကမ်းကို အပြုံး ပန်းများဖြင့်ခင်းကျင်းထား၏။
ကျွန်တော်ကိုသြ၏ ပန်းချီကားကို မကြည့်ဘူးပါ။ ခရမ်းရောင်များသော လှိုင်းများ၏ မိန်းမသားနှင့်ပန်းများ ပန်းချီကားကို ရွှေတောင်ကြားမှာ ကြည့်ခဲ့ပြီ။ ဗိုလ် ချုပ်ဈေးက သားကြီးဂယ်လာရီမှာ ကိုကိုနိုင်နှင့်စိုးနိုင်၏ ပန်းချီကားကို ကြည့်သည်။ ခရမ်းရောင်ကဲသော မိန်းမသားထိုင်နေပုံပဲဖြစ်၏။ နယူးဇီးရိုး ဂယ်လာရီမှာ ဒီကိုးနင်း၏ မန်းမတစ်ယောက်ထိုင်နေပုံ ပုံနှိပ်ပန်းချီကို ကြည့်ခဲ့ပြီ။ မိုဒီဂလီယာနို ပန်းချီစာအုပ်ကို အေးကို မသိအောင် ခိုးသွားလိုက်ရင် ဘယ်လိုလဲ။ မျက်နှာရှည်ရှည်။ လည်ပင်းရှည် ရှည်။
ကမ်းလင့်လက်များ၊အိပ်မက်အလွန်၊Sketch of wathone ဂျိုလီ၏နှုတ်ခမ်းပန်း ပွင့်၊မန်ဒဲလား၊အဖြူရောင်ပေါ်မှ အနီရောင်ပန်းပွင့်။
ဇော်ဂျီမှာ ကော်ဖီသောက်ပြီ။
ကျွန်တော်ဆိုင်အသစ်နှင့်နေထိုင်ပြီး ဗိုလ်ချုပ်လမ်းက ဘုရားကျောင်းထဲမှာ တရုတ်စကားပန်းတွေက အမြဲတမ်းမွှေးနေသည်။ ကျွန်တော်က ခင်ဝမ်း၏ Better New Year ပန်းချီကားအသစ်ကြီးရှေ့မှာ ထိုင်ပြီး တရုတ်မလေး ရုန်းရုန်းကို မြန်မာစာ သင်ကြားခွင့်ရနေ၏။
ဇော်ဂျီမှာ ကော်ဖီသောက်ပြီ။
ဆူးလေးဘုရားမှာ ကြာပန်းလှူပြီးပြီ။
ခေါင်းလောင်းထိုးပါ။ မင်္ဂလာအသံ။
အနော်ရထာလမ်းပေါ်မှာ ပျော်စရာတွေလွှမ်းခြုံထားသည်။
(၃၃)လမ်းမှာ အပြုံးရဲ့ အပြုံးပန်းတွေ လန်းနေလိုက်တာကွယ်။
ဗိုလ်အောင်ကျော်လမ်းမှာ ကျွန်တော့်မိတ်ဆွေ မြန်မာတိုင်းမ်က ကိုအောင်ကျော် ဦး(၁) မသမ်းဝေလိုက်ပါနှင့်။ ပိတောက်ပင်အောက်မှာ လက်ဖက်ရည် ကျဆိမ့် သောက်ပါ။ လမ်း(၄၀)ထိပ်မှာ အင်ဒီဝါးဟိုးကမ္ဘာ ကဗျာစာအုပ်ကိုဖတ်ရင်း ပရီးမီးယား ကော်ဖီသောက်ပါ။
ကုန်သည်လမ်းမှာ ကုန်သည်ပွဲစားတို့၏ ပုဆိုးသံက တရွှမ်းရွှမ်းမြည်လို့။
ရွှေဘုံသာလမ်းမှာ ရွှေတွေအပုံလိုက်။
ကမ္ဘာအေးဘုရားလမ်းဖြင့် တစ်ကမ္ဘာလုံး အေးချမ်းသွားစေသတည်း။
ဟီလာရင်ကလန်တန်က ဘယ်လိုအော်လိုက်သလဲ။
“Could sense the change coming”၏
ဒေါက်တာ ဂျွန်ဆင်ရဲ့စကားက
“သင်ဟာ အပြောင်းအလဲမလုပ်ရင် ကျဆုံးသွားနိုင်တယ်”တဲ့။
ကျွန်တော်တို့ concept ကိုပြောင်းရမည်။ ဘ၀ကို အမရပူရမှ ရန်ကုန်သို့ ရွှေ့ထားလိုက်မည်။
ဇော်ဂျီမှာ ကော်ဖီသောက်ပြီ။
လင်းတဲ့စိတ်ကိုမွေးပြီး၊လင်းတဲ့သီချင်းကို နားထောင်ပြီး၊လင်းတဲ့ ကွင်းမှာ ကစားပြီး ၊လင်းတဲ့ ပန်းချီကားကို ကြည့်မည်။
ရိုးရိုးရှင်းရှင်း တွေးကြမယ်။ ရှုပ်ရှုပ်ထွေးထွေးမတွေးဘူး။ ဝေ့လည်ကြောင်ပတ်မလုပ်ဘူး။
မောင်ကိုကို (အမရပူရ)
* * * * *

အခြေခံ
Vivian Smith’s
The whitest bird of all

နေ့များ  

Posted by IDEA MAGAZINE


နေ့များ
အဝေးဆီကို ငေးမျှော်ကြည့်လိုက်ရင် မြူခိုးတွေ။ အ၀ိဇ္ဖာလို ဘာကိုမှ မမြင်နိုင်လောက် အောင် မှုန်မှိုင်းလို့။ ပင်လယ်ရေပြင်မျက်နှာပြင်ထက် ပေ(၄၀၀၀)ကျော်မြင့်တဲ့ ဒေသဆိုတော့ တိုက်ခတ်နေတဲ့လေပြည်ဟာ အသက်မဲ့အေးစက်လို့။ တောင်ပေါ်လမ်းကျဉ်းလေးတွေဟာ မိုးမြူ တွေထဲတိတ်ဆိတ်ပျောက်ကွယ်နေကြတယ်။ နေ့တွေ၊နေ့တွေဟာ တစ်စွန်းတစ်စနေရောင်ကို မမြင်ရဘဲ တငွေ့ငွေ့ကုန်ဆုံးနေကြတယ်။ ရေပွင့်ရေပေါက်တွေ စွတ်စိုလေးလံနေတဲ့ သစ်မြစိမ်း ရွက်တွေ၊မြူတွေကြားမှာ ပျင်းရိမြုပ်နစ်နေတဲ့ အဖြူရောင်သစ်ပင်တွေ၊ အေးရှစိမ့်မြတဲ့ ရာသီဥတုနဲ့ ဝေးကွာခြင်းရဲ့ပူလောင်ပြင်းပြသော မီးလျှံတွေ။ ပြောကြစတမ်းဆိုရင် နေ့စဉ်ရှုခင်းဟာ ထူးခြား ပြောင်းလဲမှုသိပ်မရှိလှဘူး။ ထပ်ပြန်ကလဲလဲမက်နေရတဲ့ ဆောင်းတွင်းအိပ်မက်တစ်ခုလို အရာရာ ဟာ ခေါက်ရိုးကျိုးလို့။ အသားကျနသေသပ်လို့။
