နှစ်ပတ်အလို  

Posted by IDEA MAGAZINE

Thursday, July 23, 2009


နှစ်ပတ်အလို


အခန်း(၁)
အချို့သောလက်နက်တွေဟာ
ရည်ရွယ်ပစ်ခတ်လိုက်တဲ့ ပစ်မှတ်တစ်ခုသာ
ပြိုလဲသွားစေခဲ့တယ်။
အချို့သောလက်နက်တွေဟာ
ပစ်မှတ်အနားက မဆိုင်တဲ့အရာတွေကိုပါ
ပြိုလဲသွားစေခဲ့တယ်။
လက်နက်မဟုတ် . . ပါပဲနဲ့ ……..
“စာ” တစ်စောင်ကြောင့်
ရာဂဏန်းလောက်ရှိတဲ့
မိသားစုရဲ့ဘ၀တွေ
ပြိုလဲသွားခဲ့တယ်ဆိုရင် ………
ယုံနိုင်ပါ့မလား။
ဘဏ်မှပို့လိုက်သော Notice (နို့တစ်) စာကိုဖတ်ရင်း “သြရသ”ရဲ့ လက်များ တဆတ်ဆတ်တုန်နေသည်။
မေးကြောကြီးများထောင်နေအောင် အံကိုတင်းတင်းကြိတ်ထား သည်။ ကောင်းကင်မှာ ပုံသဏ္ဍန်အတိအကျမရှိသော တိမ်စိုင်တစ်ခုသည် လမင်းရှေ့မှ ဖြတ်ပြီး ၊ လေနှင်ရာအတိုင်းရွေ့လျားနေသည်။
သြရသသည် ကောင်းကင်ကိုမော့ကြည့်နေသော်လည်း …
သူ့မျက်လုံးများက အဆုံးအစမရှိတဲ့တစ်နေရာကိုရောက်နေသည်။
ညာလက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ပြီး ၀ရံတာ လက်ရမ်းပေါ်တင် ထားသည်။ ကျန်လက်တစ်ဖက်က ဖတ်ပြီးသားနို့တစ်စာကို ခပ်တင်းတင်းဆုပ် ထားသည်။
စာထဲမှာပါတဲ့အကြောင်းအရာများက …….
အဓိပတိပုဂလိကဘဏ်မှ နောက်ဆုံးအကြိမ်အကြောင်းကြားစာဟု ခေါင်း စဉ်တပ်ထားပြီး၊ ထိုဘဏ်မှ ပေါင်ထားသည့်“မြတ်တော်ဝင်”မိသားစုပိုင် အထည် ချုပ်စက်ရုံကို နှစ်ပတ်(၁၄-ရက်) အတွင်း၊ ပေးရန်ကျန်ရှိနေသော အတိုးငွေများ တကွ၊ ပြန်လည်ရွေးယူခြင်းမပြုနိုင်ပါက၊ စက်ရုံနှင့်စက်ရုံပစ္စည်းများအားလုံး၊ မြေ ပေါ်ရှိ အဆောက်အဦးများကို ချိတ်ပိတ်သိမ်းယူမည်ဖြစ်ကြောင်း ရေးသားထား သည်။
  

သြရသသည် သက်ပြင်းရှည်တစ်ခုကိုချရင်း၊ ခေါင်းကို ဖြေးညှင်းစွာခါ လိုက်သည်။ အသက်ကိုဝအောင်ရှုပြီး၊ လမင်းဆီသို့ အားကိုးတကြီးမော့ ကြည့် လိုက်သောအခါ ……..
ကောင်းကင်တွင်တောက်ပနေသောလမင်းကို၊ တိမ်တစ်ဆုပ်က ဖုံးအုပ် လိုက်သည်။
လမင်းအလင်းပျောက်သွားသည်။
ကြယ်များကိုလည်း အားကိုးလို့ရမည်မထင်ပါနှင့် …..
တစ်မိုးလုံးကို တိမ်တွေက မင်းမူလို့ အလင်းစက်မမြင်ရအောင်
ပျောက်နေရှာသည်။
လရောင်ပါးပါးထိနေသည့် တိမ်စိုင်ခဲများပေးတွင်တော့
အလင်းရောင်ဖျော့ဖျော့ကျနေသည်။
  

“သြရသဆိုတဲ့ကောင်က” ……..
မဖြစ်စလောက် အလင်းရောင်ဖျော့ဖျော့လေးကျနေမယ့်အစား
ပိန်းပိတ်အောင်မှောင်နေတဲ့ …….
“အမှောင်” ကို ပိုကြိုက်တယ်” ဟု တွေးရင်း …….
ကောင်းကင်ကိုမော့ကြည့်နေသည့်မျက်လုံးများကို မှိတ်ချလိုက်သည်။ သူသည် ထိုအမှောင်ထဲတွင်ပင်၊ အမှောင်ဆုံးအပိုင်းကို ………
ဆက်လက်ရှာဖွေနေပုံရသည်။
  

မှောင်နေသောညတွင် ……..
မဲနေသည့်တိမ်များပြိုကျပြီး ………
မိုးသည်းသည်းရွာချသည်။

ပြတင်းပေါက်မှန်များဆီသို့ မိုးစက်များ ခပ်ပြင်းပြင်းလာထိနေသည်။
လျှပ်စီးများတစ်ချက်၊ တစ်ချက်ပြက်လိုက်သောအခါတွင်မှ အလင်းရောင် ကြောင့် ပြတင်းပေါက်ကိုကျောပေးထို်နေသည့် လူတစ်ယောက်ပုံသဏ္ဍန်ကို မြင်ရသည်။
ထိုလျှပ်စီးအလင်းရောင်နောက်က၊ မိုးချုန်းသံသည် လူတစ်ယောက် ကို လန့်သွားလောက်အောင် ကျယ်လောင်လွန်းလှသည်။
သို့သော် ……. ပြတင်းပေါက်အနီးတွင် ထိုင်နေသော သီဟလတ် ကတော့ …. မိုးချုန်းသံကို မကြားသလိုငြိမ်သက်နေသည်။
သူသည် သူတွေးနေသည့် အတွေးထဲမည်မျှနက်ရှိုင်းစွာ ၀င်ရောက်နေ သည်မသိ။
ကျယ်လောင်သောမိုးချုန်းသံက၊ သူ့အားတုန်လှုပ်အောင် မလုပ်နိုင်ခဲ့ချေ။ သူသည်နဖူးကြောတွေ ထောင်နေအောင်စဉ်းစားနေသည်။
မျက်မှောင်ကို ကျုတ်၍တစ်စုံတစ်ရာကို အလေးအနက်တွေးနေပုံရသည်။
သူ့လက်ထဲတွင် ဘဏ်မှပို့လိုက်သော နို့တစ်စာကို သေသပ်စွာခေါက် လျက်ကိုင်ထားသည်။
သူသည်ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်နေသော်လည်း။
သူ့အတွေးများက လေ၏အလျင်လိုဖြန့်ကျက်နေလေသည်။
  

ဒီပြဿနာကို နှစ်ပတ်အတွင်းမှာ မရှင်းနိုင်ရင် …..
အဆိုးဆုံးအခြေအနေက ဘာဖြစ်နိုင်သလဲ။
အဲဒီအဆိုးဆုံးအခြေအနေကို ဘယ်လောက်ခံနိုင်ရည်ရှိမလဲ။

ဒီကိစ္စကိုဘယ်နည်းနဲ့မှ မေမေသိလို့မဖြစ်ဘူး။
နှလုံးရောဂါကြောင့် အိပ်ရာထဲလဲနေတဲ့ မေမေသာသိသွားရင် …….
ဒီကိစ္စကို မေမေ မသိအောင်ရော၊ တကယ်ပဲဖုံးနိုင်ပါ့မလား။ ….?

အထည်ချုပ်စက်ရုံကြီးသာ တကယ်လို့ ချိတ်ပိတ်ခံလိုက်ရရင် …….
စက်ရုံအပေါ်မှီခိုအားထားဝန်ထမ်းတစ်ရာကျော်နဲ့ သူတို့ကို မှီခိုနေကြတဲ့
သူတို့ မိသားစုတွေရဲ့ ….စား၊၀တ်၊နေ၊ ရေး . .နဲ့ . .အသက်ရှင်ရပ်တည်မှု

မေမေ့ရဲ့ နှလုံးရောဂါကို ……
အချိန်မှီစက်တပ်၊ အစားထိုးပြီး မကုနိုင်ဘူးဆိုရင် …….
“နှစ်ပတ်” သာ အသက်ရှင်ခွင့်ရတော့မယ် မေမေရဲ့ကျန်းမာရေး၊ …

စီးပွားရေးသမားတိုင်းကပ်ဆိုက်နေတဲ့အခြေအနေ။
မြောက်မင်းကိုလည်း တောင်မင်းက မကယ်နိုင်သေးတဲ့ကာလမှာ …
ဒုက္ခရောက်နေတာကို မမြင်ချင်ယောင်၊ မသိချင်ယောင်ဆောင်သွားရမယ့် အဖြစ်…….

“နှစ်ပတ်”ဆိုတဲ့အချိန်အတွင်းမှာ …..
ငွေသိန်းပေါင်းထောင်နဲ့ချီပြီး ရှာဖို့ဆိုတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး၊ ဆိုတာလည်း သေချာနေပါပြီ။
  

ကဲ . . ဘယ်လိုစဉ်းစားသင့်သလဲ …
ဘာကို “ဗဟို” ပြုပြီး စဉ်းစားသင့်သလဲ။
အချိန်လား ………
အဖြစ်အပျက်လား …..
အခြေအနေလား ……..
ရလာဒ်လား ………
လူလား ………
ငွေလား ……..
ဂုဏ်သိက္ခာလား ………
ကျန်းမာရေးလား …….
လူဘယ်နှစ်ယောက်ကို ကိုယ်စားပြုမှာလဲ ……..
အများနဲ့တစ်ယောက် …….လား၊
တစ်ယောက်နဲ့အများ ……..လား၊
…………….. စသဖြင့် ………
“သီ …..ဟ …….လ ……တ်” ……. တွေးနေဆဲမှာပဲ။
အပြင်မှာ မိုးကလည်းသည်းနေဆဲ ဖြစ်သည်။
လျှပ်စီးများက လက်နေစဲ။
“နှစ်ပတ်” ကြာလျှင် ပေါက်ကွဲတော့မည်၊ အချိန်ကိုက်ဗုံးတစ်လုံး၏ စနက်တံကို ဘယ်လိုအရာနဲ့ပြက်၊ တောက်၊ ပြုတ်ထုတ်နိုင်မည်နည်း။
အပြင်မှာ မိုးချုန်းသံသည်၊ သီဟလတ် ရင်ခုန်သံလောက် မကျယ်လောင် နိုင်ချေ။
ယခု ပြဿနာ၏အမှန်ကန်ဆုံးထွက်ပေါက်ကို တွေ့အောင်မရှာနိုင်ခဲ့ပါ လျှင် …..
ပြတင်းပေါက်မှန်ပေါ်သို့ ကျနေသည့်မိုးစက်များကဲ့သို့ ….
နောက်ဆက်တွဲဆိုးကျိုးများ …… အဆက်မပြတ် ……..ကျလာမည်ဆို သည်ကို ကြိသိနေပါသည်။
  

ကယ်တင်ရှင်နတ်မင်းအပေါင်းတို့ ခင်ဗျား ….
ကောင်းကင်ပေါ်က ကြမ္မာဆိုးမိုးတိမ်တွေကို …….
လေပြင်းတစ်ချက်လောက်မှုတ်ပြီး ……..
ဖယ်ရှားပေးတော်မူပါ။
“တိမ်” တွေရှင်းသွားတဲ့အခါ ……..
ကောင်းကင်ထက်က ……..
“အမေ့” ရဲ့ ပြုံးနေတဲ့ မျက်နှာကို ……
မြင် …..ချင် ……..လွန်း ..လို့…..ပါ။
  

ညတုန်းက မိုးရွာထားသောကြောင့် နံနက်ပိုင်းထွက်လာသည်နေရောင် ခြည်အောက်တွင်၊ သစ်ရွက်ကလေးများသည် ငွေရောင်တဖျပ်ဖျပ်လက်နေကြ သည်။
သစ်ရွက်ကလေးများပေါ်တွင် ……
မိုးစက်ကလေးများရှိနေသလို ……
မြကြာမှုံ၏ပါးပြင်ပေါ်တွင် ……
မျက်ရည်စက်ကလေးများ ရှိနေသည်။
ညကတစ်ညလုံး မိုးတွေသည်းသည်း၊ ထန်ထန်ရွာခဲ့သလို ….
ညကတစ်ညလုံး မြကြာမှုံလည်း သည်းသည်းထန်ထန်ငိုခဲ့သည်။
မိုးရွာပြီးစ ကောင်းကင်သည်လှနေသလို ….
ငိုထားပြီးစ မြကြာမှုံရဲ့မျက်နှာကလေးသည်လည်း၊ ဖောင်းအစ်အစ်နှင့် ချစ်စရာကောင်းနေသည်။
နှလုံးကိုစက်တပ်ပြီး၊ အစားထိုးမကုသနိုင်လျှင် နှစ်ပတ်သာနေခွင့်ရတော့ မည့် သူ့မိခင်၏မျက်နှာကို တစ်ညလုံးထိုင်ကြည့်ရင်း ငိုခဲ့ရခြင်းဖြစ်သည်။
  

“မျက်ရည်ကျမှငိုတာဆိုရင် ………..
မေမေဟာ ဖေဖေ့အတွက် ဘယ်တုန်းကမှ …. မငိုခဲ့ဘူးသူပေါ့။
မျက်ရည်မကျပေမယ့်လည်း၊ ငိုနေနိုင်ပါတယ်လို့ လက်ခံရင်တော့……..
မေမေဟာ…… ဖေဖေ့အတွက်…….ရင်ကွဲနာကျင်အောင် ငိုခဲ့သူပေါ့….”
  

ကျွန်မဆယ်တန်းအောင်တဲ့နှစ်မှာဘဲ …. ဖေဖေဆုံးခဲ့တယ်။
အဲဒီအချိန်ကစပြီး ….. မေမေဟာ အိပ်ရာထဲလဲခဲ့တယ်။
“နှစ်”နှစ်တောင်ရှိသွားပြီ။
မေမေ့နဲ့ဖေဖေဟာ ငယ်လင်၊ ငယ်မယားတွေဖြစ်လို့ သိပ်ချစ်ကြတယ်။
ဖေဖေဆုံးတော့၊ မေမေဟာ မျက်ရည်တစ်စက်တောင် မကျခဲ့ဘူး။
ဘာလို့လဲသိလား။…….
ဖေဖေက မေမေ့ကိုမှာခဲ့တယ်။
တို့နှစ်ယောက်ချစ်သူစဖြစ်ကတည်းက၊ အခု . . .၊ အချိန်အထိ . . .
ကိုယ့်ကြောင့် မင်းမျက်ရည်မကျဘူးရအောင်၊ ကိုယ်ထားခဲ့တယ် . . တဲ့။
နောက်ဆုံးအချိန်ရောက်တော့မှ ကိုယ့်ကြောင့်မျက်ရည်မကျစေချင်ဘူးတဲ့၊
ကိုယ့်အချစ်ကို အသိအမှတ်ပြုတယ်ဆိုရင်၊ မငိုပါနဲ့ . . .တဲ့
မေမေဟာ . .ဖေဖေဆုံးကတည်းက အခုထိ မျက်ရည်တစ်ပေါက်တောင် မကျခဲ့ဘူး၊
အဲဒီလိုနည်းနဲ့မေမေက ဖေဖေ့ကိုဘယ်လောက်ချစ်ကြောင်း သက်သေပြ ခဲ့တယ်။
မေမေဟာ အပြင်ဘန်းမှာတော့ ပုံမပျက်နေနိုင်ခဲ့ပေမယ့်၊ ……..
မေမေ့နှလုံးသားဟာ ဘယ်လောက်နာကျင်ခဲ့သလဲဆိုရင် …….
ရပ်တန့်၊ ပျက်စီး၊ ကြွေကျသွားဖို့ “နှစ်ပတ်” ပဲလိုတော့တယ်တဲ့လေ။……
ကျွန်မ….မေမေ့….. ကို သနားလိုက်တာ…….
မေမေ့ကိုယ်စား ကျွန်မဘဲ အဲဒီဝေဒနာတွေကို ခံလိုက်ချင်ပါတယ်။
ကျွန်မ ….မေမေ့ကို မစွန့်လွှ့တ်ပါရစေနဲ့ ………
“အမေ” အိပ်ရာထဲမှာဘဲ လဲချင်လဲနေပါစေ ………
ဒီလောကကြီးထဲမှာ “အမေ” ရှိနေသေးတယ်ဆိုတဲ့ အသိနဲ့ …….
ကျွန်မဟာ အရာရာကို ရင်ဆိုင်နိုင်တဲ့ ခွန်အားတွေရနေပါတယ်။
  

 အမေ……..
အပြင်ဘက်မှာ……..
ပန်းကလေးတွေဟာ………..
မိုးရေစက်ကလေးတွေနဲ့ ထိတွေ့နေရလို့ ……….
လန်းဆန်း၊ လှပ၊ နေကြတယ် ……… အမေ….။
 မိုးမရွာခင်တုန်းက…….
အဲဒီပန်းကလေးတွေဟာ………
အပူရှိန်ကြောင့် နွမ်းနေကြတယ် …….လေ။
 အချိန်မီသာ မိုးမရွာခဲ့ရင်
အဲဒီပန်းကလေးတွေဟာ……
နွမ်းပြီး၊ သေသွားကြမှာ……..
အမှန်ပါပဲ ………။
  

သြရသ……..
သီဟလတ်……….
မြကြာမှုံ………..
သုံးယောက်စလုံး၊ တိတ်ဆိတ်နေကြသည်။…….
  

ပထမဆုံး စကားသံ သီဟလတ်ထံမှထွက်လာသည်။
“အဓိပ ပြဿနာက “အချိန်” ပဲ။
ပထမဦးစားပေးစဉ်းစားရမှာက တို့သုံးယောက်စလုံးရဲ့ တစ်ဦးတည်း သော……… “အမေ ”…..ပဲ။ အမေရဲ့ ကျန်းမာရေး။……
ဒုတိယဦးစားပေးစဉ်းစားရမှာက…….. စက်ရုံ….နဲ့….စက်ရုံကို မှီခိုနေတဲ့… အလုပ်သမားတွေပဲ”
ဒုတိယစကားသံကတော့ သြရသဆီကထွက်လာတယ်။
“င့ါ…အတွက်ကတော့…….
ပထမဦးစားပေးရော၊ …ဒုတိယဦးစားပေးရော….. နောက်ထပ်ဦးစားပေး ရော
အမေ . . ပဲ။
အလုပ်သမားတွေဆိုတာ …….အလုပ်ရှင်ရှိမှ အလုပ်သမားရှိမှာ…..
တို့…..ငယ်ငယ်ကတည်းက၊ ကျောင်းမှာသင်ဖူးပါတယ်။….ဘာတဲ့…..
မိမိကိုယ်ကို….ကောင်းအောင်ကြိုးစားမည်။
မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်။
မိမိ……..ကျောင်းကို……..
မိမိ……….တိုင်းပြည်ဆိုတာတောင်နောက်ဆုံးမှကွ။
မိမိကိုယ်……..မိမိ……မကောင်းဘဲ။
ဘယ်သူ့ကိုမှ ကယ်တင်လို့မရဘူး၊
သူများကို ကယ်ချင်ရင်…ကိုယ့်ကိုယ်ကိုကောင်းအောင်အရင် ကြိုးစား ရတယ်။
အေး….မင်းပြောနေကျ…..စကားနဲ့ဆိုရင်တော့….ဒါဟာ……
မိမိကိုယ်……..မိမိ……ဗဟိုပြုစဉ်းစားနည်းဖြစ်ချင်ဖြစ်လိမ့်မယ်
သီဟ…. ငါ့မင်းလောက်ပညာမတတ်ပေမယ့်၊ ငါ ….စဉ်းစားတာက အဲဒါ …ပဲ။”
မြကြာမှုံကတော့ အငယ်ဆုံးပီပီ၊ မျက်တောင်ကိုပုတ်ခတ်၊ ပုတ်ခတ်လုပ် ရင်း၊ လက်သည်းလေးကို ကိုက်၍အစ်ကိုနှစ်ယောက်ကိုငေးကြည့်နေသည်။ သီဟက ခေါင်းကို ဖြေးညှင်းစွာညိမ့်ရင်း၊ ပြောသည်။
“ကိုကြီးပြောတာလည်း….မှန်ပါတယ်
အဓိက . . က နှစ်ပတ်..ဆိုတဲ့၊ အချိန်….ပဲ။…မေ့မေ့ကို ကျွန်တော်စီစဉ် ထားတဲ့အတိုင်း…ဘန်ကောက်မှနှလုံးစက်၊ အစားထိုးမယ်၊ မေမေ….စိတ်ချရပြီ ဆိုတာနဲ့၊ စက်ရုံကိုပြန်ရွေးရယ်၊ Exportလုပ်ထားတဲ့၊ အထည်ဘိုးတွေ…ရရင်၊ နောက်ထပ်နည်းနည်းရှာပြီး၊ စက်ရုံကိုဘဏ်က ရွေးလိုက်ယုံပဲ။ အဲဒီအတွက် … အနည်းဆုံး….အချိန်နှစ်လ….လိုမယ်၊ နှစ်ပတ်နဲ့တော့ မဖြစ်နိုင်ဘူး”
သြရသက သက်ပြင်းရှည်ကြီးကိုချရင်း၊ မတ်တပ်ထရပ်လိုက်ပြီး၊
“အေးလေ…ဒါဆိုလည်း….ဘဏ်ဥက္ကဌဦးကြီးမြင့်ဆီမှာ၊ နောက်ဆုံးအကြိမ် အဖြစ်၊ အချိန်ရွေ့ပေးဖို့ မေတ္တာရပ်ခံရတော့မှာပေါ့…..၊ ဒါပဲ….မဟုတ်လား”
သီဟလတ်က ပြတင်းပေါက်လိုက်ကာကို ဖယ်၍ သံပန်းပေါ်လက်ထောက် ပြီး၊ အပြင်သို့ငေးရင်း၊ ပြောသည်။
“ကျွန်တော်လည်း အဲဒါကိုစဉ်းစားနေတာပဲ …..ကိုကြီး
လာမယ့်….ဧပြီ…လဆန်းဆိုတာ၊ ဘဏ်နဲ့ပတ်သက်တဲ့ စာရင်းအားလုံး ပိတ်ရတဲ့အချိန်၊ ….ဗဟို….ဘဏ်နဲ့ ဆက်သွယ်ပြီးလုပ်ထားတဲ့စာရင်းတွေကို ရှင်း ရတဲ့အချိန်ဖြစ်နေလို့ ကိုကြီးပြောသလို ဖြစ်နိုင်ပါ့မလား…လို့ စဉ်းစားနေတာ”
သြရသက ချက်ချင်းပြန်ပြောသည်။
“တခြားလမ်းမှ ရွေးစရာမရှိတာ၊ မဖြစ်လည်း ဖြစ်အောင် လုပ်ရမှာဘဲ…. မဟုတ်လား”
တစ်ချိန်လုံးလက်သည်းကိုက်ပြီးငြိမ်နေတဲ့ မြကြာမှုံလေးဆီက စကားသံ ထွက်လာသည်။
“မေမေ့ …ကျန်းမာရေးကို အကြောင်းပြပြီး၊ အချိန်တာင်းကြည့်ပါလားဟင်၊ သူတို့မှာလည်း အမေရှိတာဘဲ၊ အမေချင်းကိုယ်ချင်းစာတတ်မှာပါ။
ပြီးတော့ ….ဒါဟာ……လိမ်နေတာမှ မဟုတ်ဘဲ၊ တကယ်ဖြစ်နေတာလေ”
သီဟလတ်…က၊ မြကြာမှုံလေးကို ကလေးတစ်ယောက်လို့ကြည့်ရင်း၊
“မေမေ့…ကိစ္စဟာ၊ လူမှုရေးအရတင်ပြလို့ပဲရမယ်။ ဒါဟာ…တစ်ကယ် တော့ တို့မိသားစုရဲ့Personal ကိစ္စပဲ၊
ဘဏ်….ဥပဒေနဲ့တော့ အကျုံးမ၀င်ဘူး၊ ….မြလေးရဲ့”
သြရသက လက်မှနာရီကိုကြည့်ရင်း
“ကဲ . . .အချိန်မရှိဘူး၊ မြလေးလည်း…မေမေ့နားကိုပြန်တော့၊ကြာနေပြီ၊
ကိုကြီးလည်း ….ဦးကြီးမြင့်နဲ့တွေ့ဖို့ လုပ်ရဦးမယ်။
သီဟ . . လည်း၊ ဘန်ကောက်သွားမယ့် ကိစ္စအတွက်၊ ဆေးရုံကို သေချာ အောင်ဖုန်းဆက်ထားဦး”
သြရသကပြောရင်း၊ မြကြာမှုံခေါင်းကလေးပုတ်၍ နှုတ်ဆက်လိုက်သည်။ သီဟလတ်ကတော့ တစ်စုံတစ်ရာကို သတိရသွားပြီ။
“အော် . . .ကိုကြီး၊ မေ့နေလို့ …ဦးကြီးမြင့်မရှိဘူး၊ ပြည်ပခရီးသွားနေ တယ်၊ လကုန်ပြီးမှ ပြန်ရောက်လိမ့်မယ်၊
လောလောဆယ်တော့ …သူ့အလုပ်တွေကို၊ သူ့သားက တာဝန်ယူလုပ် ပေးနေတယ်။ ကိုကြီး ….ကျွန်တော်တို့ကိစ္စအတွက် တွေ့မယ်ဆိုရင် သူ့သား နဲ့ပဲတွေ့ရလိမ့်မယ်း”
သြရသ ခြေလှမ်းတွေရပ်သွားပြီး၊
“သူ့…..နာမည်က ဘယ်လိုခေါ်သလဲ”
သီဟလတ်ကဖြေသည်။
“အဓိပတိ”……တဲ့။
သြရသက ထူးခြားသည့်နာမည်ကို ပါးစပ်မှရွတ်ကြည့်လိုက်သည်။
“အ ….ဓိ ….ပ…..တိ…..”
မြကြာမှုံကတော့ အသံမထွက်ဘဲ၊ ပါးစပ်လှုပ်ရုံသာ ရွတ်ကြည့်နေသည်။
  

အခန်း(၂)
ကံကောင်းခြင်းဟာ အထီးကျန်ဆန်ဆန်၊
အဖော်မဲ့စွာ၊ နေတတ်ပေမယ့်……..
ကံဆိုးခြင်းတွေကျတော့…….
အဖော်အပေါင်း၊ အသိုင်းအ၀ိုင်းတွေနဲ့
အစုလိုက်၊ အဝေးလိုက် နေတတ်ကြတယ်…။
  

မေမေ ဆေးသွားကုရန် ရုံးကိစ္စတွေလုပ်အပြီး အပြန်၊ ကားပေါ်မှာ သီဟလတ်ထံသို့ စက်ရုံမန်နေဂျာကိုဘကျော်၏ ဖုန်းဝင်လာသည်။
ကိုဘကျော်၏အသံမှာ စိတ်လှုပ်ရှားခြင်းကြောင့် တုန်ရီနေသောအသံ ကို တတ်နိုင်သမျှထိန်းပြီး ပြောနေဟန်ရှိသည်။
“လွန်ခဲ့တဲ့ တစ်နာရီလောက်က၊ စက်ရုံကို၊ ကိုကိုကြီးလာသွားတယ်ဆရာ။ ကိုကိုကြီးအရက်တွေလည်း တော်တော်မူးနေတယ်ဆရာ၊ အဲဒီ…အချိန်မှာဘဲ နိုင်ငံခြားဖုန်းဝင်လာတယ်ဆရာ၊
ကျွန်တော်…..တို့ ပို့လိုက်တဲ့….ကွန်တိန်နာတွေအားလုံးကို….
နိုင်ငံတကာဖိအားပေးမှုကြောင့်…..
စီးပွားရေးပိတ်ဆို့မှုအစီအစဉ်အရ…..အကုန်ပြန်ပို့လိုက်တယ်……တဲ့။
ဒီကို ပြန်သယ်မယ်ဆိုရင်…. သဘောင်္နဲ့သယ်ယူခထပ်ပေးရမယ်တဲ့”
ကိုဘကျော်စကားကိုပီပီသသကြားရပါလျက်။ မကြားလိုက်ရသလို ထပ်မေးမိလိုက်သည်။ အမှန်တော့ . . .လက်မခံလိုခြင်းဖြစ်လိမ့်မည်ဟု ထင်သည်။
“ဘာ . . . .ဘာ ပြောတယ် . . .ကိုဘကျော်၊ ကျွန်တော့်ကိုပြန်ပြောစမ်းပါ”
သီဟလတ် . . .ကားကိုလမ်းဘေးချရပ်လိုက်ပြီး၊ ကားစက်ကိုပါသတ် လိုက်သည်။ လက်ကိုင်ဖုန်းမှ အသံချဲ့သောခလုတ်ကို ကျယ်လိုက်သည်။
ကိုဘကျော်ကလည်း၊ ပထမစကားအတိုင်း၊ လေသံအနိမ့်အမြင့်မရှိ ပြန် ပြောပြပါသည်။ ကိုဘကျော်၏စကားဆုံးသောအခါ၊ ထိုအကြောင်းအရာသည် အမှန်တကယ်ဖြစ်လာသည်ဆိုတာကို………
သီဟလတ်….လက်မခံချင်ဘဲ၊ လက်ခံလိုက်ရလေသည်။
ကိုဘကျော်ဆက်ပြောနေသော စကားလုံးများကိုတော့……….
ကြားတစ်ဝက်…….မကြားတစ်ဝက ……..ဖြင့်……. တစ်ပိုင်းတစ်စသာ…..
သီဟလတ် နားထဲသို့ ရောက်လာခဲ့သည်။
ထိုစကားလုံးများမှာ………
“ကျွန်တော်……သိသိချင်း၊ ဆရာဖုန်းကိုခေါ်တယ်။
ဆက်သွယ်မှုဧရိယာ……..၊
စက်ရုံကိုရောက်နေတဲ့ ကိုကိုကြီးကိုပြောလိုက်တော့………၊
…………………………….
အလုပ်သမားတွေက၊ ကိုကိုကြီးကို အထင်လွဲ………….၊
စက်ရုံတစ်ခုလုံးက ဆန္ဒပြနေကြပြီ……….
ဆရာ၊ ခုချက်ချင်းလားမှ……………..
အခြေအနေမကောင်း……………..”

“ကျွန်တော်………အခုလာနေပြီ……
ကိုဘကျော်…………ဆယ်ငါးမိနစ်အတွင်း ကျွန်တော်ရောက်မယ်။
အဲဒီအချိန်အထိ ဘာမှမဖြစ်အောင် ခင်ဗျား ခဏထိန်းထားပေးပါ”

သီဟလတ်သည် ကိုယ့်အသံကိုတောင်၊ ကိုယ်မမှတ်မိအောင်……..
မျော့တော့တော့၊ ခြောက်ကပ်ကပ်နိုင်လွန်းသည်ဟုထင်မိသည်။
မောင်မျိုးမင်း(ရင်တွင်းဖြစ်)
(ရှေ့လဆက်ဖတ်ပါ…..)

This entry was posted on 1:41 PM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments