အချိုရည်ဆရာမ  

Posted by MANORHARY

Sunday, October 11, 2009


သူရာထောင့်မှအိပ်မက်များ
အချိုရည် “ဆရာမ”

ကျွန်တော် အရက်စသောက်တုန်းက အဖော်မရှိလျှင် . . . မဖော်မပါလျှင် အရက်ကိုလုံးဝမသောက်တတ်ခဲ့ပါ။ ထို့ကြောင့် . . ကျွန်တော်သည် ညနေစောင်းလျှင် . . အရက်သောက်ဖော်ကိုရှာရသည်။ ကိုယ်ကတိုက်မယ်စိတ်ကူးထားလျှင် အရက်သောက်ရှာရတာများခက်လို့လား! ဟုမေးချင်ကြလိမ့်မည်။
ခက်ပါသည်။
ကျွန်တော်တို့ စာရေးဆရာများ၊ ကဗျာဆရာများမှာ အရက်ကလေးပုံမှန် Limit သို့ရောက်သွားလျှင် အနု ပညာအကြောင်းကို စကားစတတ်သည်။ နောက်ပြီးတော့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်မယ့်ဟာ၊ ကိုယ်အားမရတာ . . . စသည့် အနု ပညာကိစ္စတွေကို ပြောချင်သည်။ ပြီးတော့ လုပ်ပြီးသားကလေးတွေကို စားမြုံ့ပြန်ချင်သေးသည်။
ဒီတော့ . . ကျွန်တော်နှင့်အတူသောက်မည့် သူသည် . . အနုပညာသမားဖြစ်ချင်သည်။ စာနယ်ဇင်းသမား ဖြစ်ချင်သည်။ လောဘအနည်းဆုံးဟုဆိုလျှင် အနုပညာကို ၀ါသနာပါသူကလေးတော့ ဖြစ်စေချင်သည်။
ထို့ကြောင့် (၃၃)လမ်းသည် အနုပညာကိစ္စတွေအတွက် ကျွန်တော်တို့မသွားမဖြစ်သွားရသော နေရာတစ်ခု ဖြစ်သည့်အပြင် ကိုယ်နဲ့ညနေခင်းအလွန်မှာ ရင်ဘတ်ချင်း ဂျပ်ပင်ထိုးပြီး အရက်သောက်ဖက်ရှာရန် တောအုပ်ကြီးတစ်ခုဖြစ်လာသည်။
ကျွန်တော်နှင့် ဆယ်ခါတွင် ကိုးခါတွဲသောက်ဘက်များက ကာတွန်းဆရာများသာဖြစ်သည်။ (သူတို့သည် သူတို့လီမစ်သို့ရောက်လျှင်ပါးစပ်ဖြင့်၊ စကားလုံးဖြင့် ကာတွန်းဆွဲတတ်ကြသဖြင့် အလွန်ပျော်စရာကောင်းသည်)။ ကျွန်တော်သည် ကဗျာဆရာ၊၀တ္ထုဆရာများနှင့်တော့ တစ်ခါတစ်ရံကြုံကြိုက်သည့်အခါတွင်လည်းကောင်း ကိစ္စရှိသောအခါတွင်လည်းကောင်း ကျွန်တော်ကိုယ်တိုင်ကိုက သူတို့နှင့်စကားပြောချင်သည့်အခါတွင်လည်းကောင်းမှသာ သောက်လေ့ရှိပါသည်။
ကျွန်တော်တို့(၆း၃၀)လောက်တွင် အတူနေစဉ် ထိုင်ဖြစ်သူများက . . ကိုရွှေထူး (ပြည်) ကာတွန်းစောမင်းဝေ စာအုပ်၊ ပြက္ခဒိန်၊ Computer ဒီဇိုင်းအစုံလုပ်သော မိုးကျော်၊ ကိုရွှေထူး၏ညီ မျိုးကြီး၊ ၀လုံး၊ ဖေသစ်တည်နှင့် တိရိစ္ဆာန်စိုးစံဝင်းတို့ဖြစ် သည်။
ဆရာအော်ပီကျယ်နှင့် ဆရာစိုးသော်တာတို့ကတော့ အိမ်က ကိုယ့်ဇနီးကို ငွေများများအပ်နိုင်သည့်နေ့မျိုး နှင့် ငွေလုံးဝမအပ်နိုင်သော နေ့မျိုးဆိုလျှင် ရံဖန်ရံခါဝင်ကြိတ်လေ့ရှိပါသည်။ တစ်ပတ်မှာ တစ်ကြိမ်နှစ်ကြိမ်လောက်တော့ သူတို့ ပါဝင်တတ်သည်။
ဆရာအော်ပီကျယ်နှင့် ဆရာစိုးသော်တာတို့ကို အရက်သောက်ခြင်းနှင့်ပတ်သက်ပြီး ချီးကျူးပါသည်။
ဆရာအော်ပီကျယ်၊ ကျွန်တော်၊ ဆရာညို၊ ဆရာကိုတင်ကိုအောင်၊ ဆရာကိုခင်ဇော်တို့ တစ်ညဆုံကြရာ ဆိုင် တွင် အ၀သောက်ပြီးသော်လည်း ကိုယ့်အိမ်ကို မပြန်ကြသေးပဲ တွေ့သည့်ဆိုင်တွင် တစ်ယောက်တစ်ပတ်စီချကြမည်ဆိုပြီး လျှောက် ကြရာ အရက်ဆိုင်ကိုတွေ့သည်နှင့် ခုံတွင်ဝင်မထိုင်ဘဲ ဘီအီးတစ်ပတ်စီမှာ၍ သောက်ကြရာ . . . ဘယ်နှစ်ဆိုင်ဝင်၍ ဘယ်နှစ်ခွက် သော�ကလေက�ည်မသိတော့ . . .။ ကျွန်တော်အိပ်ရာကနိုးတော့ မနက်(၁၁)နာရီ၊ နေရာက ဆရာတင်ကိုအောင်၏အိမ်။ ခေါင်းတွေ တစ်ခေါင်းလုံး လေးလံပြီးနားထင်တွင် ဘင်ခရာတပ်ဖွဲ့ရောက်၍နေသည်။
“ကောင်လေး နိုးပြီးလား!”
“ခေါင်းတွေ အရမ်းကိုက်နေတယ်အကိုကြီး”
“ရေအ၀သောက်လိုက် . . .. ”
“ကျွန်တော် ခေါင်းတောင်မထူနိုင်ဘူး”
ဆရာတင်ကိုအောင်က ကိုယ်တိုင်ထ၍ ရေခပ်တိုက်ပါသည်။ ဒါလည်း ခေါင်းကိုက်တာကမပျောက်၊ ရင်တွေ တုန်တာကမပျောက်၊ ဆရာတင်ကိုအောင်ကတော့ ဘာမှမဖြစ်သည့်ပုံစံဖြင့် မျက်မှန်ကလေးတပ်ရင်း . . နယ်မှလာသော ဆရာနေမျိုး ၏လက်ရေးဝတ္ထုကို ဖတ်နေသည်။
ကျွန်တော်ခေါင်းအုံးတွေ စောင်တွေကြားထဲသို့ ပြန်ပြုတ်ကျသွားသည်။
ဆရာတင်ကိုအောင်က သူဖတ်နေသောဝတ္ထုပြီးတော့မှ . . ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး တံခါးကြားထဲက ပုလင်းကို ထုတ်ယူပြီး လက်နှစ်လုံး (နှစ်ပက်)လောက်ကို ငှဲ့ထည့်ပြီး ရေနည်းနည်းသာရောပြီး ကျွန်တော့်ကိုပေးပါသည်။
“မင်းဘာဆေးမှသောက်လို့ ခေါင်းကိုက်တာ ဘာညာမပျောက်ဘူး၊ ဒါပဲချလိုက်၊ ပြီးတော့ ညက ငါတို့လုပ် တာ အဓိပ္ပါယ်မရှိဘူးကွ၊ နောင်ကိုမလုပ်နဲ့ . . ရော့ သောက်လိုက်”
ကျွန်တော်ယုံကြည်စွာပင် အသက်ကို တစ်ချက်မှမရှုဘဲ သောက်ချလိုက်သည်။ ပြီးတော့ ပြန်မှိန်းနေလိုက် သည်။ သို့သော် . . မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် တစ်မိနစ်ကျော်ကျော်တွင် ကျွန်တော်သည် လန်းဆန်းစွာပြန် လည်နိုးထ၊ ကောင်းမွန်၊ လန်းဆန်း သွား၏။
“အစ်ကိုကြီး ယူပစ်လိုက်သလိုပါပဲလား!”
