သူတို့ရပ်ကွက် သူုတို့အကြောင်း(၁)

ဒီ ရပ်ကွက်လေးထဲသို့ ကျွန်တော်တို့ လူစု ပြောင်းလာခဲ့မိခြင်းသည် ဘုရားပွဲဈေးတန်းထဲတွက် ဆိုင်ခန်းတစ်ခန်းနေရာယူပြီး နတ်ကနားဝင် ကသလိုမျိုး ဖြစ်နေ၏။ ကျွန်တော်တို့အဖွဲ့ကလည်း နဂိုကတည်းကမှ ကိုးယိုးကားယား ဗြုတ်စဗြင်းတောင်း၊ရပ်ကွက်ကလေးကလည်း တိုလီမုတ်စ ရှုပ်ပွပွ။
မည်သူက သာသည်။ မည်သူက နာသည်ဟုတော့ ပြော၍ရမည်မထင်။ အဲ...... တစ်ခုတော့ရှိ၏။ ရပ်ကွက်ကလေးက အစကတည်းက သူ့ လွဲ ချော်မှုများနှင့် သူ နေသားတကျတည့်မတ်ပြီးသား။
ကျွန်တော်တို့ ရောက်လာသောအခါတွင်မှ (အရယ်သန်ကြသူများပီပီ) မြင်မြင်သမျှကို အချင်းချင်းလက်တို့ပြီး ဟားကြသောအခါ ရပ်ကွက်သူ ရပ်ကွက်သားများအဖို့ ကသိကအောက်ဖြစ်ကြရလေတော့သည်။
ကျွန်တော်တို့ အဖွဲ့မှာလည်း လူကခပ်စုံစုံဖြစ်သည်။ စာရေးဆရာပါသည်။ ဇာတ်ညွှန်းရေးဆရာပါသည်။ ဗီဒီယိုရိုက်သည့်ငနဲတစ်ယောက် လည်းပါသည်။ ဂစ်တာတဒေါင်ဒေါင်ခေါက်သူလည်းပါသလို သရုပ်ဆောင်မင်းသားဖြစ်ချင်သည့် ငတိလည်းပါသည်။ မဂဇင်းတွေမှာ သရုပ်ဖော်ပုံ ဆွဲ သော ပန်းချီဆရာတစ်ယောက်လည်းပါသည်။
ကိုင်း........ ဘာများလိုသေးသနည်း။
သြော်......... မေ့လို့။ ကျွန်တော်တို့အဖွဲ့ထဲတွင် မြင်မြင်ကရာကို လိုက်ပြီး နက်နက်နဲနဲတွေးခေါ်စဉ်းစားတတ်သည့် အူတူတူငနဲတစ် ကောင်လည်းပါသေးသည်။ သူ၏ တွေးခေါ်ပုံများကလည်း မေရုမြင့်မိုနှင့်သရဘန်တောင်စဉ်ခုနှစ်ထပ်ကြားမှ ရှာဖွေခဲ့ပြီးသည့်နောက် အကြိမ်ပေါင်း တစ်ထောင်တိတိ အဖန်ဖန်အလဲလဲလှော်ကာသန့်စင်ပြီးမှ ရအပ်သော သိင်္ဂဒိုက်ရွှေစင်ကဲ့သို့ ခက်ခဲနက်နဲအဘိုးထိုက်လှ၏။
ဥပမာ...... (ရေနံဆီကို ဘယ်ကနေ ထုတ်လုပ်ရယူတာလဲ)...... ဆိုသည်ကို တစ်ပါတ်ဆယ်ရက်လောက်ကြာအောင် ထိုင်စဉ်းစားခြင်းမျိုး...။
“ငါ သိပြီကွ.........ငါသိပြီဟေ့”
ဘေးမှ ကျွန်တော်တို့ အားလုံးက သူ့ အလန်တကြား အော်သံဟစ်သံကြောင့် ပျာပျာသလဲ ဖြင့်ဝိုင်းမေးရ၏။
“ဘာကိုလဲဟင်........ ဘာသိတာလဲ”
“ရေနံဆီကို ဘယ်ကနေပြီးတော့ ထုတ်သလဲဆိုတာ ငါစဉ်းစားနေတာကွ”
“ဟေ.....”
ကျွန်တော်တို့ အားလုံးပါးစပ်အဟောင်းသား....။ သူ့ကတော့ တကယ့်ပညာရှိကြီးတစ်ယောက်ရဲ့အိုက်တင်မျိုးဖြင့် မေးစေ့ကိုပွတ်၊ခေါင်းတ ဆတ်ဆတ်ညိတ်ရင်း......
“အခုတော့ ငါသိပြီ။ လက်စသတ်တော့........ (ရေနံဆီ)ဆိုတော့ (ရေနံ)ကနေ ဖြစ်လာတာကိုး ......... ကွ”
ကျွန်တော်က အမြင်ကတ်ကတ်ဖြင့်
“ဒါဆို........ (ဓါတ်ဆီ)ကကော ဘယ်ကနေဖြစ်တာလဲကွ”
ကျွန်တော့်မေးခွန်းကြောင့်ငနဲသားကတွေတွေဝေေ၀ဖြစ်သွား၏။ အတော်ကြာအောင် စဉ်းစားနေပြီးမှ သူ့မျက်နှာက ၀င်းခနဲလက်သွားပြီး
“ဒါများ... လွယ်လွယ်လေး၊(ရေနံဆီ)ဟာ (ရေနံ)ကနေဖြစ်တာဆိုတော့..... မဟုတ်မှလွဲရော
(ဓါတ်ဆီ) ဟာ (ဓါတ်)ကနေဖြစ်တာထင်တယ်”
ကျွန်တော်က........
“မှားတယ်”
“ဟင်.........”
ငနဲသား မျက်လုံးအ၀ိုင်းသားဖြစ်သွားမှ ကျွန်တော်က ခပ်ပိုင်ပိုင်လေသံဖြင့်
(မင်း မသေမချင်းမှတ်ထား။ ဓါတ်ဆီဆိုတာ (ဓါတ်စံ)ကနေဖြစ်တာကွ)
“သြော်.......”
ငနဲသားခမျာ မျောက်အိုကြီး မျက်စဉ်းခပ်ခံရသလို မျက်လုံးကလေး ပေကလပ်ပေကလပ် လုပ်ရင်း ငိုင်ကျသွား၏။ (ဓါတ်ဆီ-ဓါတ်စံ)ဆိုသည့် ရှေးခေတ်လူရွှင်တော်နာမည်များကို ကြားဖူးထားလျက်သားနှင့်”ဒီလောက်လေးတောင်မှ ငါမစဉ်းစားမိရကောင်းလား”.... ဟုလည်း သူ့ကိုယ်သူ မချင့်မရဲဖြစ်နေပုံရသ့ည်။
တိုတိုပြောရလျှင်....... ဒီကောင်လိုလူမျိုးနှင့်ဒီရပ်ကွက်ထဲက လူတွေဆုံမှ ဆုံစည်းတတ်ကြပလေတယ်.... ဟု ကံကြမ္မာကိုအပြစ်တင်ရန် သာရှိတော့သည်။
ကျွန်တော်တို့၏တွေးခေါ်ပညာရှင်နှင့် ဒီရပ်ကွက်ထဲတွင် ပထမဦးဆုံးစပြီး ပတ်သက်ဆက်ဆံသူမှာ...... ဒေါ်လှလှ။
အရှုပ်ထုပ်တွေကို ကြံကြံဖန်ဖန် ရှာရှာဖွေဖွေသယ်လာတတ်သော၊ကောက်ရိုးပွေ့တတ်သော အဲသည်မိန်းမကြီးက စကားပြောလျှင် သူမ ကိုယ်သူမ “အလှကလေ.....အလှကလေ”ဟု နာမ်စားသုံးတတ်၏။
“ကျွန်တော်၏ လုံးချင်းဝတ္ထုတစ်အုပ်ထဲတွင် ၀င်းဦး၏သီချင်းစာသားတစ်ပိုင်းတစ်စကိုသုံး၍ “ကိုယ့်ဌာနေ၀န်းကျင်မှာကွယ်.....တကယ်ကို အလှရှိတယ်” ဟု ရေးကာ ကလိခဲ့ဖူးသည်မှာ ထိုင်မှိုင်းကြီးပင်ဖြစ်သည်”
မှန်သည်။
ကျွန်တော်တို့၏ ဌာနေ၀န်းကျင်တွင် တကယ်ကို (အလှ)ရှိပါသည်။ ပြဿနာက ထို(အလှ)ဆိုသော ဒေါ်လှလှသည် အားအားယားယားရှိ တိုင်း ဟိုအိမ်သွားလည်လိုက် ဒီအိမ်သွားလည်လိုက်နှင့် (ရှုပ်)တတ် (ဖွ) တတ်ခြင်းဖြစ်၏။
သူများကို ဒုက္ခရောက်အောင်တမင်လုပ်သည်တော့ဟုတ်ပုံမရ။ လူမှုရေး အထူအပါး နားမလည်သောကြောင့်သာဖြစ်သည်။ ဒီကြားထဲ ထင်ရာ မြင်ရာတွေကို ရွပ်ရွပ်ချွံချွံ ထထပြီးပြောတတ်လုပ်တတ်လွန်းသည်ကတစ်မှောက်။
ကျွန်တော်တို့ စပြီးပြောင်းလာကာစမှာပင် စပ်စပ်စုစုလုပ်ရင်း အဲဒီ (အန်တီလှ) တစ်ယောက် ကျွန်တော်တို့ အိမ်ကို ... မကြာခဏလာလာ သည်။ အဲသည်တုန်းက ကျွန်တော်အိမ်မှာအလှမွေးထားသော (ဖလားဝါးဟွန်း) ရွှေငါးလေးကို ကြည့်ကြည့်ပြီး
“ဟယ်.... ချစ်စရာကောင်းလိုက်တာ”
ဟုတဖွဖွပြော၏။
သိပ်တော့ မကြာလိုက်။ လျှပ်စစ်မီးကပြတ်၊အောက်စီဂျင်ကမရသောကြောင့် ရွှေငါးကသေသွား၏။
အန်တီလှက ကျွန်တော်တို့ အိမ်ကိုလာလည်ရင်း မှန်ရေကန်ထဲတွင် ငါးကိုမတွေ့ရသောကြောင့် ထုံးစံအတိုင်း စပ်စုရာ ကျွန်တော်က
“ရွှေငါးလေးက သေသွားပြီ.... အန်တီလှရဲ့”
အန်တီလှ၏ မျက်နှာက ချက်ချင်းပင်ကြေကြေကွဲကွဲဖြစ်သွားပြီး
“အို..... ကျွတ်ကျွတ်၊ဖြစ်မှဖြစ်ရလေကွယ်။ သနားစရာကောင်းလိုက်တာနော်။
သူ့ခမျာကံဆိုးရှာတယ်ကွယ်”
သို့သော်.... တစ်ဆက်တည်းလိုလို အန်တီလှ၏ မျက်လုံးအစုံက ဖျတ်ခနဲ တောက်ပသွားပြီး နှုတ်ခမ်းကိုလျှာဖြင့်သိမ်းလျက်လိုက်သည့် လေသံဖြင့်
“ဒါနဲ့..... မင်းတို့ အဲဒီငါးကလေးကို ချက်မစားကြဘူးလားဟင်”
“သနားလှချည်ရဲ့”ဆိုသော ငါးလေးကို ချက်စားချင်သည့် စိတ်ဓါတ်တက်ကြွမှုက အန်တီလှ၏ သွားရည်တမြားမြားလေသံထဲတွင် အထင်း သား။
ဘယ့်နှယ်မိန်းမကြီးပါလိမ့်... ဟု ကျွန်တော် နားလည်ရခက်စွာဖြင့် ခေါင်းကုတ်မိသည်။ အဲသည်အကြောင်း ပန်းချီဆရာကို ကျွန်တော်က ပြန်ပြောပြမိတော့ ပန်းချီဆရာက
“ဖြစ်နိုင်တယ်ကွ။ ငါတို့ ဒီကိုပြောင်းလာကာစက အန်တီလှတို့ အိမ်မှာ ကြက်တူရွေးလေးတစ်ကောင်ကို ချစ်လှချည့်ရဲ့ဆိုပြီး မွေးထားတာ တွေ့တယ်ကွ။ ခုနောက်ပိုင်းမတွေ့ရတော့ဘူး။ ကြည့်ရတာ...... ကြက်တူရွေးလေးလည်း ဟင်းအိုးထဲရောက်သွားပြီနဲ့တူတယ်”
အန်တီလှ၏အချစ်က တစ်မျိုးကြီးဖြစ်ပုံရ၏။
* * * * *

ကျွန်တော်တို့ ခြေရင်းအိမ်က ဖယောင်းတိုင်လုပ်ငန်းလုပ်သောအိမ်ဖြစ်၏။ ကျွန်တော်တို့အဖွဲ့က သူတို့အိမ်မှလုပ်သော ဖယောင်းတိုင်ကို (လင်းယုန်)တံဆိပ် ဖယောင်းတိုင်ဟု နာမည်ပေးထားကြသည်။
အိမ်တွင်းမှုတစ်နိုင်တစ်ပိုင်လုပ်သော ဖယောင်းတိုင်ဖြစ်သောကြောင့် ဖယောင်းသားကညံ့ရသည့်အထဲ လေခိုပြီး ပွစိစိနှင့် နောက်ပြီး ..... မီးစာလုပ်သည့်ချည်ကြိုးကလည်း ဖွာလန်ကြဲ။ သူတို့ ဖယောင်းတိုင်ကိုထွန်းညှိလိုက်လျှင် တဖျစ်ဖျစ်မြည်ပြီး (လင်း) သည်ဆိုရ(ရုံ)မျှသာ လင်း သောကြောင့် (လင်းယုန်)ဖယောင်းတိုင်ဟု နာမည်ပေးထားခြင်းဖြစ်၏။
ခြေရင်းအိမ်ကတော့ ကျွန်တော်တို့ကျိတ်ပြီး(ဟား)ကြသည်ကိုမသိ။ သူတို့လုပ်ငန်းကိုနာမည်ပေး ပေးဖော်ရသည်ဟုဆိုပြီး သဘောအကျ ကြီးကျကြသည်။ ကျွန်တော်တို့အိမ်မှ ပန်းချီဆရာကလည်း ခပ်တည်တည်ဖြသ့် ဖယောင်းတိုင်တံဆိပ်ဘလောက်တုံးလုပ်ဖို့ လင်းယုန်ငှက်ပုံတွေ ဘာတွေဆွဲပေးလိုက်သေး၏။
အန်တီလှကလည်း အဲဒီ(လင်းယုန်)ဖယောင်းတိုင်လုပ်သည့် အိမ်သို့ တစ်နေ့လျှင် နှစ်ခေါက်သုံးခေါက်လောက် အ၀င်အထွက်လုပ်သည်။ လေပန်းသည်။ တစ်ခါတစ်ရံ သူမဖာသာ တစ်ယောက်တည်း လေပန်းရုံဖြင့် အားမရဘဲ ကျွန်တော်တို့ အိမ်ဘက်သို့ လည်ဆန့်ကာ
“ဟဲ့ ...... မောင်စိန်မြင့်၊ဒီဘက်အိမ်ကူးခဲ့လေကွယ်။ လက်ဖက်ထုပ်လေး ဘာလေးစားရင်း စကားစမြည်ပြောရအောင်”
ဟုဆိုကာ ကျွန်တော်တို့အဖွဲ့ထဲမှ တွေးခေါ်ပညာရှင်ကို လှမ်းလှမ်းပြီးပင့်လေ့ရှိသည်။
စိန်မြင့်ဆိုသည့် အတွေးအခေါ်ပညာရှင်ငနဲသား၏ ဥာဉ်ဆိုးကလည်းတစ်မျိုး။ ဒင်းက အချိန်ပြည့် အားအားယားယားရှိနေသောကြောင့်လား မပြောတတ်။ ဘယ်သူကခေါ်ခေါ် ..... ဘယ်နေရာကိုခေါ်ခေါ် ..... မဆိုင်းမတွဘဲ ပုဆိုးလေးပြင်ဝတ်ပြီး သုတ်ခနဲထလိုက်သွားလေ့ရှိ၏။
ယင်းသို့...... ပင့်ဆောင်လေရာ နေရာတိုင်းသို့ကြွချီတော်မူလေ့ရှိခြင်းကြောင့် ဒင်းကို ကျွန်တော်တို့ တစ်ဖွဲ့လုံးက ဒက္ခိဏသာခါကိုယ် တော်လေးဟု ကင်ပွန်းတပ်ထားသည်။ ကြာတော့ ..... သူ့နာမည်အရင်း (စိန်မြင့်)ဆိုသည်ကိုပင် မေ့တေ့တေ့ဖြစ်နေ၏။
အန်တီလှက ထိုသို့ လှမ်းလှမ်းခေါ်ကာမှပင် သူ့နာမည်(စိန်မြင့်)ပါကလားဆိုသည်ကို ပြန်ပြန်ပြီးသတိရမိကြလေသည်။ ဒင်းကလည်း အပင့် ခံရသည်နှင့် တစ်ပြိုင်နက် မနေနိုင် မထိုင်နိုင် ကောက်ကောက်ပါအောင် ကြွချီသွားပြီး သူ၏ အဖိုးထိုက်နက်နဲလှစွာသော အတွေးအခေါ်များကို ဟောကြားတော်မူလေ့ရှိ၏။
“ကျွန်တော် တစ်ခုစဉ်းစားမိတယ် ...... အန်တီလှရဲ့”
“ဆိုစမ်းပါဦး....... မောင်စိန်မြင့်ရယ်”
အားအားယားယားရှိသူနှင့်ပင် စပ်စပ်စုစုနိုင်သူတို့ကား မသာအိမ်နှင့်ဖဲဝိုင်းကဲ့သို့ လိုက်ဖက်ညီလှပေစွ။
စိန်မြင့်က
“အန်တီလှတို့ ဘုရားရှိခိုးပြီးမေတ္တာပို့ရင် နာမည်တပ်ပြီးတော့ ရည်စူးမေတ္တာပို့ကြတယ်မဟုတ်လား။ ဥပမာ ....... ကျွန်တော့်အတွက် မေတ္တာပို့ရင် “မောင်စိန်မြင့် ..... ကျန်းမာချမ်းသာပါစေ”ဆိုတာမျိုးပေါ့”
“အေး ...... ဟုတ်တယ်လေ”
“ဒါဆိုရင် .... အန်တီလှမသိဘဲ ကျွန်တော်က နာမည်ပြောင်းလိုက်တယ်ဆိုပါစို့။ (နေတိုး)ဆိုပါတော့ဗျာ”
အန်တီလှက ချက်ချင်းမျက်နှာအိုသွားပြီး
“မင်းနှယ်ကွယ်၊တခြားနာမည်ပြောင်းပါလား။ အန်တီက အဲဒီနေတိုးဆိုတဲ့ မင်းသားကိုသိပ်ကြိုက်တာ။ မင့် ရုပ်ကြီးနဲ့ဆိုတော့ ........”
“ဟာ ...... တကယ်ပြောင်းတာမဟုတ်ပါဘူးဗျာ။ ဥပမာပြောတာဗျ ...... ခင်ဗျားကြီးကလည်း”
“သြော် ..... အေး ...... အေး၊ ဒါဆို ..... ပြီးရော။ ဆက်ပြော .... ဆက်ပြော”
စိန်မြင့်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး .......
“အဲဒီမှာ ...... ကျွန်တော်နာမည်က (နေတိုး)ဖြစ်သွားပြီ။ ဒါကို အန်တီလှက မသိဘဲ အရင်အတိုင်း “မောင်စိန်မြင့် ...... ကျန်းမာချမ်းသာ ပါစေ”ဆိုပြီး မေတ္တာပို့ရင် အဲဒီမေတ္တာကို ကျွန်တော် ရပါ့မလားဟင်။ မရဘူးဆိုရင်ကော ..... အဲဒီမေတ္တာတွေက ဘယ်ကိုရောက်သွားသတုန်းဗျ”
ဒေသနာတော်ကသိမ်မွေ့နက်နဲလွန်းသောကြောင့်လားမသိ။ အန်တီလှတစ်ယောက် ခေါင်းကုတ်ကာ အ၊တီး အ၊ထစ်ဖြစ်သွား၏။ ကျွန်ုပ်တို့ ၏ တွေးခေါ်ပညာရှင်ကလေးမောင်စိန်မြင့်ကား အနှီကဲ့သို့သော အရေမရ အဖတ်မရ ကိစ္စများကို အချိန်ကုန်ခံပြီး စဉ်းစားတတ်သည့်နေရာတွင် မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဧတဒဂ်အရာထားရလောက်အောင် တစ်ဖက်ကမ်းခတ်ထူးချွန်သူပေတည်း။
သူ၏ ဒေသနာတော်ကို နာယူနေကြသူများကလည်း ခေသူတော့မဟုတ်။ လင်းယုန်ဖယောင်းတိုင်ကုမ္ပဏီချုပ်ကြီး၏ကတော် ဒေါ်ပုကြွယ်က သူဥာဏ်မီသလောက် ၀င်ရောက်ဆွေးနွေး၏။
“မောင်စိန်မြင့် ပြောတာ စဉ်းစားစရာပဲကွဲ့။ အဲဒါကြောင့် ...... လူတွေက နာမည်ပြောင်းရင် သတင်းစာထဲမှာထည့်ပြီး ကြော်ငြာကြတာပေါ့။ မေတ္တာပို့ရင် နာမည်မမှားအောင် ထင်ပါရဲ့”
သူတို့ပြောသမျှကို ဒီဖက်အိမ်မှနေပြီး အတိုင်းတားကြားနေရသော ကျွန်တော်တို့တစ်ဖွဲ့လုံးက ကြမ်းပြင်ပေါ်တွင်လှိမ့်ကာလှိမ်ကာ ခြေဆောင့်ပြီးရယ်ကြ၏။
လင်းယုန်ဖယောင်းတိုင်လုပ်ငန်း၏ ကုမ္ပဏီလုပ်ငန်းစု အမှုဆောင်အရာရှိချုပ်(C.E.O)သူဌေးကြီးဦးခွေးနီကတော့ သူ့မိန်းမဒေါ်ပုကြွယ်ကို လှမ်း၍ဟန့်လိုက်ရင်း ........
“တယ် ...... ဒီမိန်းမဟာ၊ဇောက်မှန်းကမ်းမှန်းမသိဘဲ ၀င်ဝင်ပြောနေ။ ငါ .....ထလုပ်လိုက်ရ ..... နာတော့မယ်။ အဟမ်း... ဒီမယ် မောင်စိန်မြင့်ရဲ့ .... မောင်ရင်ပြောတဲ့ကိစ္စကို ပဋိကတ်ကျမ်းကြေတဲ့ သက်တော်ဝါတော်ရဆရာတော်ဘုရားကြီးတွေနဲ့တွေ့မှ မေးလျှောက်ကြည့်ရ ဦးမယ်”
တော်ပါသေး၏။
ကံကောင်းသည်ဟုပင်ဆိုရမည်။ ပိဋိကတ်ကျမ်းကြေသောသက်တော်ဝါတော်ရဆရာတော်ကြီးများကား ကျွန်တော်တို့ လမ်းထဲသို့ တစ်ပါး မှ မကြွပါ။
* * * * *
အဲသည် ကျွန်တော်တို့ခြေရင်းက (လင်းယုန်)ဖယောင်းတိုင်လုပ်သောအိမ်နှင့် လမ်းထောင့်ဆုံးတွင်ရှိသော (သိပ္ပံစိန်လှ)ဘက်ထရီဆိုင်တို့ သည် တစ်ခါက အကြီးအကျယ်ရန်ဖြစ်ပြီး အခုထက်ထိတိုင် စကားမခေါ်မပြော အဆက်အဆံဖြတ်ထားကြသည်ဆို၏။
ဖယောင်းတိုင်လုပ်ငန်းနှင့် ဘက်ထရီလုပ်ငန်းတို့ မတည့်ကြခြင်း၊ရန်ဖြစ်ကြခြင်းမှာ သိပ်တော့ အံ့သြစရာမဟုတ်။ပြီးတော့ ..... အဲသည့်ကိစ္စ က ကျွန်တော်တို့ပြောင်းမလာခင်ကတည်းကဖြစ်ခဲ့သည့်ရန်စ။
ခွကျသည်ကတော့ ကျွန်တော်တို့၏ အူရဒူတွေးခေါ်ပညာရှင်မောင်စိန်မြင့်က ကြားထဲတွင် ကန့်လန့်ကန့်လန့်ဝင်ပါဖြစ်အောင် ပါလိုက် ခြင်းဖြစ်သည်။။
တစ်နေ့ ..........
လမ်းထိပ်က (ဒေါ်ရီ ....မြောင်းမြမုန့်ဟင်းခါး) ဆိုင်တွင် ကျွန်တော်တို့ ၀င်ထိုင်ပြီး မုန့်ဟင်းခါးစားဖို့မှာကြ၏။ ရှေ့မှာ ရောက်နှင့်စားနှင့်နေ ကြသူတွေကလည်း များနေသဖြင့် တော်တော်ကြာအောင်စောင့်နေရသည်။ စားနေကြသူ အားလုံးနီးပါးမှာလည်း ဒီလမ်းဟိုဘက်လမ်း အနီးတ၀ိုက် မှချည်းပင်ဖြစ်၏။
ကျွန်တော်တို့ မုန့်ဟင်းခါးဆိုင်မှာထိုင်နေခိုက် (သိပ္ပံစိန်လှ)ဘက်ထရီဆိုင်မှ ကိုစိန်လှ၏ခယ်မမနှင်းသွယ်က သူမ၏သားကလေးကို လက်ဆွဲကာ ရောက်ချလာပြီး မုန့်ဟင်းခါးချိုင့်ဆွဲလာဝယ်သည်။
(သူများပြောသဖြင့်သိရသည်မှာ ..... သိပ္ပံစိန်လှနှင့်ညီဖြစ်သူ ကိုစိန်မြတို့ညီအစ်ကိုသည် မနှင်းနွယ် မနှင်းသွယ်ညီအစ်မနှစ်ယောက်ကို အစုံလိုက် အတွဲလိုက်ယူထားခြင်းဖြစ်သည်ဆို၏။ သိပ္ပံစိန်လှနှင့် မနှင်းနွယ်တို့မှာတော့ သားသမီးမထွန်းကာဘဲ ကိုစိန်မြနှင့်မနှင်းသွယ်တို့မှာ သာ ဒီသားကလေးတစ်ယောက်ရခြင်းဖြစ်သည်။
အခုတော့ ...... ကိုစိန်မြကလည်း လွန်ခဲ့သည့်နှစ်နှစ်ကျော်က ကွယ်လွန်သွားပြီဖြစ်ရာ မနှင်းသွယ်တစ်ယောက်သာ သားတစ်ကောင်နှင့် တို့လိုတွဲလောင်းကျန်နေရစ်ခဲ့ခြင်းဖြစ်သည်။ ကလေးလေးကလည်း ဖြူဖြူဖွေးဖွေး ၀၀ကစ်ကစ်ချစ်စရာလေးမို့ ငနဲသား စိန်မြင့်ဆိုသည့်ကောင်က မနေနိုင် မထိုင်နိုင် ပါးစပ်ဆော့ပြီး ကလေးကိုသွားမြူသည်။)
“သားသားရဲ့ဖေဖေက ဘ ဒူ လဲ”
ကလေးကမဖြေ။ စိန်မြင့် ငမိုက်သားက ကလေး၏ပါးဖောင်းဖေါင်းကလေးကိုဆွဲလိမ်ပြီး ကလေးအဖေနာမည်ကို ထပ်မေးပြန်၏။
“သားသားရဲ့ ဖေဖေက ဘဒူလဲ”
ကလေးက မဖြေဘဲ မျက်လုံးပေကလတ် ပေကလတ်။ ကလေးအမေ မနှင်းသွယ်ကတော့ အနည်းငယ် မျက်နှာပျက်စပြုလာ၏။ ဒါကို ကျွန်တော်တို့မရိပ်မိ။
အမှန်ကတော့ .... အဲဒီကိစ္စသည် တကယ့်ပြဿနာအကြီးကြီးဖြစ်၏။ ဒီကလေးသည် ကိုစိန်မြနှင့် မနှင်းသွယ်၏သားဟုဆိုသော်လည်း ကတယ်တမ်းမှာ ကိုစိန်မြကွယ်လွန်ပြီး ဆယ်လကျော်မှမွေးခြင်းဖြစ်သည်။
မနှင်းသွယ်တစ်ယောက် ခဲအိုဖြစ်သူ သိပ္ပံစိန်လှနှင့် တိုးတိုးတိတ်တိတ် ဖြစ်ကြ၊ပျက်ကြပြီး အကောင်အထည်ပေါ်လာကာမှ သွားလေသူ ကိုစိန်မြ၏ခေါင်းစဉ်တပ်လိုက်ခြင်းဖြစ်မှန်း တစ်ရပ်ကွက်လုံးက ရိပ်မိကြ၏။
လမ်းသူလမ်းသားများကလည်း တီတိုးတီးတိုးသဖန်းပိုးလုပ်ရုံထက် မပိုဘဲ အားနာပါးနာဖြင့် အောင့်အည်းထားခဲ့ကြသည်။
အခု ...... မောင်စိန်မြင့်တစ်ကောင်မှာတော့ (ဘုမသိ ဘမသိဖြင့်)ကလေးကိုမြူနေပုံက ဘေးလူအမြင်တွင် ကလေးအဖေရင်းလက်သည် တရားခံပေါ်အောင် ပုလိပ်စစ်စစ်နေသလိုလို။
ဟော ......လုပ်ပြန်လေပြီ။
“သားသားရဲ့ဖေဖေက ဘဒူလဲ”
ကလေးကမဖြေ။ မုန့်ဟင်းခါးစားနေကြသော အကြောင်းသိလမ်းသူလမ်းသားများက တခွိခွိကျိတ်ပြီးရယ်ကြ၏။ ကလေးအမေ မနှင်းသွယ်က ဆောင့်ဆောင့်အောင့်အောင့်ဖြင့် မျက်စောင်းထိုး၏။
အရိပ်သုံးပါး နားမလည်သူ မောင်စိန်မြင့်ကား သူများဖုံးထားသော မစင်ပုံကိုတုတ်ဖြင့်ဆွလေပြီ။
“သားသားလေးရဲ့ ဖေဖေကဘဒူလဲ၊ပြောပါဦး”
“ဟဲ့ ....... အကောင်ရဲ့”
မနှင်းသွယ်ကား ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ကလေးကို ဆတ်ခနဲပွေ့ချီလိုက်ပြီး မောင်စိန်မြင့်ကိုလက်ညှိုး ငေါက်ငေါက်ထိုးပြီး ရန်တွေ့လေတော့သည်။
“ကလေးအဖေကို ဘာကိစ္စမေးနေရတာတုန်း။ ငါဖာသာ ငါဘယ်သူနဲ့ရပြီးမွေးထားမွေးထား၊ နင်နဲ့ ဘာဆိုင်သလဲဟဲ့၊ ဟင် .....။ ပါးကွဲသွား ချင်သလား၊မနှင်းသွယ်ကိုလာမစမ်းနဲ့ .... ဘာမှတ်သလဲ”
ကျွန်တော်တို့ကား မုန့်ဟင်းခါးဖိုးကို မြန်မြန်ရှင်းပေးပြီး သုတ်ခြေတင်ရလေတော့သည်။ မောင်စိန်မြင့်ကား သူ့အမှားကို သူအားနာပြီး တောင်းပန်မဆုံး။
“ကန်တော့ပါရဲ့အစ်မရယ်။ ကလေးက သူ့အဖေကို သူသိတယ်ထင်လို့ပါ”
တောင်းပန်လေလေ၊မနှင်းသွယ်က ဒေါသထွက်လေလေ။ ဘေးမှ မုန့်ဟင်းခါးစားနေကြသူတို့ကလည်း မဖျန်ဖြေဘဲ ၀ိုင်း၍သာရယ်နေ ကြ ၏။
သြော် ....... တတ်လည်း တတ်နိုင်သည့် ရပ်ကွက်ကလေး။
(ဆက်လက်ဖော်ပြပါမည်)
မင်းခိုက်စိုးစန်

This entry was posted on 6:17 PM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

1 comments

“ကန်တော့ပါရဲ့အစ်မရယ်။ ကလေးက သူ့အဖေကို သူသိတယ်ထင်လို့ပါ”

ပြောခါမှပိုဆိုးပါလေရော..... အင်း ဒီလိုမျိုး ကိုယ်ကနောက်ခံသမိုင်းကြောင်းမသိဘဲ မတော်တဆ ဖြစ်ရပ်တွေ များခဲ့တာဘဲ......


ဂျူ