တစ်ခါတလေ နေရောင်ကို တမ်းတမ်းတတမျှော်လင့်မိတယ်။ နွေးထွေးနူးညံ့တဲ့ နေရောင် ခြည်နဲ့ မြို့ပြရဲ့ပလက်ဖောင်းတစ်ခုပေါ်မှာ လမ်းလျှောက်လွတ်လပ်ချင်မိတယ်။ တကယ်ဆို မျှော် လင့်ချက်ဟာ မျှော်လင့်ချက်ဘဲလား။ တကယ်ဖြစ်မလာနိုင်တဲ့ တစ်စုံတစ်ရာကို မျှော်လင့်မိုက်မဲ နေမိတာလား။ အတွေးကိုရောက်တဲ့နေရာမှာ ရပ်တန့်လိုက်ချင်တယ်။ လျှောက်နေတဲ့လမ်းဟာ တစ်နေရာရာမှာ ရပ်တန့်ပြီးဆုံးသွားသလိုမျိုး အရာရာကို မေ့ပျောက်လိုက်ချင်တယ်။ မနက်ဖြန် နေသာမှာလား။ တိမ်ကင်းစင်တဲ့ ကောင်းကင်ကို ခဏဖြစ်ဖြစ် မော့ကြည့်ခွင့်ရမှာလား။ ရာသီဥတု လင်းမြကြည်လင်နေတဲ့ ရှားရှားပါးပါးနေ့မျိုးဆိုရင်တော့ အဝေးရှုခင်းတွေကို ငေးရီလှမ်းမြင်ခွင့်ရ တယ်။ ဟိုးအဝေးမှာ ညီညာပြန့်ပြူးတဲ့ မြေပြန့်လွင်ပြင် . . . မြူခိုးရိပ်ရိပ်ပြာပြာနောက်ခံနဲ့။ အဲဒီ မြေပြန့်လွင်ပြင်ရဲ့ ဒီဘက်မှာ တောင်ခိုးအထပ်ထပ်နဲ့ တောင်စဉ်တန်းတွေ။ တောင်ခိုးနဲ့တိမ်ဟာ ထိစပ်ယှက်လိမ့်လို့။ မောပန်းတယ်။ နာကျင်မိတယ်။ လည်ချောင်းတွေ ကွဲအက်သွားတဲ့အထိ အော်ဟစ်လွတ်လပ်လိုက်ချင်တယ်။ ငါ့အသံဟာ တောင်တန်းတွေရှိရာ ပဲ့တင်ပြန်လာနိုင်ပါ့မ လား။
လူအဖြစ်မှာ တတ်နိုင်သမျှ အရာရာကို မေ့လျော့ထားခဲ့တယ်။ တက်နိုင်သမျှ မြွေတစ် ကောင်လို တိတ်ဆိတ်ယဉ်ကျေးစွာ ရစ်ခွေရှင်သန်နေခဲ့တယ်။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ ဆူညံအော်ဟစ်လို့ တစ်ခါတလေ အခန်းရဲ့ထောင့်ကျဉ်းတစ်ခုမှာ တစ်ယောက်တည်း မွန်းကျပ် နာကျင်လို့။ အဲဒီလိုအချိန်မျိုးမှာ ဘယ်သူနဲ့မှလည်း စကားမပြောချင်။ ဘယ်လိုလူမှုဆက်ဆံရေး မျိုးနဲ့မှလည်း အလိုက်အထိုက်မနေချင်။ အဲဒီလိုအချိန်မျိုးမှာဆိုရင် မွန်းကျပ်ပိတ်မိနေတဲ့ လိပ်ပြာ တစ်ကောင်ရဲ့ နိမိတ်ပုံကိုသာ သွေးရူးသွေးတန်းခံစားမြင်ယောင်နေမိတာ။ လိပ်ပြာဟာ အခန်းရဲ့ နေရာအနှံ့ မွန်းကျပ်ပျံသန်းနေခဲ့တာ။ သူ့မှာ ထွက်ပေါက်မရှိ။ စေးထန်းလေးလံလို့။ မွန်းကျပ် ပိတ်ဆို့လို့။ အခန်းရဲ့ လေးဖက်လေးတန် နံရံတွေကို သူ့တောင်ပံနုနုလေးနဲ့ တဖျန်းဖျန်းကွဲ အောင် ရိုက်ခတ်ပျံသန်းနေခဲ့တာ။ တကယ်ဆို လူအဖြစ်ဆိုတာ ရေပွက်ပမာလား။ နေ့ရှိသရွေ့ ခေါ်ဆိုနေတဲ့ တယ်လီဖုန်းတွေဟာ ဆက်သ်ွယမှုဧရိယာပြင်ပလား။
အခန်းရဲ့ပြတင်းတံခါးကို ပိတ်ထားတယ်။ ပြတင်းတံခါးကိုဖွင့်လိုက်ရင် မြူငွေ့တွေ အဆုပ် လိုက် အမြွှာလိုက် လွင့်စင်လာတာပဲ။ အခန်းဟာ ခဏချင်းစွတ်စိုထိုင်းမှိုင်းသွားတာပဲ။ တောင်ကြောတစ်လျှောက် လူသွားလမ်းကျဉ်းကျဉ်းလေးတွေမှာ လျှောက်ရတဲ့အခါ စိုထိုင်းစ များ ပြားတဲ့လေပြည်မှာ ဆံပင်တွေခဏချင်းပဲ စိုရွှဲစေးကပ်သွားလေ့ရှိတယ။ မြူဝတ်မြူခိုးတွေကြားမှာ အရာရာဟာ အဖြူအမည်းရုပ်ရှင်လို။ တကယ့်အဖြစ်အပျက်လား အိပ်မက်လား၊ေ၀၀ါးချင်ချင် ဖြစ်ရတာ။ တစ်ခါတလေ ရောက်တတ်ရာရာတွေးမိ၊ စိတ်အချဉ်ပေါက်ရွဲ့စောင်းမိတယ်။ ဒီလို နေရာမျိုးမှာ ဆယ်စုနှစ်တစ်နှစ်လောက်သာနေရမယ်ဆိုရင် အလိုအပ်ဆုံးအရာဟာ မီးလင်းဖို တစ်ခုထက်စာရင် မိန်းမတစ်ယောက်ဖြစ်မှာပဲ။ အနုပညာဆီမပါ ပြားမပါ ကဗျာစမ်းသပ်မှုတစ်ခု ထက်စာရင် အရက်ပြင်းပြင်းတစ်ခွက်က ပိုအဆင်ပြေမှာပဲ။
နေ့ရှိသရွေ့ ကဗျာတွေအများကြီး တွေးဖြစ်၊ရေးဖြစ်တယ်။ နေ့ရှိသရွေ့ အာရုံကို အနု ပညာမှော်ရုံဆီမှာ ကူးလူးချိတ်ဆက်ထားတယ်။ တကယ်ဆို လူအဖြစ်ကတစ်နေရာ၊ စိတ်ကူး စိတ် သန်းကတစ်နေရာမှာ။ ကဗျာအကြောင်းတွေးလိုက်၊သူငယ်ချင်းကဗျာဆရာကဆီက စာကိုမျှော် လိုက်၊ တွေ့တွေ့သမျှ စာအုပ်တွေကို ဆွဲဖက်လိုက်နဲ့ နေ့တွေအချိန်တွေ၊ ကုန်ဆုံးနေရတာ။ တကယ်ဆို ကဗျာအနုပညာဟာ ဒီဘ၀အတွက် အခြားသော ကမ္ဘာလား။ ရောက်ရှိမလာသေးတဲ့ မနက်ဖြန်ပေါင်းများစွာအတွက် စိမ်းလန်းသောမီး၊စိမ်းလန်းသော တေးသံလား။
ဟော . . . မိုးက ရုတ်တရက်ရွာလာပြီ။ မြင်ကွင်းမှာ မိုးစက်မိုးပေါက်တွေက ရုပ်ချည်းနေရာ ယူခဲ့ပြီ။ မိုးရေစ်တွေဟာ မိုးနဲပအတူပါလာတဲ့ လေမှာယိမ်းနွဲ့လွင့်ပါလို့။ ခေါင်မိုးပေါ်ရေကျနေတဲ့ အသံက တဗြုန်းဗြုန်း . . .တဗျင်းဗျင်းနဲ့။ မိုးရွာထဲကို တစ်ဟုန်ထိုးပြေးထွက်သွားလိုက်ရင် ကောင်း မလား။ ငယ်ငယ်တုန်းကလု . . .။ လွတ်လပ်ပေါ့ပါးစွာနဲ့။ ၀တ်ထားတဲ့အ၀တ်အစားတွေအားလုံး မိုးရေထဲမှာ ရွှဲရွှဲစိုကုန်မှာပဲ။ ဆံပင်တွေကတဆင့် မျက်နှာပေါ်စီးကျလာတဲ့ မိုးစက်မိုးပေါက်တွေ ဟာ အေးမြလန်းဆန်းနေမှာပဲ။ မိုးကြောင့် မျက်လုံးထဲက မြင်ကွင်းဟာရုပ်ချည်းပြောင်းလဲသွားခဲ့ ပြီ။ လျှပ်စီးလျှပ်ရောင်တ၀င်းဝင်းနဲ့ . . .။ သိပ်သည်းပြင်းထန်တဲ့မိုးဟာ အရာရာကို ၀ိုးတ၀ါးကမ္ဘာ ထဲဆွဲခေါ်လို့။ ဒီဒေသရဲ့ ရာသီဥတုက တအားအပြောင်းအလဲမြန်တာပဲ။ ခဏချင်းပဲ ရာသီဥတု ကြည်လင်လိုက်၊ခဏချင်းပဲ မြူခိုးတွေနဲ့ေ၀၀ါးသွားလိုက်၊ခဏချင်းပဲ မိုးပွင့်မိုးစက်တွေ ပိတ်ဆို့ ပြို ဆင်းလာလိုက်နဲပ။ စိတ်အပြောင်းအလဲမြန်တဲ့မိန်းမတစ်ယောက်လို၊ အချိန်ခန့်မှန်းဖို့ရာ ခက်ခဲ လွန်းတဲ့နာရီပျက်တစ်လုံးလို။ ရွာနေတဲ့ မိုးမှာ ရေစီးကြောင်းငယ်တွေ ခွဲဖြာစီးဆင်းလို့။ ရေစီး ကြောင်းတွေဟာ ကံကြမ္မာလို မြင့်ရာကနေ နိမ့်ရာကိုစီးဝင်လို့။
ပတ်ဝန်းကျင်မှာ အအေးဓါတ်က ပိုမိုသိသာလွန်ကဲလာခဲ့ပြီ။ ဘယ်ဆီဘယ်ဝယ်မျှော်မှန်း တမ်းတဖို့ရာ ရှစ်ရပ်ခွင်ဟာ မှုန်မှိုင်းရီဝေလို့။ အထီးကျန်စိတ်ဟာ မမြင်ရတဲ့ မကောင်းဆိုးဝါး တစ်ကောင်လို အတွေးကိုစီးဝင်ပူးကပ်လို့။ မမြင်ရတဲ့နံရံတွေကို အာရုံမှာ ခံစားသိ၊သိနေမိတယ်။ ဒီလိုအချိန် ရေဒီယိုခလုတ်ဆွဲဖွင့်လိုက်ရင် နည်းနည်းဖြစ်ဖြစ် စိတ်သက်သာရာ ရမလား။ ဒီလို အချိန်ကိုယ့်ကိုကိုယ့် ဂီတသံတစ်ခုထဲမှာ ဆွဲနှစ်လိုက်ရင် မာတင်းနေတဲ့အာရုံကြောတွေဟာ ပျော့ပျောင်းသွားလေမလား။
အဲဒီစိတ်ကူးစိတ်သန်းတိုင်းဟာ တွေဝေလို့၊ဒွိဟဖြစ်လို့၊အရာရာဟာ မှုန်မှိုင်းနာကျင်လို့ . ..။ နေ့တွေ။ ။
ဘုန်းနေသွန်း