“အေး . . အဲဒါဖြေတယ်လို့ ခေါ်တယ်၊ ဒါပေမယ့် ဒါကောင်းတဲ့လက္ခဏာ မဟုတ်ဘူး၊ နောင်ကို အဲဒီလို ဘယ်တော့မှ မဖြစ်စေနဲ့”
ကျွန်တော်သည် ထိုစဉ်က အရက်ကို ကာတွန်းအဖွဲ့နှင့် မဟုတ်လျှင် ဆရာတင်ကိုအောင်၊ ဆရာညို၊ ဆရာ ကောင်းသာ၊ ဆရာကိုသန်းထိုက်တို့နှင့်သာ သောက်လေ့ရှိပါသည်။ ထိုသို့ ပုံမှန်သောက်သောက်ခဲ့သည်မှာ လေးနှစ်ခန့်ရှိပါသည်။
ထို့နောက် ကျွန်တော်တို့ ကာတွန်းအဖွဲ့သည် လူလည်းမစုံ အလျှင်ကလိုလည်း ညနေတိုင်းမတွေ့တော့ပဲ ၀ိုင်းပျက်သွား၏။ ဟန်သစ်အယ်ဒီတာချုပ် ကိုတင်ကိုအောင်ကလည်း ဘောလုံးဂျာနယ်တစ်ခုတွင် အယ်ဒီတာလုပ်ပြီး “ဟန်သစ် မဂဇင်း”ကို နှစ်နှစ်အငှားစာချုပ်ဖြင့် ခဏလက်လွှဲထားပြီး ဆရာကိုခင်ဇော်က ငြိမ်းငြိမ်းချမ်းချမ်းဆိုသော စာအုပ်တိုက်မှာရောက်ပြီး ငြိမ်းငြိမ်းချမ်းချမ်းပင် ရှိနေဟန်တူပါသည်။ ဆရာသန်းထိုက်ကတော့ သူတွဲနေသည့်ကောင်မကလေးပဲ အိမ်ထောင်ကျသွားသလား! သူပဲအိမ်ထောင်ကျသွားသလား မပြောတတ် တွေးကိုမတွေးတတ်တော့ပါ။
သို့သော် ညနေစောင်းလျှင် အရက်တောင်းသော သွေးသာဆန္ဒကတော့ လျှော့မသွား၊ ပြိုကွဲ၍မသွားသည့် အတွက် ကျွန်တော်သည် အုပ်စုတွေကွဲကုန်ပြီဖြစ်သော (၃၃)လမ်းသို့လည်း မရောက်တော့၊ ဆရာတင်ကိုအောင်နှင့် အတယ်ကြီး ဆိုင်သို့လည်းမရောက်တော့ပဲ ရပ်ကွက်ကဆိုင်တွေမှာပင် ကြိတ်ရတော့သည်။
အရက်ကတော့ သူ့ထုံးစံအတိုင်း သစ္စာမဖောက်ဘဲ မူးမြဲမူးပေးသော်လည်း အရက်သောက်ဖော်ကားမရပါ။
ပထမ ကျွန်တော်တို့၏ ၀ါဆိုဦးကားဂိတ်မှ ကားစပါယာတစ်ယောက်နှင့် မျက်မှန်းတန်းမိရာမှ အတူထိုင်ဖြစ် သည်။ သူက ကျွန်တော့်ကို စာရေးဆရာမှန်းသိနေသဖြင့် သူ့ဘ၀ဇာတ်အကြောင်းကိုပြောပြပါမည် . .. ကျွန်တော့်ကိုရေးဟုဆို သည်။ ထိုဇာတ်ကို ကျွန်တော်ရေးလျှင် ပေါက်မှာကျိန်းသေသည်ဟုဆိုပြီး ပြောရင်းသောက်သည်။ သူ့ဇာတ်လမ်းက ဘာမှထူးခြား တာမပါ၊ သူလိုကိုယ်လိုကြုံနေကျ ဇာတ်လမ်းဖြစ်သည်။
စာတွေရေးနေသော စာရေးဆရာနှင့် တွေ့လျှင် ကိုယ့်ဇာတ်လမ်းကိုလူတိုင်းကပြောချင်ကြသည်။ စာရေး ဆရာသည် သူ့ (ပြောသူ) ဇာတ်လမ်းကိုရေးလိမ့်မည်။ စာရေးဆရာသည် အရက်ဆိုင်မှာ ဇာတ်လမ်းရေးစရာလာရှာသည်။ သွားကော လိပ်ထဲမှာ ဇာတ်လမ်းလာရှာနေသည်ဟု သူတို့ထင်ကြသည်။ စာရေးဆရာမဟုတ်သူတွေ ထိုသို့အတွေးရောက်အောင် မည်သည့် စာရေးဆရာကများ လုပ်သွားသည်မသိ။ တော်တော်ဆိုးပါသည်။
အင်ဗက်တာနှင့် မီးအားမြှင့်စက်တွေဆင်ပြီး ရောင်းသူ၊ ပျက်လျှင်လည်း ပြင်ပေးသော လူတစ်ယောက်နှင့် အရက်အတူသောက်ဖြစ်သည်။
“ခင်ဗျားကို ကျွန်တော့်အကြောင်းပြောပြမယ်၊ ရေးစမ်းပါဗျာ၊ အချစ်ရော၊ ဘ၀ရော၊ ပညာပေးရောပါတယ်”
ကျွန်တော့်စိတ်နှလုံးသည် လေးလံထိုင်းမှိုင်းသွားသည်။ ကျွန်တော့်လွတ်လပ်မှုသည် ပြိုကွဲသွားသည်။ သူ ကတော့ အားကြိုမာန်တက်ဖြင့် သူ့ပေါင်ကို သူပုတ်လိုက် . . . ကျွန်တော့်ပေါင်ကို ပုတ်လိုက်ဖြင့် ပြောသည်။
ပြီးတော့ ထိုငတိကြီးက စကားပြောလျှင် မေးခွန်းမေးမေးပြီး စကားပြေသည်။ ထိုစကားပြောနည်းမှာ ကျွန်တော် စက်စက်စုတ်စုတ် မုန်းတီးသော စကားပြောနည်းဖြစ်သည်။
“ကဲ . . ခင်ဗျား အင်ဗာတာကို လေးထပ်တိုက်ပေါ်က ပစ်ချလိုက်တာများ၊ လေးထပ်တိုက်ပေါ်က ဘာလုပ်ရဲ မလဲ!”
“အင်း . . အင်း . . . . ဒါပေါ့”
“ပစ်ချရမှာ . . . . ပစ်ချရမှာ . . . . .”
သူ့ပေါင်ကို သူပုတ်ပြီး အားရပါးရ မာန်ပါပါ ပြောသည်။
“အဲဒီလိုပျက်စီးပြီး တစ်စစီဖြစ်သွားတဲ့ အင်ဗတ်တာကို ကျွန်တော်က ဘာဖြစ်လဲ!!”
ကျွန်တော် ပေါင်ကိုပုတ်ပြန်သည်။
“အင်း . . . . ပေါ့”
“ဘာဖြစ်လဲ!! ဘာဖြစ်လဲ! တစ်ရက်တည်းနဲ့ ပြီးအောင် ပြင်နိုင်တယ် . . . တစ်ရက်တည်းနဲ့ . . ဘယ်နှစ်ရက် လဲ!”
“အင်းပေါ့ . . အင်းပေါ့ . . ဒါပေမယ့်ခင်ဗျား ကျွန်တော်မေးတာလေးတစ်ခုတော့ ဖြေပေးစေချင်တယ်”
“မေးလေ . . မေးမေး ဒါမှဘဲ ဆရာရေးရတာ လွယ်ကူမှပေါ့မေး”
“ထူးထူးခြားခြား မဟုတ်ပါဘူး၊ ခင်ဗျားဘုန်းကြီးလူထွက်လားလို့ မေးချင်တာ . . .”
“ဟုတ်တယ် . . . စကားပြောရင် မေးမေးပြီး ပြောလွန်းလို့”
တစ်ချို့ကလည်း သူတို့အချစ်အကြောင်းကို ပြောတတ်ကြသည်။ ရည်းစားဦးအကြောင်း . . အခုကျနေတဲ့ လက်ရှိအိမ်ထောင်အကြောင်း . . ပြောပြီးလျှင် ရေးပါဟု ဆိုတတ်ကြသည်။ ဆရာ ဘာရသလဲ! ဟုမေးတတ်ကြသည်။ သူတို့ပြောပြ သည့်ဇာတ်လမ်းတွေက ဘာမှမထူးခြားသော ဖြစ်နေကျတွေမို့ ဘာမျှမထူးခြားလှပါ။
ကျွန်တော်ရေးချင်တာက အဲဒီလူတွေအကြောင်းမဟုတ်ပါ။
ကျွန်တော် ထိုလူတွေကို ရှောင်ချင်သဖြင့် အရက်ကို အိမ်မှာဝယ်သောက်ဖြစ်သွားသောအကြောင်းပင် ဖြစ်ပါ သည်။ တစ်ချို့လူတွေက စကားနည်းနည်း ထူးထူးခြားခြားလေးပြောလိုက်လျှင် “ဟေ့ကောင် . . မင်း သိပ်အာကျယ်မနေနဲ့၊ ကိုရဲက မင်းအကြောင်း သူ့ဝတ္ထုထဲထည့်ရေးသွားဦးမယ်” ဟု ပြောတတ်သည်။
တစ်ချို့လူတွေကျတော့လည်း ဘာမျှမဟုတ်သည့်ကိစ္စကို ကျွန်တော်ရှေ့တွင် အမှတ်တမဲ့လုပ်မိပြီး . .. “ဆရာ အဲဒီအကြောင်းကိုတော့ ထည့်မရေးပါနဲ့နော် ဆရာ” ဟု ပြောတတ်ကြပြီး သူတို့မျက်နှာတွေက ထည့်ရေးစေချင်နေသည်။ ဇာတ်လမ်းတစ်ပုဒ်ဖြစ်စေ့ချင်နေသည်။
စာရေးဆရာသည် ဈေးဝယ်ထွက်သော အိမ်ထောင်သက်ရင့်အိမ်ရှင်မနှင့်တူပါသည်။ ဈေးကိုသွားရာလမ်း တလျှောက်တွင် သူသည် ဘာကို ဘာနဲ့ချက်မည်ဟု စိတ်ကူး၍မသွား၊ ဈေးကိုရောက်၍ သားငါးတန်းကိုဝင်တော့မှ တွေ့သည့်သားငါး နှင့် ကိုယ့်ငွေ့နှင့် အသီးအနှံနှင့် ဆွဲ၍ လိုက်ဖက်အောင်ရွေးချယ်ဝယ်ယူတတ်လေ့ရှိပါသည်။
စာရေးဆရာဆိုသည်မှာလည်း လောကလူ့ဘောင်ကိုစွန့်ပြီး ရသကိုဖန်တီး၍ မရစကောင်းပါ။ ကျွန်တော်တို့ ရေးသမျှ၊ ဆိုသမျှသည် နောက်ခံလူဘ၀ကြီးရှေ့ကိုဆွဲထုတ်ပြခြင်းသာဖြစ်ပါသည်။ ခံစားသူကလည်း နောက်ခံလူ့ဘ၀ကြီးကို သူ့ အလိုလိုနားလည်ထားပြီးမှ ခံစားလေ့ရှိပါသည်။
ကျွန်တော်သည် ရင်ခုန်သံတူသူတို့နှင့် မသောက်ဖြစ်တော့ကတည်းက ကြုံရာဆိုင်တွင်သောက်သည့်အခါ အထက်ပါဒုက္ခများကို ကြုံခဲ့ရပါသည်။ ကျွန်တော့်ကို စာရေးဆရာဟု မသိသည့်ဆိုင်မှာ သွားသောက်တော့လည်း ရေချိန်ကိုက်လျှင် စကားပြောဖော်မရှိသဖြင့် ဆိုးဝါးသောဒုက္ခကို ခံစားရလေသည်။
ထို့ကြောင့် ကျွန်တော်အရက်ကို အိမ်မှာဘဲ ၀ယ်သောက်တော့သည်။
ကျွန်တော်ရေးချင်တာက အိမ်ကို အရက်ဝယ်သောက်သည့်အဆင့်မှာ ယစ်ထုပ်ဖြစ်ရန် ရာခိုင်နှုန်း (၉၀)ရှိ နေ ပြီဆိုတာပဲဖြစ်၏။ ပထမရက်တွေမှာတော့ ကျွန်တော်သည် ညနေခြောက်နာရီလောက်တွင် ၀ယ်ထားသောအရက်ကို နှစ်ပက် လောက်ထည့်ပြီး အချိုရည်ရော၍ ကစ်ပစ်လိုက်သည်။ ပြီးတော့ . . “ဆရာသော်တာဆွေ၏ ကျွန်တော့်ဘ၀ဇာတ်အကြောင်း” ကို ဖတ်သည်။ နှစ်ပက်ဇိမ်ကလေးဖြင့် ဖတ်ရင်း နည်းနည်းကျသွားသောအခါ နောက်နှစ်ပက်လောက် ထပ်တင်သည်။
ဒီလိုကျသွားလိုက် ထပ်တင်လိုက်နှင့် တစ်ပိုင်းကျော်ကျော်လောက်တွင် ပထမထမင်းစားပါသေး၏။ ဒုတိယ ကျတော့ ညနေသောက်သည့်အချိန်တိုး၍လာသည်။ (၅)နာရီလောက်ဆိုလျှင် နှစ်ပက်တင်ပြီ။ ညစာကို စားသည့်နေ့စားသည် မစား သည့်နေ့လုံးဝမစားတော့။ တတိယက ညဘက်စာရေးရင်းသောက်၊ သောက်ရင်း စာရေးတော့ စာကတော့ပြီးပါ၏။ လူကားပန်းပြီး နံနက်ခင်းသည် မလန်းဆန်းတော့ ဒီတော့ သုံးပက်လောက်သောက်၍ အိပ်လိုက်သည်။
အိမ်ကတော့ တစ်ညလုံးစာရေးရသည့်လူဆိုပြီး မနိုးပဲထားသည်။
အရက်အရှိန်ရော ညမအိပ်ရတာရောနှင့် ပန်းပြီး အိပ်သော ကျွန်တော်သည် နေ့လည်နှစ်နာရီလောက်မှာ နိုးလာသည်။ ခေါင်းတွေလေးနေသည်၊ ရင်တွေတုန်နေသည်။ တစ်ကိုယ်လုံးမလှုပ်ချင် မရှားချင် . . အရာရာဘာမျှအဓိပ္ပါယ်မရှိ။ နာရီ ကိုကြည့်တော့နှစ်နာရီ။ နားထင်တွေကိုက်ခဲနေသည်။
ဘာမှမတတ်နိုင် ၂-ပက်။
နေ၍ကောင်းသွားသည်။ နောက် ၂-ပက်။ ကျွန်တော်မြူးသွားပြီး အရာရာသည် နကိုအသက်ဓါတ်ပြန်ရလာ သည်။ လူတွေ၏မျက်နှာက ကြည်လင်၍နေသည်။ မှန်ထဲမှာ ကျွန်တော့်မျက်နှာကို ကြည့်တော့ကြည့်၍မကောင်းတော့။
ထိုသို့နေပြန်ညပြန်တစ်ပတ်လောက်သောက်ပြီးသောအခါ လူသည် ဘာအစာကိုမျှ စားချင်စိတ်မရှိတော့ပေ။ အရက်ပြီး အရက်သာဖြစ်နေသည်။ တစ်ရာတန် ရှောက်ပြားကွင်းတစ်ထုတ်ရှိလျှင် ကျွန်တော့်အတွက်လုံလောက်နေပြီ။
ထိုသို့ဖြင့် ကျွန်တော်သည် ဆရာဒေါက်တာဆန်းလင်း၏ ဖိတ်ခေါ်ကမ်းလှမ်းချက်အရ လှိုင်သာယာမြို့နယ်ရှိ လုံမ္ဗနီ စိတ်ရောဂါအထူးကုဆေးခန်းသို့ရောက်ခဲ့ပါသည်။ ဤမှာပင် ထိုဇာတ်လမ်းများသည် စ,ကြလေ သည်။
ဆရာ၊ ဆရာမများက သပ်သပ်ရပ်ရပ်ပြင်ဆင်ထားသောအိပ်ရာပေါ်သို့ ကျွန်တော့်ကိုတင်ပေးလိုက်ပြီး အိပ်ခိုင်းလိုက်သည်။ ပြီးလျှင် သွေးပေါင်ချိန်မည်။ ကျွန်တော်ကားအိမ်မှာ သောက်ထားသော အရှိန်ရှိနေသဖြင့် အေးဆေးသပ်ရပ် သော အခန်းထဲမှာ ဇိမ်တွေ့ပြီး နှပ်နေသည်။
အိပ်ရာကနိုးလာတော့ အရက်က သွေးထဲကတောင်းလာသည်။ မရနိုင်တော့ ဆေးရုံပေါ်ရောက်နေပြီ။ အဲဒီမှာ ခြေတွေလက်တွေ တုန်လာမည်။ ရင်ထဲက ကတုန်ကယင်ဖြစ်လာမည်။ အိမ်က ကျွန်တော့်အတွက် အစောင့်ကျွန်တော့်ညီဝမ်းကွဲ ကလေးကိုထည့်ထားပေးသည်။ ကျွန်တော်နေ၍မရတော့ . . ဆရာမကို သွားခေါ်ခိုင်းရသည်။
အချိန်က ညနေ၅-နာရီရှိနေပြီ။ အိမ်မှာကျန်ခဲ့သော ပုလင်းကိုသတိရ၏။
လူတစ်ကိုယ်လုံး အဆစ်တွေမှာ ဘာအားအင်မှမရှိတော့ လက်ထောက်ပြီးအိပ်နေရာမှ မထနိုင်တော့။ ရင်တွေ အရမ်းတုန်နေသည်။ ရင်ထဲမှာ လှပ်ခနဲ လှပ်ခနဲဖြစ်သည်။ ခေါင်းလည်း မထောင်နိုင်တော့။ ကျွန်တော့်ညီနှင့် ဆရာမ sister တစ်ယောက်ဖြစ်မည်။ ထဘီအပြာ အင်္ကျီအဖြူနှင့် ခေါင်းမှာတော့ ဘာမှစောင်း၍မထား . . . ။
“အစာ ဘာစားထားလဲ!”
ကျွန်တော်ညီကိုမေးပြီး ကျွန်တော့်ကိုကြည့်သည်။
“ဘာမှကျွေးလို့မရဘူးဆရာမ”
ကျွန်တော့် ညီကပြန်ဖြေသည်။
“အို . . မစားလို့တော့မဖြစ်ဘူးလေ . . . တစ်ခုခုတော့စားမှပေါ့”
“ဘာမှမစားချင်ဘူး ဆရာမ”
“မစားချင်လို့မရဘူး၊ စားရမယ်၊ အချိုရည်လေးတော့သောက်ပါ”
“ရင်တွေ အရမ်းတုန်နေတယ်ဆရာမ”
“တုန်မှာပေါ့၊ အစာအိမ်မှာအစာမှမရှိတာ၊ အစားမစားတာ ဘယ်နှရက်လောက်ရှိပြီလဲ!”
ကျွန်တော်မမှတ်မိတော့၊ ကျွန်တော်သိတာက အိပ်ရာထဲခွေနေမည်။ ပြီးလျှင် လျှောက်ပြားကလေးတစ်ဖဲ့ လောက်စုတ်လိုက်မည် ပြီးလျှင် ပြန်အိပ်မည်။ ဒါပဲ သိတော့သည်။
“(၁၀)ရက်လောက်တော့ ရှိမယ်ဆရာမ”
ကျွန်တော်အသံတွေတုန်၍နေသည်။ ပြီးတော့မော၍နေသည်။ ဆရာမက ကျွန်တော့်လက်ကောက်ဝတ်ကို ဆရာမက လက်ညှိုးလက်ခလယ်တို့နှင့် ထောက်ထားပြီး သူ့လက်ကရွှေရောင်နာရီကို ကြည့်နေသည်။ ကျွန်တော်ရင်တွေ တလှပ် လှပ်တုန်နေသည်။ ဆရာမ၏ လက်မှာဝတ်ထားသော ရွှေလက်စွပ်ကို ကျွန်တော်ငေးနေသည်။ ကျွန်တော်တုန်နေသည်။
“အချိုရည်သောက်ရမယ်၊ မင်းသူ့အဖော်လား!”
“ဟုတ်ကဲ့ . . . ဆရာမ . . . . ”
“အချိုရည်သွားဝယ် Gas ပါတဲ့ အချိုရည်မ၀ယ်နဲ့ sharp ဖြစ်ဖြစ်၊ ကျွဲရိုင်းဖြစ်ဖြစ် အဲဒီလိုဟာမျိုး အချိုရည် . . အချိုရည်သောက်ရမယ် . . . ဟုတ်ပြီလား! ရင်ထဲမှာ အစာမရှိတော့ ရင်တုန်တာပေါ့ . .. အချိုရည်သောက်ရမယ်”
ကျွန်တော်ညီ အချိုရည်သွားဝယ်သည်။ ဆရာမလည်း ထွက်သွားသည်။ ကျွန်တော်တစ်ယောက်တည်း “တအင်း” “အင်း” အော်၍ ကျန်ခဲ့သည်။ ရင်ထဲမှာ မော၍နေသည်။ အခုနေ နှစ်ပက်လောက်သောက်လိုက်ရလျှင် ကျွန်တော်ပြန်အိပ် ၍ ပျော်သွားမည်။ ကျွန်တော် အိပ်ပျော်ချင်နေသည်။
ကျွန်တော့်ညီပြန်လာတော့ အချိုရည်တစ်လုံးပါလာသည်။
ကျွန်တော်ထ၍ မသောက်နိုင် တစ်ကိုယ်လုံးတုန်၍ယိုင်နေသည်။ ထိုအချိုရည်ကို ပိုက်ကလေးနှင့ တစ်ငုံသာ စုပ်နိုင်သည်။ နောက်တစ်ငုံဆက်စုပ်လျှင် အန်တော့မှာသေချာသည်။ ထို့ကြောင့် တစ်ငုံစုပ်ပြီး လက်ကာပြလိုက်ရ၏။ ကျွန်တော့်ညီ ကအချိုရည်ပုလင်းကို ကိုင်ထားပြီး အနားမှ မသွား . . . . ။ ကျွန်တော် တအင်းအင်းအော်နေရသည်။
“နည်းနည်းကလေးတော့ သောက်လိုက်ပါဦး . . . . .. . ”
ကျွန်တော်လက်ကိုကာပြီး တားရသည်။ ကျွန်တော်သောက်၍မရသေး၊ စိတ်ထဲမှာလည်း သောက်ချင်စိတ်က လုံးလုံးမရှိ။ စိတ်ထဲမှာ အရက်ကိုသာ ဖန်(လ်)ခွက်နှင့်အပြည့် အားရပါးရသောက်ပစ်လိုက်ချင်နေသည်။ ညီဆိုတော့ ဒီကောင်က လည်း အတင်းမတိုက်ရဲပါ။
ညီက ကျွန်တော့်ပါးစပ်နားကို ပိုက်ထိုးပေးပြန်သဖြင့် အားနာပြီး တစ်ချက်စုပ်လိုက်သည်။ တော်ပြီ။ ကျွန်တော် တစ်ကိုယ်လုံးက အရက်မှလွဲ၍ ဘာကိုမျှမလိုချင်။
ထိုအချိန်တွင် ဆရာမ၀င်လာပြန်သည်။
“သောက် သောက် ဒီအချိုရည်တော့ ကုန်အောင်သောက် . . သောက်လိုက်လေ”
“သော်ပြီးပြီဆရာမ”
ကျွန်တော်အသံက အားပျော့၍နေသည်။ ဆရာမက ကျွန်တော်ညီကိုမေးသည်။
“ဘယ်လောက်သောက်သလဲ”
“တစ်ငုံနှစ်ငုံပါပဲ”
“အိုး ဒီလောက်ဘယ်ရမလဲ! အချိုရည်သောက်ရမယ်၊ ဒါက အားဖြစ်လွယ်တယ် . . အစာအိမ်ကိုလည်း ထိထားတာ ကာကွယ်တယ် . . . ကဲပေး . . . ”
ကျွန်တော့်ညီလက်ထဲက အချိုရည်ပုလင်းကိုဆွဲယူပြီး ပိုက်ကို ဆရာမကိုယ်တိုင် နှုတ်ခမ်းသို့တပ်ပေးသည်။ ပြီး ပိုက်ထဲသို့တက်လာသော လိမ္မော်ရောင်အရည်များကို ကြည့်သည်။ ကျွန်တော်စုပ်တာရပ်လိုက်သဖြင့် လိမ္မော်ရည်များပိုက်ထဲမှ ပြန်ဆင်းသွားသည်။
“အို . . မရဘူးလေ . . စုပ်စုပ် . . ဒီလောက်နဲ့ရမလား! အရက်ကျတော့သောက်တယ် . . ဒီမှာ ကိုယ့်အတွက် လည်းကောင်း ကျန်းမာရေးအတွက်လည်း ကောင်းတာကျတော့ မသောက်ဖူး၊ မရဘူး သောက် . . ဒီအချိုရည်ကို ကုန်အောင် သောက်”
ကျွန်တော်ပါးစပ်နားက ပိုက်ကိုနှုတ်ခမ်းနှင့်ဆွဲယူပြီး အားနာနာနှင့်စုပ်ရသည်။
“ဟုတ်ပြီ . . ဟုတ်ပြီ . . ဒီလိုမှပေါ့ . . စုပ် . . မရပ်နဲ့ ဒီတစ်ပုလင်းကုန်အောင်တော့သောက်”
ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ပြဋ္ဌာန်းပြီးသောက်ပါသည်။ အားနည်းနေသည့် ကျွန်တော့်အတွက် သကြား ဓါတ် (အချိုဓာတ်) လိုနေလိမ့်မည်။ ထို့ကြောင့် အားတင်ပြီး တော်တော်များများ စုပ်ယူလိုက်သည်။ ဆရာမမျက်နှာမှာ ၀မ်းသာရိပ် ကလေးပေါ်၍လာ၏။
“ဟုတ်ပြီ . . ဟုတ်ပြီ . . ဒီအချိုရည်လေးတော့ ကုန်အောင်သောက်လိုက် ဟုတ်ပြီလား . . . ဟုတ်ပြီ . . ဟုတ်ပြီ”
ကျွန်တော်ဆက်သောက်၍မရတော့ ဆက်သောက်လျှင်အန်တော့မည်။ ထို့ကြောင့် ကျွန်တော်ရပ်ပစ်လိုက် သည်၊ အချိုရည်ဆရာမက ပုလင်းကို ထောင်ကြည့်သည်။ ပြီးတော့ ကျေနပ်ဟန်ရှိပါသည်။
“လက်လေးလုံးလောက်ကျန်တယ်၊ တစ်ခါတစ်ခါကို အများကြီးမတိုက်နဲ့ အခုလိုတိုက်တိုက်ပေး အများကြီး တိုက်ရင် အန်ပစ်လိမ့်မယ်”
“ဟုတ်ကဲ့ . . .. ”
အချိုရည်ဆရာမထွက်သွားသည်။
ကျွန်တော် တအင်းအင်း အော်နေရသည်။
အချိုရည်ဆရာမသည် ဆံပင်လှိုင်းတွန့်နှင့်ဖြစ်သည်။ နောက်မှ ဆံပင်များကို သူနာပြုတိုင်း လိုက်နာရသည့် စည်းကမ်းနှင့်အညီ ထုံးထားသော်လည်း ရှေ့ဆံပင်များကိုကြည့်ပြီး လှိုင်းတွန့်ဟု ကျွန်တော်ခန့်မှန်းပါသည်။
အချိုရည်ဆရာမသည် လူနာ၏လက်ကောက်ဝတ်သွေးခုန်နှုန်းကိုတိုင်းသည်၊ လက်နှစ်တွင် လက်စွပ်ဝတ် ထားသည်။ အရပ်မောင်းကာ ထောင်ထောင်မောင်းမောင်းဟုပြော၍ရပြီး ခန္ဓာကိုယ်မှာ တောင့်တင်းသည်။ အချိုရည်ဆရာမသည် sister ထက် ရဲမေတစ်ယောက်နှင့် ပိုတူနေသည်။ ဆရာမသည် စိတ်လည်းမြန်ပုံရပါသည်။
ထိုညက ကျွန်တော်တစ်ရေးမှ အိပ်၍မပျော်ပါ။ တစ်ညလုံး “တအင်းအင်း” “တအားအား” အော်နေရသဖြင့် ကျွန်တော့်ညီလည်း အိပ်၍မရပါ။ မနက်မိုးလင်းစကလေးကို ခေါင်းလှန်ကြည့်ရုံနှင့်ပင် ရင်ထဲမှာ “လှပ်” ကနဲမောပြီး ခေါင်း “လှိုက် ” ကနဲမူးနေသည်။
အရုဏ်ဦးသည် ညကိုကောင်းကောင်းအနိုင်ယူလိုက်ပြီဖြစ်သည်။ အမှောင်ဆိုတာမရှိတော့၊ ဆေးရုံထဲမှာ လည်း စကားပြောသံ သွားသံလာသံကြားနေရသည်။ ကျွန်တော့်ညီက မျက်နှာသုတ်ပုဝါအသေးကလေးဖြင့် ကျွန်တော့်ကို မျက်နှာ သစ်ပေးသည်။
ထိုစဉ်မှာပင် . . ဆရာမကျွန်တော့် အခန်းထဲဝင်လာသည်။
အချိုရည်နံ့သည် ကျွန်တော်နှာခေါင်းမှ နှလုံးသားထဲသို့ လုံး၍၀င်ရောက်လာလေသည်။
နီကိုရဲ

This entry was posted on 1:13 PM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments