လူတစ်ယောက်သည် စကားပြောခြင်းနှင့် ပါတ်သက်၍ “နှစ်မျိုး”သာရှိသည်ဟု . . ကျွန်တော်ထင်ပါသည်။ ပထမတစ်မျိုးက လူသည် အခြားလူ . . တိရစ္ဆာန် . . သစ်ပင် . . ပန်းပွင့် . . စားစရာ . . ဘော(လ်)ပင် . . လုံချည် . . အင်္ကျီစသည့်ကိစ္စများ ဖြေရှင်းလှစွာသောအကြောင်းများကို တစ်ခြားတစ်ယောက်နှင့်စကားပြောခြင်းဖြစ်၏။ လူသည် တစ်ခြားတစ်ယောက်ကို စကားပြောခွင့်မရလျှင် (သို့မဟုတ်) မိမိကမပြောချင်တော့လျှင် . . ကိုယ့်ကိုယ်ကိုယ် စကားပြောတတ်သော သတ္တ၀ါသာဖြစ်ပါသည်။ ကျွန်တော်ဆိုလိုချင်သည်က . . လူသည် တစ်ခုခုကို စကားမပြောရလျှင် . . ကိုယ် ကိုယ်ကိုယ်စကားပြောနေရသော သတ္တ၀ါသာဖြစ်ပါသည်။ ကျွန်တော်လည်း လူငတိကလေးတစ်ယောက်ဖြစ်သည့်အတွက် ထိုအတိုင်းပင် “စကား” ပြောခြင်းနှင့်ပတ်သက်၍ ရင်ဆိုင်ခဲ့ရပါသည်။ “စကား”ပြောခြင်းနှင့်ပါတ်သက်၍ ကျွန်တော်ရေးချင်သမျှရေးရပါဦးမည်။ ကလေးလေးတွေ တစ်နှစ်လောက်ရောက်သည့်အခါတွင် လူကြီးတွေ . . အမေနှင့်အဖေတွေက စကားပြောချင်ကြတာကို လူတိုင်းတွေ့ဖူးကြ လိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။ မည်သည့်ကလေးပင်ဖြစ်စေ စကားစချင်ရာတွင် ပထမ (one state) “တစ်လုံးတည်း”ကိုသာရ၏။ ဥပမာ “မေ” “ဖေ” “ စား” ဒါမျိုးဖြစ်သည်။ တစ်နှစ်ကျော်သွားသည့်အခါကျတော့ . . (Two stat)နှစ်လုံးပြောဖြစ်သွား၏။ “မေမေ” “ဖေဖေ” “သားသား” “သွားသွား” “စားစား” . . ဟုကလေးက ပြောလာပြီဖြစ်သည့်အတွက် မိဖတွေရော . . အဖိုးအဖွားတွေရော ၀မ်းသာကြသည်။ ကျွန်တော့်သား တော်ကီမင်းတုန်းက (Two stat) ကို စသည့်အချိန်တွင် သူများကလေးတွေလို “ဖေဖေ” “မေမေ” မခေါ်ပဲ “အိပြဲ” “ဂျန်ဘစ်” . . ဆိုသောစကားနှင့် (two state) ကို ဒီငတိကစခဲ့သည်။ ကျွန်တော်သည် ဒီကောင်ဘယ်လိုစကားတတ်မလဲ! ဆိုတာကို စိတ်ဝင်စားခဲ့ဖူးသည်။ အမှန်တော့ “စကား”ဆိုသည်မှာ ကြားတာကိုမှတ်ထားပြီး ထိုအတိုင်းပြန်ပြောတတ်ခြင်းသာဖြစ်သည်ဆိုတာကို ကျွန်တော် ကောင်းကောင်းကြီး သဘောပေါက်၍သွားပါသည်။ တရုတ်ကလေးလေးတွေက တရုတ်လိုတတ်မည်။ ကုလားကလေးလေးတွေက ကုလားလိုတတ်မည်။ အင်္ဂလိပ်ကလေးလေး၊ဂျာမန်၊ပိုလန်၊ သြစတေးလျ၊လစ်သူနေရီးယား၊အီဂျစ်၊ရောမ၊ပြင်သစ်၊ဂျာမန်၊အင်ဒိုနီးရှား၊အိန္ဒိယ၊ပါကစစ်တန် . . အားလုံးသောကလေးတို့သည် . . သူတို့မိခင်ဘာသာ စကားကို သူတို့အော်တိုမစ်တစ် အသံကိုနားထောင်ရင်းတတ်ကြပါသည်။ ယခု ကျွန်တော့်သားသည်လည်း မြန်မာစကားကို မည်သည့်သင်တန်းကျောင်းတွင်မှ မသင်ရပါပဲ နှစ်နှစ်ကျော်သောအခါ . . Expeart ဖြစ်၍ သွား၏။ ဒီငတိသည် . . လူများကိုလည်း“စကား“ပြောတတ်ပြီးဖြစ်သွားသလို . . သူ့ကိုယ်သူလည်း “စကား”ပြောတတ်ပြီဟု ကျွန်တော်သဘောပေါက်ပါ သည်။ ကိုယ့်ကိုယ်ကိုယ်ပြောရသောစကားသည် . . ဆိုးသည်ဖြစ်စေ၊ယုတ်ညံ့သည်ဖြစ်စေ၊မွန်မြတ်ပြီး အထက်တန်းကျသည်ဖြစ်စေ၊ ပျော်စရာကောင်း သည်ဖြစ်စေ၊ ဖြူစင်သည်ဖြစ်စေ၊ကြောက်စရာကောင်းသည်ဖြစ်စေ၊ မဟုတ်က ဟုတ်ကပဲဖြစ်စေ . . ဘာပဲဖြစ်စေဖြစ်စေ မည်သူမျှမကြားမရသည့် အတွက် ဘာပြဿနာမျှမရှိနိုင်ပါ။ သို့သော် . . တစ်ခြားလူကိုပြောရက်သား “စကား”ကျတော့ စကားလုံး၊အဓိပ္ပါယ်၊ရည်ရွယ်ချက် . . စသည့်တို့ကို သတိတကြီးနှင့် ပြောရလေ့ရှိ ပါသည်။ ကျွန်တော့်ဘ၀တွင် . . စကားပြောမှားခဲ့သဖြင့် သူငယ်ချင်းနှစ်ယောက်ဆုံးရှုံးခဲ့ရဘူးသည်။ ဒုတိယအကြိမ်စကားပြောမှားတော့ တရားရုံးသို့ ရောက်သွား၏။ တတိယအကြိမ်စကားပြောမှားတော့ . . ကျွန်တော့် ငယ်ကလောင်ကလေးပါသွားသည်။ ကျွန်တော် လူတွေနှင့် စကားပြောရာတွင် ယနေ့ အထိ ညံ့ဆဲဖြစ်ကြောင်းကိုယ့်ကိုယ်ကိုယ် ခေါင်းလောင်းထိုးလိုက်ရပါသည်။ သို့ရာတွင် . . စကားပြောရာ၌ စည်းမရှိ၊၀ါးမရှိ၊ လွတ်လွတ်လပ်လပ်ကြီးပြော၍ရသော . . လူမျိုးလည်း လူ့ဘ၀တွင်ရှိပါသေးသည်။ လူသည် လောဘ၊ဒေါသ၊မာန်မာနနှင့်စကားပြောမည်၊မေတ္တာစေတနာနှင့် ပျော်ပျော်ရွှင်ရွှင်စကားပြောမည်။ ကိုယ့် တစ်ကိုယ်တည်းကျတော့ ပြောချင်သလိုပြောမည်။ ကျွန်တော်တို့ စာရေးဆရာ ဆိုသည်က တစ်ကိုယ်တည်း စကားပြောနေကျလူမျိုးဖြစ်သည်။ ကျွန်တော်သည် အခြားလူများစွာထက် . . ကိုယ့်ကိုယ်ကိုယ် တော်တော်လေး နှစ်ပေါင်းများစွာစကားပြောခဲ့သော လူတစ်ယောက်ဖြစ်သည်။ ကိုယ့် ကိုယ်ကိုယ်စကားပြောရခြင်းသည် အန္တရာယ်အကင်းဆုံးဖြစ်ကြောင်းကိုလည်း ကျွန်တော်နားလည်ခဲ့ပါပြီ။ ဒါပေမယ့် . . လူဆိုတာက တစ်နေကုန် နှုတ်ဆိတ်၍မရ။ ပြောစရာရှိတာကိုတော့ပြောရသည်။ ပြီးတော့ . . ကိုယ့်ခံစားချက်ကလေးတွေ . . ကိုယ်စဉ်းစားထားတာကလေးတွေကိုလည်းပြောချင်ကြသည်။ အဲဒီလိုဆိုလျှင်တော့ . . အထက်မှာရေးခဲ့ဘူးသလို စည်းလွတ်၊၀ါးလွတ် . . လွတ်လွတ်လပ် လပ်ကြီးပြော၍ရသောလူများမှာ . . . ငယ်သူငယ်ချင်းများပင်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် ငယ်သူငယ်ချင်းများနှင့် “စကား”ပြောရန်ဆုံခဲ့သည်။ (မရ ရအောင် ကြိုးစားပြီးဆုံတွေ့ရခြင်းဖြစ်၏။) “ဟေ့ကောင် . . မင်းကိုယ်မင်း ဘာထင်နေသလဲ! ဟမ်းဖုန်းကလေးရှိတာနဲ့၊ ဟိုလူ့ကိုဆက် ဒီလူ့ကိုလာပါနဲ့ . . .” “မင်းက ငယ်ကျင့်မပျောက်တာ ငါဝမ်းသာတယ်ကွာ၊ ဟိုလူစောင်း ဒီလူတို့ စကားမျိုးကိုမင်းအခုထိပြောတတ်တုန်းပဲ” “ဟေ့ကောင် . . ရော့ စီးကရက် မာဘယ်လိုနော်” “ငါ . . ဆေးလိပ်ဖြတ်လိုက်ပြီကွ” “သောက်ရူး . . ” “မရူးဘူးသူငယ်ချင်း၊ ဆေးလိပ်သောက်ခြင်းသည် ကျန်မာရေးကိုဆိုးဝါးစွာ ထိခိုက်စေပါသည်လို့ ရေးထားတာမတွေ့ဘူးလားဟင်” “စာရေးဆရာကလေးဖြစ်တာနဲ့ ငါတို့ကိုသောက်ပိုတွေ လာပြောမနေနဲ့၊ မင်းရေးတဲ့စာတွေငါဖတ်တာ တစ်ခုမှ မကောင်းဘူး၊ ဘာတွေရေးမှန်း မသိဘူး၊ ငကြောင်ပဲ” “အေး . . မင်းစိုးစိုးဖြူအတွက် ရည်းစားစာကတော့ ငါကရေးပေးရတာပဲ မဟုတ်လား ငအူရဲ့” သူငယ်ချင်းတွေအားလုံးရယ်မောကြသည်။ ကျွန်တော်တို့သူငယ်ချင်းလေးယောက် ပြန်လည်ဆုံတွေကြခြင်းဖြစ်ပြီး ပြောရသောစကားတွေက ပြောချင်တာပြောခွင့်ရှိသော စကားတွေဖြစ်နေ သဖြင့် ကျွန်တော့်ရင်ထဲတွင် နှစ်ပေါင်းများစွာချုပ်တီးထားနေသောအမောကြီး ပြေ၍သွား၏။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က နိုင်ငံခြားမှာအလုပ်သွားလုပ်ပြီး ပြန်လာတာမကြာသေးသောသူဖြစ်သည်။ (သူ့ကို ‘A’ဟုပင်ခေါ်ကြပါစို့၊ သူတို့က နာမည်အရင်းများကို ထည့်မရေးရန် မေတ္တရပ်ခံထားသောကြောင့်ဖြစ်သည် . .။) ဒုတိယတစ်ယောက်ကတော့ ကားပွဲစားဖြစ်နေပြီး ငွေရှိ၊ချောမော၊တိုက်နှင့်ကားပါ ပါသောမိန်းမကိုရထားသူဖြစ်သဖြင့် ကျွန်တော်တို့လေးယောက် ထဲတွင် အဆူဖြိုးဆိုလူတစ်ယောက်ဟုဆိုနိုင်ပါသည်။ သို့သော် . . သူသည် ကျွန်တော်တို့ သူငယ်ချင်းလေးယောက်ထဲတွင် ရုပ်အဆိုးဆုံးဖြစ်သည်။ ကျွန်တော်လည်း ရုပ်မလှပါ။ သို့သော် သူက ကျွန်တော့်ထက်ပိုရုပ်ဆိုး၏။ သို့သော် . . မိန်းမရတော့ . . ကျွန်တော်ရသော မိန်းမထက်ပို၍ ချောသော၊ထောသောမိန်းမကိုရ၏။ လူ့လောကတွင်“ကံ”သည် တော်တော် လေးကို ဆန်းကျယ်သည်ဟုပြောလျှင် ပြောနိုင်ပါသည်။ သူ့ကိုတော့ ‘B’ ဟုသာမှတ်ထားလိုက်ပါတော့ . . ။ တတိယတစ်ယောက်ကတော့ Y.E.S ဆိုတဲ့ အင်္ဂလိပ်စာသင်တဲ့ကျောင်းမှာ ဆရာဇေယျလင်းရဲ့လက်အောက်က ကျောင်းဆရာတစ်ယောက်ပါ။ သူက စကားနည်းတယ်၊ အကြံကြီးတယ်၊ဒေါသကြီးတယ်၊မခံချင်စိတ်ကြီးတယ်။ သူက ကြီးလို့ရချင်တာတွေ အားလုံးကြီးချင်တဲ့ငတိပေါ့။ အဲဒီတော့ . . သူ့ထက်အသက်ကြီးတဲ့ မိန်းမနဲ့အိမ်ထောင်ကျသွားသည်။ သူကိုတော့ ‘C’ (စီ)လို့ပဲ မှတ်ထားလိုက်ပါခင်ဗျား။ ကျွန်တော်ကိုတော့ ကိုယ့်ဆရာတွေသိပြီးသားမို့ နာမည်ဝှက်တွေ ဘာတွေပေးနေစရာမလိုတော့ပါဟုထင်ပါသည်။ ထိုနေ့က ကျွန်တော်တို့အားလုံး ကားပွဲစား၏အိမ်သို့ . . သူပွဲစားလုပ်နေပြီး ရောင်းမထွက်သေးသောကားနှင့် ရောက်သွားကြသည်။ သူ့အိမ်ကို ရွေးချယ်ရခြင်းမှာ . . သူ့တွင် ကားရှခြင်း . . သူ့အိမ်က အခန်းဆယ့်နှစ်ခန်းပါသော တိုက်အိမ်(နှစ်ထပ်)ဖြစ်ခြင်း၊ KARAOKE စက် အကောင်းစားလည်းရှိပြီး အခန်းတစ်ခန်းတွင် ဆိုများမှာကဲ့သို့ စိတ်ကြိုက်ဟစ်နိုင်သည်ဟုဆိုခြင်း အပြန်ကိုလည်း လိုက်ပို့ပေးပါမည်ဟု ကတိက၀တ် စကားကိုဆိုခြင်းတို့ကြောင့်ဖြစ်ပါသည်။ ကျွန်တော်တို့သူ့အိမ်ကိုရောက်သွားတော့ သူ့ကတိစကားအတိုင်းညီပါပေသည်။ ကျွန်တော်တို့ကို ကာရာအိုကေအခန်းထဲသို့ ထည့်ပေးပြီး ဖန်ခွက်၊ရေခဲ၊အမြည်း . . စသည်တို့ကို စီစဉ်ရန်အိမ်ဖော်ကောင်မကလေးသုံးယောက်ကို ငတိက ဆရာကြီးအထာနှင့် အမိန့်ပေးပြီး သူ့ဇနီးလက်ကို ဆွဲရင်း ကျွန်တော်တို့အခန်းထဲသို့ဝင်လာ၏။ သူ့ ခယ်မကလေးများကလည်း ကျွန်တော်တို့လိုအပ်သမျှကိုရိုရိုသေသေပင် ဧည့်ဝတ်ပြုကြသည်။ “သူငယ်ချင်းတို့၊ ဒါ ငါ့ မိန်းမပဲ မင်းတို့ကိုရေခဲလာပေးတာက ခယ်မကလေးတွေ” ကျွန်တော်တို့အသံမထွက်ပဲ . . ခေါင်းကိုသာညိတ်ပြရကြ၏။ ခယ်မကလေးတွေဆိုသဖြင့် နည်းနည်းတော့စိတ်ဝင်စားသွားကြသော်လည်း သူတို့ က ရိုသေလွန်းသဖြင့် ခပ်တည်တည်နေကြရ၏။ “မိန်းမ၊ ဒါ . . မောင့်သူငယ်ချင်းတွေ . . ဒီကော်က နာမည်ကြီးစာရေးဆရာ “နီကိုရဲ”တဲ့” သူ့မိန်းမက အသံတိတ်ပင် ခေါင်းကိုညိတ်၍ပြသည်။ သူကတစ်ခုပိုတာက အပြုံးကလေးဖြင့် ခေါင်းကိုညိတ်ခြင်းဖြစ်သော်လည်း သူကျွန်တော် စာအုပ်ကိုတစ်အုပ်မှဖတ်ဖူးဟန်မတူပါ။ ဟိုငတိ၏ခယ်မကလေးတွေက ဖန်(လ်)ခွက်တွေ ပုလင်းတွေကို သေသေချာချာကြီးကို လုပ်ပေးနေသည်။ ကျွန်တော့်စာအုပ်ကို မဖတ်ဖူးသဖြင့် ငတိဇနီးဒုက္ခတွေ့နေပုံရသည်။ သူတင်မဟုတ်ပါ။ ကျွန်တော့်သူငယ်ချင်း ‘B’ ကလည်း ကျွန်တော်ရေးသော စာအုပ် တစ်အုပ်ကိုမှမဖတ်ဖူးပါ။ သူငယ်ချင်းဆိုတော့ အကြောင်းသိမို့ “သောက်ထင်ကြီးစရာမရှိပါဘူး” ဆိုပြီး မဖတ်တာလည်းဖြစ်နိုင်ပါသည်။ သူငယ်ချင်းဆိုတာ အချင်းချင်းအထင်ကြီးလေ့မရှိတတ်ပါ။ ထို့အတွက် ကျွန်တော်ဝမ်းမနည်းပါ။ ကျွန်တော့်ကို အထင်တကြီးနှင့် ဖုန်းတွေဘာတွေဆက်ပြီး အိမ်ကိုခက်ခက်ခဲခဲရှာ၍ မောကြီးပန်းကြီးနှင့်ရောက်လာ၍ အင်တာဗျူးသော . . လူများ လည်း ကျွန်တော့်စာအုပ်များကို မဖတ်ဖူးကြပဲ “စာပေလောကကို ဘယ်အချိန်က စရောက်ခဲ့တာလဲဆရာ . .” ဆိုသော ဒုတိယစကားကို ဆိုတတ်ကြ သဖြင့် . . ကျွန်တော့်သူငယ်ချင်း ‘B’ နှင့် သူ့ဇနီးက ကျွန်တော့်ကိုမသိရှိခြင်းကို ဂုဏ်ယူဝံ့ကြွားစွာပင်ရေးလိုက်ရပါသည်။ (သူ့ ခယ်မကလေးများကတော့ စာအုပ်တစ်အုပ် . . ဖတ်မိလိမ့်မည်ဟုထင်ပါသည်။) “ဒီကောင်က နာမည်ကြီးနော်မိန်းမ၊ ငါတို့ဒီနေ့ . . နည်းနည်းတော့ချမယ် . . ဒီကောင့်အတွက်ဆိုပါတော့ကွာ . .” “ဘာလုပ်ပေးရမလဲ! မောင် . . လိုတာကိုပြောလေ . . .” ရေခဲရယ်၊ ဆော်ဒါရယ် . . ပြီးတော့ မောင် ဘဲကင်ဝယ်လာတယ်၊ ပြန်ကြော်လိုက်၊ ပြီးရင် တစ်ဝက်ကို ဒီလာပေး၊ လက်ဖက်သုတ်ကွာ . . ဂေါ်ဖီ ထုတ်တွေမထည့်နဲ့၊ အဖိုးကြီးသုတ်ပဲလုပ် . . .” “ပဲခြမ်းသုတ်ရော . .” “အေး . . ကောင်းတာပေါ့ကွ၊ ရှောက်သီးနဲ့မသုတ်နဲ့ သံပုရာသီးနဲ့သုတ်” “ဟုတ်ကဲ့ . . ” ‘B’ ရဲ့မိန်းမကလေးက ဂျာပန်ဂေးရှားမယ်ကလေးတွေ . . လို ရိုရိုသေသေနဲ့ ကျွန်တော်တို့ ရှေ့ကထွက်သွား၏။ ကျွန်တော်တို့ သူငယ်ချင်း သုံးယောက် တစ်ယောက်နှင်တစ်ယောက် မျက်ဝန်းခြင်းဆုံအောင်ကြည့်ဖြစ်ကြသည်။ ခယ်မတွေကလည်းရိုသေ၊ မယားကလည်းရိုသေဆိုတော့ ကျွန်တော်တို့ပါသူ့ကို ရိုသေရမလိုဖြစ်နေသည်။ “ပုလင်းဖွင့်တော့လေကွာ . . မင်းတို့ကလည်း . . .” ‘B’ က သူ့မိန်းမကိုပြောသော မျက်နှာပေးနှင့်ပင် ကျွန်တော်တို့ကိုပြောရင်း Air-conခလုပ်ကိုဖွင့်လိုက်သည်။ သူ့အိမ် . . မို့ကျွန်တော်တို့ တစ်တွေဘာမှထပ်မပြောတော့ပဲ သူငွေစိုက်ထုတ်၍၀ယ်လာသော . . JOHNNIE WALKER ပုလင်းကိုဖွင့်လိုက်ကြသည်။ ဒီကောင်က အဲယားကွန်းကို တောင်လုပ်၊မြောက်လုပ်နှင့် အလုပ်ရှုပ်၍နေ၏။ “ငါတော့ . . ဒီကောင့်ကိုဆွဲထိုးချင်နေပြီ” “သူ့မိန်းမကလေးကချောလို့လား!” “ခွီးပဲ၊ ဒီကောင်ကငါတို့ကို ရင့်နေတာမင်းမတွေ့ဘူးလားရ၀င်းရဲ့၊ စာရေးဆရာဆိုပြီး တုံးလှချည်လား” “သိတာပေါ့၊ အရက်သောက်ပါစေဦးကွာ . . မင်းတို့ကလည်း . . ဒီကောင့်ကို မူးအောင်တိုက်ရမယ် . . ပြီးရင် ငါ့တာဝန်ထားကွာ၊ ဒီကောင် ဘာလဲ ဆိုတာငါသိပါတယ်။” ကျွန်တော့်“စကား” ဆုံးတော့ ကျန်သည့်သူငယ်ချင်းနှစ်ယောက်က အချင်းချင်းကြည့်လိုက်ကြသည်။ သဘောကတော့ . . ကျွန်တော်ရွေးချယ် သောနည်းကို သဘောတူမတူဆိုတာပဲဖြစ်၏။ “OK . . မင်းဘာလုပ်မှာလဲ!” “ဒီကောင့်ကိုအရက်မူးအောင်တိုက်မယ်ကွာ . . ပြီးတော့ “စကား”ပြောခိုင်းမယ် ဒီလောက်ပါပဲ” ထိုအချိန်တွင် ‘B” ပြန်ရောက်လာသဖြင့် ‘A’ နှင့် ‘C’ တို့ ဟန်မပျက်ပင်နေလိုက်ကြသည်။ ကျွန်တော်က JOHNNIE ကို အသေအချာကြီးထည့်ပြီး ဆော်ဒါနှင့်ရောပစ်လိုက်သည်။ (B ၏ခွက်ကိုပို၍များများထည့်ထားပါသည် . .။) “ကဲ . . တို့သူငယ်ချင်းတွေ ပြန်လည်ဆုံတွေ့မှုအမှတ်တရအနေနဲ့ ချီးယား” ကျွန်တော်တို့ ဖန်(လ်)ခွက်ချင်းထိခတ်ပြီးသည်နောက် ကျွန်တော်ကစ၍ လက်ထဲမှာရှိသော ဖန်(လ်)ခွက်ထဲကအရက်ကို တစ်ရှိန်ထိုး “ကစ်”ပစ် လိုက်သည်။ ဒီတော့ ဘေးမှာရှိနေသော ‘A’ ‘B’ ‘C’ တို့ကလည်း ငယ်သူငယ်ချင်းချင်း ဒီလိုလုပ်ကြတာကို မခံချင်စိတ်နှင့် သူတို့လည်းတစ်ရှိန်ထိုး “ကစ်” ပစ်လိုက်ကြ၏။ သူတို့ဖန်(လ်)ခွက်တွေချသည်နှင့် ကျွန်တော်က နောက်ထပ်အရက်ကိုငှဲ့လေပြီ။ ကျွန်တော်က စာပေလောကမှာ (စာအုပ်ရောင်းသောဆိုင် မဟုတ်)၊ ရုပ်ရှင်လောကမှာ . . တစ်ကယ်သောက်သောအရက်ဘီလူး၊သရဲ၊ မှင်စာ၊ အဓိပတိများနှင့် နှံခဲ့ဖူးသဖြင့် ဒီကောင်တွေလောက်ကိုတော့ အပျင်း ပြေသဘောသာထားပါသည်။ “အမြည်းလာမှလေကွာ . .” “ထည့်ထားတာပဲ” “မင်းက . . သောက်ရူးငယ်ငယ်တုန်းက အကျင့်ကိုမပျောက်ဖူး၊ ဟေ့ကောင်“စီ” တို့ညနေကျောင်းဆင်းရင်ကန်တဲ့ ရာဘာဘောလုံးကို ဒီကောင် ဖွက်ထားတာမှတ်မိလား” “ဘီ” မေးသည့်စကားကို “စီ” က ခေါင်တညိတ်ညိတ်နှင့်ပြုံး၍သာနေသည်။ ဘာမှတော့ . . ပြန်မပြော။ “သိမ့်သိမ့်ခိုင်ရဲ့ ကွန်ပါဘူးနောက်ကြောမှာ ဒီကောင်က ရည်းစားစာကပ်ပေးလိုက်တဲ့ကိစ္စတုန်းကရော . . .” “အေ”ကမေးသည်။ “ဘီ”ကဖြေ၏။ “ဒီကောင်က အဲဒီကတည်းက သောက်ကျင့်မကောင်းတာပါကွာ . .၊ ရေးတုန်းက သူရေးပြီး အောက်ကနာမည်ကျတော့ . . “ကျော်ထွေး”လို့ရေး တယ်၊ ဟိုကောင် အတီးခံရတာပေါ့၊ ဟေ့ကောင် . . မင်းအခုဝတ္ထုတွေ၊ ဇာတ်ညွှန်းတွေရေးပြီးရင် . . “ကျော်ထွေး”လို့ အပ်ပါလား၊ ဘာဖြစ်လို့ မင်းနာမည် ကိုမင်းကတပ်နေရတာလဲ!” သူငယ်ချင်းလေးယောက်စလုံးအားရပါးရရယ်လိုက်ကြသည်။ ထိုသို့ရယ်သောအသံထဲတွင် ကျွန်တော့်အသံကအကျယ်ဆုံးဖြစ်ပါလိ့မ်မည်။ ကျွန်တော်သည် ငယ်သူငယ်ချင်းများနှင့်တွေ့သည်အတွက် . .“ရင်ဘတ်ပွင့်” ၍ သွား၏။ ပြောချင်သော“စကား” ကိုပြော၍ရပြီ။ ငယ်ဘ၀ရနံ့ ကလေးကိုလည်းပြန်၍ရပြီ။ ဂျော်နီလမ်းလျှောက်ကလေးကလည်းရှေ့မှာရှိနေပြီ။ အခုနေ ဗြမ္မာဘုံကိုသွားမလားဆိုလျှင် ကျွန်တော်က ထူးအိမ်သင်၏ သီချင်းထဲကလို ‘OH . . .NO!” ဟုသာပြောဖြစ်မည်မှာသေချာသည်။ ”ငါအခုရေးတာလည်း ငါ့နာမည်မှမဟုတ်ပဲ၊ နီကိုရဲလေ . .” “မင်းနာမည်နဲ့မင်းရောပါတယ် . . ဘာလဲ!။ ငါမေ့နေပြီ” “မသီတာပါခွေးကောင်ရာ . . .” ဟိုဟာကွာ . . ဟေ့ကောင် “စီ” မင်းသိလား!” ဘီကမေးလိုက်တော့ “စီ” က တစ်ချက်စဉ်စားသည်။ ဒီကောင်က စကားပြောလျှင် တိတိကျကျဖြစ်မှကြိုက်သော သောက်ကျင့်ကလေးရှိ၏။ ကျွန်တော်သည် ဘာကြောင့်မှန်းမသိပျော်ပြီးမြူး၍လာ၏။ “တစ်နေ့စာအလွဲများ . . လို့ထင်တယ်” “ဟုတ်တယ် . . တစ်နေ့စာအလွဲများ . . ” “သောက်တလွှဲ၊ အဲဒါက . . ထူးအိမ်သင်ရဲ့သီချင်းခွေကြီးကွ” “ဟုတ်တယ်၊ မင်းတို့ပြောတာမှားတယ် . .၊ ဒီကောင်ရေးတာ နဂ္ဂတစ်တော့ပါတယ်၊ ငါမသိတော့ဘူး” “အေ” က၀င်ပြောတော့မှ ဟိုကောင်တွေငြိမ်၍သွားကြသည်။ ကံကောင်းသည်က ထိုအချိန်တွင် ဟိုကောင့်ခယ်မကလေးများ၏အမြည်းတွေရောက်လာကြခြင်းပင်ဖြစ်၏။ ကျွန်တော်က ပဲခြမ်းသုတ်ကိုအရင် မြည်းကြည့်သည်။ ကြက်သွန်နီကိုပါးပါးကလေးလှီးပြီး ဆီရွှဲရွှဲဖြင့် ရှောက်သီးညှစ်ထားသဖြင့် အရသာက လျှာဖြားမှာ . . နောက်တစ်ခွက်လာမလား . . လာမလားဖြစ်နေသည်။ ဟိုကောင့် ခယ်မကလေးများကိုပြုံး၍ နှုတ်ဆက်လိုက်ရ၏။ ဒီတော့ ကျွန်တော် နောက်တစ်ခွက်ကို သူတို့ကိုထည့်မပေးတော့ပဲ ကိုယ့်ဘာသာကိုယ်ပင် ခပ်ပြင်းပြင်းကလေးဆော်ဒါနှင့် စပ်ပြီး “ကစ်” လိုက်၏။ ဒီတော့ . . သူတို့ကလည်း မခံချင်စိတ်နှင့် သူတို့ဘာသာသူတို့ထည့်ပြီး “ကစ်”ကြလေသည်။ “ခယ်မ” ကလေးတွေလည်းသွားပြီ။ ကျွန်တော်တို့လည်း လွတ်လပ်သွားပြီဖြစ်သည်။ အသီးသီးကစ်ပြီးတော့ . . “အမြည်း” အကောင်းစားများကိုစားကြ၏။ အမြည်းစားပြီးသည်နှင့် ကျွန်တော်က ဂျော်နီကိုနောက်ထပ်စိန်ခေါ်လိုက် သည်။ အဲဒီတော့ သူတို့ကလည်း ဘယ်နေမှာလည်း ဂျော်နီ့ကိုလိုက်၍စိန်ခေါ်သည်။ အမြည်းစားသည်။ ထပ်စိန်ခေါ်သည်။ ထပ်စိန်ခေါ်သည်။ စိန်ခေါ် သည်။ စိန်ခေါ်သည်။ ဂျော်နီသည် တစ်ဖြည်းဖြည်းပါး၍သွားပြီး ကျွန်တော်တို့ပါးတွေ၊ နဖူးတွေက ထူ၍ ထူ၍လာသည်။ “ဟေ့ကောင်ရဲဝင်း . . မင်းကဘာဖြစ်လို့ စာရေးဆရာဖြစ်သွားရတာလဲ!” “မင်းတို့လို ငတိတွေနဲ့ သူငယ်ချင်းဖြစ်ရလို့ပေါ့ကွ” စကားအနည်းဆုံး “စီ” က သောက်စကားများလာပြီဖြစ်သည်။ “သောက်ရူး၊ မင်း . . သီတာဦးကို မရလို့မဟုတ်လား!” “သွားသေလိုက်ပါလား ! အဲဒီတုန်းက သီတာဦးကိုမင်းလည်းကြိုက်တာပဲ မဟုတ်လား၊ တင်မောင်မြင့်လည်းကြိုက်တယ်လေ . . ” “မင်းကို စာရေးဆရာဆိုလို့ ငါတို့က အထင်ကြီးမယ်လို့တော့ မထင်နဲ့လေ . . ” “ဘီ” က၀င်ပြောတော့ ကျွန်တော့်စိတ်ထဲမှာ တော်တော်လေးဒေါသဖြစ်သွားသည်။ (အရက်၏အရှိန်ကြောင့်လည်းဖြစ်နိုင်သည် . . .။) “ဟေ့ကောင် . . ငါက မင်းကိုအထင်ကြီးခိုင်းနေလို့လား! အေး . . ငါကလည်း . . အရက်ကောင်းကလေးတိုက်၊ မယားကောင်းကလေးရပြီး တိုက် ကောင်းကောင်းနဲ့နေရပေမယ့် သီချင်းတစ်ပုဒ်ကိုတောင် ကီးဝင်အောင်မဆိုတတ်ဘဲ . . အနုပညာရှားပါးတဲ့မင်းလိုကောင်မျိုးကို သောက်ထင်လုံးဝမကြီး ဘူးကွ” “ဟေ့ကောင်တွေ . . မင်းတို့တော်ကြတော့ကွာ” “ရဲဝင်း . . တော်တော့ကွာ၊ လူများအိမ်မှာ . .၊ “ဘီ” မင်းလည်းတော်တော့ကွာ၊ ကိုယ့်အိမ်မှာ . . ” “စီ” ပြောသောစကားသည် ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ၊ ကျွန်တော်တို့ကတော့ ငြိမ်ပြီးနေလိုက်ကြတော့သည်။ ကျွန်တော်က ရှေ့က ဂျော်နီ့ကို လမ်းလျှောက်ခိုင်းဖို့ ပုလင်းကိုကိုင်သည်။ “အေ” ကတား၏။ “ရဲဝင်းမင်းများနေပြီ” “ကောင်းတာပေါ့ကွ၊ များများသောက်၊မြန်မြန်အိပ်၊နောက်ကျမှနိုး သခိုး၊ဂျပိုး၊ငတေပြီးရောပေါ့ . . .” “အေ” က ကျွန်တော်ကိုင်ထားတဲ့ပုလင်းကို လွှတ်ပေးလိုက်တော့ ကျွန်တော်တူးပက်လောက်ထည့်၊ ဆော်ဒါနဲ့ရောပြီး “ကစ်”ပစ်လိုက်သည်။ ထိုအချိန်တွင် ကျွန်တော်သည် ပြောချင့်စကားကို ပြောချင်တာပြောခွင့်ရသော ကျွန်တော်တို့သူငယ်ချင်းဝိုင်းကလေးကို တပ်တပ်မက်မက်ကို ချစ်နေပြီဖြစ်ပါသည်။ ကျွန်တော်အရက်ခွက်ကို လုပြီးသောက်မည်အလုပ်တွင် . . . . ။ ကျွန်တော့်နဖူးပေါ်သို့ ပျော့စိစိအရာတစ်ခုကျလာသည်။ ကျွန်တော် လန့်ဖြန့်ပြီး လက်နှင့်သပ်ချလိုက်တော့ ထိုအရာသည် “ဘီ” ၏ပေါင်ပေါ်သို့ရောက်သွား၏။ “ဘီ”က တစ်ချက်ငုံကြည့်ရင်း လက်ဖြင့် အုပ်ထားလိုက်သည်။ “ဟာ . . အိမ်မြှောင်ကွ၊ အိမ်မြှောင်၊ အမြှီးနှစ်ခွနဲ့ . . .” “ဘီ“၏ ၀မ်းသာအားရစကားကြောင့် ကျွန်တော်တို့သုံးယောက် နည်းနည်းကြောင်သွားကြသည်။ “ဘီ”က သူ့လက်သီးဆုတ်ထဲက အိမ်မြှောင်ကို လက်မနှင့်လက်ညှိုးကြားမှနေ၍ချောင်းကြည့်နေသေးသည်။ ကျွန်တော်တို့သုံးယောက် အချင်းချင်းကြည့်လိုက်ပြီး . . .တော့မှ “စီ”ကပြောသည်။ “အိမ်မြှောင်ပဲကွာ . . လွှတ်ပေးလိုက်ပါ” “ဟာ . . မလုပ်နဲ့ . . ဒီကောင်က အမြှီးနှစ်ခွနဲ့ကွ” “နှစ်ခွတော့ ဘာဖြစ်လဲ” “အေ”၏မေးခွန်းသံက နည်းနည်းကျယ်၍သွားသည်။ “ဘီ”ကတော့ သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားရင်းကနေလေသံပျော့ပျော့ကလေးဖြင့်ပြော၏။ “ငါ့လို ရုပ်မျိုးနဲ့ ဒီမိန်းမမျိုးကို ဘာကြောင့်ရသလဲဆိုတာ မင်းတို့သိလား!” “မင်းက ဖွန်ကြောင်ပဲရမှာပေါ့ . . .!” ဒီတစ်ခါတော့ ကျွန်တော်ဒေါသဖြင့် ၀င်၍ပြောရသည်။ ကျွန်တော်က ထိုအချိန်တုန်းကအထိ မိန်းမမယူရသေးသဖြင့် “ဘီ” ကို မသိစိတ်ထဲက မကျေမနပ်ဖြစ်နေဟန်တူပါသည်။ “မဟုတ်ဖူးကွ၊ ငါ. . အိမ်မြှောင်အမြှီးနှစ်ခွကိုစားလို့၊ ဒီကောင်က ပီယကောင်းတယ်” “ပေါက်ကရတွေမပြောနဲ့ကွ” “ဟာ . . စီးကလည်း . . ဒီအိမ်မြှောင်က ရဲဝင်းနဖူးပေါ်ကျပြီး ငါ့လက်ထဲရောက်လာလို့ ကြည့်လိုက်တော့ အမြှီးကနှစ်ခွဖြစ်နေလို့ ငါဝမ်းသာသွား တာ . . .” “အဲဒီတော့ . . ဘာလုပ်မှာလဲ!” “အေ” ကမေးတော့ . . “ဘီ”က သူ့လက်သီးဆုတ်ကို သတိတကြီးနဲ့ကြည့်ရင်း ချီတုံချတုံဖြစ်နေသည့် စိတ်လှုပ်ရှားမှုကိုတွေ့ရသည်။ “ဘီ” ၏ပုံစံ က သူ့လက်သီးဆုတ်ထဲတွင် လက်ပစ်ဗုံးတစ်လုံးကို ဆုတ်ကိုင်ထားရသူလိုဖြစ်၍နေသည်။ “ငါက . . အိမ်ထောင်ကျပြီးပါပြီကွာ . . ၊ မင်းတို့ပဲစားကြပါ။ တော်ကြာ နောက်တစ်ယောက်ထပ်ရနေရင် . . ငါမိန်းမအသည်းကွဲလိမ့်မယ်ကွ၊ ရော့ . . .” “ဘီ”က ကျွန်တော့်လက်ထဲသို့ အိမ်မြှောင်ကိုထည့်ပေးလိုက်သည်။ ကျွန်တော်ကြည့်တော့ “ဘီ”ပြောသည့်အတိုင်း အမြှီးက “နှစ်ခွ”ဖြစ်နေတာကို တွေ့ရသည်။ ကျွန်တော်ရော “အေ” နှင့် “စီ” ပါ အိမ်ထောင်မကျကြသေးသဖြင့် ကျွန်တောတို့သုံးယောက် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက် ကြသည်။ အရက်ကလည်းကောင်း . . . အမြည်းကလည်းကောင်း . . အိမ်မြှောင်အမြှီးနှစ်ခွကလည်း လက်ထဲရောက်နေသဖြင့် . . ကျွန်တော်တို့ သုံးယောက် နောက်ဆုံးလက်ကျန်ခွက်ကို “ကစ်”ပစ်လိုက်ကြပြီး . . ငယ်သူငယ်ချင်းတွေပြန်တွေ့ကြသည့်မခံချင်စိတ်ကလေးကလည်းရှိနေသဖြင့် . . အမူးပေါ်မှာ မာနကလေးကို ပါးပါးတင်ပြီး ကျွန်တော်က စမေးသည်။ “ကဲ . . ဘယ်သူအရင်စားမလဲ!” “မင်း . . စားရဲ့လား!” ကျွန်တော်အိမ်မြှောင်ကိုလည်မြိုမှာ ညှစ်၍ကိုင်ကာအမြှီးကိုကိုက်ပြီး စားပစ်လိုက်သည်။ ထုတ်ထုတ်၊ ထုတ်ထုတ်နှင့် စား၍ကောင်းပါသည်။ ဟိုကောင်တွေလည်းမူးနေပြီဆိုတော့ . . ကျွန်တော့်လိုပင်စားကြ၏။ ကျွန်တော်တို့သည် အမူးစိတ်နှင့် စားရသည်ဆိုသော ငယ်သူငယ်ချင်း အချင်းချင်းသတ္တိပြိုင်လိုက်ကြသည်မှာ . . ထိုအိမ်မြှောင်ကလေးကို ခေါင်းအထိပါဝါးစားလိုက်ကြ၏။ အခုနေပြန်တွေးတော့ . . အန်ပင်အန်ချင်သည်။ အရက်သည် အလုပ်ချင်သောအရာကို လုပ်အောင်စွမ်းဆောင်ပေးနိုင်သလို၊ မလုပ်သင့်သောအရာကိုလည်း (အရှက် . . အကြောက် . . ပညာ . . မာန)မရှိတော့ပဲ လုပ်အောင်စွမ်းဆောင်မြှောက်ပင့်ပေးတတ်သော သတ္တိရှိသည်ဟု ကျွန်တော်ပြောချင်ပါသည်။ ထိုအိမ်မြှောင်ကလေးကို အစိမ်းလိုက်စားလိုက်ရသည့်အတွက် . . ကျွန်တော်သည် “ဘီ”လို ရုပ်ချော၊ ဥစ္စာကလည်းမထော၊ ပေါတောတောနှင့် တော်တော်စိတ်ပျက်ဖို့ကောင်းပါသည်။ ဟိုကောင် နှစ်ကောင်ရသောမိန်းမတွေကလည်း ကျွန်တော့်နည်းတူသိပ်မကွာပါ။ “စီ” က ကျွန်တော်တို့သူငယ်ချင်းအုပ်စုထဲမှာ နောက်ဆုံး သုံးဆယ်ကိုးနှစ်ကျမှ အိမ်ထောင်ကျပြီး သူ့ဇနီးက သူ့ထက်ငါးနှစ်ကြီးပါသည်။ ဒီ မင်္ဂလာဆောင်မှာဆုံကြတော့မှ “ဘီ”က ကျွန်တော့်ကိုပြောသည်။
“ဒီည . . ဘတ်ချလာနိုက်မှာ သောက်ကြဦးမလား!”
“ဒါပေါ့ကွ၊ သောက်ရမှာပေါ့”
“ဒီကောင့် မိန်းမအိုကြီးကလက်ခံပါမလား!”
“ဒီနေ့တော့ရမယ်ထင်တာပဲ၊ ဟော်တယ်တစ်ခုခုသွားလိုက်တာပေါ့ကွာ . .”
“မသွားပါဘူး . . ၊ ငါ့အခန်းပဲသွားမယ်”
“အာ . . မင်းအိမ်သွားရင် ဘာထူးမှာမို့လို့လဲ! ဒီကောင်ပြန်ရတာဝေးနေမှာပေါ့ကွာ”
“ထူးတာပေါ့၊ ငါ့အခန်းမှာက အိမ်မြှောင်တွေအများကြီးလေ . . .၊ မင်းတို့အရက်မူးပြီဆိုရင် အိမ်မြှောင်အမြှီးနှစ်ခွတစ်ကောင်ဖမ်းပြီး အစိမ်းလိုက် ကိုက်စားတာကို ငါ့ခယ်မတွေကချောင်းကြည့်ပြီးရယ်ရတာပေါ့”
“ခွေးမသား . . .”
နီကိုရဲ

This entry was posted on 5:21 AM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments