ခုံပိုင်ရှင်  

Posted by IDEA MAGAZINE

Thursday, July 23, 2009


ခုံပိုင်ရှင်
(၃၃)လမ်းထိပ်ကို ကျွန်တော်ဝင်လိုက်တော့ မဲမဲလုံးလုံးနဲ့ပုံ့ပုံ့ ကြီး ထိုင်နေ တဲ့သူ့ကိုယ်လုံးကြီးကို အရင်ဆုံးသွားတွေ့ပါတယ်။ သူက အင်္ဂလိပ်လို ရေးထား တဲ့ စာအုပ်ကြီးတစ်အုပ်ကို သဲသဲမဲမဲကြီးကိုဖတ်နေပါတယ်။
ကျွန်တော်ဝင်ထိုင်တော့ သူက တစ်ချက်တော့မော့ကြည့်ပြီး စာကိုပြန်ဖတ် တယ်။ ကျွန်တော့်စိတ်ထင်အရတော့ စာပုဒ်မဆုံးသေးလို့ ဆက်ဖတ်နေတယ် ထင်တာပဲ။ ကျွန်တော်ဝင်ထိုင်တဲ့အတွက် သူ့မျက်နှာမဲမဲကြီးဝင်းပသွားတာကို ကျွန်တော်ဆိုတဲ့ငတိကလည်း သိတာပေါ့။
ကိုမျိုးသိန်းကို လက်ဖက်ရည်တစ်ခွက်မှာရင်း စီးကရက်မီးညှိနေတုန်းမှာ ဘဲ ကိုယ့်ဆရာက “၀ှီး” ဆိုတဲ့ သက်ပျင်းကြီးကိုချပြီး စာအုပ်ကိုပိတ်တယ်။ ပြီး တော့ ရိုရိုသေသေပဲ သူ့လွယ်အိတ်ကြီးထဲကိုထည့်ပါတယ်။
“ကွာတယ်ဗျာ၊ ကွာတယ် ကွာတယ်”
သူပြောတဲ့ကွာတယ်ဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာကို ကျွန်တော်ရိပ်မိ ပါတယ်။ ဒီရောဂါမျိုးက အင်္ဂလိပ်လို ဖတ်တတ်တဲ့လူတွေမှာ ဖြစ်နေကျရောဂါပါ။
“International ကြီးတစ်ခုလုံးကို (၃၃) လမ်းထိပ်နဲ့ ခုခံမယ်ဆိုရင်တော့ ကွာတာပေါ့ ဆရာညိုရယ်”
“ဒီတစ်မောင်ရင်လွဲသွားပြီ (၃၃) လမ်းကြီးတစ်ခုလုံးကို International ကြီး ကခုခံနေရတာဗျ”
သူနဲ့ကျွန်တော် ပြိုင်တူရယ်လိုက်ကြတယ်၊ အဲဒီအချိန်မှာဘဲ ကိုမျိုးသိန်းရဲ့ တပည့်ကလေးက လက်ဖက်ရည်လာချတော့ သူက ကျွန်တော့်ကို မျက်လုံးကြီး ပြူးပြီးကြည့်တယ်။
“ဒီမှာမောင်ရင် Tea-Time က လွန်သွားပြီဗျ၊ အခုအချိန်က Party-Time အချိန်၊ ကျုပ်က နေလုံးကိုတောင်မှ ကြက်ဥဟပ်ဖရိုက်ကြော်လို့ ပြင်နေတာ…”
ကျွန်တော်တို့နှစ်ယောက် အားရပါးရရယ်လိုက်ကြပါတယ်။ သူဆိုလိုတဲ့ အဓိပ္ပါယ်ကို ကျွန်တော်သိတယ်လေ….။ နေညိုချိန်ဘာကလေးမှာ ဘ၀ကို အနား ပေးပါပေါ့ဗျာ။
“တစ်ခွက်တော့သောက်ပါရစေဦးဗျာ၊ ပြီးတော့ မောင်နိုင်ကိုပုံအပ်ဖို့ကို တင်ကိုအောင်က ပေးအပ်ထားတဲ့တာဝန်ကလည်းရှိသေးလို့ပါ”
“ကိုင်း….ဒါဆိုလည်း စိတ်လက်မကြည်သာစွာနဲ့ပဲခွင့်ပြုလိုက်မယ် သောက် စေဗျာ”
ကျွန်တော်လက်ဖက်ရည်တစ်ငုံ့သောက်လိုက် တွေ့သမျှလူတွေကို ကိုနိုး ကိုတွေ့သလားမေးလိုက်နဲ့ အဲဒီနေ့က ကိုနိုးမြို့ထဲ ထွက်ဟန်မတူပါဘူး။ ဒါမှ မဟုတ် ကိုယ့်ထက်စောအောင် နေညိုချိန် ဘားကိုရောက်နေတာလည်း ဖြစ်နိုင် ပါတယ်။
“မောင်ရင် ဒီညနေခင်းကို ကျုပ်ဘယ်သူ့ကိုမှလေလံ မပစ်တော့ဘူးနော်”
“မပစ်ပါနဲ့တော့ဗျာ၊ ကျွန်တော်ကန်ထရိုက်ဆွဲလိုက်ပါပြီ”
ဒီလိုနဲ့ ကျွန်တော်ရှာတဲ့ ပန်းချီဆရာကိုလည်းမတွေ့တော့ သေချာပြီမို့ လေဆန်ကုန်း မပိတ်ခင်မှာဘဲ ကျွန်တော်တို့ ထိုင်နေကျဆိုင်ကိုချီတက်ခဲ့ကြ တယ်။
ကျွန်တော့်လက်ထဲမှာ ကျွန်တော်တို့နှစ်ယောက်လောကကြီးကို အနိုင် ယူဖို့အတွက်တော့ လုံလောက်တဲ့ငွေကြေးပါ ပါတယ်။
ဆိုင်ထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ စီးကရက်မီးခိုးနဲ့ရယ်၊ အရှိန်ရနေကြပြီ ဖြစ်တဲ့ ၀ိုင်းအသီးသီးက စကားသံ တဝေါဝေါရယ်က ဆီးကြိုနှုတ်ဆက်ကြပါ တယ်။
ကျွန်တော် ၀ိုင်းတွေအားလုံးကို မျက်စေ့ကစားလိုက်တော့ ၀ိုင်းတိုင်း ၀ိုင်း တိုင်းလူပြည့်နေတော့ တော်တော်လေးစိတ်ပျက်သွားမိတယ်။ ဟုတ်တယ်လေ . . .အရက်သောက်တယ်ဆိုတော့….. ကိုယ့်ဝိုင်းနဲ့ ကိုယ့်ဂီတနဲ့ကိုယ့်စကားလုံးနဲ့ သီးသန့်မှကောင်းတော့မှာပေါ့။
ကိုယ်နဲ့လည်းမသိ၊ ရင်ခုန်သံချင်းလည်းမတူ၊ သူ့ဂီတနဲ့ ကိုယ့်ဂီတနဲ့ လည်းမတူတဲ့ဝိုင်းမှာ နှစ်ဖွဲ့စပ်သောက်ရရင် သောက်ရတဲ့အရက် ကိုယ်ကျိုးနဲ ရော ပေါ့။
“အကိုကြီး ဒီမှာ လူပြည့်နေပြီ၊ တခြားဆိုင်သွားမလား! ”
“မောင်ရင့်သဘောပဲလေ မောင်ရင်ကလေလံပိုင်ရှင် မဟုတ်လား”
ကျွန်တော်တို့ မတ်တပ်ရပ်လျက်က နေလှည့်အထွက်မှာ . . .
“နီကိုရဲ၊ ဟေ့…..နီကိုရဲ ”
ကျွန်တော့်နာမည်ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့….ကျွန်တော့် ကိုခေါ်တာ စာပေမိတ်ဆွေတစ်ယောက်ပါ။ သူ့ကို ကျွန်တော်တို့ နှစ်ယောက် စလုံးသိပါတယ်။ သိပ်အရင်းနှီးကြီးတော့ မဟုတ်ဘူးပေါ့ဗျာ။
သူထိုင်နေတဲ့ ၀ိုင်းကိုကြည့်လိုက်တော့ သူတစ်ယောက်တည်း….။ ဒါနဲ့ ကျွန်တော် ကိုညို့ကိုတစ်ချက်ကြည့်ရတယ်။ သဘောကတော့ ဒီမှာဘဲဝင်ထိုင် မလား! တခြားဆိုင်မှာဘဲ ထိုင်မလားပေါ့လေ…….။
“သူတစ်ယောက်တည်းဗျ၊ သူ့နဲ့ဆိုမဆိုးပါဘူး”
“မောင်ရင့်သဘောလို့ ပြောထားတယ်လေ”
ဒါနဲ့ပဲ ကျွန်တော်တို့ သူ့ဝိုင်းကို ၀င်ထိုင်ကြတယ်။
Rum တစ်ပိုင်းနဲ့ကြက်ဥမွှေကြော်တစ်ပွဲမှာတော့ …ခုံပိုင်ရှင်စာပေမိတ်ဆွေ က ပြောပါတယ်။
“ဒီဆိုင်က နံရိုးအကြွပ်ကြော်သိပ်ကောင်းတာကွ၊ အဲဒါပါ မှာလိုက်ကွာ…..”
ဒါနဲ့ကျွန်တော်လည်း နံရိုးအကြွပ်ကြော်ပေါ့လေ၊ ကိုယ့်ကသူ့ခုံကို ၀င်ထိုင် မိမှကိုး။ Rum တစ်ပိုင်းရောက်လာတော့ ၀ိုင်းဆရာကပဲ မာကာလုပ်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ခွက်အပြင် သူ့ခွက်ထဲကိုလည်းထည့်ပါတယ်။ ကျွန်တော်က ဘာပြောလို့ရတော့မှာတုံး။
First Cut ကို ချီးယားတောင်မလုပ်ဘဲ ရေနည်းနည်းရောပြီး ကိုညိုရော ကျွန်တော်ပါ တစ်ရှိန်ထိုးကစ် ပစ်လိုက်ကြတယ်။
ကစ်ပြီးတော့ သူမှာထားပြီး သူစားလို့ကုန်ခါနီးနီးဖြစ်နေတဲ့ အဖိုးကြီးသုတ် ထဲက လက်ဖက်လေးတစ်ဇွန်းကို ကျွန်တော်ရော ဆရာညိုပါစားလိုက်ကြရ တယ်။ ဟုတ်တယ်လေ…ကျွန်တော်တို့မှာတဲ့ အမြည်းတွေက ရောက်မှမရောက် သေးတာကိုး၊ ခုံပိုင်ရှင်ကလည်း သူ့ခွက်ထဲက လက်ဖက်ကို လက်နဲ့ပဲယူစား လိုက်တယ်။ ပြီးတော့ ကုန်လုလုလက်ဖက်ပန်းကန်ကို ကျွန်တော်တို့ဘက်တွန်း ပို့ရင်
“စားကြဗျာ၊ ကျွန်တော်က တစ်ဝိုင်းတည်းထိုင်ရင်၊ သူ့အမြည်းကိုယ့် အမြည်း မခွဲတတ်ပါဘူး၊ ဒါနဲ့ ဆရာမြသန်းတင့်ကို မောင်သွေးချွန်က ဝေဖန်လိုက် တာ ဖတ်ပြီးပြီလား”
ခုံပိုင်ရှင်ဆရာက ထိုသို့သော စကားဖြင့် အနုပညာနှင့်စာရေးခြင်း စားရေး ဆရာလောက စသည့်တို့ကို စတင်ဆွေးနွေးပါတယ်။ ကျွန်တော်တို့နှစ်ယောက် က တစ်ခွက်စီပဲ ကစ်ရသေးတော့ သူပြောသမျှကိုပဲ နားထောင်နေရတာပေါ့ ခင်ဗျာ။
ဒါနဲ့ …မဖြစ်ချေဘူး။ သူ့ကိုတော့ “မှီအောင်လိုက်မှဘဲ” ဆိုတဲ့ ဆုံးဖြတ် ချက်နဲ့ ကိုညို့ကိုကြည့်တော့ သူကလည်းသဘောတူပုံရတာနဲ့ ကျွန်တော်ပုလင်း ကိုယူပြီး ခပ်များများလေးထည့်ပြီး ပုလင်းကို ဆရာညိုဘက်ပေးလိုက်တော့ ဆရာညိုကလည်း ကျွန်တော်ထက်မနည်း ငှဲ့ချလိုက်ပြီးရေကိုပါးပါးထည့်၊ ရေခဲ တစ်တုံးထည့်ပြီး တစ်ရှိန်ထိုးကစ်ပစ်လိုက်ရော၊ ကျွန်တော်ကတော့ ရေခဲတောင် မထည့်တော့ပါဘူး။ ဟုတ်တယ်လေ။ ကျွန်တော်က အရက်အေးစက်စက်ကြီး ဆိုရင် မသောက်တတ်ဖူးမဟုတ်လား!။
ခုံပိုင်ရှင်ဆရာကလည်း သူ့ခွက်ထဲက လက်ကျန်ကိုရှင်းပစ်လိုက်ပြီး နောက်ထပ်တစ်ခွက်ငှဲ့ပြန်ပါတယ်။ ရေခဲတွေ ဘာတွေနဲ့စပ်ပြီးတော့ မသောက် သေးဘဲ သူ့ရဲ့ကုန်လုလုအဖိုးကြီးသုပ်ပန်ကန်းကို ကျွန်တော်တို့ဘက်ကို တွန်း လွှတ်ပါတယ်။ ပန်းကန်ထဲမှာက နှမ်းနဲ့မြေပဲနည်းနည်းကလေးပဲ ကျန်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ဒါကိုပဲ စားမိသွားတယ်။ မှာထားတဲ့ အမြည်း က မရောက်သေးတော့ရှိတာလေးပဲ၊ လျှာပေါ်ဖြတ်ပြေးရင် တော်ပြီဆိုတဲ့ သဘောမျိုးနဲ့ပါ။
“၀တ္ထုတိုတစ်ပုဒ်မှာ အကြောင်းအရာနဲ့ပုသဏ္ဍန်ဘယ်ဟာက ပိုအရေးကြီး တယ်လို့ ခင်ဗျားတို့ထင်သလဲ!”
“နှစ်ခုစလုံး အရေးကြီးတာပေါ့ဗျ”
ခုနက ကစ်လိုက်တဲ့ နှစ်ဖက်စာလောက်က စကားတွေကို ကျွန်တော် နှုတ်ခမ်းပေါ် တွန်းတင်ပေးလိုက်တယ်ဆိုတာကို ကျွန်တော်သဘောပေါက် သွား ပြီဆိုတော့ ဘာမှထပ်မပြောခင် ပုလင်းထဲမှာ ကျန်တဲ့လက်ကျန် လက်နှစ်လုံးစာ လောက်ကို အကုန်ထည့်ပြီး ရေပါးပါးထည့်ပြီ ထပ်ကစ်ပစ်လိုက်တယ်။
ခုံဆိုင်ရှင်ဆရာက ဘာမှမပြောဘဲ သူ့ရဲ့နှမ်းကလေးနည်းနည်းပဲရှိတော့ တဲ့။ အဖိုးကြီးသုတ်ပန်းကန်းကို ကျွန်တော်ရှေ့ကို ထပ်တွန်းပေးပြန်ရော…..။
“ဆရာညိုကရော အကြောင်းရာနဲ့ ပုံသဏ္ဍန်ဘယ်ဟာကို ဦးစားပေးရေး တတ်သလဲ!”
“ကျွန်တော်ကတော့ …. ဒီလိုပဲရေးတာပါပဲဗျာ”
“အဲဒါပြောတာပေါ့ဗျာ၊ အခု ကျွန်တော်တို့ဝတ္ထုတိုလောကမှာ အကြောင်း အရရော ပုံသဏ္ဍန်ရောတို့ပါဖျက်ပြီး စကားလုံးတွေနောက်ကို လိုက်နေကြ တယ်။ စာဖတ်ပရိသတ်ကို ဘာပေးချင်တာလဲ၊ ဘာပြောချင်တာလဲဆိုတာ မရှိ တော့ဘူး၊ ဟေ့….ညီလေး Rum တစ်ပိုင်းပေးဦးကွာ….. အမြည်းမှာထားတာ မလာသေးဘူးလား!”
“လုပ်နေပြီဆရာ၊ လာတော့မှာပါ”
“မင်းတို့ကိုပြောလိုက်ရင် လုပ်နေပြီ၊ ချက်နေပြီဆိုတာချည်းပဲ၊ ရေခဲ တစ်ပွဲနဲ့ Rum တစ်ပိုင်း အမြန်လုပ်”
“ဟုတ်ကဲ့……ဆရာ”
“အဲဒီတော့ဗျာ၊ ကျွန်တော်မြင်တာကတော့ ၀တ္ထုတိုခေတ်မဟုတ်တော့ဘဲ စကားလုံးခေတ်ကို ရောက်နေတယ်။ စကားပြေဆိုတာ မရှိသလောက်ဖြစ်သွားပြီ ဗျ”
“သူ့ခေတ်နဲ့သူတော့ အဆင်ပြေနေတာပဲ မဟုတ်လား! မြစ်တွေချောင်း တွေလိုပေါ့ဗျာ၊ ရေစီးကြောင်းဆိုတာ တစ်သမတ်ထဲ ဘယ်ရှိပါ့မလဲ၊ ပြောင်ချင် ပြောင်းသွားတာ့မဟုတ်လား”
အောင်မယ်… ဘယ်ဆိုးလို့တုန်း Rum သုံးပတ်လောက်ဝင်သွားတာနဲ့ ကျွန်တော့်ဦးနှောက်က မြူးပြီး သူ့ကို ပြန်ခုခံတဲ့ဘက်ကို အလိုလိုရောက်သွား တယ်။ ဆရာညိုကတော့ သူ့ဆေးပေါ့လိပ်ကို ဖင်ဆောင့်ပြီး ကုန်သွားတဲ့အရက် ပုလင်းကိုပဲ တွေတွေကြီးစိုက်ကြည့်ရင်း ဆေးပေါ့လိပ်ကို မီးညှိပါတယ်။ ဒါပေမယ့် ဆရာညို့ GAS မီးခြစ်က တော်တော်နဲ့ခြစ်မရဘူးခင်ဗျ။ GAS ကုန်ပြီးတဲ့ မီးခြစ်ကို ဘယ်နှစ်ကြိမ် GAS ပြန်ဖြည့်ထားတဲ့ မီးခြစ်လည်းတော့မသိဘူး။
အဲဒီမှာ ခုံပိုင်ရှင်ဆရာက သူ့မီးခြစ်ကိုခြစ်ပြီး လက်နဲ့ကာရင်းဆရာညိုရဲ့ ဆေးပေါ့လိပ်ကို မီးညှိပေးတယ်။
“ခေတ်ရေစီးကြောင်းကို ကျွန်တော်သိပါတယ်ဗျာ၊ ၀တ္ထုတိုင်း မကောင်းဖူး လို့ပြောနေတာမဟုတ်ပါဘူး၊ အချို့ဝတ္ထုတိုကလေးတွေ တော်တော်လေး ကောင်းပါတယ်၊ ဖတ်ရင်းနဲ့ ပါသွားတယ်ပေါ့ဗျာ၊ ဒါပေမယ့် ဇာတ်သိမ်းပိုင်းလည်း ရောက်ရော ကိုယ်တော်က လူနားမလည်အောင်လုပ်ချလိုက်ရော….ဆရာညို အဲဒီလို ၀တ္ထုမျိုးကို ဘယ်လိုထင်သလဲ! ”
ခုံပိုင်ရှင်ဆရာက စကားဝိုင်းထဲကို မ၀င်တဲ့ဆရာညို့ကိုအပါဆွဲခေါ်တယ်။ အဲဒီအချိန်မှာ Rum တစ်ပိုင်းနဲ့ ရေခဲတစ်ပွဲရောက်လာတယ်။ ကြက်ဥမွှေကြော် လည်းပါလာတယ်။ ကုန်သွားတဲ့ပုလင်းကို ပြန်ယူ၊ ရေခဲခွက်ကို ပြန်ယူ၊ ပုလင်း အသစ်ချ၊ ကြက်ဥမွှေကြော်နဲ့ ၀ိုင်းက ခဏအလုပ်ရှုပ်သွားလို့ပြောလက်စ စကား ခဏပြတ်သွားတယ်။ စားပွဲထိုးကလေးထွက်သွားတော့ ကိုညိုက ပုလင်းကိုယူပြီး တော်တော်များများထည့်ပြီး ရေနည်းနည်းပဲရောပြီး ကစ်ပစ်လိုက်တယ်။ ပြီးတော့ မှ ကြက်ဥမွှေကြော်တစ်ဇွန်းကို ကောက်ဝါးတယ်။ ဆရာညို့ကို ကြည့်ရတာ အခု မှ လင်းသွားသလိုပဲ။
“Rum က အပြားဆို မစစ်ဖူးဗျ၊ အတုတွေများတယ်။ အခုလို ပုလင်းကြီးကို တစ်ဝက်ခွဲမှာတာက စစ်တာ”
“ကောင်းပါတယ်”
“နံရိုးအကြွပ်ကြော်ကလည်း ခုထိမလာသေးဘူး၊ ခေါ်မေးလဲ လုပ်နေပါပြီ ပဲပြောဦးမှာဘဲ၊ အဲဒီတော့ ဆရာညိုရာ ၀တ္ထုကို ရိုးရိုးရေးရင် ရရဲ့သားနဲ့ မော်ဒန် ဆန်အောင်လုပ်ပစ်လိုက်တော့ ၀တ္ထုပျက်စီးမသွားဘူးလား!”
“ဟုတ်တယ်၊ ဆရာ့ Rum က စစ်တယ်ဗျ၊ သုံးခွက်ထဲ တော်တော်လေး လာတယ်”
“ဟုတ်တယ်၊ ကျွန်တော်လည်း ဆိုင်တွေစုံနေပြီ၊ ဒီဆိုင်က အမှန်ဆုံးပဲ၊ ဝေဖန်ရေးလည်းရှိရမယ်ဗျ၊ အခုခေတ်မှာ ဝေဖန်ရေးဆိုတာ မရှိသလောက်ဖြစ် သွားပြီ၊ ဝေဖန်ရေးမရှိတော့ အကွပ်မရှိတဲ့တောင်းလို ၀တ္ထုတိုတွေ လုံးချင်းဝတ္ထု တွေက ပရမ်းပတာတွေဖြစ်ကုန်ပြီ။ ဟေ့…..ဟေ့……ရေဗျ….ရေဗူးပေးပါဦး”
ခုံပိုင်ရှင်ဆရာက ရေဗူးလာချပေးတဲ့ စားပွဲထိုးကလေးကို စီးကရက်တစ်ပွဲ မှာတယ်။ ပြီးတော့ သူ့ခွက်ထဲကို Rum ထပ်ငှဲ့ထည့်တယ်။ စီးကရက်တစ်လိပ်ကို မီးညှိတယ်။ အားရပါးရဖွာပြီးတော့မှ တစ်ယောက်တည်းခေါင်းကို ညိတ်နေတယ်။ သူအတွေးထဲမှာ ဘယ်အမှန်တရားကိုတွေ့လို့ သူဘာသာသူထောက်ခံနေလဲ တော့မသိဘူး။
“ဆရာနီကိုရဲ စဉ်းစားကြည့်ဗျာ၊ မော်ဒန်ပေါ်လာတယ်ဆိုတာကို ကျွန်တော်က ဒီလိုမြင်တယ်။ သူတို့ဆီမှာ ပုံသဏ္ဍန်ဟောင်းကို ငြီးငွေ့လို့ သူတို့ က ပုံသဏ္ဍန်ဟောင်းအတိုင်းမရေးတော့ဘဲ ပြောင်းရေးရာကနေ သူ့အလိုလို မော်ဒန်ဆိုတာကြီးပေါ်လာတာ ဖြစ်ဖို့များတယ်”
အဲဒီနေရာအရောက်မှာ နံရိုးအကြွပ်ကြော်က ရောက်လာလို့စကားခဏ ပြတ်သွားတယ်။ ခုံပိုင်ရှင်ဆရာက သူခုနက ငှဲ့ထားတဲ့ Rum ကိုတစ်ရှိန်ထိုးကစ် ပြီး နံရိုးနုတစ်ခုကို ကောက်ဝါးတယ်။
“အင်း….ကောင်းတယ်ဗျာ၊ ကောင်းတယ်စားကြည့်။ အဲဒီတော့ဗျာ ကျွန်တော်တို့ဆီမှာက ရေးရင်းနဲ့ဒန်သွားတာမဟုတ်ပဲ မဒန်ဒန်အောင်ရေးနေကြ တော့ မခက်ဘူးလား! ဆရာညို…..”
“အင်း…..စဉ်းစားစရာတစ်ခုပေါ့လေ…..”
ခုံပိုင်ရှင်ဆရာက သူ့ခွက်ထဲကိုထပ်ထည့်တော့ ကျွန်တော်လည်း ထပ် ထည့် လိုက်တယ်ခင်ဗျ။ ဒီတော့မှသူက ရေပုလင်းကို ကမ်းပေးရင်းနဲ့……..
“ဆရာနီကိုရဲတို့ကတော့ ဟာသကလေးတွေ၊ ဘာလေးတွေရေးတယ်ဗျာ၊ ပြီးရောပေါ့ ကိုယ်ရေးတတ်သမျှ ကလေးကိုရိုးရိုးသားသားရေးတာ၊ ဒါပေမယ့် ဆရာနီကိုရဲလည်း အကြောင်းရာနဲ့ ပုံသဏ္ဍန်ကိုတော့ သတိထားရလိမ့်မယ်”
“ဘာကိုပြောတာလဲဗျ၊ ကျွန်တော်နားမလည်ဘူး”
“အဟမ်း! ဒီလိုဗျာ….ဟိုငတိတွေက မဒန်တာကို ဒန်အောင်ရေးတယ်၊ ဆရာနီကိုရဲကကျတော့ မရယ်ရတာတွေကို ရယ်ရအောင်ရေးတယ်၊ အဲဒါကို ပြောတာ”
သူ့စကားဆုံးတော့ ကျွန်တော်ဒေါသတော်တော်ဖြစ်သွားတယ်။ အရက် အရှိန်ကလေးကလည်း ရနေပြီဆိုတော့ ဒါမျိုးကတော့ ပွဲကြီးပွဲကောင်းပေါ့။
“မရယ်ရတာကို ရယ်ရအောင်ရေးရတာ လွယ်တယ်လို့များ ကိုယ့်ဆရာ က ထင်လို့လား!၊ လွယ်တယ်လို့ထင်ရင် ကိုယ့်ဆရာ အဲဒီလို ၀တ္ထုမျိုးတစ်ပုဒ် လောက်ရေးကြည့်ပါလား!”
ကျွန်တော့်အသံမှာ ဒေါသကပါနေတယ်၊ စကားလုံးတွေက ရိုးရိုးပေမယ့် ဒေါသအရှိန်ကြောင့် တုန်ခါနေတယ်။ ဒီတော့ သူက ကျွန်တော့်ကိုလက်ကပြရင်း နဲ့ Rum ထပ်ထည့်ပြီးရေခဲထည့်ရေရောပြီး တစ်ဝက်လောက်သောက်တယ်။
“ကျွန်တော်က အပြုသဘောဝေဖန်တာပါဗျာ၊ စိတ်မဆိုးပါနဲ့၊ ဟုတ်တယ် မဟုတ်လား ဆရာညို စာနဲ့ပေနဲ့ဝေဖန်တာမျိုးကို လုပ်ဖို့ ကျွန်တော်စဉ်းစားနေ တုန်းပါ။ ဝေဖန်ရေးလိုတယ်ဗျာ ဝေဖန်ရေး…..ဟေ့ ချာတိတ်……ဟေ့ …..လာဦး၊ အစိမ်းကြော်တစ်ပွဲနဲ့ ထမင်းတစ်လုံးမြန်မြန်လုပ်ကွာ…….. ငါဆာနေပြီကွ”
“ဟုတ်ကဲ့ ဆရာ”
ခုနက တင်းမာမှုကြောင့် ကျွန်တော်တို့ဝိုင်းဟာ ခဏစကားပြတ်သွား တယ်။ ကျွန်တော်တို့နှစ်ယောက်စလုံးနဲ့ ခုံပိုင်ရှင်ဆရာနဲ့ စကားမပြောကြတော့ ဘူး။ ဆရာညိုက ဆေးပေါ့လိပ်ဖွာရင်း လက်ကျန်ကိုထပ်ကစ်ပစ်လိုက်ပြီး ကျွန်တော့်ကို မေးတယ်။
“ဟန်သစ်ထွက်ပြီလား!”
“မနေ့ကမှ ရုံးဆင်းတယ်လေ………”
“ဒါဆို ထုံးစံအတိုင်း လကုန်ပြီးပထမအပါတ်ပေါ့၊ မောင်ရင့်ဝတ္ထုရောပါ သေးလား! ကျုပ်ကြီးဒေါ်ကြီးကတော့ တစ်လ တစ်လ မောင်ရင် မကြည်ပြာနဲ့ ဘာလွဲဦးမလဲဆိုတာကိုပဲ သိချင်နေတာဗျာ……”
“ဟုတ်တယ်၊ ဒါ ပရက်ဆန်တေးရှင်းကောင်းလို့ပေါ့ဗျ”
ခုံပိုင်ရှင်ဆရာက၀င်ပြောတော့ ကျွန်တော်တို့စကားကိုရပ်ပစ်လိုက်တယ်။ ပြီးတော့ အရက်ကိုယ်စီငှဲ့ပြီး ကိုယ့်ဘာသာအေးအေးဆေးဆေးသောက်နေလိုက် တယ်။ အဲဒီအချိန်မှာ နံရိုးနုကြော်က သုံးလေးခုလောက်ပဲ ကျန်တော့တယ်။ မှတ်မှတ်ရရ ကျွန်တော်(၂)ခုပဲ စားရသေးတယ်၊ ဆရာညိုလည်း အဲဒီလောက်ပါ ပဲ၊ ခုံပိုင်ရှင်ဆရာ တွယ်သွားပြီပေါ့ ရှိစေပေါ့လေ။
ကျွန်တော်နဲ့ ဆရာညိုတို့ စာပေရေးရာတွေမပြောတော့ပဲ။
ဆရာမ မဂျူးရဲ့ care အကြောင်း၊ ဆရာလူထုစိန်ဝင်းရဲ့ အင်္ဂလိပ်စာသင် တန်းက အကြောင်းတွေပဲပြောနေလိုက်တယ်။ ခုံပိုင်ရှင်ဆရာကတော့ ပူပူနွေး နွေး ရောက်လာတဲ့အစိမ်းကြော်နဲ့ ထမင်းကိုမစားခင် Rum တစ်စိတ်ထပ်မှာ တယ်။
“အေးဗျာ…..ဆရာမဂျူးက စာသိပ်မရေးတော့ပဲ၊ လူမှုရေးလှုပ်ရှားမှုတွေ လုပ်လာတာ ချီးကျူးဖို့ကောင်းတယ်ဗျာ။ တစ်နေ့တော့ ကျွန်တော်လည်း ဆရာမတို့နဲ့ ပူပေါင်းပြီး ကူညီဦးမှာပါ”
Rum တစ်စိတ်ရောက်လာတော့ သူက တစ်ဝက်လောက်ထည့်ပြီး ကျန်တဲ့ Rum ကို ကျွန်တော်တို့ တစ်ဝက်စီငှဲ့ပေးပါတယ်။ သူက ရေခဲထည်၊ ရေရောပြီး တစ်ရှိန်ထိုးကစ်တယ်။
“ဆရာမဂျူးရဲ့လိပ်စာသိလား”
“မသိဘူး…….”
“ကျွန်တော်လည်း လူမှုရေးလုပ်ချင်တယ်ဗျာ ဆရာညို”
“ကောင်းပါတယ်”
“Phone နံပါတ်ရောသိလား”
“မသိဘူး”
“လူမှုရေးလုပ်ရမယ်၊ လူမှုရေး…… လူမှုရေး”
ခုံပိုင်ရှင်ဆရာတော်တော်မူးနေလို့ ကျွန်တော်ထင်တယ်။ ကျွန်တော် တို့ က သူ့ကိုစကားပြောချင်တော့မှန်းလည်း သူသိတယ်။ ဒီတော့ သူက အစိမ်း ကြော်နဲ့ ထမင်းကိုစားတယ်၊ ကျွန်တော်တို့က အရက်သောက်တယ်၊ သူ့အစိမ်း ကြော်ကို ကျွန်တော်တို့ယောင်လို့တောင် မနှိုက်ပါဘူး။ ခုံပိုင်ရှင်ဆရာက ထမင်း စားတာ မြန်သလားမမေးနဲ့။ ကျွန်တော်တို့ စကားနည်းနည်းပြောပြီး အရက်တစ် ခွက်စီသောက်အပြီးမှာ သူထမင်းစားတာပြီးသွားပါပြီ။
သူက တစ်ရှုးပေပါနဲ့ နှုတ်ခမ်းသုတ်ရင်း……..
“ဆရာနီကိုရဲကို ခုနက ကျွန်တော်ပြောတာ တော်တော်စိတ်ဆိုးသွားလား”
“ထားလိုက်ပါတော့ဗျာ”
“ထားလို့ ဘယ်ရမလဲဗျ၊ စာရေးဆရာဆိုတာ ဝေဖန်တာကိုခံနိုင်ရမှာပေါ့၊ ကျွန်တော်ကလည်း အပြုသဘောဝေဖန်တာပဲ၊ ကိုနီကိုရဲ ဘယ်လောက်စာရေး ကောင်းကောင်း ဘယ်တော့မှ ဂန္တ၀င်မထွင်ဘူး”
“ဟေ့ ခင်ဗျား စကားကိုရပ်လိုက်တော့ဗျာ”
ကျွန်တော် ဒေါသပြန်ဖြစ်လာတယ်၊ ဆရာညိုကတော့ အခြေအနေကို ၀င် ထိန်းပါတယ်။
“ကဲ….ဗျာ…. ကိုရဲကလည်း အဝေဖန်ခံနိုင်ပါတယ်၊ စာနဲ့ပေနဲ့ သေသေ ချာချာသာ ဝေဖန်ပါဟုတ်လား! ခင်ဗျားလုပ်ရင်ဖြစ်ပါတယ်”
“ဖြစ်ပါတယ်။ ကျွန်တော်ကဝေဖန်ရင်ရတာပေါ့၊ ဒါပေမူယ့် ကိုယ့်လူတွေ ဆိုပြီး အမေ့ခံထားတာ ဒီမှာ ဆရာနီကိုရဲ၊ ဆရာလည်း စာဖတ်နာခဲ့တဲ့လူပဲ၊ နိုင်ငံ အသီးသီးက ဂန္တ၀င်ဝတ္ထုတွေမှာ ဟာသ၀တ္ထုမပါဘူးဗျ”
ကျွန်တော်“၀ုန်း” ကနဲ ထရပ်လိုက်တယ်။ စားပွဲခုံပေါ်က ဖန်ခွက်တွေ ဘာ တွေလဲ မှောက်ကုန်တယ်။
“ဟေ့ လူ ခင်ဗျား ထွက်သွား၊ ကျွန်တော်ရှေ့က အခုထွက်သွား၊ မသွားရင် ခင်ဗျားကို ကျွန်တော် တစ်ခုခုလုပ်မိလိမ့်မယ်။ အခုထွက်သွားဗျာ”
“ကဲ…. ကိုယ့်ဆရာသွားပါတော့ဗျာ၊ သွားတော့ သွားတော့”
ဆရာညိုကလည်း လေသံတင်းတင်းနဲ့ ပြောတော့မှ ခုံပိုင်ရှင်ဆရာက သူ့ လွယ်အိတ်ကလေးကောက်လွယ်ပြီး ဆိုင်ထဲက ခပ်သုတ်သုတ်ထွက်သွားတယ်။ ဆိုင်ထဲမှာ သောက်နေတဲ့လူတွေက စကားသံခဏတိတ်ပြီး ကျွန်တော်တို့ဝိုင်းကို ကြည့်ကြတယ်။
ဆရာညိုက နောက်ထပ်တစ်စိတ်ထပ်မှာပြီး ကျွန်တော်တစ်ခွက်လောက် ကစ်ပြီးတော့မှ စိတ်ကငြိမ်သွားတယ်။
“ကျွန်တော်တို့ ၀င်ထိုင်မိတာကိုက မှားတာဗျ”
“မှန်တာပေါ့၊ မှားတာကတော့ သူ့ကိုချက်ချင်းမောင်းထုတ်ပစ်လိုက်တာပဲ”
“ဘာဖြစ်လို့လဲ ဆရာညိုရဲ့ မောင်းမထုတ်ရင် ရန်ပွဲသေးသေးကလေးတစ် ခုတော့ဖြစ်သွားမှာပေါ့”
“သူမှာ စားချင်တာတွေ စားသွားပြီ၊ ပိုက်ဆံတစ်ပြားမှ ရှင်းမသွားဘူးလေ”
“ဟိုက်……..!!”
ဘီလ်တောင်းကြည့်လိုက်တော့ အားလုံးခြောက်ထောင်ရှစ်ရာကျတယ်။ ကျွန်တော်နဲ့ ဆရာညိုနှစ်ယောက်ပေါင်းငွေက ငါးထောင့်နှစ်ရာပဲရှိတယ်။ အဲဒီ ငါးထောင့်နှစ်ရာထဲက အပြန်လမ်းစရိတ် ငါးရာနှုတ်လိုက်ရင်….. ဆိုင်ကိုပေးလို့ရ မယ့်ပိုက်ဆံက လေးထောင့်ခုနှစ်ရာပဲရှိမယ်ဆိုတော့ တော်တော်ကို ပြဿနာ တက်နေပြီပေါ့ဗျာ။ ငွေက နှစ်ထောင့်တစ်ရာလိုနေတာကိုး။ သူမှာပြီး စားသွားတဲ့ အမြည်းတွေရယ်၊ သူ့အတွက် ညစာအစိမ်းကြော်နဲ့ ထမင်းဖိုးရယ်တွေသာ မပေး ရရင် ကျွန်တော်တို့မှာရှိတဲ့ငွေဟာ ကျွန်တော်တို့နှစ်ယောက်အတွက် ကောင်း ကောင်းလောက်ပါတယ်။
အခုငွေလိုနေပြီဆိုတော့ ကောင်လေးကို လှမ်းကြည့်လိုက်တော့ ထိုင်နေ တာက ဆိုင်ပိုင်ရှင်ရဲ့ဇနီးပါ။ မိန်းကလေးဆိုတော့ သနားအောင်ပြောနိုင်ရင် ခွင့်ပြု နိုင်ကောင်းပါရဲ့လို့ တွေးပြီး ကောင်တာကိုသွားရတယ်။
“ကျွန်တော်လည်း ဒီဆိုင်မှာ ရံဖန်ရံခါ သောက်နေကျပါ အန်တီရယ်၊ ဒီနေ့ တော့ ပြဿနာက အန်တီတွေ့တဲ့အတိုင်း ဖြစ်သွားတော့ လိုတဲ့နှစ်ထောင့် တစ်ရာကို………”
“ရပါတယ် ဆရာရယ်၊ ဆရာ့ကို ကျွန်မတို့ သိပါတယ်။ ဆရာတို့က ထောင်ချောက်မိသွားတာကိုး”
“ဗျာ……! ထောင်ချောက်”
“ဟုတ်တယ်။ အဲဒီလူက ခပ်စောစောလာပြီ်း၊ ခုံတစ်လုံးမှာ ထိုင်နေလေ့ရှိ တယ်၊ သူ့ခုံဝင်ထိုင်တဲ့လူကို စကားပြော မှာချင်တာတွေမှာစားပြီးရင် ပြဿနာတက် မောင်းထုတ်အောင်လုပ်နေကျဆရာ……”
“အော်………”
“ဆရာ့အတွက် ၀တ္ထုတစ်ပုဒ်ရတာပေါ့ဆရာရဲ့”
“တော်ပါပြီဗျာ၊ အဲဒီလိုဝတ္ထုမျိုးတော့ နောက်ထပ်မရချင်တော့ပါဘူး”
ဒီတော့ ကိုယ့်ဆရာတို့ကိုပြောချင်တာက…….. အရက်သောက်မယ်ဆို လျှင် ဆိုင်ရွေးပါ၊ လူရွေးပါ၊ နေရာရွေးပါ။
တစ်ယောက်တည်းထိုင်နေတဲ့ “ခုံပိုင်ရှင်” မျိုးကို ရှောင်ပါလို့ အတွေ့ အကြုံနဲ့ သတိပေးလိုက်ပါတယ်ခင်ဗျား။
နီကိုရဲ

This entry was posted on 1:38 PM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments