ကျောင်းပို့သူများ  

Posted by MANORHARY

Friday, October 30, 2009


ကျောင်းပို့သူများ


(၁)
သည်ရက်ထဲမှာ William Saroyan ၏ ‘The first day of school’ ၀တ္ထုတိုကလေးကို ဖတ်ဖြစ်ပါသည်။ ကလေးတစ်ယောက် ကျောင်းစတက်ရသောနေ့ ကို ဖွဲ့ထားခြင်းဖြစ်သည်။ William Saroyan ၏ ၀တ္ထုတိုများကို ကျွန်တော်တော်တော်များများဖတ်ဖူး ပါသည်။ အထူးသဖြင့် စင်ကာပူနိုင်ငံရေမြေနောက်ခံ၊ သဘာဝသွင်ပြင်နောက်ခံတွေကို ရေးဖွဲ့တတ်သူဖြစ်၏။ (သူ၏ ဖားခုန်ပြိုင်ပွဲ၊ The great leapfrog contest ၀တ္ထုတိုဆိုလျှင် ကျွန်တော်စွဲလန်းသည့်ဝတ္ထုတိုတွေထဲမှာ တစ်ပုဒ်ပါဝင်သည်။ ) အခု ကျွန်တော်ဖတ် ဖြစ်သည့် ၀တ္ထုတိုကတော့ ကလေးငယ်တစ်ယောက်၏ ကျောင်းကြောက်သောခံစားမှုကို ရိုးရိုးလေးရေးဖွဲ့ထားသည်ဖြစ်ရာ ကျွန်တော့်ငယ်ဘ၀ကိုပင် ပြန်လည်သတိရမိပါသည်။ ၀တ္ထုတို၏အကြောင်းအရာကို ဦးစွာပြောချင်ပါသည်။
ဒေါက်တာလူဝီဒေဗီတွင် သားကလေးတစ်ယောက်ရှိ၍ အမည်က ဂျင်မ်ဖြစ်သည်။ ဂျင်မ်၏မိခင်က ဂျင်မ်မွေးပြီးပြီးချင်း ကွယ်လွန်ရှာသည်။ ဒေါက်တာလူဝီဒေဗီအဖို့ အိမ်ဖော်မကြီးအေမီ၏ ပြုစုစောင့်ရှောက်မှုနှင့် နေရသည်။ အေမီက ဆွီဒင်အမျိုးသမီး ကြီးဖြစ်၍ ဒေါက်တာလူဝီဒေဗီတို့သားအဖနှင့် နှစ်ပေါင်းများစွာနေထိုင်ခဲ့သူဖြစ်သည်။ အေမီက ဂျင်မ့်ကို ခါတိုင်းတနင်္ဂနွေတီးဝိုင်းများ ရှိရာပန်းခြံကိုပို့နေကျ။ ဂျင်မ်ကျောင်းတက်ရမည့်အရွယ်ရောက်တော့ ကျောင်းပို့ရပြီ။ ဂျင်မ်က ကျောင်းမသွားချင်။ တစ်လမ်းလုံး အိမ်ဖော်ကြီး အေမီ့ကိုဂျီကျသည်။
“ကျွန်တော် အေမီ့ကို မကြိုက်ဘူး”
“နောက်ထပ် နောက်ထပ်လည်း မကြိုက်ဘူး”
“ငါကတော့ ကြိုက်ပါသကွယ်”
“အေမီ . . . ဘာဖြစ်လို့ ကျွန်တော့်ကို ကျောင်းပို့တာလဲ”
“မင်းကိုချစ်လို့ပေါ့”
“ကျောင်းကိုဘာကိစ္စနဲ့ သွားရတာလဲ”
“ကလေးတိုင်းကျောင်းသွားကြရတာပဲကွယ့်”
“အေမီကော ကျောင်းသွားဖူးသလား”
“ဟင့်အင်း . . . .”
“ဒါဖြင့် ကျွန်တော့်ကျတော့ ဘာဖြစ်လို့ကျောင်းပို့တာလဲ”
“မင်းသွားစေချင်လို့ပေါ့”
ဖတ်လက်စ၀တ္ထုတိုကို ပိတ်လိုက်ပြီး ငေးနေမိပါသည်။ ကျွန်တော်ကျောင်းနေစဉ်က ကျောင်းပို့သူနှစ်ဦးရှိခဲ့ပါသည်။ တစ်သီးက အမေဖြစ်၍ တစ်ဦးက ကြည်ကြည်ဖြစ်သည်။ ကျွန်တော်တို့ငယ်ငယ်က ခြောက်နှစ်ပြည့်မှ ကျောင်းနေခွင့်ရသည်။ သူငယ်တန်းလေး၊ သူငယ်တန်းကြီးနှစ်နှစ်တက်ရသည်ဖြစ်၍ တစ်တန်း(ပထမတန်း) လောက်ရောက်ကြပြီဆိုလျှင် ခုနစ်နှစ် ရှစ်နှစ်သား လူကောင်ကြီး တွေ ထွားကြလှပြီ။ ကျောင်းနှင့်အိမ်မဝေးလှသော်လည်း အမေက မနက်တိုင်း ကျောင်းဝအထိ လိုက်ပို့နေကျ။ အမေက ကျောင်းပို့ ချင်သလို ကျွန်တော်ကလည်း ပို့စေချင်သည်။ ကျွန်တော်တို့အိမ်က လမ်းတောင်ဘက်တွင်ရှိ၍ လမ်းကိုကျော်လိုက်သည်နှင့် ဘုရား ကျောင်းဝင်းထဲကိုရောက်သည်။ ဟိန္ဒူဘုရားကျောင်းဖြစ်၍ ကြာရေကန်ကြီးတစ်ကန်လည်းရှိသည်။ အမေက ကျောင်းပို့ရင်းဟိန္ဒူ ဘုရားကျောင်း ဥပသကာကြီးနှင့် စကားတွေရပ်ပြောတတ်သည်။ အဓိကပြောကြသည့်အကြောင်းက အဖေ့ဆီကစာလာသလား၊ စာလာလျှင် ဘာတွေပါသလဲ၊ ဘယ်တော့လာမှာတဲ့လဲ၊ ငွေကောပို့ရဲ့လား စသည့်မေးခွန်းများကို အမေဖြေရခြင်းဖြစ်သည်။ အဖေ့ဆီ က စာရောက်စရက်များ သို့မဟုတ် ငွေရောက်စရက်များဆိုလျှင်တော့ အမေ့စကားတွေက ဝေေ၀ဆာဆာရှိတတ်တာကို ကျွန်တော် သတိထားမိပါသည်။ စာမရောက်တာကြာလို့၊ ငွေမပို့တာကြာလို့ အမေကိုယ်တိုင်မျှော်နေချိန်မှာ သည်မေးခွန်းတွေမေးလျှင် အမေ မရွှင်လန်းပါ။
“ဥပသကာကြီးရယ် . . မလာပြန်ဘူး . . ကျွန်မက ကျန်းမာရဲ့လား၊ နေထိုင်ကောင်းရဲ့လား သိချင်တာပါ၊ တလောက ရင်ကြပ် ရောဂါရနေတယ်လို့ စာထဲပါတယ်။ အဲဒါပဲ စိတ်ပူနေရတယ်၊ နေတာ စားတာကတော့ ကျွန်မတို့ သားအမိမပူရပါဘူး . . . ”
“ဘုရားသခင် ကောင်းကင်ကစောင့်ရှောက်တော်မူနေတာပဲ၊ အလုံးစုံသိတော်မူသောဘုရားရှင်ပဲ . . . ဘုရားမှာဆုတောင်း ပန်းရေချမ်းကပ်လှူ . . . ကြားလား”
ဥပသကားကြီးက အမေ့နဖူးကို မင်္ဂလာပြာတစ်တို့တို့ကာ ဆုတွေပေးတတ်သည်။ အမေက မျက်စေ့မှိတ်ထားရင်း မင်္ဂလာ ဆုကိုခံယူနေသည့်အခါ ကျွန်တော်က ကျောင်းလွယ်အိတ်ကို တစောင်းလွယ်ရင်းစောင့်နေရသည်။ ပြီးလျှင်တော့ အမေက ကြာရေ ကန်ကိုသွားကြည့်တတ်သည်။ ကြာကန်ကနက်သည်။ ကြာပြာနှင့်ကြာနီတွေ။ ကြာဖြူတွေက ဟိုတစ်ပြောက် သည်တစ်ပြောက် သား အမိနှစ်ယောက်ကြာကန်ကိုကြည့်ပြီးမှ ကျောင်းကိုသွားကြသည်။ ဟိန္ဒူဘုရားကျောင်းနှင့် ကျောင်းကြားမှာ ဘောလုံးကွင်းကြီးခံနေ တော့ ဘောလုံးကွင်းကို ဖြတ်ရသည်။ အမေနှင့် ကျွန်တော်ဘောလုံးကွင်း တစ်ကွင်းစာ စာကားတွေပြောရသည်။
“အဖေရင်ကြပ်ရောဂါရနေတယ် ဟုတ်လား အမေ”
“အအေးပတ်တာနဲ့တူပါတယ် . . . ကောင်းသွားပါပြီ၊ ငါ့သားက စိတ်ပူတတ်သားပဲ”
“အဖေ့ဆီက စာလာလို့လား . . . ကျွန်တော်လဲမတွေ့ပါလား”
“စာတိုက်ကဦးညွန့်မောင်နဲ့ ဈေးထဲတွေ့လို့ပေးတာ . . .”
“ခါတိုင်းရေနံချောင်းကလူကြုံနဲ့လာတာ မဟုတ်လားအမေရဲ့”
“ဟုတ်တယ် . . အခုက စာတိုက်လာတာ”
အမေ ကျွန်တော့်ကို ညာနေမှန်းသိပါသည်။ ကျွန်တော်ကလည်း ယုံချင်ဟန်ဆောင်လိုက်သည်။ ကျောင်းဝရောက်ကာနီးပြီ။ ကျောင်းရှေ့က ကန္တာရပင်နှင့် စိန်ပန်းပင်ကိုမြင်ရပြီ။ အမေက ချွေးခံထဲက ပိုက်ဆံတစ်မတ် (တစ်ခါတစ်ရံဆယ်ပြား) ထုတ်ပေးသည်။ “ကဏန်းချောင်းတွေမစားနဲ့ ရင်ကြပ်တတ်တယ်” လို့ မှာတတ်သည်။ ကဏန်းချောင်းဆိုတာ ၀ါးလုံးတစ်လုံးကို အခဲလိုက်ပစ်ရစ်ထား သော အရောင်ဆိုးကပ်စေးနှဲဖြစ်သည်။ ကျောင်းစောင့်ကြီးဦးသောင်းစိန်ကိုယ်တိုင်ပြုလုပ်ရောင်းချသော ထိုကပ်စေးနှဲပျင်းတွဲတွဲကို ဘယ်လိုကြောင့် ကဏန်းချောင်းဟုခေါ်ကြသလဲဆိုတာတော့ ဘယ်သူမှမပြောနိုင်ပါ။ ၀ါးလုံးတွင် ရစ်ထားသော ကပ်စေးနှဲတွေကို ဆွဲယူကာနီးတိုင်း သူ့ညာလက်ကို တံတွေးဖြင့် တဖျီးဖျီးထွေးတာကို ၀ယ်စားကြသူတိုင်း မြင်ကြသော်လည်း ဘယ်သူကမှ ရွ့စရာ ကောင်းလိုက်တာလို့ မပြောခဲ့ကြတာကလည်း ထူးဆန်းသည်။
ကျွန်တော် ကျောင်းဝင်းထဲ မ၀င်သေးပါ။ အမေ့ကိုမော့ကြည့်သည်။ ထိုတစ်ခဏ၌ အမေကလည်း ကျွန်တော့်ကိုကြည့်နေလေ့ ရှိသည်။ ကျွန်တော့်မျက်နှာမကောင်းသလို အမေ့မျက်နှာကလည်း မရွှင်လန်းပါ။
“ကျွန်တော် ကျောင်းမတက်ခင်ပါဘူး”
“မတက်လို့ဘယ်ရပါ့မလဲ”
“အိမ်မှာဘဲနေချင်တယ်”
“အိမ်မှာဘဲနေချင်လို့ ဘယ်ရပါ့မလဲ”
“ကျွန်တော်ကျောင်းကိုကြောက်တယ်”
“ကြောက်လို့ဘယ်ဖြစ်ပါ့မလဲ”

(၂)
အိမ်ဖော်မကြီးအေမီက ဂျင့်မ်ကိုကျောင်းကြောက်မှန်းသိသည်။ ချော့သည်။
“ကျောင်းသွားရမှာပေါ့၊ ကျောင်းမှာသီချင်းတွေဆိုရမယ်၊ ကစားရမယ်”
“ကျွန်တော်မလုပ်ချင်ဘူး . . . ”
“ငါနေ့လည်လာခေါ်မှာပဲဟာ”
“မလိုချင်ဘူး”
အေမီက ဂျင်မ်ကျောင်းကြောက်တာကိုသိသလို ကျောင်းဆိုတာ မသွားလို့မဖြစ်သည့်နေရာဆိုတာကိုလည်း သိသည်။ ကလေး မပြောပါနှင့်။ အေမီလို အိမ်ဖော်မကြီးကတောင် ကျောင်းကိုကြောက်သည်။ ကျောင်းကပုံဆိုးဆိုး။ ဂျင်မ့်ကိုကျောင်းမတက်စေချင် သည့် စိတ်ရှိသော်လည်း ကျောင်းလှေကားကြီးပေါ်ကို အေမီကိုယ်တိုင်ခေါ်တင်လာလေ့ရှိသည်။ ကျောင်းခန်းမနှင့် စာသင်ခန်းတွေက အေမီ့ကိုရော ဂျင်မ့်ကိုပါ ထိတ်လန့်စေသည်။ အနံ့ကလည်း ဆိုးလိုက်တာ။ ကျောင်းအုပ်ကြီးမစ္စတာ ဘာဘာကိုလည်း ကြည်ညိုလို့ မရ။ ကျောင်းအုပ်ဆရာကြီးက ဂျင်မ့်ကို ပထမတန်းမှာစနေစေသည်။ စာမလိုက်နိုင်မှ သူငယ်တန်းပြန်ရွှေ့မည်ဟုဆို၏။ အတန်းပိုင် ဆရာမ မိစ်ဘင်နီက အသက်ကြီးလှပြီဖြစ်၍ အမြဲတမ်းခြောက်ခြောက်ခန်းခန်းရှိသူဖြစ်သည်။ ကျောင်းခန်းထဲမှာ ယောက်ျားလေး၊ မိန်းကလေး များများစားစားမရှိ။ ကျောင်းနံ့ကဆန်းကြယ်သလောက် ကြေကွဲစရာကောင်းသော အနံ့မျိုးဖြစ်သည်။ ဆရာမမိစ်ဘင်နီ က ကလေးတိုင်းကို လိုက်ကြည့်သည်။
“ဟန်နာဝင်းတား . . ဘာတွေဝါးနေတာလဲ အခုထွေးထုတ်စမ်း . . အမှိုက်ပုံးထဲသွားပစ်ချေ . . .”
“ကပ်စေးနှဲ (gum) ပါ ဆရာမ . . . .”
“အားနက်စ်ဂတ်စကင် . . ဘာတွေဝါးနေတာလဲ . . အခုထွေးထုတ်စမ်း . . အမှိုက်ပုံးထဲ သွားပစ်ချေ . . ”
“ကပ်စေးနှဲပါဆရာမ”
ဂျင်မ်က ဆရာမကိုကြောက်နေသည်။ ကျောင်းဆိုတာ ကပ်စေးနှဲမ၀ါးရသည့်နေရာများလား၊ ကလေးချင်းတစ်ယောက်ကိုတစ် ယောက်မဟုတ်ကဟုတ်ကတွေ သင်ပေးကြသည်။ ဂျင်မ်ကိုယ်တိုင်ပျော်သလိုလိုရှိသော်လည်း ကျောင်းလွှတ်ချိန် အေမီလာကြိုသည့် အခါ မျက်နှာမကောင်း။ မကြည်သာ။ မနက်က မျက်နှာအတိုင်းပင်။ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်သည်ပင် ကြောက်စရာလို့ အေမီထင်ပါသည်။
“နှစ်ဆယ့်ကိုးပြီး ဘာလာသလဲ အေမီ”
“သုံးဆယ်”
“နင့်မျက်နှာကိုမုန်းတယ်”
ကျောင်းကတတ်လာသော စကားထာတွေ၊ စကားလိမ်တွေ ထူးထူးဆန်းဆန်းတွေကို ဂျင်မ်မှတ်သားလာကာ ကျောင်းပြန်လမ်း မှာ အေမီ့ကိုပြောပြတတ်သည်။ ဆင်သားအစိမ်းစားတာတို့၊ တွတ်ပီဖရုတီကပ်စေးနှဲတို့၊ ဆံပင်ခေါင်းခေါက်ပြီး ခေါက်ဆွဲတို့လို စကား တွေဖြစ်သည်။ သည်လိုဆိုတော့လည်း အေမီဝမ်းသာသည်။
“ဒါဆို ကျောင်းပျော်ပြီပေါ့”
“မပျော်ဘူး”
အမေနှင့် ကျွန်တော်လည်း မထူးပါ။ အမေက ကျောင်းရှေ့က ကန္တာရပင်အောက်မှာ တဘက်တစ်ထည်ခေါင်းတင်ကာ ကျွန်တော်မြင်အောင်ပြနေတတ်သည်။ ကျွန်တော်သတိရလို့ လှမ်းကြည့်သည့်အခါတိုင်း အမေရှိနေသည်။ မုန့်စားကျောင်း လွှတ်ချိန် ဆိုလျှင်တော့ အမေကိုယ်တိုင် ဒေါ်ကြီးအုန်းသင်ဆိုင်မှာ ငှက်ပျောဖူးသုပ်ဝယ်ကျွေးသည်။ စားပြီးတိုင်းကျောင်းကရခဲ့သည့် ပညာခန်း တွေ အမေ့ကိုပြောပြသည်။ အမေကရယ်သည်။ ကျွန်တော်ကျောင်းပျော်ပြီဟု တွက်ပုံရသည်။ မုန့်စာကျောင်းပြန်တက်တော့ အမေ အိမ်ခဏပြန်ကာ ထမင်းစားချိန်ပြန်ရောက်လာပြန်သည်။ ထမင်းစားပြီးလို့ ကျောင်းပြန်တက်ရတော့မည်ဆိုလျှင် ကျွန်တော်ဝမ်းနည်း နေတတ်သည်။ ထိုအခါ အမေကိုယ်တိုင် ကျွန်တော့်ကိုနားမလည်နိုင်သလို ကြည့်သည်။
“သားကျောင်းပျော်ပြီမှတ်နေတာ . . . ကျောင်းပျော်တော့လေ”
“မပျော်ပါဘူး . . .”
ညနေကျောင်းဆင်းချိန် အမေနှင့်အတူ ဘောလုံးကွင်းကိုဖြတ်ရင်း စကားတွေပြောခဲ့ကြသည်။ နောက်တစ်နေ့မနက်အထိ ကျောင်းပိတ်ပြီဟု ကျွန်တော်တွေးသည်။ ကျောင်းတက်ရက်တစ်ရက်ကုန်ပြီဟု တွေးပြီး ပျော်သည်။ ကျွန်တော်ပျော်တော့အမေလည်း ပျော်သည်။ နောက်တစ်နေ့မနက်ကျောင်းကိုလာကြတော့ အမေပါလာပြန်သည်။ ဘုရားကျောင်းရှေ့ရောက်တော့ အမွှေးတိုင်နှင့် ဖယောင်းတိုင်တွေ ပသကာကြီးကိုလှူသည်။ ဥပသကာကြီးက ကတုန်ကရီ ဆုတွေပေးသည်။ နဖူးကို မင်္ဂလာပြာတို့ပေးသည်။
“သူ့အဖေဆီက စာနဲ့ပိုက်ဆံလာတယ် ဥပသကာကြီးရဲ့ . . သူ့အဖေကုသိုလ်ရအောင်လှူတာပါ ဆုတောင်းပေးပါဦး”
အမေက ကျောင်းရုံးခန်းကိုဝင်ကာ ကျောင်းအုပ်ဆရာကြီးကိုလည်း အမွှေးတိုင်နှင့် ဖယောင်းတိုင်တွေပေးသည်။ စာသင် ကျောင်းနှင့် အမွှေးတိုင်၊ ဖယောင်းတိုင်ဆိုင်တာမဆိုင်တာ အမေသိချင်သိမည်။ သိချင်မှသိမည်။ အမေကတော့ ပေးနေကျ။ ဆရာ ကြီးကလည်း လက်ခံယူတာမှတ်မိသည်။ ကျောင်းရုံးခန်းထဲဝင်တိုင်း အမေဖိနပ်ချွတ်လေ့ရှိသည်။
“ဒါ ကျွန်မသားလေးပါဆရာကြီး . .. သူငယ်တန်းမှာပါ”
“ကောင်းတယ် . . ကောင်းတယ်”
အမေက ကျောင်းဝက ကန္တာရပင်အောက်ကို ပြန်သွားပြီး ကျွန်တော်ကစာသင်ခန်းထဲဝင်ရသည်။ တစ်ချို့ရက်တွေမှာတော့ အမေနှင့် ကျွန်တော်ကျောင်းလာကြရင်း ကြာကန်ဘေးမှာ ကျောင်းဆီကသံချောင်းခေါက်သံ မကြားမချင်းရှိနေကြသည်။ကျွန်တော် က လိပ်ပြာဖမ်းရင်း၊ ပုစဉ်းဖမ်းရင်း ကန်တစ်ပတ်လည်တော့ အမေလည်း တစ်ပတ်လည်တော့သည်။ လိပ်ပြာတွေကပါးသည်။ လျင် သည်။ လူရိပ်မြင်သည်နှင့်ထပျံကြသည်။ ပုစဉ်းနီနီဝါ၀ါကြီးတွေက အထနှေးကြ၏။ စက္ကန့်တစ်ဝက်စာလောက် နားကြရင်း တစ်ခါ တလေ ငေါင်နေတတ်ကြသည်။ တစ်ခါတစ်ရံကျောင်းတက်ခေါင်းလောင်းသံကြားရချိန်အထိ ပုစဉ်းမမိတတ်ပါ။ မိပြန်တော့လည်း အမေက နင့်အသက်တစ်ခါလွှတ် ငါ့အသက် ခါတိုင်းခါတိုင်း လွှတ်လို့ဆိုခိုင်းကာ ပြန်လွှတ်ခိုင်းတတ်ပါသည်။ ကျွန်တော်က မလွှတ် ချင်။ ခဲရာခဲဆစ် ဖမ်းထားရတာမဟုတ်လား။
“နင်တောင် ကျောင်းမပျော်ဘဲနဲ့ ပုစဉ်းကကော နင့်လက်ထဲမှာ ပျော်ပါ့မလား”
ပုစဉ်းနှစ်ကောင်ကို ကျွန်တော်လွှတ်လိုက်သည်။ ကျောင်းတက်ရက်များလာသည်နှင့်အမျှ ကျွန်တော် ကျောင်းပျော်ဘို့ကောင်း ပြီဟု အမေတွက်ပုံရသည်။ သူငယ်ချင်းတွေလည်း ရှိပြီ။ ကျောင်းမှာ မျောက်တစ်ကောင်လိုလည်း ဆော့တတ်ပြီ။ ကျွန်တော်အမေ့ကို ညာလိုက်သည်။ “ကျွန်တော်မပျော်ဘူး”။
သည်တစ်ခါတော့ အမေငိုလေသည်။
(၃)
သည့်နောက်ပိုင်း ကျွန်တော့်ကိုကျောင်းပို့သူမှာ ကြည်ကြည်ဖြစ်လာသည်။ ကြည်ကြည်က ကျွန်တော်တို့နှင့် ဆွေမျိုးဝေး သည်။ ကျွန်တော်တို့ဝိုင်းထဲမှာဘဲနေသည်။ သူ့ယောက်ျားက မြေတူးသမားဖြစ်၍ ကြည်ကြည်က အမေတို့ဒွေးလေးတို့၏ တောက် တိုမယ်ရခိုင်းရသူဖြစ်သည်။ ကျွန်တော်နှင့် ၀မ်းကွဲမောင်နှမတွေအားလုံးက ကြည်ကြည့်ကိုချစ်ကြပါသည်။ ကျွန်တော်တို့အ၀တ် ဟောင်းတွေကို ကြည်ကြည်လျှော်ဖွပ်ပေးသည်။ သံမီးပူကြီးနှင့် မီးပူတိုက်ပေးသည်။ အကြော်စားချင်တယ်ဆိုလျှင် အလွန်ဝေးလံ သောအရပ်အထိ ခြေလျင်လျှောက်သွားကာ ပါအောင်ဝယ်လာတတ်သည်။ ညဖက်ကွပ်ပျစ်ပေါ်အိပ်နေကြသမျှသော ကလေးတွေကို တစ်ကောင်စီကောက်ရင်း ဆိုင်ရာမိဘကိုအပ်သည်။ မနက်ဖက်တစ်ဝိုင်းလုံးကို တံမျက်လှည်းသည်။ ကျွန်တော်တို့ကို ရေချိုး၊ သနပ် ခါးလိမ်း၊ အုန်းဆီလိမ်း။ နောက်တော့ ကျွန်တော့်ကို ကျောင်းပို့ရသည့် တာဝန်ပါ ကြည်ကြည်ရသွားသည်။ (အခြားမောင်နှမတွေက ကျွန်တော်လိုမဟုတ်ပါ။) ကြည်ကြည်ကတော့ မနက်ပိုင်းကျောင်းဝအရောက်ပို့ရုံသာ။
“ကျွန်တော်ကျောင်းမတက်ချင်ဘူး”
“ကျောင်းမတက်ချင်လို့ဘယ်ရပါ့မလဲ”
“ကျောင်းမတက်တော့ဘာဖြစ်သလဲ”
“အများတကာတက်နေကြတာပဲ၊ စာတော့တတ်ရမှာပေါ့”
“စာမတတ်တော့ ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူး . . ကြည်ကြည်လည်း စာမှမတတ်တာ”
“ကျွန်တော်ကျောင်းကိုကြောက်တယ်”
“ဆရာမတွေကရိုက်လို့လား”
ကျွန်တော်က ဟုတ်သလိုလိုငြိမ်နေလိုက်သည်။ သည်လိုဆိုတော့ ကြည်ကြည်စိတ်ကောင်ပုံမရ။
“ကြည်ကြည်ငယ်ငယ်က ကျောင်းမနေဘူးလား”
“မနေခဲ့ရဘူး”
“ကြည်ကြည်ကံကောင်းတာပေါ့”
ကျွန်တော်စကားကြောင့် ကြည်ကြည်လန့်သွားပုံရသည်။ ကျွန်တော့်လက်ကို မြဲမြဲဆွဲကာ ကျောင်းဝင်းထဲရောက်အောင်ပို့ သည်။ ကျောင်းဝင်းထဲမှာ ကြည်ကြည်က အမေပေးလိုက်သည့် ပိုက်ဆံ တစ်မတ်ကိုထုတ်ပေးသည်။
“ကဏန်းချောင်းဝယ်စား . . ကောင်းတယ်”
အမေနှင့် ကြည်ကြည်မတူတာသည့် တစ်ချက်ပဲရှိသည်။ သူငယ်တန်းနှစ်ဝက် တစ်ဝက်ကို ကြည်ကြည်ပဲ ကျောင်းပို့ခဲ့တာ ကျွန်တော် မှတ်မိပါသည်။ နှစ်တစ်ဝက်လောက်မှာ အမေကြံစိုက်ခင်းထဲဝင်ရ၍ ဖြစ်သည်။
(၄)
William Saroyan ၏ ၀တ္ထုတို အဆုံးတွင် ဂျင်မ်ကကျောင်းကတတ်လာလာသော စကာဆန်းတွေအော်ရင်း ဖခင်ကို ပညာတွေ စမ်းသည်။ ဆင်သားဝါးမလားလို့ အော်နေတော့ ဖခင်က ဖတ်လက်စသတင်းစာကိုချကာ သားငယ်အနီးဝင်ထိုင်သည်။ ဒါကို အိမ်ဖော် မကြီးအေမီမြင်တော့ ခံစားမှုဖြင့် မျက်ရည်ကျသည်။ ၀တ္ထတိုကတော့ ဆုံးတော့လည်း အတွေးစီကာစဉ်ကာ။ ကျွန်တော့်ကို ကျောင်းပို့ ခဲ့သည် အမေနှင့်ကြည်ကြည့်ကို အောင်းမေ့နေမိပါသည်။ အိမ်ဖော်မကြီး အေမီ့လိုပင် ကျောင်းပို့တာဝန်ကိုယူခဲ့ကြသော်လည်း စာ မတတ်ကြသူတွေ။ အမေရာ ကြည်ကြည်ပါ စာမတတ်ရှာကြပါ။ ကျွန်တော့်ကိုတော့ ကျောင်းကိုပို့ခဲ့ကြသည်။ စာတတ်စေချင်ကြ သည်။ ဘာဖြစ်လို့ စာတတ်ဖို့လိုသလဲ။ ဒါကိုတော့ အမေရောကြည်ကြည်ပါ ကျွန်တော်နားပေါက်အောင် ဒါမှမဟုတ် ဘ၀င်ကျ အောင် ဒါမှမဟုတ် ခံယူနိုင်အောင် မပြောနိုင်ခဲ့ကြတာကိုလည်း ကျွန်တော်အမှတ် ထင်ထင်ရှိနေခဲ့သည်။ အခုတော့ အမေရော ကြည်ကြည်ပါ မရှိကြတော့ပြီ။ အမေနှင့် ကြည်ကြည့်ကျေးဇူးတရားတွေသာ ကျန်ရစ်ခဲ့သည်။
(၅)
ကျွန်တော်နှင့်သမီးကလေးကြားမှာ အသက်ငါးဆယ်ကွာသည်။ သမီးက ငါးနှစ်၊ ကျွန်တော်က ငါးဆယ်ကျော်။ မနက်ဖက် သမီး ကိုကျောင်းပို့ရသည့်တာဝန် ပိုလာခဲ့ပြီ။ ကျောင်းနှင့်အိမ်က မဝေးပါ။ မနက်ဖက် သမီးလက်ကိုဆွဲရင်း ရေဘူးနှင့် ကျောင်းလွယ်အိတ် ကို လွယ်ကာ သမီးနှင့်စကားတပြောပြော ကျောင်းသွားရတာကို ကျွန်တော်ပျော်ပါသည်။ သမီးကလေးကကော ပျော်ရဲ့လား။ ကျောင်းစတက်ကာစ အိမ်ကို စွဲလန်းလို့လားတော့မသိပါ။ တစ်ရက်တွင် ကျွန်တော်ကိုယ်တိုင် ထင်မှတ်မထားသော စကားကိုဆိုလေ ၏။ သမီးမျက်နှာသုန်သုန်မှုန်ဆန်။
“သမီးကလေး . . ပျော်တယ်မဟုတ်လား”
“မပျော်ဘူး”
သမီးကလေးနားပေါက်အောင် ဒါမှမဟုတ် ဘ၀င်ကျအောင် ဒါမှမဟုတ် ခံယူနိုင်အောင် ပြောချင်သော်လည်း ကျွန်တော်မပြော တတ်ပါ။ ဆွီဒင်လူမျိုး အိမ်ဖော်မကြီး အေမီ၊ အမေနှင့် ကြည်ကြည်တို့ကို ကျွန်တော်လွမ်းမိလေသည်။ ။
နေ၀င်းမြင့်


သူတို့ရပ်ကွက်သူတို့အကြောင်း (၅)

ဦးမောင်ဝမ်းက သူ့မိန်းမ၏ နှုတ်ကြမ်းအာကြမ်းသောစရိုက်ကို လက်ရည်တူမိအောင် မလိုက်နိုင်သော်လည်း (ချက်အရက်က လေးတစ်ပိုင်းလောက်မျိုထားပြီးလျှင်တော့) သူလည်းခေသူမဟုတ် ကြောင်း အစွမ်းအစလေးပြတတ်သည်။
မူးလာလျှင် ရပ်ကွက်ထဲမှာ ဟိုလူနဲ့ရန်ဖြစ်ချင်သလိုလို ဒီလူ့ကိုစိန်ခေါ်ချင်သလိုလို။ တကယ်တော့ ဦးမောင်ဝမ်း၏ ရောဂါက သူ့ကိုယ်သူ လူမိုက်ဘွဲ့တပ်ြ့ပီး အခေါ်ခံချင်နေခြင်းပင် ဖြစ်၏။
အဲသည်အချိန်ကာလတုန်းကလည်း ကျွန်တော်တို့နေထိုင်သော ရပ်ကွက်ကလေးသည် နည်းနည်းတောဆန်သော စရိုက် မပျောက်သေးသောကြောင့် ဘာအစွမ်းအစမှ မရှိသော ယောက်ျားဖျင်းတစ်ချို့ က ‘ လူမိုက်’ ဖြစ်ရခြင်းကို ဂုဏ်ရှိသလိုလို ဘာလိုလို တလွဲဆံပင်ကောင်းအထင်ခံချင်ကြ၏။
အဲဒီလိုအထင်ခံချင်သည့် လူတွေထဲတွင် ဦးမောင်ဝမ်းလည်းပါသည်။ တကယ်လည်း မမိုက်ရဲသောကြောင့် အရက်ကလေး တစ်ငုံနှစ်ငုံ မျိုပြီးမှ မိုက်ဇာတ်ခင်းပြရသည်က သူ့အတွက်အလုပ်ကြီး အကိုင်ကြီး တစ်ခုဖြစ်၏။
ဟုတ်မဟုတ်တော့မသိ၊ သူငယ်ငယ်တုန်းက ‘ ဗန်တို’ သိုင်းပညာသင်ဖူးသည်ဆိုပြီး ရပ်ကွက်ထဲတွင် အသားလွတ် လျှောက်ကြွားသည်။ အဲဒီခေတ်က ရုပ်ရှင်မင်းသား အကယ်ဒမီညွှန့်ဝင်း၏ ‘ဗန်တိုလူလေးနှင့်သူဇာ’ ရုပ်ရှင်ဇာတ်ကားကလည်း အရမ်း ‘ ပေါက် ’ နေသည့်အချိန် . . . ။
ဦးမောင်ဝမ်းတစ်ယောက် သူ့နံမည်ရှေ့တွင် ‘ ဗန်တို ’ တပ်ပြီး အခေါ်ခံချင်စိတ်တွေက ထိမ်းမရသိမ်းမရ ဖြစ်လာ၏။ သူဗန်တို သင်ဖူးကြောင်း အိမ်ပေါက်စေ့လည်ပြီး ထပ်ခါတလဲလဲ စောင်းပါးရိပ်ချည် ပြောသော်လည်း ရပ်ကွက်ထဲမှ လူတွေက သူ့ကို ‘ ဗန်တိုမောင်ဝမ်း ’ ဟုပြောင်းခေါ်ပေးဖို့ အလိုက်တသိ နားမလည်ကြ၊ အထာမပေါက်ကြ။
နောက်ဆုံးတော့ ဦးမောင်ဝမ်းတစ်ယောက် သူ့ဖာသာသူပင် အကြံအဖန်လုပ်ရတော့သည်။ ရပ်ကွက်ထဲမှ ကလေးများကို တိုးတိုးတိတ်တိတ် ကြိတ်ပြီး စည်းရုံးသည်။
“ မင်းတို့ မုန့်ဖိုးဆယ်ပြား မလိုချင်ကြဘူးလား ”
“ လိုချင်တာပေါ့ . .. ဦးလေးရဲ့ ”
အဲဒီခေတ်တုန်းက ဆယ်ပြားဆိုသည်မှာ ကလေးတစ်ယောက် အတွက် သကြားလုံး၊ ဆီးထုပ်၊ စာကလေးခွေလိုမျိုး မုန့်တစ်ခုခု ၀ယ်စားနိုင်လောက်သည်။
ထို့ကြောင့် ဦးမောင်ဝမ်းက ကလေးပရိသတ်ကို ဆယ်ပြားဖြင့်စတင် ဆွဲဆောင်ဖြင်းဖြစ်၏။ ဒီအတိုင်းဆိုတော့ သူ့နာမည် တန်ဖိုး သည် ကြမ်းခင်းဈေး ဆယ်ပြား တန်သည် ဟုပင်ပြောရမလိုဖြစ်နေသည်။
ဦးမောင်ဝမ်း ကတော့ ရဲရင့်ပြတ်သား စွာဖြင့်ပင်
“ ဒါဆို . . .မင်းတို့ ငါ့နာမည်ကို ‘ ဗန်တိုမောင်ဝမ်း ’ လို့ခေါ်ရမယ်။ ခေါ်တဲ့သူကို မုန့်ဖိုးဆယ်ပြားပေးမယ် ”
“ ခေါ်မယ် . . .ခေါ်မယ် . . . ”
ရပ်ကွက်ထဲရှိကလေးထုကြီးက တစ်ညီ တစ်ညွတ်တည်း ဆုံးဖြတ်ချက်ချလိုက်ကြ၏။
သို့သော် . . .
ခက်နေသည်က . . . ကလေးတွေအဖို့ ‘ ဗန်တို’ ဟူသော ဝေါဟာရက နားစိမ်းနေသည်။ သိပ်မခေါ်တတ်။ ပြီးတော့ . . .ဗန်တိုဆိုသည်မှာ သိုင်းပညာရပ် တစ်ခု၏ အမည်ဖြစ်သည်ဆိုခြင်းကို လည်း ဒီလို ဘုစုခရုလေးတွေအဖို့ အဘယ်မှာ နားလည်ပါမည်နည်း။
သူတို့အဖို့တော့ မုန့်ဖိုးဆယ်ပြားသာလျှင် အဓိက . . .။
ဒီတော့ သူတို့ခေါ်တတ်သလိုသာ ခေါ်ကြသည်။
. . . ‘ ဗုံတိုမောင်ဝမ်း ’ တဲ့။

လွဲတော့ အတော်လွဲသည်။ ရပ်ကွက်ထဲက လူတွေကလည်း ကလေးတွေခေါ်သလို ဘုမသိ ဘမသိ လိုက်ခေါ်ရာမှ ဦးမောင်ဝမ်းတစ်ယောက် ‘ ဗန်တိုမောင်ဝမ်း ’ ဟူသော နာမည်တွင်သွားတော့သည်။
ရပ်ကွက်ထဲသို့ အသစ်ပြောင်းလာကြသာများကလည်း
“ သြော် . . .ဒီလူကြီးဟာ တစ်ခ်ျိန်တစ်ခါတုန်းက ဆိုင်းဝိုင်းတွေ ဒိုးပတ်တွေမှာ ဗုံတို တီးတဲ့လူမို့လို့ထင်ပါရဲ့လေ၊ ဂီတ သမားကြီးပဲကိုး ” . . .ဟုအောက်မေ့သွားကြ၏။
ဦးမောင်ဝမ်းတစ်ယောက် ခွကျလေပြီ။
လူမိုက်ဆန်အောင် နာမည်ပေးကာမှ ‘ ဗုံတီးသည့်လူ ’ ဟုအထင်ခံလေတော့သည်ကိုး။ နာမည်ကလည်း ‘ တွင်’ ပြီးသွားပြီ။ ဘာမှလုပ်မရတော့။
ဒီကြားထဲ အဲသည် နာမည်ကို သူမကြိုက်မှန်းသိသောကြောင့် ကျွန်တော်တို့ အဖွဲ့ကလည်း တမင်တကာ စကားမစပ်စပ် အောင် ရှာကြံပြီး အစဖေါ်ပေးတတ်သည်။
တစ်ချို့သော ညနေရီဝေချိန်များတွင် ဦးမောင်ဝမ်းတစ်ယောက် ခပ်ထွေထွေနှင့်လမ်းပေါ်ယိုင်ထိုးလျှောက်ရင်း
“ ဟေ့ . . . ဘယ်ကောင်မှဂရုမစိုက်ဘူးကွ၊ မင်းတို့ထက်မိုက်လို့သောက်တာ၊ မကျေနပ်တဲ့ကောင်ရှိရင် ထွက်ခဲ့စမ်းကွာ ”
ဘာညာနှင့်ဝုန်းဒိုင်း ကြဲနေပြီဆိုလျှင် ကျွန်တော်တို့က သူ့ကိုချော့သလိုလို ထိန်းသလိုလိုနှင့် . . .
“ သည်းခံပါ . . .ဦးမောင်ဝမ်းရယ်၊ ရပ်ကွက်ထဲက လူတွေနဲ့ဖက်ပြီး ရန်မဖြစ်ချင်စမ်းပါနဲ့။ ကိုယ်က နာမည်တစ်လုံးနဲ့နေတဲ့ သူမဟုတ်လား။ နှယ်နှယ်ရရမှမဟုတ်တာဗျာ . . . ဗုံတိုမောင်ဝမ်းဆိုတာ . . .”
သူစိတ်ကသိကအောက်ဖြစ်စရာ နာမည်ကြီးကို သတိမရရအောင် ကျွန်တော်တို့က အစဖေါ်ပေးကြသည်။
အဲဒီအခါမျိုးကျလျှင် ကျွန်တော်တို့ကို သူသိပ်မကြည်။ မျက်ထောင့်နီကြီးဖြင့် ကြည့်တတ်၏။ ကျွန်တော်တို့ကို သူပြဿနာရှာချင်မှန်းလည်း ကျွန်တော်တို့ ကရိပ်မိကြသည်။ ထို့ကြောင့် ကျွန်တော်တို့ကလည်း မထိတထိ ဖြစ်သည်ဆိုရရုံ ကလေး နောက်ကြပြောင်ကြ၏။
အဲသည်လောက် သတိထားနေသည့်ကြားကမှ ကျွန်တော်တို့၏ ထုံပေပေကြောင်တောင်တောင်ဇာတ်လိုက် ကလေး မောင်စိန်မြင့်နှင့် ဦးမောင်ဝမ်းတို့ အရှုပ်အရှုပ်ချင်းငြိကြလေတော့သည်။

တစ်နေ့ . . . ဦးမောင်ဝမ်းတစ်ယောက် သူ့အိမ်ရှေ့လမ်းမပေါ်တွင် ထန်းပလပ် ပက်လက်ကုလားထိုင် တစ်လုံးချကာ ထိုင်ရင်း သူ၏ ရင်နှစ်သည်းချာ မျောက်လောင်းကလေးများကို မုန့်ဖိုးပေးကာ ဆံပင်ဖြူနုတ်ခိုင်းသည်။
ကလေးတွေက တစ်ဖက်အိမ်မှ ဒေါ်ဟာစီးနား၏ သားသမီးများနှင့်အပြိုင်ဆော့နေရချိန် ဖြစ်သောကြောင့် သူတို့၏ ကျေးဇူးရှင် မွေးသဖခင်အိုကြီး၏ ဆံပင်ဖြူရှင်းလင်းရေးကို လုံးဝစိတ်မ၀င်စား။
ဆံပင်အမည်းတွေကိုပါ နှုတ်သည့်အခါနှုတ်သည်။ ရံဖန်ရံခါ မှာလည်း သုံးလေးပင်ပူးကယ ‘ ဗြုတ် ’ ခနဲမြည်အောင် ဆော့ဆွဲ ကြ၏။ ဦးမောင်ဝမ်းခမျာမှာတော့
“ အားလားလား . .၊ အား . . .၊ သေပါပြီ . . .”
“ ဗြုတ် . . .”
“ အောင်မလေး . . .ဖြေးဖြေးလုပ်ပါဟ ”
“ ဗြုတ် . . . ”
“ အား . . .ကျွတ် . . .ကျွတ် . . .ကျွတ် ”
ဆံပင်တွေကို အဆုပ်လိုက် အဆုပ်လိုက် ဆွဲဆောင့်နှုတ်ယူခြင်းကိုခံနေရသော လူမိုက်ကြီးခမျာ မျက်ရည်များပင် ပိုးပိုးပေါက်ပေါက် ကျရှာသည်။
ဒီဘက်မှလှမ်းမြင်နေရသော ကျွန်တော်တို့၏ ပန်းချီဆရာက
“ မိဘမျက်ရည် တစ်စက် သားသမီးဆင်းရဲတစ်သက် ဆိုတဲ့ စကားမှန်ရင်တော့ ဒုက္ခပါပဲကွာ။ ဦးမောင်ဝမ်းရဲ့ သားသမီး တွေနေစရာတောင်ရှိတော့မှာမဟုတ်ဘူး ”
“ ဟင် . . ဘာဖြစ်လို့လဲ ”
“ ဟိုမှာ မတွေ့ဘူးလား။ သားတွေသမီးတွေ က ဆံပင်ဝိုင်းနှုတ်လို့ ဦမောင်ဝမ်းကြီး မျက်ရည်ပေါက်ပေါက်ကျနေတာ . . .”
သူ့စကားကြောင့် ကျွန်တော်ပြုံးရုံသာပြုံးလိုက်မိသော်လည်း မလည်မ၀ယ်နှင့်လျှာရှည်သည့်နေရာတွင် ဘ၀ပေါင်းများစွာ အထုံ ပါရမီ ဖြည့်ဆည်းခဲ့သည့်မောင်စိန်မြင့် ကား ဘောက်ဆတ်ဘောက်ဆတ်နှင့် ဦးမောင်ဝမ်းဆီသို့ သွားကာ . . .
“ ဦးလေး . . .ဆံပင်ဖြူနှုတ်ချင်လို့လား ”
“ အီး ကွ ”
အင်းကွ . . .ဟုပြောချင်ပုံရသော်လည်း ဦးရေပြားထက်မှ နာကျင်သည့်ဝေဒနာကို အံကြိတ်၍ ခံနေရသောကြောင့် မပီမသနှင့် ညည်းသံတစ်ဝက် ရောကာ ‘ အီး ကွ ’ ဟုသာ ပြန်ဖြေနိုင်ရှာ၏။
မောင်စိန်မြင့်က . .
“ ဟိုဖက်က (၅) လမ်းထိပ်မှာ ဆံပင်ဖြူနှုတ်ပေးတဲ့ဆိုင်ရှိတယ် . . .ဦးလေး၊ ခြံဝမှာ ဆံဖြူသန့်ပေးသည်’ ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတယ် ”
“ ဟေ . . .ဟုတ်လား၊ ကျေးဇူးပဲကွာ ”
ဒုက္ခဆင်းရဲတွင်းမှ လွတ်မြောက်ရာ အမတဘုံကို ညွှန်ပြခြင်းခံရဘိ သကဲ့သို့ ဦးမောင်ဝမ်းတစ်ယောက် ငေါက်ကနဲ ထ၏။
ဗိုလ်တထောင် ဘိုးဘိုးကြီး နတ်ရုပ်ကဲ့သို့ လက်ညိုးထိုးပြထားသော မောင်စိန်မြင့်၏ စေညွှန်ရာဆီ တဟုန်ထိုး သုတ်ချေတင် လေတော့သည်။

(၅) လမ်းထိပ်သို့ရောက်သောအခါ ခြံဝတွင်ချိတ်ထားသော ဆိုင်းဘုတ်ကို တစ်ချက်မျှ ဖျတ်ခနဲ ကြည့်လိုက်ပြီး ရင်ကော့ကာ ကြွားကြွားရွးရွား ၀င်လိုက်သည်။
လူမိုက်ဟန်မပေါကပေါက်အောင် မျက်နှာကြောကိုလည်း တင်ထားရသေး၏။
အိမ်ရှင်ကတော့ သူ့ခြံဝင်းထဲသို့ မပြောမဆိုနှင့်စွတ်ခနဲဝင်လာပြီး နှုတ်ခမ်းကြီးမဲ့ကာ ရွဲ့တွန့်လိမ်ကာ ရင်တကော့ကော့ ခါးတထောက်ထောက် လုပ်နေသည့် ဦးမောင်ဝမ်းကုတအံ့တသြ ကြည့်နေသည်။
ညနေဘက်ဆိုလျှင် အရက်မူးပြီး ရမ်းကားဆဲဆို နေလေ့ရှိသော ဦးမောင်ဝမ်းအကြောင်းကို လည်းသိနေသော ကြောင့်
“ ဒီကနေ့တော့ စောစောစီးစီး များမူးလာသလား ”
ဟုတွေးကာ ရွံ့တွန့်တွန့် ဖြစ်နေ၏။
ဦးမောင်ဝမ်းကတော့ မ၀ံ့မရဲ ဟန်ဖြစ်နေသည့် အိမ်ရှင်ကိုကြည့်ကာ
“ ဒီကောင်ကတော့ ငါ့ကို လူမိုက်မှန်းသိလို့ ကြောက်နေရှာပြီ ”
ဆိုသည့်အတွေးဖြင့် အကျေနပ်ကြီးကျေနပ်သွား၏။ . . .ကြုံတုန်း ငါ့ရဲ့ မိုက်ဂုဏ်ပြလိုက်အုံးမှပဲ . . ဟု တွေးကာ အနီးအနား တွင်တွေ့ရသော ခွေးခြေထိုင်ခုံပုလေးတစ်လုံး ပေါ်ဝန်းခနဲ ပစ်ထိုင်ချလိုက်ရင်း
“ ဟေ့ကောင် . . .ငါ့ကိုဆံပင်ဖြူနှုတ်ပေးစမ်း ”
ဦးမောင်ဝမ်းက လေသံမာမာဖြင့် ဟောက်လိုက်ရာ အိမ်ရှင်ဖြစ်သူမှာ အူကြောင်ကြောင်ဖြင့် ပါးစပ်အဟောင်းသားပွင့်သွား၏။ ပြီးမှ . . .အထစ်ထစ်အငေါ့ငေါ့ဖြင့်
“ ကျွန်တော် . . . ကျွန်တော် . . . မအားသေးပါဘူး ဦးလေးရယ်”
“ ဘာကွ . . .”
လူမိုက်ကြီးဦးမောင်ဝမ်းကား သူ့သြဇာကို အပွန်းပဲ့ခံလိုသူမဟုတ်။ သူခိုင်းတာကို တစ်သွေမတိမ်း ခေါင်းညိတ်မှ ကြိုက်သူပင်၊ သူက တောက်တစ်ချက် ပြင်းပြင်းခေါက်လိုက်ပြီး
“ တောက် . . .ဟေ့ကောင်၊ ဗန်တိုမောင်ဝမ်းဆိုတာမင်းမကြားဖူးဘူးလား။ အားတာတွေ မအားတာတွေ ဆင်ခြေပေးမနေနဲ့၊ မင်းကို အလကားခိုင်းတာမဟုတ်ဘူး။ ပိုက်ဆံပေးမှာကွ။ ငါက လူမိုက်ပေမယ့် မတရားမလုပ်ဘူး .. .နားလည်လား”
“ ဒါ . . . ဒါပေမယ့် ကျွန်တော်က ဆံပင်ဖြူ မနှုတ်တတ်ဘူးခင်ဗျ ”
“ အောင်မာ . . .”
ဦးမောင်ဝမ်းက သူ့လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ကာရွယ်လိုက်ရင်း
“တယ်လေ . . ငါ . . လုပ်လိုက်ရ။ ဟင်း . . လက်ပါမိရင် မင်းတော့ နာတော့မယ်နော်။ ဆံပင်ဖြူမနှုတ်တတ်ဘဲနဲ့ အိမ်ရှေ့မှာ ဘာဖြစ်လို့ ‘ဆံဖြူသန့်ပေးသည်’ ဆိုတဲ့ ဆိုင်းဘုတ်ချိတ်နေတာလဲ”
သူ့စကားကြောင့် အိမ်ရှင်၏မျက်နှာက စပ်ဖြဲဖြဲဖြစ်သွားပြီး . . . .
“မဟုတ်ပါဘူး . . ဦးလေးရဲ့ ။ သေသေချာချာဖတ်ကြည့်ပါဦး . . ‘ဆန်ဖြူသန့်ပေးသည်’ လို့ ရေးထားတာပါ။ သမ၀ါယမက ပေးတဲ့ ဆန်တွေညိုညစ်ညစ် ဖြစ်နေရင် ဖြူသွားအောင် ဆန်ဖွပ်ပေးတာပါ။ ဆံပင်ဖြူနှုတ်တာမဟုတ်ပါဘူး”
“ဟေ . . . .”
လူမိုက်ကြီး ဦးမောင်ဝမ်းတစ်ယောက် မျက်စေ့ကလေး ကလယ်ကလယ်ဖြစ်သွား၏။ သွားပြီ . . . သွားပြီ . . ၊ ငါတော့ ငပေါဖြစ် ပြီ . . ဟု စိတ်ထဲက ကျိတ်၍ ရေရွတ်သည်။
မိုက်ဂုဏ်ပြပြီး စောစောက ဟိန်းခဲ့ဟောက်ခဲ့ လက်သီးကြိမ်းကြိမ်းခဲ့သမျှ အခုတော့ မျက်နှာ ဘယ်လိုထားရမည်မှန်း မသိဘဲ အူကြောင်ကြောင်ဖြင့် ခိုးလုခုလုဖြစ်ကာ ကုပ်ကုပ်ကလေးပြန်လာခဲ့ရ၏။
“ခွေးမသားလေး၊ ငါ့ကို ချောက်တွန်းတယ်။ ဘယ်မလဲ . . စိန်မြင့်၊ ထွက်ခဲ့စမ်း”
လမ်းထဲကလူတွေက
“ဦးမောင်ဝမ်းကလည်းဗျာ၊ ကိုယ့်တူကိုယ့်သားအရွယ်လေးကို . .။ ပြီးတော့ စိန်မြင့်က အစတည်းက သူဖာသာသူတောင် အူကြောင်ကြောင်ဥစ္စာ”
အားလုံးက စိတ်ကျေနပ်အောင် ၀ိုင်းချော့ကြသလို ကျွန်တော်တို့အဖွဲ့ကလည်း လူအုပ်စုတောင့်သဖြင့် သိပ်မရမ်းရဲ။ ဒါတောင် မှ . . မောင်စိန်မြင့်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး
“မင်း . . တစ်နေ့ တွေ့မယ်”
ဟု ကြိမ်းဝါးသွားသေးသည်။
ဗုံတိုမောင်ဝမ်း ကြိမ်းဝါးသွားသော “တစ်နေ့ . .” သည်ကား ဖြစ်ချင်တော့ ကျွန်တော်တို့ ရပ်ကွက်ထဲတွင် တန်ဆောင်တိုင် အရပ် ပြဇာတ်ကသည့်အချိန်တွင်မှ တိုက်တိုက်ဆိုင်ဆိုင် ကြုံရလေတော့သည်။
(ဆက်လက်ဖော်ပြပါမည်)
မင်းခိုက်စိုးစန်


နှစ်ပတ်အလို TWO WEEKS NOTICE


(ယခင်လမှအဆက်)
ဟာမူရာဘီကိုဒ ဥပဒေမှာ
မျက်လုံးတစ်လုံးအတွက် . . . . မျက်လုံးတစ်လုံး
သွားတစ်ချောင်းအတွက် . . . . သွားတစ်ချောင်း
အစားပြန်ပေးရတယ် . . . ဆိုတာ . . . . .
လက်ခံတယ်ဆိုရင် . . . .
ဦးအောင်ချမ်းအသက်ကို ကယ်တင်ခဲ့တဲ့ . . . . .
“သြရသ” ကို အသက်တစ်ချောင်းနဲ့ညီမျှတဲ့ တန်ဘိုးအတွက် . . .
ဘာပြန်ပေးရမလဲဆိုတာကို
စဉ်းစားလို့တောင်မရတော့ပါဘူး။
ဒုစရိုက်ဂိုဏ်းခေါင်းဆောင်များကို . . . .
မစ္စလီကျွန်းတွင် . . . ‘ဒွန်’ ဟု ခေါ်ကြသည်။
ဟောင်ကောင်တွင် ‘လော်ပန်’ ဟုခေါ်ကြသည်။
ဂျပန်တွင် . . . ‘ယာကူဆာ’ ဟုခေါ်သည်။
မြန်မာပြည်တွင်မူ “အောင်ချမ်း” ဟု ဆိုလျှင် ဒုစရိုက်လောကသား ဦးအောင်ချမ်းသည် ရက်စက်သည်။ ပြတ်သားသည်။ လုပ်ရဲ ကိုင်ရဲရှိလှသည်။ ငွေရှာသည့်နေရာတွင် တရားသောနည်းဖြင့် ရှာသလို၊ သူတစ်ပါးငွေကို မတရားလိုချင်တတ်သူများအပေါ် မတရား နည်း ဖြင့် ပြန်လည်ရယူတတ်သည်။တပည့်တပန်းပေါများသည်။ ချမ်းသာကြွယ်ဝသည်။ ပါးနပ်သည်။ သူ ကျုးးလွန်သော အမှု အတွက် အမြဲတမ်းဓားစာခံတစ်ယောက်တော့ရှိသည်။ သူ့တွင် ကျွမ်းကျင် လိမ္မာသော ရှေ့နေတစ်ယောက်ရှိသည်။ ထို့ကြောင့် . . . ဦးအောင်ချမ်းသည် အမြဲတမ်းလွတ်မြောက်နေခဲ့သည်။
သို့သော် အမှန်တရားကို ကြာရှည်ဖုံးကွယ်၍မရ၊ တရားဥပဒေကို မျက်ကွယ်ပြု၍ မရနိုင်သောကြောင့် နောက်ဆုံးတော့၊ ဦးအောင်ချမ်း အဖမ်းခံခဲ့ရသည်။ သူ ကျူးလွန်ခဲ့သောပြစ်မှုများအတွက် ထောင်ဒဏ်သုံးဆယ့်ငါးနှစ်ကျခံစေရန် တရားရုံးမှ အမိန့်ချခဲ့ သည်။ ပုံမှန်အားဖြင့် သူ၏နောက်ဆုံးထွက်သက်သည် ထောင်တွင်းမှာပင် ကုန်ဆုံးရလေတော့မည်။ အသက်ငါးဆယ်ကျော် လူတစ် ယောက်အတွက် နောက်ထပ်သုံးဆယ့်ငါးနှစ်ပေါင်းလျှင် ရှစ်ဆယ့်ငါးနှစ်ရှိပေမည်။ အသက်သည့် လူအိုတစ်ယောက်ဖြစ်နေတော့မည်။
ဦးအောင်ချမ်းတွင် ညီမတစ်ယောက်ရှိသည်။ ကျန်မိသားစုဝင်များအားလုံး နိုင်ငံခြားတွင်ရောက်နေကြသည်။ ဦးအောင်ချမ်းနှင့် သူ့ညီမသည် သံယောဇဉ်ကြီးမားသော မောင်နှမများဖြစ်ကြသည်။ နှမဖြစ်သူသည် အသက်သုံးဆယ်ကျော်နေသည်အထိ အိမ်ထောင်မပြုဘဲ အပျိုကြီးဘ၀နှင့် နေခဲ့သည်။ ဦးအောင်ချမ်းကလည်း လူပျိုကြီးဘ၀နှင့်ပင် နေခဲ့သည်။ ယခု ဦးအောင်ချမ်း ထောင် ထဲရောက်နေသောအခါ ကျန်စီးပွားရေးအားလုံးကို ညီမဖြစ်သူကပင် ဆက်လက်လုပ်ကိုင်နေသည်။ သူမသည် မိန်းမသားဖြစ်သော် လည်း ဦးအောင်ချမ်း၏သွေးဖြစ်သလို၊ ဦးအောင်ချမ်းကဲ့သို့ပင် ရဲရင့်ပြတ်သားသဖြင့် လက်အောက်ငယ်သားများက ကြောက်ရွံ့ရိုသေ ကြသည်။ ကျောက်တွင်းတွင်၊ ရွှေတွင်းတွေ၊ ပြည်ပမှာရှိတဲ့ ရတနာအရောင်းဆိုင်တွေ၊ ပြည်တွင်းက ရတနာအရောင်းဆိုင်တွေအားလုံး ကို ဦးအောင်ချမ်း၏ညီမ “ရတီချမ်း” ကပင် ဦးဆောင်နေခဲ့သည်။
ဦးအောင်ချမ်းသည် ကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသော ဘ၀၏ ဒဏ်ရာ၊ ဒဏ်ချက်များကြောင့် နှလုံးရောဂါရခဲ့သည်။ ရတီချမ်း သည် ကျန်တာတွေအတွက် မပူ၊ ဘယ်လိုအခြေအနေမျိုးမှာပင်မဆို၊ ဦးအောင်ချမ်း ရှင်သန်နေတတ်သည်ကို သူမသိသည်။ သို့သော် အသက်အရွယ်မှာ ငါးဆယ်ကျော်တန်းသို့ ရောက်နေသော သူမ၏အစ်ကိုအတွက် ကျန်းမာရေးတစ်ခုကိုသာ ပူပင်သည်။ ထို့ကြောင့် . . အစ်ကိုဖြစ်သူအား ထောင်ထဲတွင် စောင့်ရှောက်ရန်၊ စိတ်ချရသော “စိုင်းလုံ” ဆိုသည့် လူရုံတစ်ယောက်ကို၊ အမှုရှာ၍ ထောင်ထဲသို့ လွှတ်ထားသည်။ “ရတီချမ်း” က အပြင်တွင် ကျန်ရစ်သော “စိုင်းလုံ”၏ မိသားစုအတွက်၊ လိုလေသေးမရှိအောင် စောင့်ရှောက်ခဲ့သည်။ ဤနည်းဖြင့် ဦးအောင်ချမ်းကို စောင့်ရှောက်ထားခဲ့သည်။
ဦးအောင်ချမ်းနှင့် “သြရသ” သည် ရဲဘက်တန်းတစ်ခုတည်းတွင် ကျနေသူများဖြစ်ကြသည်။ ဦးအောင်ချမ်းအကြောင်းကို တစွန်းတစသိသူများက ဦးအောင်ချမ်းနှင့် အရောတ၀င်နေလိုကြသည်။ ရင်းနှီးနေချင်ကြသည်။ အထူးသဖြင့် လွတ်ရက်နီးသူများက ပြင်ပသို့ရောက်လျှင် အလုပ်အကိုင်အတွက်၊ ငွေကြေးထောက်ပံ့မှုများအတွက် ဦးအောင်ချမ်းကပေးနိုင်မည်ဟု မျှော်လင့်ကြဟန်တူ သည်။
သြရသကတော့ ဘာမှ မမျှော်လင့်ထားသည့်အတွက် ပုံမှန်ထက်မပိုသည်ကို ဦးအောင်ချမ်းကိုယ်တိုင် သတိထားမိသည်။ သြရသသည် တကိုယ်တည်း နေထိုင်တတ်သည်။ မဟုတ်မခံ၊ သတ္တိရှိသည်။ မလိုအပ်ဘဲ မည်သူ့ကိုမှ အောက်ကျမခံ၊ ရဲရင့်ပြတ်သား စွာ ပြောဆိုတတ်ပုံကို ဦးအောင်ချမ်းသဘောကျသည်။ ငွေရှိသဖြင့် အခြွေအရံများနှင့် နေတတ်သော ဦးအောင်ချမ်းကို သြရသက သဘောမကျ။ ဘ၀တူအကျဉ်းသားချင်း လူဘော်ကော်လုပ်သည်ဟုထင်၏။ သြရသသည် တတ်နိုင်သမျှ ဦးအောင်ချမ်းနှင့် မပတ်သက်အောင်နေသည်။ သူသည် ဦးအောင်ချမ်း၏ အခြွေအရံတစ်ယောက်အဖြစ် မခံနိုင်ပေ။ ဦးအောင်ချမ်းအား ဖားပြီး ဘေးမှ လူတွေကို မလိုအပ်ဘဲ လိုက်လံငေါက်ငန်းနေသော သူများကိုလည်း ကြည့်မရ။ တပေါင်းနေသည် ကျဲကျဲတောက်ပူလွန်းလှသည်၊ ကျောက်ထုဝခန်းသည် ကျောက်သားမြေများဖြစ်သဖြင့် သစ်ပင်ကြီးများ ရှင်သန်နိုင်ခြင်းမရှိ၊ အရိပ်အာဝါသ ကင်းမဲ့လှသည်။ အကျဉ်း သားများသည် ထိုနေပူကျဲကျဲတွင် အပေါ်မှနေပူသည်ဒဏ်ကိုခံရင်း ပူပြင်းလှသော ကျောက်သားများပေါ်တွင် ခြေဗလာဖြင့် နင်း၍ ငရဲ တမျှပူပြင်းသော အပူဒဏ်အောက်တွင် မိမိတို့၏အပြစ်ကို ဆေးကျောသည့်အနေဖြင့် ပင်ပန်းဆင်းရဲစွာ ကျောက်များကို ထုခွဲနေကြ သည်။
ဦးအောင်ချမ်းသည် အသက်အရွယ်အားဖြင့် ဤမျှကြမ်းတမ်းသော အလုပ်ကို မလုပ်နိုင်တော့ချေ။ ထို့ကြောင့် ယာယီရွက်ဖျဉ် တဲတစ်ခုတွင် ထိုင်၍နားနေခဲ့သည်။ သြရသသည် ရွက်ဖျဉ်တဲနှင့် မလှမ်းမကမ်းတွင်၊ ကျောက်တုံးများကို ထုခွဲနေသည်၊ တစ်ချက်၊ တစ်ချက်တွင် ကျောက်တောင်၏နံရံကို ကပ်၍ ကျောက်မိုင်းခွဲသောအသံက ပြင်းထန်လွန်းသောကြောင့် ကျောက်သားမြေကြီးတို့ပင် တုန်ခါသွားသည်။ အကျဉ်းသားရဲဘက်များ၏ တစ်ကိုယ်လုံးသည် သူတို့ကိုယ်- ၀တ်ဆင်ထားသော အဖြူရောင်ရဲဘက်သားဝတ်စုံနှင့် အသားတို့သည် ချွေးများဖြင့် ရွှဲနစ်ပြီး ကပ်နေသည်။ သူတို့၏အသားအရေမှာ နေလောင်ခြင်းဒဏ်ကို ခံထားရ၍ ညိုမဲခြောက်သွေ့ နေသည်။
ထိုစဉ် ဦးအောင်ချမ်းနေသော ယာယီရွက်ဖျဉ်တဲအတွင်းမှ အော်သံများကို ကြားလိုက်ရသည်၊ ထောင်ဝါဒါအချို့ ပြေးသွားကြ သည်ကို တွေ့လိုက်သည်၊ သြရသသည် အသံများကို နားစွင့်ရင်း ဘာဖြစ်တာလဲဟုသိရန်၊ ရွက်ဖျဉ်တဲဆီသို့ လျှောက်သွားသည်။ အနားရောက်သောအခါ ကျောက်တုံးတစ်ခုကိုမှီရင်း၊ လဲနေသော ဦးအောင်ချမ်းကို တွေ့ရ၏။ အနားတွင် ဘာလုပ်ရမှန်းမသိဘဲ ပျာယာခတ်နေသော စိုင်းလုံကိုတွေ့ရသည်။ အကျဉ်းဦးစီးဌာန၀န်ထမ်းတစ်ယောက်က ဦးအောင်ချမ်းကို စမ်းသပ်ကြည့်ရင်း ပြောလိုက်သောအသံကိုကြားရသည်။
“အသက်မရှိတော့ဘူး၊ ဆုံးပြီ၊ နှလုံးမခုန်တော့ဘူး”
စိုင်းလုံသည် မျက်နှာပျက်သွားရင်း၊ တုန်တုန်ရီရီဖြင့်
“ဆရာကြီးမှာ နှလုံးရောဂါရှိတယ်ဗျ၊ ခုန အကောင်းကြီးပါဗျာ၊ အခုချက်ချင်းကြီး နှလုံးရပ်သွားတာပါ။ ဆရာဝန်တစ်ယောက် လောက်ခေါ်ပေးပါ၊ ဒါမှမဟုတ် အနီးဆုံး ဆေးခန်းဖြစ်ဖြစ်၊ ဆေးရုံဖြစ်ဖြစ် ပို့ပေးကြပါဗျာ” ဟု ပြောရှာသည်။
“သြရသ”သည် နှလုံးရောဂါဆိုသော အသံကိုကြားလိုက်သောအခါ၊ မေမေ့ကို သတိရမိသည်။ ဦးအောင်ချမ်းကို ကြည့်မရသည် က တစ်ပိုင်းဖြစ်၏။ ယခုလို မျက်စေ့အောက်တွင်မြင်ရသောအခါ သနားမိသည်။ နှလုံးရောဂါသည်မေမေ့ကို မည်သို့ပြုစုရမလဲဆို သည်ကို မေမေအား ကုသောဆရာဝန်ကြီးထံမှ သင်ကြားခဲ့ဖူးသည်။ မေမေသည် နှလုံးခုန်နှုန်း တဖြည်းဖြည်းနှေးကွေးလာပြီး၊ ပုံမှန် အလုပ်မလုပ်တော့သဖြင့် နှလုံးကိုစက်တပ်ရတော့မည်အခြေအနေတွင် ကွယ်လွန်သွားခဲ့သည်။ ဆရာဝန်သည် အရေးပေါ်နှလုံးရပ် သွားပါက ဆေးရုံ၊ဆေးခန်းသို့ အချိန်မီမရောက်ခင်၊ လူနာနှလုံးပြန်ခုန်အောင် လုပ်နိုင်မှ စိတ်ချရမည်ဖြစ်ကြောင်းကိုလည်း အတန် တန်မှာခဲ့သည်၊ ထိုသို့ အရေးပေါ်ကုသနည်းကို သြရသတို့မောင်နှမအားလုံး မဖြစ်မနေသင်ကြားခဲ့ကြရသည်။ ယခု ဦးအောင်ချမ်း သည် ဆေးရုံ၊ ဆေးခန်း အလွယ်တကူမရှိသော ဤကဲ့သို့နေရာမျိုးတါင် အရေးပေါ်ကုသနည်းမရလျှင် အသက်ရှင်ရန် မဖြစ်နိုင်ချေ။ စောစောက ထောင်ဝန်ထမ်းတစ်ဦးကပင် သေပြီဟု မှတ်ချက်ချသွားလေပြီ။ သြရသသည် ကြိုးစားကြည့်သည်၊ လုံးဝလက်လွှတ် လိုက်ခြင်းထက်၊ ပြန်ရလိုရငြား သေမင်းလက်က လုကြည့်ချင်သည်။ “မရတော့လည်း ဦးအောင်ချမ်း၏ကံပေါ့” ဟု တွေးမိသည်။ အနားက ၀ိုင်းအုံနေသော အကျဉ်းသားများကို လေ၀င်စေရန် ဖယ်ရှား၍ ဦးအောင်ချမ်းကို ပက်လက်အနေအထားဖြင့် မြေပြင်ညီတွင် လှဲလှောင်းစေပြီး၊ ဦးအောင်ချမ်း၏ပါးစပ်အတွင်းသို့ လေကိုမှုတ်ထည့်လိုက်၊ ရင်ဘတ်ကနှလုံးနေရာသို့ လက်နှစ်ဘက်ဖြင့် သုံးချက် လေးချက်လောက်ဖိလိုက်လုပ်ရင်း၊ နှစ်မိနစ်လောက်ကြာသောအခါ၊ ဦးအောင်ချမ်းသည် ချောင်းတဟွတ်ဟွတ်ဆိုးရင်း လေကို အငန်း မရလိုက်ရှု၍ ပြန်လည်လှုပ်ရှားလာခဲ့သည်။ နှလုံးသည် ပုံမှန်ပြန်ခုန်လာသည်။
“သြရသ”၏ လုပ်ရပ်ကို ဘေးမှ ၀ိုင်းကြည့်နေသော အကျဉ်းသားများသည် ဦးအောင်ချမ်းကိုကြည့်၍ ၀မ်းသာအားရနှင့် အံ့သြ သောအသံများ ဆူညံစွာထွက်လာသည်။
“ဟာ မသေဘူးဟ . . အသက်ပြန်ရှုလာပြီ၊ တော်တော်အသက်ပြင်းတဲ့ လူကြီးပဲ”
“ဟာ ကံကောင်းတယ်ဟေ့ . . သေတာမဟုတ်ဘူး၊ မျောနေတာကွ”
“အဲဒါ . . . ဟို အကျဉ်းသားတော်လို့ကွ၊ နို့မိုဆို အဲဒါမျိုးက ကြာသွားရင် မရဘူး”
စသဖြင့် တစ်ယောက်တစ်ပေါက် ထင်ကြေားပေးသံများ ကြားနေရသည်။
“စိုင်းလုံ”သည် ဦးအောင်ချမ်း ချောင်းဆိုး၍ သတိပြန်ရလာသည်နှင့် ရုတ်တရက်ဝမ်းသာပြီး၊ ဦးအောင်ချမ်းကို ပွေ့ချီကာ၊ ထောင်ဝန်ထမ်းများ အကူအညီဖြင့် အကျဉ်းဦးစီးဌာနတံဆိပ်ပါသော ကျောက်သယ်ကားပေါ်သို့ ပွေ့တင်ပြီး၊ အနီးဆုံးဆေးရုံသို့ မောင်းသွားလေတော့သည်။
အကျဉ်းသားများသည် သြရသအားတစ်ယောက်တစ်မျိုး ချီးကျူးကြရင်း၊ ဝေးသွားသော ကားကြီးကိုကြည့်ကာ ကျန်ရစ်ကြ သည်။
သြရသ စဉ်းစားနေမိသည်။
-လူတစ်ယောက်ကို စိတ်ကူးထဲမှာတင် အကြိမ်ကြိမ်သတ်ဖူးတယ်၊ လက်တွေ့မှာတော့ တစ်ခါပဲ ကာယကံမြောက် သတ်ဖို့ အားထုတ်ခဲ့တယ်။
-အဲဒီအတွက် ထောင်ထဲရောက်ခဲ့ရတယ်။
-အခု . . လူတစ်ယောက်ကို အကြိမ်ကြိမ်စိတ်ထဲက မုန်းတီးနေခဲ့ဖူးတယ်၊ လက်တွေ့မှာတော့ တစ်ခါပဲ ကာယကံမြောက် အဲဒီ လူကို သေမင်းလက်က ပြန်ရအောင်လုပြီး ကယ်တင်လိုက်တယ်။
-အဲဒီအတွက် . . ဘာကိုမှ မမျှော်လင့်မိတာသေချာပါတယ်။
************
-လေးနှစ်ဆိုသည့်အချိန်မှာ . . လူတစ်ယောက်မွေးဖွားမည်ဆိုလျှင်
မူကြိုကျောင်းထားသည့် အရွယ်ဆိုရောက်နိုင်သည်။
-လေးနှစ်ဆိုသည့်အချိန်မှာ . . လူတစ်ယောက်သေဆုံးမည်ဆိုလျှင်
ကောင်းစွာမေ့ပျောက်နိုင်သည့် အချိန်ကာလဖြစ်သည်။
-လေးနှစ်ဆိုသည့်အချိန်မှာ . . အထက်တန်းအောင်မြင်သူအဖို့
ဘွဲ့တစ်ခုကို ကောင်းစွာရနိုင်သည့် အချိန်ကာလဖြစ်သည်။
-လေးနှစ်ဆိုသည့်အချိန်မှာ . . လူတစ်ယောက်အဖို့
နလံမထူအောင် ပြိုလဲနိုင်သော လုံလောက်သည့်အချိန်ကာလဖြစ်သလို
အတိုင်းမသိ ဖွံ့ဖြိုးတိုက်တက်နိုင်အောင် လုံလောက်သည့်
အချိန်ကာလလည်းဖြစ်သည်။

ထိုလေးနှစ်အတွင်းမှာပင် . . အဓိပတိ၏ဖခင် ဦးကြီးမြင့်ကွယ်လွန်ခဲ့သည်။
ထိုလေးနှစ်အတွင်းမှာပင် . . အဓိပတိ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကြီးကျယ်၊ မြန်ဆန်လွန်းလှသည်။
အဓိပတိသည် အဓိပတိဘဏ်၏ ဥက္ကဌဖြစ်သွားသည်။ စီးပွားရေးလောက- နာမည်တစ်လုံးထင်ရှားလျှင်၊ လုပ်ငန်းရှိသူများနှင့် ငွေရှိသူ တို့ ပူးပေါင်းလုပ်ကိုင်တတ်ကြပြီး၊ လုပ်ငန်းများ အောင်မြင်မှုကိုရခဲ့ကြသည်။
မောင်မျိုးမင်း (ရင်တွင်းဖြစ်)

Idea Magazine October Issue Cover  

Posted by MANORHARY

Sunday, October 11, 2009

Cover Story
Model - Awn Seng
Photographer - Naing Naing ( R2)
Make Up - December Hnin
Design - design ko myo

Idea Poems  

Posted by MANORHARY



မော်တော်ကား
င့ါမှာ ကားတစ်စီးရှိတယ်
ကြွပါ၊ တက်ပါ
၁ ယောက်၊ ၃ယောက်၊ ၁၀ယောက်
ဘယ်နှယောက် ယောက် တက်,တက်
ဆန့်တဲ့မော်တော်ကား

အခု
င့ါကားပေါ်မှာ တင်လာတာက
ညတွေအပြည့် အာကာသ။
သုခမိန်လှိုင်





ကာလနဂါး
အရေးတကြီး နိုးထစရာ မလိုဘူးဆိုရင်
ငါ ဆက်ပြီး အိပ်နေချင်လို့ပါ . . . . ။

“ဘ၀”ဆိုတာနဲ့ ဘာလို့ “ရှင်သန်ခြင်း” . . . လို့
အဓိပ္ပါယ်ဖွင့်ဆိုရတာလဲ?!
ငါကတော့ အိပ်နေရတာကိုပဲ . . . . ကြိုက်တယ်၊
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်း တောက်လျောက်ကြီး မကောင်းနိုင်ဘူးပေါ့ . . . .
သံပတ် ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်။

လေ့ကျင့်ခန်း မှန်မှန်လုပ်မှ
ပထမရမယ်ဆိုရင်
ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး၊
ကျေးဇူးပြုပြီး ငါ့ကို
“အရူး” လို့ ခေါ်ပါ။

မမြင်ချင်တာတွေ အားလုံးအတွက်
မျက်စိသေးသေးလေး နှစ်လုံးကို ပိတ်ထားလိုက်ရုံပါပဲ
ဟော . . ငါ ဘယ်လောက် လိမ္မာတဲ့ကောင်လဲကွယ် . . . .၊
ဟောဒီ အရူးမှာ
ယဉ်ကျေးမှု ထွန်းကားပါတယ်။

ငါ့ဆီ ဂုဏ်ပြုဖိတ်စာ ပို့ဖို့မလို
ငါ့လိပ်စာကို ငါမသိ
ငါ့အုတ်ဂူမှာလည်း ဘာကမ္ဗည်းမှ ထိုးပေးဖို့
အကြောင်းမရှိပေဘူး။
အို . . . မိတ်ဆွေတို့
နိုင်ငံကြီးသားအပေါင်းတို့ . . . .
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
မှားယွင်းကြ၊
ပက်လက်မျောဖို့အတွက်
တံတွေးခွက်ကြီး လိုက်ရှာကြ၊

ငါကတော့ . . .
စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့်ကိုယ်ချင့် . . . ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်။

နိုင်ငံကျော်တွေအားလုံးကို . . . သနားတယ်၊
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမ၀ခဲ့ကြပါဘူး။
မင်းခိုက်စိုးစန်




အိမ်ပြေး-၂

ရပ်ကွက်လူခြေတိတ်ချိန်နဲ့ အမေ့သားရဲ့အိမ်ပြန်အိပ်ချိန်
မိုးတိုးမတ်တပ်ဆယ့်ရှစ်နှစ်ဟာ နောက်မှာကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံပယ်တွေဖွေးနေပြီလား။
မိုက်မဲခြင်းကိုခြေလက်မဆေးရသေးဘူး
မိုးတိုးမတ်တပ်ဆယ့်ရှစ်နှစ်ဟာ နောက်မှာကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံပယ်တွေဖွေးနေပြီလား။
ရေကြည်ရာ မြက်နုရာမှာ
ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှမှာ
မိုးတိုးမတ်တပ်ဆယ့်ရှစ်နှစ်ဟာနောက်မှာကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံပယ်တွေဖွေးနေပြီလား။
အလိုကြီးကြီးအရနည်းနည်းနဲ့
မိသားစုအလိုဆန္ဒတွေရဲ့အဝေးဆုံးမှာပဲ တချိန်လုံးရောက်နေခဲ့
မိုးတိုးမတ်တပ်ဆယ်ရှစ်နှစ်ဟာ နောက်မှာကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံပယ်တွေဖွေးနေပြီလား။
အမေ့ကိုမေ့တယ်
ညီမလေးနှစ်ယောက်ကိုမေ့တယ်
မိုးတိုးမတ်တပ်ဆယ့်ရှစ်နှစ်ဟာနောက်မှာကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံပယ်တွေဖွေးနေပြီလား။
မပြောမပြီး မတီးမမြည်ဘူး
ငါပြောပြီးတီးကြည့်လိုက်တော့လည်း
ငါပြောတီးကြီး ဖြစ်တာပဲအဖတ်တင်
မိုးတိုးမတ်တပ် ဆယ့်ရှစ်နှစ်ဟာ နောက်မှာကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံယ်တွေဖွေးနေပြီလား။
ချီးမွမ်းခန်းတွေက ကျောသားရင်သားခွဲကြ
ခလုတ်ထိမှအမိတ
မိုးတိုးမတ်တပ်ဆယ့်ရှစ်နှစ်ဟာနောက်မှာ ကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံပယ်တွေဖွေးနေပြီလား။ ။
မင်းအိမ်




စီစီဖတ်
စီစီဖတ်ဟာ ကျောက်တုံးကြီးကို တောင်ပေါ်တွန်းတင်လိုက် ပြန်လှိမ့်ချလိုက်တဲ့
ငါက ဒီအသက်အရွယ်ထိ အိပ်လိုက် စားလိုက် ရေးချင်တာလေး ထရေးလိုက်
ရေးသမျှအမှိုက်ဖြစ်သွားလိုက် ငိုယိုလိုက် ပေါက်ကွဲလိုက် မူးရူးလိုက် ရန်ဖြစ်လိုက်
စီစီဖတ်ရဲ့ တာဝန်က ကျောက်တုံးကြီးကို တောင်ပေါ်တွန်းတင်ဖို့ ပြီးရင် ပြန်လှိမ့်ချဖို့တဲ့
ငါ့မှာ ဘာတာဝန်မှမရှိ ပိုက်ဆံမရှိ ချစ်သူရည်းစားမရှိ အနုပညာမရှိ ဘွဲ့လက်မှတ်မရှိ
စီစီဖတ်ဟာ အခုထိ ကျောက်တုံးကြီးကိုတွန်းတင်တယ် ပြန်လှိမ့် ချတယ် အဖေက
ငါ့ကို တစ်ခုခုဖြစ်စေချင်တယ် အပေါင်းအသင်းတွေက ငါ့အချိုးကို ပြင်စေချင်တယ်
ချစ်ခဲ့သူက ငါ့နောက်ကျော ဓားနဲ့ထိုးတယ် ပတ်ဝန်းကျင်မှာ ငါဟာ အရူး နားလည်ရ
ခက်တဲ့လူ တစ်ခါတစ်ခါအရက်ကြောင် ကြောင်ပြီး ဘ၀ပျက်နေတဲ့ ဘ၀င် စီစီဖတ်က
သူ့ကျောက်တုံးကြီးအပေါ် ဘယ်လိုသဘောထားသလဲ အပြစ်ဒဏ်သပ်သပ်ပဲလား
လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေအတွက် ငါလည်းကြေကွဲခဲ့ဖူးပါတယ် အများသူငါထက်
စိတ်ကူးယဉ်ဖူးပေမယ့် အများသူငါထက် လက်တွေ့ပိုရှုံးနိမ့်ခဲ့ရတယ် စီစီဖတ်ဟာ
အချိန်ကြာလာတာနဲ့အမျှ သူ့ကျောက်တုံးကြီးကို ခင်တွယ်လာမှာပဲလို့ ငါတွေးမိတယ်
နေ့တိုင်းနေ့တိုင်း လက်ဖက်ရည်ဆိုင်ထိုင်တွေးနေတဲ့ ငါ့အနာဂတ်ကို အဖေက
မကောင်းတဲ့အနာဂတ်လို့တွေးတယ် ငါ့ရဲ့ မကောင်းတဲ့ အနာဂတ်ဟာ သူငယ်ချင်းတွေ
ဆီမှာ အိမ်ပြန်ဖို့ကားခ လက်ဖြန့်တောင်း အရွယ်လွန်တပ်မက်စိတ်နဲ့ မိန်းမမြင်တိုင်း
ပစ်မှား ဘယ်တော့မှ မရှိခဲ့တဲ့ ငါ့အနုပညာခေတ်ကိုထူထောင် လူကြားထဲ အော်ကြီးဟစ်
ကျယ်ငြင်းခုံ စီစီဖတ်ဟာ ကျောက်တုံးကို တွန်းတင်လိုက် ပြန်လှိမ့်ချလိုက်ပဲလုပ်နေတယ်
ငါလုပ်ခဲ့တာတွေက စီစီဖတ်ထက် ပိုများတယ် လှီးထုတ်ပစ်ရမယ့်အပိုကိစ္စတွေအပြည့်
တောင်အောက်ကနေ တောင်ပေါ်တက်တဲ့အခါ စီစီဖတ်တစ်ယောက် ဘယ်လိုစိတ်နဲ့
ကျောက်တုံးကို တွန်းတင်သလဲ ရှုပ်ထွေးစွာနဲ့ သိပ်စိတ်ညစ်နေမလား ခုကစ ငါလည်း
စီစီဖတ်လုပ်ချင်တယ် အပိုကိစ္စတွေလှီးထုတ်မယ် စီစီဖတ်စိတ်မညစ်ဘူး စီစီဖတ်ပျော်ရွှင်
နေမယ်လို့ ယုံတယ် ကျောက်တုံးကြီးကို နောက်တစ်ခေါက် တောင်ပေါ်တွန်းတင်
ပြီးရင် နောက်တစ်ခေါက် အောက်ပြန်လှိမ့်ချ ဒါစီစီဖတ်ရဲ့ အလုပ် ငါအချိန်ရတိုင်း
တွေးခေါ်မယ် ပြီးရင် အဲဒီ့အတွေးတွေကို စာရေးမယ် တစ်ရက်ပြီးတစ်ရက်
ဆက်တိုက်ဆက်တိုက် စီစီဖတ်ရဲ့ အနာဂတ်ဟာ သူ့ကျောက်တုံးကို နောက်
တစ်ခေါက်ပြန်တွန်းတင်ဖို့ ပြီးရင် ပြန်လှိမ့်ချဖို့ဆိုရင် ငါ့အနာဂတ်က
အဆက်မပြတ်တွေးမိတာတွေ ပြန်ချရေးဖို့ပဲ
စီစီဖတ်ပျော်ရွှင်သလောက်တော့ ငါလည်းပျော်ရွှင်ရမှာပေါ့
ဒါငါ့အလုပ်ပဲလေ။ ။
လွန်းဆက်နိုးမြတ်





မပေါ့မပါး
တစ်ဖက်က network ထဲ
မိတ်ဆွေဘယ်နှစ်ယောက်၊ ရန်သူဘယ်နှစ်ယောက်ရှိလဲ
ဇကာနဲ့စစ်လိုက်ရင်တော့ အနည်တွေမပါတော့ဘူးပေါ့
“ကိုယ့်ကိုဝိုင်းတိုက်နေတဲ့ ရန်သူတစ်ထောင်ထက်
ကိုယ်ကိုမြှောက်ပင့်နေတဲ့ မိတ်ဆွေတစ်ယောက်ကို
ကြောက်ပါ”
ကြောက်လက်စနဲ့ ဆက်ကြောက်လိုက်ဦးမယ်
ပွင့်လင်းရာသီဟာ
ချစ်သူတွေကြား အတင်းဝင်ရောက်လာပြီ
မတော်တဆပဲဖြစ်ဖြစ် တမင်တကာပဲဖြစ်ဖြစ်
ဘယ်သူမှားမှား ကိုယ်ကရှောင်
ထိုင်ခုံအပြည့်ပဲ လူတင်တော့တယ်
ရယ်စရာတွေပဲ ရုံတင်တော့တယ်
ရပ်စောင့်နေလဲအပိုပဲ
စာမလာ သတင်းမကြား
ဘယ်ဘုံဘယ်ဘ၀ရောက်နေတယ်ဆိုတာ
အင်တာနက်မှာ ရှာကြည့်ရတော့မလို
မလိုချင်လို့ မရတော့ဘူး
ဘယ်ဆေးနဲ့တားတား
အင်္ဂါနေ့မှာ အင်္ဂါစုံတော့မယ်
ဇင်လင်းနောင်




အခြားစိတ်ဝင်စားစရာတွေတွေ့ရင် ခေါ်ခဲ့
အကြောင်းအရာက
အကြောင်းမရှိဘဲ ဘယ်လိုအရာတွေပေါ်လာခဲ့သလဲ
ငါ့ မျက်လုံးကို ငါ့ စိတ်က အိပ်စက်အနားယူခွင့်မပေးဘူး
ဒီ အနားမှာ ဒီလိုဖြစ်နေကျ (ဒါဟာ ခဏ)
အခုနလေးတုန်းက ဘယ်လိုလုပ် ဘယ်လို ပြန်ရောက်လာခဲ့တာလဲ
ဘယ်လိုလဲ ပျောက်ပျောက်သွားခဲ့တာ
သင် ပြောဘူးတဲ့ အယူသည်းမှုထဲမှာ
တစ်နေကုန် တစ်နေခန်း အချိန်မဟုတ် အခါမဟုတ်
ဟိုလူ အကြိုက်တွေ့နေတဲ့ စကားတစ်ခွန်းလိုပေါ့
ကံဇာတာအရ ပြောရရင်တော့
နွေဦးပေါက်လာပြီဆိုတာနဲ့ ကိုယ့်စိတ်တည်ငြိမ်ဖို့
အသည်းအသန် ကြိုးစားခဲ့ရတယ်
မမြင်ရတဲ့ဘ၀ဟာ ဘယ်လို မှီလာလေ့ရှိသလဲ
ပြောချင်တာက
ကျွန်တော်လည်း ရေးပြီးသားကဗျာတွေကို အလွတ်မရဘူး
တစ်ယောက်နဲ့တစ်ယောက်ဟာ နှာခေါင်းချင်း ထိနေတော့
အသက်ရှူတွေကြပ်တယ်
အသက်ရှူရတာတွေ ခဏရပ်မယ်
လူတိုင်း၊ လူတိုင်း မီးသတိပြုပါဗျာ
အိုဟောင်းပျက်ဆီးလုနီးပါး ငါကို ဘယ်လိုနားလည်မလဲ
အသိအကျွမ်းဝင် ပေါင်းဖက်မိဖို့
ဘယ်တုန်းက စပြီး သိခဲ့သလဲ
အိပ်ချင်တဲ့ နေရာမှပဲ အိပ်လိုက်ပါတော့
ဒါဟာ ဗဟုသုတ နည်းပါးနေခြင်းတွေပေါ့
မလေးမစားနဲ့ တကယ်ဆိုရင်
အခြေအနေအရ အပြောင်းအလဲ ရှိနိုင်ပါသည် ။ ။
အိမ်ဝေးသူ

POEM CORNER  

Posted by MANORHARY

ဂျုံရိုးဦးထုပ်လေးတွေ
တောကျွဲကြီးရထားပေါ်မှာ
အရွယ်စုံဆိုဒ်စုံ ဂျုံရိုးဦးထုပ်လေးတွေကိုငေးရင်း
ကိုယ့်ကိုယ်ကို အားယူပြုံးမိ
ဘယ်လိုမှ အသုံးမကျဘူးထင်ရ
နေပူပူ လေပူပူ
ကျွတ်ဆတ်တောင့်တင်း ဂျုံရိုးလေးတွေတောင်
အေးသောအရိပ်ကိုပေးစွမ်းနိုင်တယ်ဆိုတာ..။ ။
ညိမ်းညို




ခဏခဏငိုပြရတာ မောတယ် ဒါပေမယ့် ခဏခဏ မောတယ်
ပြောရမှာ အရမ်းတေလေဆန်တယ် အိမ်ပြန်ချိန်လည်း မသိသေး
နေရာတကာ နောက်ကျမှုတွေနဲ့သာ ရှေ့ဆက် အိပ်ရေးတွေလည်း ပျက်ရင်းပျက်နေ
မိုးရေတွေထဲမှာ သောင်တင်နေသော အောင်မြင်ရေးလမ်းကြောင်းတွေ ခမျာမှာ
တစ်နေ့နေ့တော့ တစ်နေ့နေ့ပေါ့လေ တစ်နေ့နေ့ကျ အသက်ရှူဝနိုင်ပါတယ်
လောလောဆယ် ကော်နက်ရှင်တွေမကောင်းဘူး ခဏခဏဒေါင်း(Down)ဒေါင်းသလို
စောင့်နေတဲ့ မှတ်တိုင်တွေ အကြောင်းမဲ့ ခဏခဏပြောင်းလိုပြောင်းနေတာ
ဟိုနေရာမှာ ကြားပြီးပြီလား ဒီနေရာမှာ ဟိုဟိုဒီဒီ နေရာစုံတွေဆီမှာ
ဒီလိုပါပဲကွာ ဒီလိုပါပဲကွာဆိုတာကိုကဒီလိုပါပဲ လိုရာသာဆွဲတွေးလိုက်တော့ဆို
အဆင်ပြေတယ်ဆိုတာကလည်း အဆင်ပြေအောင်နေတတ်ခြင်းပါပဲ တကယ်
မကြီးမငယ် မသေရုံတမယ် အဆင်ပြေရာပြေကြောင်း မီးစင်ကြည့်ပြီး က..... ဆို
ငိုချင်ရင်ငိုပစ်လိုက် အရှုံးတော့မပေးလိုက်ပါနဲ့လို့ နှုတ်ကတဖွဖွ ရင်ကတမမ
ဘာဆိုဘာမှ မသိချင်စမ်းပါနဲ့ ကိုယ့်ကျန်းမာရေးကိုသာ ဂရုစိုက်ကြ ခုရောက်နေတာ ရန်ကုန်
ဖြစ်ပုံတွေက အဖြစ်ကိုစုံလှတယ် အံ့လည်းအံ့ လန့်လည်းလန့်စရာ အမလေး
ဖုန်းနံပါတ်တွေပေးပြီး ဆက်သွယ်ဖို့က တစ်ယောက်နဲ့တစ်ယောက် ထင်သလောက်မလွယ်
နှစ်ရာတန်တစ်ရွက်လောက်တောင်မှသဘောထားမကြီးနိုင်တော့တဲ့အဆုံးအံကိုတင်းတင်းကြိတ်ထား
မှားနေသော အမှားတွေက နွမ်းနေသော လမ်းပေါ်မှာ အုတ်ရောရောကျောက်ရောရော စုပြုံကျ
လူ့ဘ၀သံသရာကြောမှာ မကြာခဏနာရဖျားရ 96ပါးလည်း မက.... မလှ..... မပ...တော့လို့
ကိုယ့်ရှိမှကိုယ်ပဲ ဘယ်သူ့မှသနားမနေကြနဲ့ ကိုယ့်ဘ၀နဲ့ကိုယ်သီချင်းကိုသာ အာပြဲအောင်ဆို
မုဒိတာတရားတွေက အူမမတောင့်နိုင်တော့လို့ ဘတ်စ်ကားတွေပေါ်မှာ တိုးကြဝှေ့ကြ
မွတ်သိပ်စွာနဲ့တစ်ယောက်စားနေဆဲ ထမင်းလုတ်ကို တစ်ယောက်က ပုတ်ချ ကြည့်နေရတာဆိုး
ဓါးမိုးပြီး ခြိမ်းခြောက်စရာမလိုတော့လောက်အောင် ယနေ့ခေတ်က ပညာရယ်ရွှေအိုးရယ်ခေတ်
ယဉ်ယဉ်လေးရစ်မူးပြီးယဉ်ယဉ်လေးပဲသိမ်းသွင်းသွားပြန်လူယဉ်ကျေးတို့ရဲ့လက်ခုပ်သံတွေကြောက်စရာ
နောက်တစ်ခါ ဒီကစားဝိုင်းထဲကို လာမယ်ဆိုရင် ငွေအတုတွေပဲ ယူနိုင်အောင်ယူခဲ့ကြ
နေ့နဲ့ညက တစ်သားတည်းကျအောင်မှောင်နေပြီမေမေရေ . .ရေပေးပါမေမေ ရေ.............
အရမ်းတေလေဆန်တယ် အိမ်ပြန်ချိန်လည်း မသိသေး....။ ။
ဥတ္တရာ(ရေဆုံး)


ပြဇာတ်ကျွန်း
ညဥ့်အ၀င်ရဲ့ နွေးမြမြအောက် ရပ်ထားတဲ့ကျွန်း
ခွဲထုတ်တာသိလို့ အရေခွံဆုတ်ခံလိုက်ရ

ကိုယ်ပိုင်ညတွေ တေးချင်းရောတဲ့ခွက်ထဲထည့်
ကျွန်းကတော့ အုန်းလက်တွေလို ရိုးရာသံစဉ်တွေနဲ့က
ကျွန်းကတော့ဗုံသံတွေ ထက်မှာ ရိုင်းရိုင်းယိမ်းယိမ်းနဲ့က
ကျွန်းကတော့ မှုန်ဝါးဝါးမြူငွေ့ထဲက အကတွေ က
လက်တစ်ဖျစ်စာ စိတ်ကူးတွေ မတတ်မြောက်ခင် မြို့ရိုးတွေနစ်ခဲ့။

သိုးယောင်ဆောင်ကုလားအုပ် ပြုစားခံသစ်သီးနဲ့ ဆုတောင်းသံ မရှိတဲ့ည
အရောင်မဲ့မိုးစက်တွေ ရနံ့ပြယ်ပန်းတွေ ကြယ်တွေနဲ့အတူမျှော . . .
ငါ့ပုံတူရုပ်ထုတွေနဲ့ကတဲ့ တစ်ခန်းရပ်ပြဇာတ်ပြီးတဲ့အထိပဲနေမယ်။
သက်ရင့်ကျောက်တွေ မရှိဘူး . . .(အဟောင်းတွေ ရစ်ပတ်နေ အလေ့အထတစ်ခု)
ဖယောင်းတိုင်တွေ မရှိဘူး . . . (အရာရာကို ပျော်ဝင်နိုင်ဖို့ကြိုးစား စ နစ် တ ကျ)
ပိုးစုန်းကြူးတွေ မရှိဘူး . . (လရောင်ကို ဖမ်းပြီး ထွန်းတဲ့ မီးအိမ်ကိုင်လက်တစ်စုံ)
စကားသံတွေ မရှိဘူး . . . (တိတ်-ဆိတ်×
သူ့အဖော်တွေလာမှ လရောင်စုံနဲ့ တစ်ကျွန်းလုံးထွန်းလို့
ဒီကျွန်းကို ရပ်မယ်။
အနိုင်း (နတ်ပန်းချီ)



ငါး
လောကဓံဆိုတာ
မာယာကြွယ်တဲ့ ရေပြင်ကျယ်ပဲ။
နေ့စဉ် ၀မ်းစာရှာဖွေမှုမှာ
ကိုယ့်အသက်ကိုယ် လောင်းကြေးထပ်ထားရတယ်။
သေခြင်းတရားဟာ
ဒီနေ့လား၊ မနက်ဖြန်လား။
အမဲလိုက်သီချင်းနဲ့ သားရဲတွင်းက
နေ့မြင်ညပျောက်ဘ၀တွေကို သံဝေဂနဲ့ရှုမြင်နေမိ။
တကယ်တော့
ကိုယ်ကိုယ်တိုင် ငါးမျှားချိတ်မှာ မမိခင်အထိ။ ။
ညီခ





သူငယ်ချင်း

ဒိုင်နိုဆော ကို နှစ်ပိုင်းခွဲလျှင် ဒိုင်နို-ခွန်အားကြီးမားသော၊ ဆော( ဆောရပ်စ် ဆိုတဲ့စကားကလာတာ) အိမ်မြှောင် ဟူ၍ရသည် ... ခွန်အားကြီးသောအိမ်မြှောင်ကြီးများသည် ကမ္ဘာကို နှစ်သန်းပေါင်း ၁၆၀ အုပ်စိုးသွားခဲ့ဖူးသည် ...။ယခု ဒိုင်နိုဆောများ မျိုးတုန်းသွားပြီဖြစ်သည် ...။ကြီးကျယ်ခမ်းနားသည်ဟု မိမိကိုယ်မိမိ အယူရှိသည့် လူသည် ဒိုင်နိုဆောနှင့်ယှဉ်လျှင် ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းတွင်သိသိသာသာ အားနည်းနေပြီး အချင်းချင်းရန်လိုမှုနှင့် လောဘစိတ်တွင် သိသိသာသာ အားကောင်းနေသည်။
ယခု လူသားများသည် နယူကလီးယား စွမ်းအင်ကို ထိန်းချုပ်နိုင်ပြီဟူ၍ ဂုဏ်ယူနေကြသည် ...။ သို့သော် မိမိတို့၏ စိတ်ကို နိုင်နင်းစွာ ထိန်းချုပ်နိုင်ပြီဟု အာမမခံနိုင်သေး ...။ တစ်ချိန်ချိန်တွင် စစ်ပွဲတွင် အသုံးမပြုရန် ကန့်သတ်ထားသော နယူကလိယ ထိပ်ဖူးတပ် ဒုံးကျည်များ ကမ္ဘာ့လေထုထဲတွင် ၀ဲပျံလာနိုင်သေးသည် ...။ လူသည် အချင်းချင်းစိတ်မချရတော့သည့် စိုးရိမ်ရေမှတ်သို့ တရွေ့ရွေ့ချဉ်းကပ်လာသည်


မသေချာမှုများဖြင့် ချိန်သီးအလွှဲကြမ်းလာသော ရာစုသစ်ထဲတွင် ... လူသားအားလုံး စိုးရိမ်မှုတစ်ခုစီမက ရှိနေကြသည်။ မသေချာမှုများထဲတွင် တစ်ခုခုကိုတော့သေချာလိုက်ချင်သည်။ ခရစ်ဝင်ကျမ်းများအဆိုအရ ဘုရားသခင်သည် လူကို ဖန်ဆင်းချိန်တွင်မြေကြီးကို အသုံးပြုခဲ့သည်။ ထို့ကြောင့်ဖြစ်နိုင်သည် ... မကြာမကြာ ဗွက်ထနေသော စိတ်ကို ကျွန်ုပ်တို့ ပိုင်ဆိုင်ထားကြသည်။ ထိုစိတ်သည် တစ်ခုခုကိုလိုအပ်နေတတ်သည် ...။ မတည်ငြိမ်သော လောကတွင် တစ်ခုခုကို ယုံကြည်လိုက်ချင်သည်။ ... တစ်ယောက်ယောက်ကို စိတ်ချထားချင်သည် ...။ ထိန်ချန်ထားရန်မလိုသော နားတစ်စုံကို လူသားတိုင်း လိုချင်ခဲ့ကြသည် ...။ မိမိကိုယ်မိမိ ထက်နားလည်ပေးနိုင်မည့်သူတစ်ယောက်ကို ရှာဖွေချင်စိတ်သည် ... ဘုရားသခင်၏ မြေကြီး မသန့်ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်...။

တစ်ယောက်ကိုတစ်ယောက်ကနားလည်လျှင် အနည်းဆုံးစိတ်ချမ်းသာရမည်ဟု လူသည်တွေးတောလာသည်။ ထိုကြောင့် တွေ့ရှိသမျှ ပရိုင်းမိတ်များသည် အစုအဖွဲ့နှင့်နေ၍ အစုအဖွဲ့နှင့်သာသေကြသည်။ ကမ္ဘာဦးလူသည် ပထမဆုံး သူငယ်ချင်းကို တင်းပုတ်ဖြင့် ရိုက်မိကောင်းရိုက်မိနိုင်သည်...။ သို့သော် သူ၏ မညီညာသေးသော သွားများဖြင့် ရယ်ပြဖို့ ကြိုးစားခဲ့မည်မှာသေချာသည်။ အမွှေးအမျှင်ထူထပ်သော လက်များဖြင့် တစ်ယောက်နှင့်တစ်ယောက်ပွေ့ဖက်ကာ မပီမသ အော်ဟစ်ကြွေးကြော်ရင်း ပျော်ခဲ့ကြမည်မှာသေချာသည်။ သူငယ်ချင်းဟူသော ဝေါဟာရသည် နှလုံးခုန်သံများကို ပျော်ရွှင်စေသာ ဂုဏ်သတ္တိရှိခဲ့သည်ဟု ယူဆရသည်။ ဂူအောင်းလူသည် သူ့သူငယ်ချင်းပုံကို ကျောက်တုံးနှင့်ဆွဲပြီး တဟားဟားရယ်နေမည်ဟု မသေချာသော ကောက်ချက်ကို တွေးတောခြင်းဖြင့်သာ ခိုင်ခိုင်မတ်မတ် လက်ခံမိသည်။

ရာဇ၀င် အဆက်ဆက်တွင် သူငယ်ချင်းကောင်းများသည် ရှားပါးခဲ့ကြသည်..။ အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာပွေရသည်ဟုသာရှိသည်။ သူငယ်ချင်းကောင်းတစ်ယောက်ရရန် အသက်သည် အာမခံချက်တစ်ခုမဟုတ်ပါ..။ တစ်ချို့သူငယ်ချင်းများသည် ကျောင်းနေဖက်များသာဖြစ်သည်။ တစ်ချို့သူငယ်ချင်းများသည် လုပ်ဖော်ကိုင်ဖက်မျှသာဖြစ်သည်။ တစ်ချို့သူငယ်ချင်းများသည် မေးထူးခေါ်ပြောသာဖြစ်ပြီး တစ်ချို့သူငယ်ချင်းများသည် လမ်းတွေ့လျှင်ပြုံးပြရုံသာဖြစ်သည်။ တစ်ချို့သူငယ်ချင်းများဆီသို့ နာရေးကိစ္စမှအပ သွားရန်မလိုအပ်ပါ။ကိုယ့်နှလုံးခုန်သံဖြင့် အသက်ရှူနေသော သူငယ်ချင်းတစ်ယောက်ကို သင်ရချင်ခဲ့ပါသလား ...။ သင်ငိုနေလျှင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနားလည်ပေးနိုင်သော သူငယ်ချင်းတစ်ယောက် သင်တွေ့မိခဲ့ပါသလား ...။ သူ့ကိုယ်သူထက် သင့်ကို ပိုစိတ်ပူတတ်သော သူငယ်ချင်းတစ်ယောက်၏ တန်ဖိုးကို သင်မည်သို့သတ်မှတ်ပါသလဲ ...။ သူငယ်ချင်းဆိုသည်မှာ အဓိပ္ပာယ်ဖွင့်ဆိုစရာတစ်ခုမဟုတ်ဘဲ ခံစားနားလည်ရသော တေးသီချင်းတစ်ပုဒ်သာဖြစ်သည်။




လိုနေတဲ့အချိန်မှာရှိမှ သူငယ်ချင်း ဆိုတဲ့စကားပုံကိုမယုံကြည်ပါ။ သူငယ်ချင်းဆိုသည်မှာ သူ့အလုပ်နှင့်သူသာဖြစ်၍ ကိုယ်လိုနေချိန်တိုင်းရှိချင်မှရှိပါလိမ့်မည်။ သူငယ်ချင်းဆိုသည်မှာ စာခြောက်ရုပ်တစ်ရုပ်လို တစ်နေရာထဲတွင်အမြဲရပ်တန့်နေသောသဘောမရှိဟုယူဆပါသည်။ ငယ်တုန်းက ခင်မင်ခဲ့ခြင်းမှာ တစ်သက်လုံးဆက်လက်ခင်မင်နေမည်ဟူသော ကတိက၀တ်တစ်ခုမဟုတ်ခဲ့ပါ...။ သူငယ်ချင်းများသည် ရာသီဥတုလို ပြောင်းလဲတတ်သည် ...။ သူငယ်ချင်းများသည် ဗြဟ္မစိုရ် တရားလိုခေါင်းပါးတတ်သည်။သူငယ်ချင်းများသည် ၀ိုင်ပုလင်းများလို နှစ်ချို့လေ တန်ဖိုးကြီးလေဟု တစ်ထစ်ချမယူဆခဲ့ပါ ...။ သံပုရာသီးများလို ကြီးလေချဉ်လေလည်းဖြစ်သွားနိုင်ပါသည်။ ထင်မြင်ယူဆချက်များမှားယွင်းသွားကြသည်မှာ ကျွန်ုပ်တို့သည် တန်ရာတန်ကြေးမပေးဘဲ အလကားရချင်သောကြောင့်ဖြစ်နိုင်ပါသည်။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကို လိုအပ်သည်ထက်ပို၍ စိတ်ချမိသောကြောင့်လည်းဖြစ်နိုင်သည်။

သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့ ကိုယ်တိုင်သူငယ်ချင်းကောင်းဖြစ်ဖို့လိုသည် ဟူသောစကားမှာရယ်စရာကောင်းလှသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် သူငယ်ချင်းကောင်းများမရရှိခဲ့ဖူးသောကြောင့် ကိုယ်တိုင် မည်သို့ သူငယ်ချင်းကောင်းဖြစ်အောင်ကြိုးစားရမည်ဟု မသိခဲ့ကြသောကြောင့်ဖြစ်သည်။ မဆိုးသော သူငယ်ချင်းများကို သူငယ်ချင်းကောင်းဟု ခေါ်နိုင်ပါသလား။ ထိုမေးခွန်းသည် ရယ်စရာမကောင်းကြောင်း သင်လည်းသိပါလိမ့်မည်။

သူငယ်ချင်းကောင်းဆိုသည်မှာ လိုအပ်ရင် အသက်ပေးသည်ဟု ပြောကြသည်။ အသက်ကိုပေးလိုက်ရခြင်းမှာ သိပ်အပန်းမကြီးလှပါ။ အကယ်၍ တစ်ချိန်တွင် အသက်တစ်ခုပေးလိုက်ရုံမျှဖြင့် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခွင့်ရှိမည်ဆိုလျှင် ကျွန်ုပ်အား အကြောင်းကြားစေလိုပါသည်။

သူငယ်ချင်းတစ်ယောက်၏ အပြုံးသည် စံပယ်ပန်းတစ်ပွင့်ထက် ဖြူစင်မွှေးမြသည်ဟူသော အဆိုကို ကျွန်ုပ်က လက်ခံမိသည်။ နေ့တိုင်းအရိပ်တကြည့်ကြည့်စိုက်ပျိုးထားသော အပင်လေးတစ်ပင် အပွင့်ပွင့်လာတိုင်း ၀မ်းမြောက်တတ်သူများသည် အပင်သေသွားသောအခါ ငိုရတတ်သည်။ ကျွန်ုပ်သည် နှလုံးသွင်းမှားခဲ့သော ဥယျာဉ်မှုးတစ်ယောက်ကို မလှောင်ပြောင်ရက်ပါ။ သေဆုံးသွားသော ပန်းပင်လေးတစ်ပင်သည် သူ့ဘ၀၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်ဟု ခံစားမိသောကြောင့်ဖြစ်သည်။ ထွက်ခွာသွားသော သူငယ်ချင်းအတွက် ကျွန်ုပ်လုပ်နိုင်သည်မှာ မေတ္တာပို့သည့်အခါ မသိမသာ မေ့လျော့ထားလိုက်ရန်ဖြစ်သည်။ သို့သော် ဤကိစ္စသည် မဖြစ်နိုင်မှန်း အားလုံးသိပြီးသားဖြစ်သည်။



မိမိစိတ်ကို မသိသူတစ်ယောက်သည် သူတစ်ပါးကို နားလည်ရန်မဖြစ်နိုင်ပါ။ အထင်မှားခြင်းတစ်ခုသာဖြစ်ပါလိမ့်မည်။ စိတ်ချမ်းသာချင်သူသည် အပူများအနားသို့မလာပါ ...။ ဝေးဝေးမှာအေးအေးနေပါလိမ့်မည်။ ထိုသို့နေခြင်းမှာ သူ့ကိုယ်သူနားလည်သောကြောင့်သာဖြစ်သည်။ သူသည် ပူလောင်မှုများကိုသာ မုန်းတီးတတ်သော်လည်း အပူကိုသယ်ဆောင်လာသူများကို မမုန်းတီးတတ်ပါ။ သူသည် သူငယ်ချင်းတစ်ယောက်ကို အသက်ရှူရန်ကိစ္စတစ်ခုလို လိုအပ်နေခဲ့ပြီး သူလိုအပ်သော အသက်ရှူကိရိယာအတွက် သူ့တွင် ကံတရားအလုံအလောက်ပါမလာခြင်းမှာ ပါရမီနုံနဲ့မှုတစ်ခုသာဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့အတွက် ငိုကြီးချက်မဖြစ်နေလောက်အောင် သူလည်းမအား။ ထို့ကြောင့် သူငယ်ချင်းကောင်းတစ်ယောက်ကို ရခြင်းမရခြင်းမှာ ကံတရားနှင့်ဆိုင်သည်ဟု သူတွေးခဲ့သည်။ ထိုအယူအဆအတွက် ကျွန်ုပ်က သူ့ကို နားမလည်နိုင်ခဲ့ပါ။ သတ္တ၀ါတစ်ခု ကံတစ်ခုဟုပြောနေသူသည်ပင် ထိုစကားလုံးကို ပြောခါနီးစဉ်းစားချိန်တွင်ကံတစ်ခု ၊ ပြောလိုက်ချိန်တွင် ကံတစ်ခု ... စုစုပေါင်း ကံနှစ်ခု လုပ်ပြီးနေပြီဖြစ်၍ သူ့ အဆိုကို သူ့ အဖြစ်အပျက်က ပြန်ချေပနေသလိုဖြစ်နေသည်။ ထို့ကြောင့် ကျွန်ုပ်သည် ... အတိတ်ကံကို စကားထဲထည့်ပြောရလောက်အောင် ယုံကြည်သူတစ်ယောက်ဖြစ်မလာခဲ့ပါ....။ သူငယ်ချင်းတစ်ယောက်ကို နှစ်ပေါင်း မည်မျှရှာလျှင်တွေ့မည်ဟု သင်ယူဆပါသလဲ။ ဘုရားသခင်ကိုယ်တော်တိုင်မရှိခဲ့သော သူငယ်ချင်းတစ်ယောက်ကို လူက ပြန်ရှာနေခြင်းမှာ အနည်းငယ် စွန့်စားခန်းဆန်နေနိုင်သည်။ သို့သော် ဘုရားသခင်သည် ကံဆိုးသူတစ်ယောက်ဖြစ်ပြီး သင်သည်ကံကောင်းသူတစ်ယောက်လည်းဖြစ်နေနိုင်ပါသေးသည်။

ထီပေါက်စဉ်နှင့်တိုက်ပြီးမှ စိတ်ပျက်လက်ပျက် လွှင့်ပစ်လိုက်ရသော ထီလက်မှတ်များလို ကျွန်ုပ်တို့သည် မျှော်လင့်သလို မဖြစ်ခဲ့ခြင်းအတွက် သူငယ်ချင်းများကို လွှင့်ပစ်ခဲ့သည်။ ထို့အတွက် မည်သူမှ တခုတ်တရ နောင်တမရခဲ့ကြ ...။ ဟန်ဆောင်ပန်ဆောင်လေးပင် မလုပ်နိုင်ကြဘဲ တစ်ခါတည်း လွှင့်ပစ်လိုက်သည်မှာ ကျွန်တော်တို့၏ တန်ရာတန်ကြေးထက်ပို၍ အဆပေါင်းများစွာမျှော်လင့်ခဲ့သော နှလုံးသွင်းမမှန်ကန်မှု ပြင်းအားများကြောင့်ဖြစ်လိမ့်မည်။ သူငယ်ချင်းတစ်ပင်စိုက်ပျိုး၍ ပန်းသီးများ၊ သစ်တော်သီးများ၊ မာလကာသီးများနှင့် ဖရဲသီးများ သီးပွင့်ပြီးသကာလ စပျစ်သီးမသီးလာ၍ ခုတ်လိုက်သူများလည်း ရှိကောင်းရှိနိုင်သည်။ ထို့ကြောင့် သင်သည် စိုက်ပျိုးသလောက်ရိတ်သိမ်းပြီးသားသူတစ်ယောက်ဖြစ်နိုင်သေးသည်။

သူငယ်ချင်းဆိုသည်မှာ ခပ်ဝေးဝေးမှ သူစိမ်းများသာ ဖြစ်လာခွင့်ရှိသော ရပိုင်ခွင့်တစ်ခုမဟုတ်ပါ။ သင့်ကိုနားလည်သော အဖေသည် သင့်သူငယ်ချင်းဖြစ်လာနိုင်ပါသည်။ သင့်ကိုနားလည်သောအမေသည် သင့်သူငယ်ချင်းဖြစ်လာနိုင်ပါသည်။ ထိုအခါ သူငယ်ချင်းများထံမှရော မိဘထံမှပါ သင် မုန့်ဖိုးရနိုင်ပါလိမ့်မည်။ သူငယ်ချင်းဆိုသည်မှာ သင်သိပ်ချစ်သော ချောကလက် အမည်ရှိသည့် ခွေးမလေးတစ်ကောင် ဖြစ်နေနိုင်ပါသည်။ သူငယ်ချင်းဆိုသည်မှာ ဘော်ဂီအမည်ရတဲ့ ငါးကလေးတစ်ကောင်လည်းဖြစ်ကောင်းဖြစ်နေနိုင်ပါသည် ...။ အနည်းဆုံးသူ့ကိုတွေ့လို့ သင်ပြုံးရသည်ဆိုလျှင် သူသည် သင့်သူငယ်ချင်းဖြစ်လာနိုင်ပါသည်။

အခါတပါးက တရားကျင့်တဲ့ရဟန်းတပါးက တရားထူးအသိအမြင်ကိုရတဲ့နောက်မှာ သူတရားရှုမှတ်နေကြ နေရာက သစ်ပင်လေးကိုပြောတယ် ... အစစအရာရာအတွက် ကျေးဇူးပါကွယ်တဲ့ ...။ ကျွန်ုပ်လည်း တခါတလေ ထိုစကားလုံးကို ကျက်မှတ်ထားမိသည်။ သို့သော် အခုအထိ မပြောရသေးသည်မှာ သူငယ်ချင်းဟူသော သတ္တ၀ါများသည် ၂၁ ရာစုမတိုင်မီ မျိုးသုဉ်းသွားခဲ့သောကြောင့်လည်းဖြစ်ကောင်းဖြစ်မည်။ ကျွန်ုပ်သည် နေရာမှားရောက်လာသော သစ်စေ့တစ်စေ့လို ကျောက်မျက်နှာပြင်ပေါ်တွင် အမြစ်စွဲဖို့ ရူးသွပ်နေသူတစ်ယောက်ဖြစ်နိုင်ပါသေးသည်။



သူငယ်ချင်းများသည် ဘုရားသခင်ကပေးသောလက်ဆောင်ဟူသော စကားကိုပြောခဲ့သူကို ထိုင်ထ အကြိမ်ငါးဆယ် ဒဏ်ပေးချင်သည်။ မရှိသော အရာကို ပေး၍မရကြောင်း သက်သေမပြချင်တော့ပါ ...။ အနည်းဆုံး ထိုသူသည် လူစီဖဲဆိုသော ရုပ်အချောဆုံးနတ်သားအကြောင်းကို တီးကြည့်ခေါက်ကြည့်ဖို့လိုပါမည်...။ ထို လူစီဖဲသည်ပင်လျှင် စာတန်ဖြစ်လာသည်။ ထို့ကြောင့် စာတန်သည် ဘုရားသခင်၏ ပြတ်စဲပြီးသား သူငယ်ချင်းတစ်ယောက်ဖြစ်သည်ဟု ဆိုနိုင်သည်။

စီစီဖာ့ထ် လှိမ့်တင်လိုက်သော ကျောက်တုံးတစ်တုံးစာ အဓိပ္ပာယ်ရှိခဲ့သော သံယောဇဉ်များစွာဖြင့် ခင်မင်ခဲ့ခြင်းများသည် ဒီနေ့ဒီအချိန်တွင် နေရာရှုပ်လာသော သတင်းစာဟောင်းတစ်ခုထက်မပိုတော့ပါ။ ထို့ကြောင့် ဖြစ်ပြီးပျက်သွားသမျှသည် အကြောင်းတစ်ဝက် အကျိုးတစ်ဝက် တိတိကျကျ ရှိနေသည်ဟု မပြောနိုင်တော့ပါ။ အကြောင်းများသည် သေးငယ်သော ရာခိုင်နှုန်းများစုပေါင်းထားခြင်းဖြစ်ပြီး အကျိုးများသည် ကြီးမားသာပြဿနာတစ်ခုကို လုံလုံလောက်လောက်ဖြစ်စေခဲ့ပြီဖြစ်ပြီ ...။ ၁၀၀၀၀၁ ကြိမ်မျြောက် ထုနှက်ချက် တစ်ခုထဲကြောင့် ကျောက်ဖျာကွဲအက်သွားခြင်းမဟုတ်ပါ .. ရှေ့မှ အကြိမ် ၁၀၀၀၀၀ ကိုလစ်လျူမရှုလိုက်ပါနှင့် ...။

နောင်အခါလာ နောင်အခါဈေးဟုတွေးမိသွားချိန်တွင် ... ကျွန်ုပ်သည်တော်တော်စိတ်ချမ်းသာလာပါသည်။ သူငယ်ချင်းများနှင့်ပတ်သက်၍ ကံမကောင်းခဲ့သူတစ်ယောက်သည် သူငယ်ချင်းများနှင့်မပတ်သက်၍ ကံကောင်းခဲ့သူတစ်ယောက်ဖြစ်လာသည်ဟု မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုမည်မဟုတ်ပါ။ ထိုသို့မယုံကြည်၍သာဖြစ်သည်။ လစ်ဟာသွားသော သူငယ်ချင်းများနေရာတွင် ကျွန်ုပ်သည် တစ်ခုခု အစားထိုးတပ်ဆင်ကြည့်ရန် စိတ်ကူးမရှိခဲ့ပါ။ ထိုနေရာသည် နှလုံးသားဖြစ်၍ အစားထိုးပစ္စည်းတစ်ခုကို လက်ခံနိုင်မည်မဟုတ်ပါ...။

မီးစင်ကြည့်ကထားသော နေ့စွဲများသာများသထက်များလာခဲ့သည်။
ကျွန်ုပ်သည် လုံလောက်စွာသော အချိန်တစ်ခုသို့ဆိုက်ရောက်ခဲ့သည် ...။
လစ်ဟာနေသော နေရာကို စိတ္တာနုပဿနာ အလင်းရောင်ဖြင့် ကြည့်မိသည် ...။
ထိုနေရာတွင် သူငယ်ချင်းများရှိမြဲရှိနေကြသေးသည် ...။

ကျွန်ုပ်သည် နှစ်ပေါင်းများစွာ ရေလိုက်လွဲခဲ့သော ငါးတစ်ကောင်ဖြစ်ကြောင်းနားလည်မိသွားလေသည်...။ ။
Zephyr


သူတို့ရပ်ကွက် သူတို့အကြောင်း(၄)

ကျွန်တော်တို့အိမ်ရှေ့မျက်စောင်းထိုး နှစ်အိမ်ကျော်တွင်နေသော ဦးအီစမိုင်နှင့် ဒေါ်ဟာစီးနားတို့လင်မယားက ကလေးတွေ တစ်ပြုံကြီးမွေးထားသည်။ ကျွန်တော့်စိတ်အထင် ပြောရလျှင် ခုနှစ်ယောက်လောက်ရှိမည်ထင်သည်။
စိတ်ထင်ဟုဆိုရခြင်းမှာ တစ်ခါမှ သေသေချာချာ မျက်စိဖြင့်တပ်အပ် ရေတွက်ကြည့်ခွင့်မရသောကြောင့် ဖြစ်၏။ စိတ်အေး လက်အေးတစ်ယောက်ခြင်း ရေကြည့်ခွင့်ရဘို့ကလည်း ခက်ခဲလိုက်သည့်ဖြစ်ခြင်း . . . ။
ဟော . . .တစ်ယောက်၊ ဟော . . . တစ်ယောက်ဆိုသလို ပြေးလွှားခုန်ပေါက်ပြီး အိမ်ထဲမှထွက်လာလိုက်ကြ၊ လှစ်ကနဲ လှစ် ကနဲပြန်ဝင်ပြေးသွားလိုက်ကြ၊ တစ်ယောက်ကိုတစ်ယောက် ကျော်လိုက်ကြ ခွလိုက်ကြနှင့် မျက်စိလည်စရာ . . အာရုံနောက်စရာ။ အကြီးဆုံးကလေးနှစ်ယောက်ကမှ လေးတန်းနှင့်သုံးတန်းအရွယ်၊ ကျန်တာတွေအားလုံးက ဘုစုခရုတွေချည်းဖြစ်ကြ၏။
ဒေါ်ဟာစီးနားနှင့် အိမ်ချင်းကပ်နေသည့် ဒေါ်သန်းတင်ကလည်း အားကျမခံ ကလေးခြောက်ယောက်မွေးထား၏။ အားလုံး မျောက်လောင်းလေးတွေချည်းပင်။ အငိုသန် အဆော့သန်နှင့် ကျွမ်းထိုးသူကထိုး၊ သစ်ပင်မှာ တွဲလောင်းခိုသူကခို၊ မသိလျှင် ဆပ်ကပ် အဖွဲ့ကြီး နယ်ပြောင်းလာသလားဟုပင် ထင်ရသည်။
သူတို့မိသားစုနှစ်စုနေရ ထိုင်ရသည်မှာလည်း ခြံဝင်းတစ်ဝင်းကို တစ်ဝက်ပိုင်းကာ ရောင်းထားသော ပေနှစ်ဆယ် ပေခြောက် ဆယ် မြေကွက်ထဲမှာ နှစ်အိမ်ကပ်ပြီး ဆောက်ထားခြင်းဖြစ်၏။ ဒီတော့ . . ခြံတွေ ဘာတွေလည်း သီးသီးသန့်သန့် ခတ်မနေနိုင်။ ဆယ်ပေမပြည့်တပြည့် အိမ်ခန်းဖွဲ့ထားရသော ၀ါးထရံချင်းပင် ထိလုခမ�န်းကပ်နေ၏။ ဒီဘက် အိမ်ခန်းထဲမှ တီးတိုးပြောသံကိုပင် ဟိုဘက်အိမ်မှ အတိုင်းသားကြားရသည်။
“ဟဲ့ . . မအေ . .၊ နှမ . . ၊ သေချင်းဆိုးလေးတွေ ငါ့မှာ စားဖို့သောက်ဖို့ လုံးပန်းရတာကတစ်ဖက် . . နင်တို့ကို ထိန်းရတာက တစ်ဖက်နဲ့ . . ဟင်း . .သေသာသေလိုက်ချင်တော့တာပဲ”
ဒါက မနက်စောစောတိုင်းမှာ ကြားရတတ်သော ဒေါ်သန်းတင်၏တစ်နေ့တာအစီအစဉ် အဖွင့်မင်္ဂလာသီချ�1��င်ဋ ဒေါ်သန်းရှင် က ဘာစကားပဲပြောပြော အဆဲလေးနှင့် ပြောတတ်သော ၀သီရှိ၏။
တစ်ခါကလည်း ကျွန်တော်တို့လမ်းထဲကို နွားနို့လာရောင်းလေ့ရှိသော ရာကွတ်ဆိုသည့် ငနဲကို ဒေါ်သန်းတင်က လှမ်းခေါ်ပြီး
“ဟဲ့ . . ရာကွတ်၊ ‘ . . . .’ တစ်ဆယ်သား ဘယ်ဈေးရောင်းသလဲ”
မေးတာကတော့ နွားနို့ဝယ်ဘို့ ဈေးမေးခြင်းသာဖြစ်သည်။ သို့သော် ဒေါ်သန်းတင်က “နို့” “နို့” ဟု ရိုးရိုးမပြောဘဲ သူ့ဝတီ အတိုင်း အဆဲကလေးဖြင့် “နင့်အမေ” ဟု အစချီပြီး ပြောချလိုက်လေရာ ရာကွတ်၏အကြားအာရုံထဲတွင် ထိုးထိုးတွန့်တွန့်ဖြစ်သွား ၏။
ရာကွတ်ကလည်း ဗမာရည်ကိုမွှတ်နေအောင် ပြောတတ်သော ငတိဖြစ်လေရာ . . .
“ဟရေး . . . အမား၊ ချွန်ဒေါ့်ကို ငရဲမပေးပါနဲ့ . .အမား။ ချွန်ဒေါ့်အမေကိုနော် . . ချွန်တော် . . ဘုရားနဲ့တစ်ဂိုဏ်းတည်းထား တယ်။ ဟောဒီမှာ . . နွားနို့နော် . . သောက်ရင်အားရှိဒယ်၊ ကောင်းဒယ်။ အမား ပြောတဲ့ဥစ္စာနော် . . ဟရေး . . တစ်ဝကြီးမကောင်း ဘူး အမား၊ စဉ်းစားပါဦး”
“ဟယ် . . သောက်ရေးထဲ၊ ကမ္မ၀ါဖတ်မယ့် ဒီ “အကောင်” က တစ်မျိုး၊ သွား . . .သွား၊ သေချင်းဆိုး . . ရိုးရိုးတန်းတန်း စဉ်းစားတာမဟုတ်ဘူး”
ဒေါ်သန်းတင်က သူ့စကားကို တည့်တည့်ကြီးအဓိပ္ပါယ်ကောက်ရလေမလားဟု ဒေါသအကြီးအကျယ်ထွက်ခါ နွားနို့မ၀ယ် တော့ဘဲ ရာကွတ်ကိုမောင်းထုတ်၏။
စကားလုံးဘာသာအပြန်မှားသော ရာကွတ်ခမျာကား မျက်စိကလေး ကြောင်ကလပ်ကြောင်ကလပ်ဖြစ်ကာ ခေါင်းကို ကုတ်ရင်း တရွေ့ရွေ့ခြေလှမ်းများဖြင့် ဆုတ်ခွာလေသည်။
အဲဒီမြင်ကွင်းကို ခြံရှေ့မြောင်းပေါ်ခွကာ ဆောက်ထားသော ခုံတန်းရှည်ပေါ်ထိုင်ရင်း ဂစ်တာတီးနေသည့် ကျွန်တော်တို့အုပ်စု ကမြင်တော့ ဟားကြ၏။ အစအနောက်သန်သည့် ပန်းချီဆရာကတော့ ရာကွတ်ကိုလှမ်းခေါ်ပြီး
“အဲဒါကြောင့် . . ဟိုစာရေးဆရာကြီးတစ်ယောက်ကပြောတာပေါ့ကွ၊ “အရမ်းဘာသာမပြန်နဲ့” . . . တဲ့ မှတ်ထား . . ရာကွတ်”
“ဟရေး . . ဘာပြောတာလဲ၊ နားမလည်ဘူး၊ ငါ . .ရူးပြီး၊ ငါ . . ရူးပြီ”
(ကျွန်တော်တို့ စာအုပ်သမားအချင်းချင်းလောက်သာ သိမည်ဖြစ်သည်။) အထာစကားကို ရာကွတ်နားမလည်။ စိတ်ရှုပ်စွာဖြင့် သူ့ဆံပင်တွေကို သူထိုးဖွရင်း နွားနို့ပုံးကိုဆွဲကာ ကျွန်တော်တို့နှင့်ဝေးရာဆီသို့ သုတ်ခြေတင်လေတော့သည်။
ကျွန်တော်တို့ကတော့ ရယ်လျက်မောလျက်၊
ဒေါ်သန်းတင်၏ ဆဲရေးသံကိုလည်း နားယဉ်ပါးလျက် . . . ။
တစ်မနက်ခင်းမှာတော့ ဒေါ်သန်းတင်ကို လူကိုယ်တိုင် မမြင်ရဘဲ အိမ်နောက်ဖေးဘက်ဆီမှ တစ်ချက်တစ်ချက်ထွက်ပေါ်လာ သော ဆဲသံကိုသာကြားနေရ၏။ မီးဖိုချောင်တွင် ချက်နေပြုတ်နေရင်း အိမ်ရှေ့သို့ ထွက်မလာနိုင်လောက်အောင် အလုပ်များနေ သည့်ကြားက မမေ့မလျော့ တာဝန်ကျေကျေ လှမ်းလှမ်းဆဲနေခြင်းဖြစ်၏။
ဆဲမည်ဆိုလျှင်လည်း ဆဲချင်လောက်စရာ။ အိမ်ရှေ့မြေကွက်လပ် ကျန်းကျန်းကလေးမှာ ကလေးတွေက ဗြောင်းဆန်အောင် ဆော့ကစားနေကြ၏။ တစ်လံသာသာလောက်ပင် မဝေးသော ဟိုဖက်အိမ်ခန်းမှ ဒေါ်ဟာစီးနား၏ ရင်နှစ်သည်းချာကလေးများက လည်း မျောက်ကလေးတွေပမာ ကမြင်းကြောထနေကြသည်မို့ ဒီဘက်က ဒေါ်သန်းတင်၏ “ချစ်စရာ့အရွယ်ကစားကြမယ်” ကလေး များက အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ကို လက်ကိုင်ထားကာ မီးကုန်ယမ်းကုန် အပြိုင်အဆိုင် “ထကြွ” နေကြခြင်းဖြစ်ပုံရသည်။
အိမ်ရှေ့ခုံတန်းရှည်ပေါ်တွင် ထိုင်နေရင်း မကြည့်ချင်မြင်လျက်သားဖြစ်နေသော ကျွန်တော်ပင်လျှင် သက်ပြင်းကို သုံးမိနစ် တစ်ကြိမ်လောက်ချဖြစ်၏။
ဒဿဂီရိ၏ လင်္ကာဒီပကျွန်းကို မျောက်တွေတပ်နှင့်ချီပြီး စစ်သွားတိုက်စဉ်တုန်းက ယောက်ယက်ခတ်နေပုံမှာ ဒီလိုမျိုးပင်ဖြစ် လိမ့်မည်ဟုလည်း စိတ်မသက်မသာတွေးမိသည်။
သိပ်မကြာလိုက်ပါ။
“ဗြဲ . . ” ကနဲ အာခေါင်ခြစ်၍ ငိုကြွေးလိုက်သော ကလေးပေါက်စတစ်ကောင်၏ အသံကိုကြားရလေသည်။
ဆော့ရင်းကစားရင်း ကလေးတစ်ယောက်ယောက် ထိမိခိုက်မိသဖြင့် ငိုကြွေးလိုက်ခြင်းဖြစ်ပုံရ၏။ ကလေးငိုသံနှင့် မရှေး မနှောင်းမှာပင် ဒေါ်သန်းတင်၏ သူ့ကလေးကိုသူ ဆဲဆိုငေါက်ငန်းလိုက်သံက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာလေတော့ သည်။
“သေချင်းဆိုးလေး . .၊ ဘာဖြစ်ရပြန်ပြီလဲ။ နေဦး . . နေဦး . . ဒီမှာ ငါ ထမင်းအိုးငှဲ့ပြီးတော့မှ နင့်ကျောကို အရေဆုတ်ပစ်ရဦး မယ်”
ဆူပူသံကြောင့် ထင်သည်။ ကလေးငိုသံက ပိုကျယ်လောင်လာ၏။
ဒေါ်သန်းတင်က လူကိုယ်တိုင်ထွက်မလာသေးဘဲ နောက်တစ်ခွန်းထပ်ဆဲသည်။
“ဟဲ့ . . . ကမြင်းတုန်းက ကမြင်းပြီး ခုမှေ-ာက်သံပြဲနဲ့ ငိုမနေနဲ့။ ကျက်သရေမရှိဘူး၊ အခု တိတ်စမ်း”
ထိုအချိန်တွင် ဈေးဝယ်ရာမှ ပြန်ရောက်လာသော ဒေါ်ဟာစီးနားတစ်ယောက်ခြံပေါက်ဝထဲ လှမ်းဝင်ဘို့ပြင်စဉ်မှာ တုံ့ကနဲရပ် သွား၏။
“အီး . . ဟီး . . ဟီး . .၊ ၀ါး . .၀ါး”
ကလေးကတော့ စူးစူးဝါးဝါး ငိုဆဲပင်။
မီးဖိုချောင်ထဲမှာ ဒေါ်သန်းတင်ကလည်း
“တယ် . .၊ ဒီ ဖေ- မသားလေးဟာ၊ တိတ်ဆိုတိတ်မဟုတ်ဘူး၊ မွေးကတည်းက သနေကိုယုတ်တယ်”
“အီး . . .အီး . . ၀ါး . .ဟင့် . .ဟင့်”
ကလေးက စီစီညံအောင် ငိုကြောရှည်နေမြဲ။ ခြံဝမှာရပ်နေသော ဒေါ်ဟာစီးနားကလည်း မျက်လုံးကြီးပြူးလျက်။
မဆုံးနိုင်အောင် ရှည်လျားတော်မူသော ကလေး၏ ငိုချင်းသံကို နားကြားပြင်းကပ်လာသော ဒေါ်သန်းတင်က
“ဟဲ့ . . အလေနတောကလေး၊ တစ်ခါတည်း သေသွားရင်လည်း အေးတာပဲ၊ေ-ာက်ငိုကြောက ရှည်လိုက်တာ၊ ကာလနာ တိုက်ပါစေတော်”
ဒေါ်သန်းတင်၏ ပိုးစိုးပက်စက် ဆဲသံဆိုသံအဆုံးမှာပင် ခြံဝရှိ ဒေါ်ဟာစီးနားက ထမီတိုတိုပြင်ဝတ်လိုက်တာ အင်္ကျီလက် မောင်းကို ပင့်တင်ရင်း ခုနှစ်သံချီဟစ်၍ . . .
“အိမ်ထဲကနေ ယုတ်ယုတ်မာမာဆဲနေတဲ့ အယုတ်တမာ မိသန်းတင်ရဲ့၊ ဟင် . . နင် သတ္တိရှိရင် အခုချက်ချင်း အိမ်ထဲကထွက် ခဲ့စမ်း”
ဒေါ်ဟာစီးနား၏ ဒေါသနတကြီးစိန်ခေါ်သံကြောင့် ဒေါ်သန်းတင်ကလည်း လက်ထဲမှ ထမင်းအိုးကိုဆောင့်ခနဲ ပစ်ချပြီး ထရပ် လိုက်၏။
“ငါ့ ကလေးကို ငါဆူတာ ဘယ်ကောင်မကကြားထဲက ၀င်ပြီး အကဲဆတ်နေရတာတုန်း”
ဟူသည့် အတွေးဖြင့် ဒေါသထောင်းထောင်းထပြီး
“စိန်ခေါ်နေတာ ဘယ်ကကောင်မလဲ၊ သန်းတင်တဲ့ . . ငါ့လက်ဝါးက ပါးမရွေးဘူးနော်”
ပြောပြောဆိုဆိုဖြင့် ဒေါ်သန်းတင်က အိမ်ရှေ့ဆီသို့ လွှားခနဲခုန်ထွက်လာ၏။ အသင့်စောင့်နေသော ဒေါ်ဟာစီးနားကလည်း
“လာစမ်းပါ . . လာစမ်းပါ။ ဟောဒီကလည်း . . ငါ့ကလေး သူ့ဖာသာသူ ငိုတာကို အသားလွတ်ဆဲတဲ့ မိန်းမလူစွမ်းကောင်း ကြီးကို ပါးရိုက်ချင်လွန်းလို့ . . .”
“ဟိုက် . . .”
ဒီတော့မှပင် . . . ဒေါ်သန်းတင်လည်း ငိုနေသည့်ကလေး ဘယ်သူဘယ်ဝါဆိုသည်ကို သေသေချာချာကြည့်မိတော့သည်။
စင်စစ် . . ငိုနေသည်က သူ့ကလေးမဟုတ်။
ဒေါ်ဟာစီးနား၏ကလေး ငိုနေခြင်းသာဖြစ်၏။ အိမ်ခန်းချင်းက ပူးကပ်လွန်းနေတော့ ဟိုဖက်အိမ်က ငိုတာလား။ ဒီဖက်အိမ်က ငိုတာလားဆိုတာကိုလည်း အကွာအဝေးဖြင့် မှန်းဆ၍မရ။
ပြီးတော့ . . . .
မြန်မာကလေးလေးပဲဖြစ်ဖြစ်၊ ကုလားကလေးပဲဖြစ်ဖြစ် . . ငိုသည့်အခါတွင်တော့ အသံချင်းက အတူတူပဲမဟုတ်လား။
* * * * *
ဒေါ်သန်းတင်တစ်ယောက် မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားပွင့်သွားသည်။ သူ့ခမျာ ကလေးချင်းမှားပြီး ဆဲမိပြီဆိုသည်ကို သဘောပေါက်လိုက်မိချိန်တွင် ပြန်လည်ပြင်ဆင်ရန် အများကြီး နောက်ကျသွားခဲ့ပြီ။
ဒေါ်ဟာစီးနားက ထမီစ အနားနှစ်ဖက်ကို ဆတ်ခနဲမတင်လိုက်ရင်း
“ငါ့ကလေးက ငိုနေတာကို ညည်းက ဘာကိစ္စသနေယုတ်သလေး ဘာလေးနဲ့ ဆဲရအောင် ညည်းကတော့ ဘယ်လောက် တောင် သနေကောင်းနေလို့လဲဟဲ့ . . ကောင်မရဲ့”
“နင့်အကြောင်း ငါမသိဘူးများမှတ်နေလို့လား၊ နင်ဟာ . . .”
ဒေါ်ဟာစီးနားကား ဒေါ်သန်းတင်၏ ငယ်ကျိုးငယ်နာတို့ကို ဖော်လေပြီ။ အရှက်ကွဲလေပြီ။ ဒီတော့ ဒေါ်သန်းတင်ကလည်း ငုံ့ခံ နေ၍မဖြစ်တော့။ အဆဲကို အဆဲချင်း၊ အကွဲကို အကွဲချင်းတုံ့ပြန်ရာမှ နောက်ဆုံးတွင် လက်ရုံးအားကိုးကြလေတော့သည်။
ဆံပင်ကိုဆွဲကြ၏။ ပါးကိုရိုက်ကြ၏။ ကုတ်၏။ ကိုက်၏။ ဆောင်၏။ ကန်၏။ ဘယ်ဒူး ညာဒူးသုံး၏။ ပတ်တံတောင် ပင့်တံတောင် ရိုက်၏။ ၀ိုက်၏။ ထိုး၏။ ခြေစုံပစ်ဝင်၏။ လှိမ့်ရှောင်၏။ အနီးကပ်၍ တွတ်၏။ လက်ဖျံဖြင့်ကာ၏။ ခုန်ကာ ကုပ်ပိုးကိုထောင်း၏။ ခေါင်း ချင်းတိုက်၏။ ညိုသကျည်းကို ဖြတ်ရိုက်၏။
ရပ်ကွက်ထဲက လူတွေက ရုတ်တရက်မို့ ဖျန်ဖြေဘို့သတိမရ။ တဟားဟားရယ်လို့သာ နေကြလေတော့၏။
(ဒေါ်သန်းတင်၏ ယောက်ျားဦးမောင်ဝမ်းတစ်ယောက် အရပ်ထဲတွင် ဇာတ်ပွဲကသည့်အကြောင်းကိုလည်း စကားစပ်မိလျှင် ပြောပြရပါဦးမည်။)
မင်းခိုက်စိုးစန်


သူရာထောင့်မှအိပ်မက်များ
အချိုရည် “ဆရာမ”

ကျွန်တော် အရက်စသောက်တုန်းက အဖော်မရှိလျှင် . . . မဖော်မပါလျှင် အရက်ကိုလုံးဝမသောက်တတ်ခဲ့ပါ။ ထို့ကြောင့် . . ကျွန်တော်သည် ညနေစောင်းလျှင် . . အရက်သောက်ဖော်ကိုရှာရသည်။ ကိုယ်ကတိုက်မယ်စိတ်ကူးထားလျှင် အရက်သောက်ရှာရတာများခက်လို့လား! ဟုမေးချင်ကြလိမ့်မည်။
ခက်ပါသည်။
ကျွန်တော်တို့ စာရေးဆရာများ၊ ကဗျာဆရာများမှာ အရက်ကလေးပုံမှန် Limit သို့ရောက်သွားလျှင် အနု ပညာအကြောင်းကို စကားစတတ်သည်။ နောက်ပြီးတော့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်မယ့်ဟာ၊ ကိုယ်အားမရတာ . . . စသည့် အနု ပညာကိစ္စတွေကို ပြောချင်သည်။ ပြီးတော့ လုပ်ပြီးသားကလေးတွေကို စားမြုံ့ပြန်ချင်သေးသည်။
ဒီတော့ . . ကျွန်တော်နှင့်အတူသောက်မည့် သူသည် . . အနုပညာသမားဖြစ်ချင်သည်။ စာနယ်ဇင်းသမား ဖြစ်ချင်သည်။ လောဘအနည်းဆုံးဟုဆိုလျှင် အနုပညာကို ၀ါသနာပါသူကလေးတော့ ဖြစ်စေချင်သည်။
ထို့ကြောင့် (၃၃)လမ်းသည် အနုပညာကိစ္စတွေအတွက် ကျွန်တော်တို့မသွားမဖြစ်သွားရသော နေရာတစ်ခု ဖြစ်သည့်အပြင် ကိုယ်နဲ့ညနေခင်းအလွန်မှာ ရင်ဘတ်ချင်း ဂျပ်ပင်ထိုးပြီး အရက်သောက်ဖက်ရှာရန် တောအုပ်ကြီးတစ်ခုဖြစ်လာသည်။
ကျွန်တော်နှင့် ဆယ်ခါတွင် ကိုးခါတွဲသောက်ဘက်များက ကာတွန်းဆရာများသာဖြစ်သည်။ (သူတို့သည် သူတို့လီမစ်သို့ရောက်လျှင်ပါးစပ်ဖြင့်၊ စကားလုံးဖြင့် ကာတွန်းဆွဲတတ်ကြသဖြင့် အလွန်ပျော်စရာကောင်းသည်)။ ကျွန်တော်သည် ကဗျာဆရာ၊၀တ္ထုဆရာများနှင့်တော့ တစ်ခါတစ်ရံကြုံကြိုက်သည့်အခါတွင်လည်းကောင်း ကိစ္စရှိသောအခါတွင်လည်းကောင်း ကျွန်တော်ကိုယ်တိုင်ကိုက သူတို့နှင့်စကားပြောချင်သည့်အခါတွင်လည်းကောင်းမှသာ သောက်လေ့ရှိပါသည်။
ကျွန်တော်တို့(၆း၃၀)လောက်တွင် အတူနေစဉ် ထိုင်ဖြစ်သူများက . . ကိုရွှေထူး (ပြည်) ကာတွန်းစောမင်းဝေ စာအုပ်၊ ပြက္ခဒိန်၊ Computer ဒီဇိုင်းအစုံလုပ်သော မိုးကျော်၊ ကိုရွှေထူး၏ညီ မျိုးကြီး၊ ၀လုံး၊ ဖေသစ်တည်နှင့် တိရိစ္ဆာန်စိုးစံဝင်းတို့ဖြစ် သည်။
ဆရာအော်ပီကျယ်နှင့် ဆရာစိုးသော်တာတို့ကတော့ အိမ်က ကိုယ့်ဇနီးကို ငွေများများအပ်နိုင်သည့်နေ့မျိုး နှင့် ငွေလုံးဝမအပ်နိုင်သော နေ့မျိုးဆိုလျှင် ရံဖန်ရံခါဝင်ကြိတ်လေ့ရှိပါသည်။ တစ်ပတ်မှာ တစ်ကြိမ်နှစ်ကြိမ်လောက်တော့ သူတို့ ပါဝင်တတ်သည်။
ဆရာအော်ပီကျယ်နှင့် ဆရာစိုးသော်တာတို့ကို အရက်သောက်ခြင်းနှင့်ပတ်သက်ပြီး ချီးကျူးပါသည်။
ဆရာအော်ပီကျယ်၊ ကျွန်တော်၊ ဆရာညို၊ ဆရာကိုတင်ကိုအောင်၊ ဆရာကိုခင်ဇော်တို့ တစ်ညဆုံကြရာ ဆိုင် တွင် အ၀သောက်ပြီးသော်လည်း ကိုယ့်အိမ်ကို မပြန်ကြသေးပဲ တွေ့သည့်ဆိုင်တွင် တစ်ယောက်တစ်ပတ်စီချကြမည်ဆိုပြီး လျှောက် ကြရာ အရက်ဆိုင်ကိုတွေ့သည်နှင့် ခုံတွင်ဝင်မထိုင်ဘဲ ဘီအီးတစ်ပတ်စီမှာ၍ သောက်ကြရာ . . . ဘယ်နှစ်ဆိုင်ဝင်၍ ဘယ်နှစ်ခွက် သော�ကလေက�ည်မသိတော့ . . .။ ကျွန်တော်အိပ်ရာကနိုးတော့ မနက်(၁၁)နာရီ၊ နေရာက ဆရာတင်ကိုအောင်၏အိမ်။ ခေါင်းတွေ တစ်ခေါင်းလုံး လေးလံပြီးနားထင်တွင် ဘင်ခရာတပ်ဖွဲ့ရောက်၍နေသည်။
“ကောင်လေး နိုးပြီးလား!”
“ခေါင်းတွေ အရမ်းကိုက်နေတယ်အကိုကြီး”
“ရေအ၀သောက်လိုက် . . .. ”
“ကျွန်တော် ခေါင်းတောင်မထူနိုင်ဘူး”
ဆရာတင်ကိုအောင်က ကိုယ်တိုင်ထ၍ ရေခပ်တိုက်ပါသည်။ ဒါလည်း ခေါင်းကိုက်တာကမပျောက်၊ ရင်တွေ တုန်တာကမပျောက်၊ ဆရာတင်ကိုအောင်ကတော့ ဘာမှမဖြစ်သည့်ပုံစံဖြင့် မျက်မှန်ကလေးတပ်ရင်း . . နယ်မှလာသော ဆရာနေမျိုး ၏လက်ရေးဝတ္ထုကို ဖတ်နေသည်။
ကျွန်တော်ခေါင်းအုံးတွေ စောင်တွေကြားထဲသို့ ပြန်ပြုတ်ကျသွားသည်။
ဆရာတင်ကိုအောင်က သူဖတ်နေသောဝတ္ထုပြီးတော့မှ . . ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး တံခါးကြားထဲက ပုလင်းကို ထုတ်ယူပြီး လက်နှစ်လုံး (နှစ်ပက်)လောက်ကို ငှဲ့ထည့်ပြီး ရေနည်းနည်းသာရောပြီး ကျွန်တော့်ကိုပေးပါသည်။
“မင်းဘာဆေးမှသောက်လို့ ခေါင်းကိုက်တာ ဘာညာမပျောက်ဘူး၊ ဒါပဲချလိုက်၊ ပြီးတော့ ညက ငါတို့လုပ် တာ အဓိပ္ပါယ်မရှိဘူးကွ၊ နောင်ကိုမလုပ်နဲ့ . . ရော့ သောက်လိုက်”
ကျွန်တော်ယုံကြည်စွာပင် အသက်ကို တစ်ချက်မှမရှုဘဲ သောက်ချလိုက်သည်။ ပြီးတော့ ပြန်မှိန်းနေလိုက် သည်။ သို့သော် . . မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် တစ်မိနစ်ကျော်ကျော်တွင် ကျွန်တော်သည် လန်းဆန်းစွာပြန် လည်နိုးထ၊ ကောင်းမွန်၊ လန်းဆန်း သွား၏။
“အစ်ကိုကြီး ယူပစ်လိုက်သလိုပါပဲလား!”
“အေး . . အဲဒါဖြေတယ်လို့ ခေါ်တယ်၊ ဒါပေမယ့် ဒါကောင်းတဲ့လက္ခဏာ မဟုတ်ဘူး၊ နောင်ကို အဲဒီလို ဘယ်တော့မှ မဖြစ်စေနဲ့”
ကျွန်တော်သည် ထိုစဉ်က အရက်ကို ကာတွန်းအဖွဲ့နှင့် မဟုတ်လျှင် ဆရာတင်ကိုအောင်၊ ဆရာညို၊ ဆရာ ကောင်းသာ၊ ဆရာကိုသန်းထိုက်တို့နှင့်သာ သောက်လေ့ရှိပါသည်။ ထိုသို့ ပုံမှန်သောက်သောက်ခဲ့သည်မှာ လေးနှစ်ခန့်ရှိပါသည်။
ထို့နောက် ကျွန်တော်တို့ ကာတွန်းအဖွဲ့သည် လူလည်းမစုံ အလျှင်ကလိုလည်း ညနေတိုင်းမတွေ့တော့ပဲ ၀ိုင်းပျက်သွား၏။ ဟန်သစ်အယ်ဒီတာချုပ် ကိုတင်ကိုအောင်ကလည်း ဘောလုံးဂျာနယ်တစ်ခုတွင် အယ်ဒီတာလုပ်ပြီး “ဟန်သစ် မဂဇင်း”ကို နှစ်နှစ်အငှားစာချုပ်ဖြင့် ခဏလက်လွှဲထားပြီး ဆရာကိုခင်ဇော်က ငြိမ်းငြိမ်းချမ်းချမ်းဆိုသော စာအုပ်တိုက်မှာရောက်ပြီး ငြိမ်းငြိမ်းချမ်းချမ်းပင် ရှိနေဟန်တူပါသည်။ ဆရာသန်းထိုက်ကတော့ သူတွဲနေသည့်ကောင်မကလေးပဲ အိမ်ထောင်ကျသွားသလား! သူပဲအိမ်ထောင်ကျသွားသလား မပြောတတ် တွေးကိုမတွေးတတ်တော့ပါ။
သို့သော် ညနေစောင်းလျှင် အရက်တောင်းသော သွေးသာဆန္ဒကတော့ လျှော့မသွား၊ ပြိုကွဲ၍မသွားသည့် အတွက် ကျွန်တော်သည် အုပ်စုတွေကွဲကုန်ပြီဖြစ်သော (၃၃)လမ်းသို့လည်း မရောက်တော့၊ ဆရာတင်ကိုအောင်နှင့် အတယ်ကြီး ဆိုင်သို့လည်းမရောက်တော့ပဲ ရပ်ကွက်ကဆိုင်တွေမှာပင် ကြိတ်ရတော့သည်။
အရက်ကတော့ သူ့ထုံးစံအတိုင်း သစ္စာမဖောက်ဘဲ မူးမြဲမူးပေးသော်လည်း အရက်သောက်ဖော်ကားမရပါ။
ပထမ ကျွန်တော်တို့၏ ၀ါဆိုဦးကားဂိတ်မှ ကားစပါယာတစ်ယောက်နှင့် မျက်မှန်းတန်းမိရာမှ အတူထိုင်ဖြစ် သည်။ သူက ကျွန်တော့်ကို စာရေးဆရာမှန်းသိနေသဖြင့် သူ့ဘ၀ဇာတ်အကြောင်းကိုပြောပြပါမည် . .. ကျွန်တော့်ကိုရေးဟုဆို သည်။ ထိုဇာတ်ကို ကျွန်တော်ရေးလျှင် ပေါက်မှာကျိန်းသေသည်ဟုဆိုပြီး ပြောရင်းသောက်သည်။ သူ့ဇာတ်လမ်းက ဘာမှထူးခြား တာမပါ၊ သူလိုကိုယ်လိုကြုံနေကျ ဇာတ်လမ်းဖြစ်သည်။
စာတွေရေးနေသော စာရေးဆရာနှင့် တွေ့လျှင် ကိုယ့်ဇာတ်လမ်းကိုလူတိုင်းကပြောချင်ကြသည်။ စာရေး ဆရာသည် သူ့ (ပြောသူ) ဇာတ်လမ်းကိုရေးလိမ့်မည်။ စာရေးဆရာသည် အရက်ဆိုင်မှာ ဇာတ်လမ်းရေးစရာလာရှာသည်။ သွားကော လိပ်ထဲမှာ ဇာတ်လမ်းလာရှာနေသည်ဟု သူတို့ထင်ကြသည်။ စာရေးဆရာမဟုတ်သူတွေ ထိုသို့အတွေးရောက်အောင် မည်သည့် စာရေးဆရာကများ လုပ်သွားသည်မသိ။ တော်တော်ဆိုးပါသည်။
အင်ဗက်တာနှင့် မီးအားမြှင့်စက်တွေဆင်ပြီး ရောင်းသူ၊ ပျက်လျှင်လည်း ပြင်ပေးသော လူတစ်ယောက်နှင့် အရက်အတူသောက်ဖြစ်သည်။
“ခင်ဗျားကို ကျွန်တော့်အကြောင်းပြောပြမယ်၊ ရေးစမ်းပါဗျာ၊ အချစ်ရော၊ ဘ၀ရော၊ ပညာပေးရောပါတယ်”
ကျွန်တော့်စိတ်နှလုံးသည် လေးလံထိုင်းမှိုင်းသွားသည်။ ကျွန်တော့်လွတ်လပ်မှုသည် ပြိုကွဲသွားသည်။ သူ ကတော့ အားကြိုမာန်တက်ဖြင့် သူ့ပေါင်ကို သူပုတ်လိုက် . . . ကျွန်တော့်ပေါင်ကို ပုတ်လိုက်ဖြင့် ပြောသည်။
ပြီးတော့ ထိုငတိကြီးက စကားပြောလျှင် မေးခွန်းမေးမေးပြီး စကားပြေသည်။ ထိုစကားပြောနည်းမှာ ကျွန်တော် စက်စက်စုတ်စုတ် မုန်းတီးသော စကားပြောနည်းဖြစ်သည်။
“ကဲ . . ခင်ဗျား အင်ဗာတာကို လေးထပ်တိုက်ပေါ်က ပစ်ချလိုက်တာများ၊ လေးထပ်တိုက်ပေါ်က ဘာလုပ်ရဲ မလဲ!”
“အင်း . . အင်း . . . . ဒါပေါ့”
“ပစ်ချရမှာ . . . . ပစ်ချရမှာ . . . . .”
သူ့ပေါင်ကို သူပုတ်ပြီး အားရပါးရ မာန်ပါပါ ပြောသည်။
“အဲဒီလိုပျက်စီးပြီး တစ်စစီဖြစ်သွားတဲ့ အင်ဗတ်တာကို ကျွန်တော်က ဘာဖြစ်လဲ!!”
ကျွန်တော် ပေါင်ကိုပုတ်ပြန်သည်။
“အင်း . . . . ပေါ့”
“ဘာဖြစ်လဲ!! ဘာဖြစ်လဲ! တစ်ရက်တည်းနဲ့ ပြီးအောင် ပြင်နိုင်တယ် . . . တစ်ရက်တည်းနဲ့ . . ဘယ်နှစ်ရက် လဲ!”
“အင်းပေါ့ . . အင်းပေါ့ . . ဒါပေမယ့်ခင်ဗျား ကျွန်တော်မေးတာလေးတစ်ခုတော့ ဖြေပေးစေချင်တယ်”
“မေးလေ . . မေးမေး ဒါမှဘဲ ဆရာရေးရတာ လွယ်ကူမှပေါ့မေး”
“ထူးထူးခြားခြား မဟုတ်ပါဘူး၊ ခင်ဗျားဘုန်းကြီးလူထွက်လားလို့ မေးချင်တာ . . .”
“ဟုတ်တယ် . . . စကားပြောရင် မေးမေးပြီး ပြောလွန်းလို့”
တစ်ချို့ကလည်း သူတို့အချစ်အကြောင်းကို ပြောတတ်ကြသည်။ ရည်းစားဦးအကြောင်း . . အခုကျနေတဲ့ လက်ရှိအိမ်ထောင်အကြောင်း . . ပြောပြီးလျှင် ရေးပါဟု ဆိုတတ်ကြသည်။ ဆရာ ဘာရသလဲ! ဟုမေးတတ်ကြသည်။ သူတို့ပြောပြ သည့်ဇာတ်လမ်းတွေက ဘာမှမထူးခြားသော ဖြစ်နေကျတွေမို့ ဘာမျှမထူးခြားလှပါ။
ကျွန်တော်ရေးချင်တာက အဲဒီလူတွေအကြောင်းမဟုတ်ပါ။
ကျွန်တော် ထိုလူတွေကို ရှောင်ချင်သဖြင့် အရက်ကို အိမ်မှာဝယ်သောက်ဖြစ်သွားသောအကြောင်းပင် ဖြစ်ပါ သည်။ တစ်ချို့လူတွေက စကားနည်းနည်း ထူးထူးခြားခြားလေးပြောလိုက်လျှင် “ဟေ့ကောင် . . မင်း သိပ်အာကျယ်မနေနဲ့၊ ကိုရဲက မင်းအကြောင်း သူ့ဝတ္ထုထဲထည့်ရေးသွားဦးမယ်” ဟု ပြောတတ်သည်။
တစ်ချို့လူတွေကျတော့လည်း ဘာမျှမဟုတ်သည့်ကိစ္စကို ကျွန်တော်ရှေ့တွင် အမှတ်တမဲ့လုပ်မိပြီး . .. “ဆရာ အဲဒီအကြောင်းကိုတော့ ထည့်မရေးပါနဲ့နော် ဆရာ” ဟု ပြောတတ်ကြပြီး သူတို့မျက်နှာတွေက ထည့်ရေးစေချင်နေသည်။ ဇာတ်လမ်းတစ်ပုဒ်ဖြစ်စေ့ချင်နေသည်။
စာရေးဆရာသည် ဈေးဝယ်ထွက်သော အိမ်ထောင်သက်ရင့်အိမ်ရှင်မနှင့်တူပါသည်။ ဈေးကိုသွားရာလမ်း တလျှောက်တွင် သူသည် ဘာကို ဘာနဲ့ချက်မည်ဟု စိတ်ကူး၍မသွား၊ ဈေးကိုရောက်၍ သားငါးတန်းကိုဝင်တော့မှ တွေ့သည့်သားငါး နှင့် ကိုယ့်ငွေ့နှင့် အသီးအနှံနှင့် ဆွဲ၍ လိုက်ဖက်အောင်ရွေးချယ်ဝယ်ယူတတ်လေ့ရှိပါသည်။
စာရေးဆရာဆိုသည်မှာလည်း လောကလူ့ဘောင်ကိုစွန့်ပြီး ရသကိုဖန်တီး၍ မရစကောင်းပါ။ ကျွန်တော်တို့ ရေးသမျှ၊ ဆိုသမျှသည် နောက်ခံလူဘ၀ကြီးရှေ့ကိုဆွဲထုတ်ပြခြင်းသာဖြစ်ပါသည်။ ခံစားသူကလည်း နောက်ခံလူ့ဘ၀ကြီးကို သူ့ အလိုလိုနားလည်ထားပြီးမှ ခံစားလေ့ရှိပါသည်။
ကျွန်တော်သည် ရင်ခုန်သံတူသူတို့နှင့် မသောက်ဖြစ်တော့ကတည်းက ကြုံရာဆိုင်တွင်သောက်သည့်အခါ အထက်ပါဒုက္ခများကို ကြုံခဲ့ရပါသည်။ ကျွန်တော့်ကို စာရေးဆရာဟု မသိသည့်ဆိုင်မှာ သွားသောက်တော့လည်း ရေချိန်ကိုက်လျှင် စကားပြောဖော်မရှိသဖြင့် ဆိုးဝါးသောဒုက္ခကို ခံစားရလေသည်။
ထို့ကြောင့် ကျွန်တော်အရက်ကို အိမ်မှာဘဲ ၀ယ်သောက်တော့သည်။
ကျွန်တော်ရေးချင်တာက အိမ်ကို အရက်ဝယ်သောက်သည့်အဆင့်မှာ ယစ်ထုပ်ဖြစ်ရန် ရာခိုင်နှုန်း (၉၀)ရှိ နေ ပြီဆိုတာပဲဖြစ်၏။ ပထမရက်တွေမှာတော့ ကျွန်တော်သည် ညနေခြောက်နာရီလောက်တွင် ၀ယ်ထားသောအရက်ကို နှစ်ပက် လောက်ထည့်ပြီး အချိုရည်ရော၍ ကစ်ပစ်လိုက်သည်။ ပြီးတော့ . . “ဆရာသော်တာဆွေ၏ ကျွန်တော့်ဘ၀ဇာတ်အကြောင်း” ကို ဖတ်သည်။ နှစ်ပက်ဇိမ်ကလေးဖြင့် ဖတ်ရင်း နည်းနည်းကျသွားသောအခါ နောက်နှစ်ပက်လောက် ထပ်တင်သည်။
ဒီလိုကျသွားလိုက် ထပ်တင်လိုက်နှင့် တစ်ပိုင်းကျော်ကျော်လောက်တွင် ပထမထမင်းစားပါသေး၏။ ဒုတိယ ကျတော့ ညနေသောက်သည့်အချိန်တိုး၍လာသည်။ (၅)နာရီလောက်ဆိုလျှင် နှစ်ပက်တင်ပြီ။ ညစာကို စားသည့်နေ့စားသည် မစား သည့်နေ့လုံးဝမစားတော့။ တတိယက ညဘက်စာရေးရင်းသောက်၊ သောက်ရင်း စာရေးတော့ စာကတော့ပြီးပါ၏။ လူကားပန်းပြီး နံနက်ခင်းသည် မလန်းဆန်းတော့ ဒီတော့ သုံးပက်လောက်သောက်၍ အိပ်လိုက်သည်။
အိမ်ကတော့ တစ်ညလုံးစာရေးရသည့်လူဆိုပြီး မနိုးပဲထားသည်။
အရက်အရှိန်ရော ညမအိပ်ရတာရောနှင့် ပန်းပြီး အိပ်သော ကျွန်တော်သည် နေ့လည်နှစ်နာရီလောက်မှာ နိုးလာသည်။ ခေါင်းတွေလေးနေသည်၊ ရင်တွေတုန်နေသည်။ တစ်ကိုယ်လုံးမလှုပ်ချင် မရှားချင် . . အရာရာဘာမျှအဓိပ္ပါယ်မရှိ။ နာရီ ကိုကြည့်တော့နှစ်နာရီ။ နားထင်တွေကိုက်ခဲနေသည်။
ဘာမှမတတ်နိုင် ၂-ပက်။
နေ၍ကောင်းသွားသည်။ နောက် ၂-ပက်။ ကျွန်တော်မြူးသွားပြီး အရာရာသည် နကိုအသက်ဓါတ်ပြန်ရလာ သည်။ လူတွေ၏မျက်နှာက ကြည်လင်၍နေသည်။ မှန်ထဲမှာ ကျွန်တော့်မျက်နှာကို ကြည့်တော့ကြည့်၍မကောင်းတော့။
ထိုသို့နေပြန်ညပြန်တစ်ပတ်လောက်သောက်ပြီးသောအခါ လူသည် ဘာအစာကိုမျှ စားချင်စိတ်မရှိတော့ပေ။ အရက်ပြီး အရက်သာဖြစ်နေသည်။ တစ်ရာတန် ရှောက်ပြားကွင်းတစ်ထုတ်ရှိလျှင် ကျွန်တော့်အတွက်လုံလောက်နေပြီ။
ထိုသို့ဖြင့် ကျွန်တော်သည် ဆရာဒေါက်တာဆန်းလင်း၏ ဖိတ်ခေါ်ကမ်းလှမ်းချက်အရ လှိုင်သာယာမြို့နယ်ရှိ လုံမ္ဗနီ စိတ်ရောဂါအထူးကုဆေးခန်းသို့ရောက်ခဲ့ပါသည်။ ဤမှာပင် ထိုဇာတ်လမ်းများသည် စ,ကြလေ သည်။
ဆရာ၊ ဆရာမများက သပ်သပ်ရပ်ရပ်ပြင်ဆင်ထားသောအိပ်ရာပေါ်သို့ ကျွန်တော့်ကိုတင်ပေးလိုက်ပြီး အိပ်ခိုင်းလိုက်သည်။ ပြီးလျှင် သွေးပေါင်ချိန်မည်။ ကျွန်တော်ကားအိမ်မှာ သောက်ထားသော အရှိန်ရှိနေသဖြင့် အေးဆေးသပ်ရပ် သော အခန်းထဲမှာ ဇိမ်တွေ့ပြီး နှပ်နေသည်။
အိပ်ရာကနိုးလာတော့ အရက်က သွေးထဲကတောင်းလာသည်။ မရနိုင်တော့ ဆေးရုံပေါ်ရောက်နေပြီ။ အဲဒီမှာ ခြေတွေလက်တွေ တုန်လာမည်။ ရင်ထဲက ကတုန်ကယင်ဖြစ်လာမည်။ အိမ်က ကျွန်တော့်အတွက် အစောင့်ကျွန်တော့်ညီဝမ်းကွဲ ကလေးကိုထည့်ထားပေးသည်။ ကျွန်တော်နေ၍မရတော့ . . ဆရာမကို သွားခေါ်ခိုင်းရသည်။
အချိန်က ညနေ၅-နာရီရှိနေပြီ။ အိမ်မှာကျန်ခဲ့သော ပုလင်းကိုသတိရ၏။
လူတစ်ကိုယ်လုံး အဆစ်တွေမှာ ဘာအားအင်မှမရှိတော့ လက်ထောက်ပြီးအိပ်နေရာမှ မထနိုင်တော့။ ရင်တွေ အရမ်းတုန်နေသည်။ ရင်ထဲမှာ လှပ်ခနဲ လှပ်ခနဲဖြစ်သည်။ ခေါင်းလည်း မထောင်နိုင်တော့။ ကျွန်တော့်ညီနှင့် ဆရာမ sister တစ်ယောက်ဖြစ်မည်။ ထဘီအပြာ အင်္ကျီအဖြူနှင့် ခေါင်းမှာတော့ ဘာမှစောင်း၍မထား . . . ။
“အစာ ဘာစားထားလဲ!”
ကျွန်တော်ညီကိုမေးပြီး ကျွန်တော့်ကိုကြည့်သည်။
“ဘာမှကျွေးလို့မရဘူးဆရာမ”
ကျွန်တော့် ညီကပြန်ဖြေသည်။
“အို . . မစားလို့တော့မဖြစ်ဘူးလေ . . . တစ်ခုခုတော့စားမှပေါ့”
“ဘာမှမစားချင်ဘူး ဆရာမ”
“မစားချင်လို့မရဘူး၊ စားရမယ်၊ အချိုရည်လေးတော့သောက်ပါ”
“ရင်တွေ အရမ်းတုန်နေတယ်ဆရာမ”
“တုန်မှာပေါ့၊ အစာအိမ်မှာအစာမှမရှိတာ၊ အစားမစားတာ ဘယ်နှရက်လောက်ရှိပြီလဲ!”
ကျွန်တော်မမှတ်မိတော့၊ ကျွန်တော်သိတာက အိပ်ရာထဲခွေနေမည်။ ပြီးလျှင် လျှောက်ပြားကလေးတစ်ဖဲ့ လောက်စုတ်လိုက်မည် ပြီးလျှင် ပြန်အိပ်မည်။ ဒါပဲ သိတော့သည်။
“(၁၀)ရက်လောက်တော့ ရှိမယ်ဆရာမ”
ကျွန်တော်အသံတွေတုန်၍နေသည်။ ပြီးတော့မော၍နေသည်။ ဆရာမက ကျွန်တော့်လက်ကောက်ဝတ်ကို ဆရာမက လက်ညှိုးလက်ခလယ်တို့နှင့် ထောက်ထားပြီး သူ့လက်ကရွှေရောင်နာရီကို ကြည့်နေသည်။ ကျွန်တော်ရင်တွေ တလှပ် လှပ်တုန်နေသည်။ ဆရာမ၏ လက်မှာဝတ်ထားသော ရွှေလက်စွပ်ကို ကျွန်တော်ငေးနေသည်။ ကျွန်တော်တုန်နေသည်။
“အချိုရည်သောက်ရမယ်၊ မင်းသူ့အဖော်လား!”
“ဟုတ်ကဲ့ . . . ဆရာမ . . . . ”
“အချိုရည်သွားဝယ် Gas ပါတဲ့ အချိုရည်မ၀ယ်နဲ့ sharp ဖြစ်ဖြစ်၊ ကျွဲရိုင်းဖြစ်ဖြစ် အဲဒီလိုဟာမျိုး အချိုရည် . . အချိုရည်သောက်ရမယ် . . . ဟုတ်ပြီလား! ရင်ထဲမှာ အစာမရှိတော့ ရင်တုန်တာပေါ့ . .. အချိုရည်သောက်ရမယ်”
ကျွန်တော်ညီ အချိုရည်သွားဝယ်သည်။ ဆရာမလည်း ထွက်သွားသည်။ ကျွန်တော်တစ်ယောက်တည်း “တအင်း” “အင်း” အော်၍ ကျန်ခဲ့သည်။ ရင်ထဲမှာ မော၍နေသည်။ အခုနေ နှစ်ပက်လောက်သောက်လိုက်ရလျှင် ကျွန်တော်ပြန်အိပ် ၍ ပျော်သွားမည်။ ကျွန်တော် အိပ်ပျော်ချင်နေသည်။
ကျွန်တော့်ညီပြန်လာတော့ အချိုရည်တစ်လုံးပါလာသည်။
ကျွန်တော်ထ၍ မသောက်နိုင် တစ်ကိုယ်လုံးတုန်၍ယိုင်နေသည်။ ထိုအချိုရည်ကို ပိုက်ကလေးနှင့ တစ်ငုံသာ စုပ်နိုင်သည်။ နောက်တစ်ငုံဆက်စုပ်လျှင် အန်တော့မှာသေချာသည်။ ထို့ကြောင့် တစ်ငုံစုပ်ပြီး လက်ကာပြလိုက်ရ၏။ ကျွန်တော့်ညီ ကအချိုရည်ပုလင်းကို ကိုင်ထားပြီး အနားမှ မသွား . . . . ။ ကျွန်တော် တအင်းအင်းအော်နေရသည်။
“နည်းနည်းကလေးတော့ သောက်လိုက်ပါဦး . . . . .. . ”
ကျွန်တော်လက်ကိုကာပြီး တားရသည်။ ကျွန်တော်သောက်၍မရသေး၊ စိတ်ထဲမှာလည်း သောက်ချင်စိတ်က လုံးလုံးမရှိ။ စိတ်ထဲမှာ အရက်ကိုသာ ဖန်(လ်)ခွက်နှင့်အပြည့် အားရပါးရသောက်ပစ်လိုက်ချင်နေသည်။ ညီဆိုတော့ ဒီကောင်က လည်း အတင်းမတိုက်ရဲပါ။
ညီက ကျွန်တော့်ပါးစပ်နားကို ပိုက်ထိုးပေးပြန်သဖြင့် အားနာပြီး တစ်ချက်စုပ်လိုက်သည်။ တော်ပြီ။ ကျွန်တော် တစ်ကိုယ်လုံးက အရက်မှလွဲ၍ ဘာကိုမျှမလိုချင်။
ထိုအချိန်တွင် ဆရာမ၀င်လာပြန်သည်။
“သောက် သောက် ဒီအချိုရည်တော့ ကုန်အောင်သောက် . . သောက်လိုက်လေ”
“သော်ပြီးပြီဆရာမ”
ကျွန်တော်အသံက အားပျော့၍နေသည်။ ဆရာမက ကျွန်တော်ညီကိုမေးသည်။
“ဘယ်လောက်သောက်သလဲ”
“တစ်ငုံနှစ်ငုံပါပဲ”
“အိုး ဒီလောက်ဘယ်ရမလဲ! အချိုရည်သောက်ရမယ်၊ ဒါက အားဖြစ်လွယ်တယ် . . အစာအိမ်ကိုလည်း ထိထားတာ ကာကွယ်တယ် . . . ကဲပေး . . . ”
ကျွန်တော့်ညီလက်ထဲက အချိုရည်ပုလင်းကိုဆွဲယူပြီး ပိုက်ကို ဆရာမကိုယ်တိုင် နှုတ်ခမ်းသို့တပ်ပေးသည်။ ပြီး ပိုက်ထဲသို့တက်လာသော လိမ္မော်ရောင်အရည်များကို ကြည့်သည်။ ကျွန်တော်စုပ်တာရပ်လိုက်သဖြင့် လိမ္မော်ရည်များပိုက်ထဲမှ ပြန်ဆင်းသွားသည်။
“အို . . မရဘူးလေ . . စုပ်စုပ် . . ဒီလောက်နဲ့ရမလား! အရက်ကျတော့သောက်တယ် . . ဒီမှာ ကိုယ့်အတွက် လည်းကောင်း ကျန်းမာရေးအတွက်လည်း ကောင်းတာကျတော့ မသောက်ဖူး၊ မရဘူး သောက် . . ဒီအချိုရည်ကို ကုန်အောင် သောက်”
ကျွန်တော်ပါးစပ်နားက ပိုက်ကိုနှုတ်ခမ်းနှင့်ဆွဲယူပြီး အားနာနာနှင့်စုပ်ရသည်။
“ဟုတ်ပြီ . . ဟုတ်ပြီ . . ဒီလိုမှပေါ့ . . စုပ် . . မရပ်နဲ့ ဒီတစ်ပုလင်းကုန်အောင်တော့သောက်”
ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ပြဋ္ဌာန်းပြီးသောက်ပါသည်။ အားနည်းနေသည့် ကျွန်တော့်အတွက် သကြား ဓါတ် (အချိုဓာတ်) လိုနေလိမ့်မည်။ ထို့ကြောင့် အားတင်ပြီး တော်တော်များများ စုပ်ယူလိုက်သည်။ ဆရာမမျက်နှာမှာ ၀မ်းသာရိပ် ကလေးပေါ်၍လာ၏။
“ဟုတ်ပြီ . . ဟုတ်ပြီ . . ဒီအချိုရည်လေးတော့ ကုန်အောင်သောက်လိုက် ဟုတ်ပြီလား . . . ဟုတ်ပြီ . . ဟုတ်ပြီ”
ကျွန်တော်ဆက်သောက်၍မရတော့ ဆက်သောက်လျှင်အန်တော့မည်။ ထို့ကြောင့် ကျွန်တော်ရပ်ပစ်လိုက် သည်၊ အချိုရည်ဆရာမက ပုလင်းကို ထောင်ကြည့်သည်။ ပြီးတော့ ကျေနပ်ဟန်ရှိပါသည်။
“လက်လေးလုံးလောက်ကျန်တယ်၊ တစ်ခါတစ်ခါကို အများကြီးမတိုက်နဲ့ အခုလိုတိုက်တိုက်ပေး အများကြီး တိုက်ရင် အန်ပစ်လိမ့်မယ်”
“ဟုတ်ကဲ့ . . .. ”
အချိုရည်ဆရာမထွက်သွားသည်။
ကျွန်တော် တအင်းအင်း အော်နေရသည်။
အချိုရည်ဆရာမသည် ဆံပင်လှိုင်းတွန့်နှင့်ဖြစ်သည်။ နောက်မှ ဆံပင်များကို သူနာပြုတိုင်း လိုက်နာရသည့် စည်းကမ်းနှင့်အညီ ထုံးထားသော်လည်း ရှေ့ဆံပင်များကိုကြည့်ပြီး လှိုင်းတွန့်ဟု ကျွန်တော်ခန့်မှန်းပါသည်။
အချိုရည်ဆရာမသည် လူနာ၏လက်ကောက်ဝတ်သွေးခုန်နှုန်းကိုတိုင်းသည်၊ လက်နှစ်တွင် လက်စွပ်ဝတ် ထားသည်။ အရပ်မောင်းကာ ထောင်ထောင်မောင်းမောင်းဟုပြော၍ရပြီး ခန္ဓာကိုယ်မှာ တောင့်တင်းသည်။ အချိုရည်ဆရာမသည် sister ထက် ရဲမေတစ်ယောက်နှင့် ပိုတူနေသည်။ ဆရာမသည် စိတ်လည်းမြန်ပုံရပါသည်။
ထိုညက ကျွန်တော်တစ်ရေးမှ အိပ်၍မပျော်ပါ။ တစ်ညလုံး “တအင်းအင်း” “တအားအား” အော်နေရသဖြင့် ကျွန်တော့်ညီလည်း အိပ်၍မရပါ။ မနက်မိုးလင်းစကလေးကို ခေါင်းလှန်ကြည့်ရုံနှင့်ပင် ရင်ထဲမှာ “လှပ်” ကနဲမောပြီး ခေါင်း “လှိုက် ” ကနဲမူးနေသည်။
အရုဏ်ဦးသည် ညကိုကောင်းကောင်းအနိုင်ယူလိုက်ပြီဖြစ်သည်။ အမှောင်ဆိုတာမရှိတော့၊ ဆေးရုံထဲမှာ လည်း စကားပြောသံ သွားသံလာသံကြားနေရသည်။ ကျွန်တော့်ညီက မျက်နှာသုတ်ပုဝါအသေးကလေးဖြင့် ကျွန်တော့်ကို မျက်နှာ သစ်ပေးသည်။
ထိုစဉ်မှာပင် . . ဆရာမကျွန်တော့် အခန်းထဲဝင်လာသည်။
အချိုရည်နံ့သည် ကျွန်တော်နှာခေါင်းမှ နှလုံးသားထဲသို့ လုံး၍၀င်ရောက်လာလေသည်။
နီကိုရဲ


(ယခင်လမှအဆက်)

နှစ်ပတ်အလို TWO WEEKS NOTICE
အခန်းစဉ်(၄)
ဘ၀ကိုပြန်ပြီး ပုံသွင်းရမှာ . .တဲ့လား။
ဘ၀အကြောင်းဘာမှ မသိတဲ့လူတွေကပြောကြတာပေါ့။
သူတို့က ဘ၀ဆိုတာကို ပုံဆောင်ခဲကြီးတစ်ခုလို
အစီအစဉ်တကျ၊ ကိုယ်တွယ်ပုံသွင်းလိုက်ရင် . . .
ကောင်းမွန်တင့်တယ်သွားလိမ့်မယ်လို့ . . .
ထင်ထားပုံရတယ်။
တကယ်တော့ . . .
ဘ၀ဆိုတာ သူ့ဖာသာသူအသစ်လဲသွားတဲ့အရာပါ။
အမြဲတမ်း . . အဟောင်းကအသစ်ကို
သူ့ဖာသာသူ ပုံစံပြောင်းလဲနေတာလို့
ရုရှားစာရေးဆရာကြီး
ဗောရစ်-ပက်စ်ဘားနက်စ်
(ဒေါက်တာဇီဗားဂိုး- ၀တ္ထုမှ)



မိခင်ကြီး၏ နာရေးကြော်ငြာကိုတွေ့ပြီး ဦးလေးငယ်ရောက်လာခဲ့သည်။ ဦးလေးငယ်ရောက်လာချိန်သည် မေမေဆုံးပြီး ဆယ်ရက်နေ့တွင်ဖြစ်သည်။ မိခင်ကြီးရက်လည်ကိုပင် မမှီတော့ပေ။ ဦးလေးငယ်ဆိုသည်မှာ မေမေ့မောင်တစ်ဝမ်းကွဲဖြစ်သည်။ တစ်ဝမ်းကွဲဆိုသော်လည်း မိခင်ကြီးအိမ်ထောင်မကျခင်အထိ၊ မိခင်ကြီးတို့နှင့် မောင်နှမအရင်းပမာ၊ အတူနေခဲ့သူများဖြစ်သည်။ ကိုကိုကြီးတစ်နှစ်ခွဲအရွယ်လောက်တွင် ဖားကန့်သို့ ကျောက်တူးမည်ဟုပြောပြီး ထွက်သွားခဲ့သည်။ ထို့နောက် ဘာသတင်းမှ မကြားတော့ဘဲ သေသည်၊ရှင်သည် မသိဖြစ်ခဲ့သည်။ မိတ်ဆွေတချို့ကမူ ထိုင်းနိုင်ငံတွင်တွေ့ခဲ့သည်ဟု ဆိုကြသလို၊ အချို့က တရုတ်ပြည်နယ်စပ်တွင်တွေ့သလို မရေမရာနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်မှာ ယခုအချိန်အထိဖြစ်သည်။ ဦးလေးငယ်ကို သီဟလတ်ရော မြကြာမှုံပါ ကောင်းစွာမမြင်ဖူးကြပေ။ ရံဖန်ရံခါ မိခင်ကြီးစကားထဲတွင် ပါလာသော၊ ဦးလေးငယ်အကြောင်းကို တစ်စွန်းတစလောက်သာသိထားခဲ့သည်။
ယခုတော့ ဦးလေးငယ်သည် ထိုင်းနိုင်ငံတွင် စည်သွပ်ဘူးစက်ရုံနှင့် အခြားလူသုံးကုန်ပစ္စည်းစက်ရုံများကို ပိုင်ဆိုင်သူဖြစ်နေပြီ၊ ကျောက်အရောင်းအ၀ယ်လုပ်ရင်း၊ ထိုင်းနိုင်ငံသူတစ်ယောက်နှင့် အိမ်ထောင်ကျနေခဲ့သည်။ မိခင်ကြီးဆုံးသည့်သတင်းကို ဆွေနီး မျိုးစပ်တစ်ဦးထံမှ သိရှိပြီးရောက်လာခဲ့ခြင်းဖြစ်သည်။ ယခုလိုအချိန်တွင် ဦးလေးငယ်နှင့် အနေဝေးခဲ့သော်လည်း သီလလတ် တို့ မောင်နှမအတွက် ဦးလေးငယ်သည် ကောက်ရိုးတစ်မျှင်ဖြစ်သည်။
ဦးလေးငယ်ကလည်း မိခင်ကြီး ထို့မိသားစုအပေါ်ပျက်ကွက်ခဲ့သော တာဝန်များအတွက် အတိုးချ၍ သီဟလတ်တို့မောင်နှမ၏ လိုအပ်ချက်ကိုဖြည့်ဆည်းပေးချင်နေခဲ့သည်။ သို့သော် . . . အရာရာအားလုံးသည် နောက်ကျနေခဲ့လေပြီ။
အချို့သော အဆောက်အအုံများသည် အဟောင်းကိုမြင်ရသည်ထက် အသစ်ပြန်တည်ဆောက်ရခြင်းက ပိုမိုလွယ်ကူတတ် သည်။
“ဘယ်လောက်ပဲကြာအောင် တည်ဆောက်ထားတယ်ပြောပြော၊ သူများက အလွယ်တကူဖျက်လို့ပျက်သွားတဲ့ဘ၀ကို ကျွန်တော်ကတော့ မခိုင်မာဘူးလို့ယူဆတယ်
အဲဒါကြောင့် . . .
ခိုင်မာတဲ့ဘ၀တစ်ခုကို ကျွန်တော်ကိုယ့်ဖာသာတည်ဆောက်ချင်တယ်”
သီဟလတ်၏စကားကို ဦးလေးငယ်က ခေါင်းငြိမ့်၍နားထောင်ရင်း၊ မြကြာမှုံထံသို့ မျက်လုံးကိုရွှေ့ကြည့်ရင်း မေးဆပ်ပြသည်။
“သမီးကတော့ ဒီအိမ်ကြီးကခွာရမယ့်အတူတူ၊ ဒီရေ၊ဒီမြေ၊ဒီပတ်ဝန်းကျင်နဲ့ အဝေးဆုံးနေရာမှာ နေချင်တယ်။ ပြီးရင် . . . သမီး ဘ၀အတွက် ကျောင်းဆက်တက်ရင်း ကိုယ့်ဖာသာရပ်တည်နိုင်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်”
ဦးလေးငယ်သည်မောင်နှမနှစ်ယောက်စကားကို အသေအချာနားထောင်ပြီး မိနစ်ဝက်ခန့်ငြိမ်၍ စဉ်းစားနေသည်။ ပြီးမှ နူးညံ့ ညင်သာ၍ ဂရုဏာအပြည့်ပါသောအသံဖြင့် စကားဆိုသည်။
“သားတို့သမီးတို့ ဘာလုပ်ချင်သလဲဆိုတာသာ ဦးလေးငယ်ကိုပြောပါ။ ဦးလေးငယ်ဖြစ်အောင်လုပ်ပေးမယ်လို့ ကတိပေးပါ တယ်” . . . . တဲ့ ။
မည်သူမဆို ဘ၀မှာအနည်းဆုံးတစ်ကြိမ်တော့
ခလုပ်တိုက်၍ လဲကျဖူးသူများသာဖြစ်ကြသည်။
သို့သော် . . ပြန်မထသူမရှိ။
ဟူသော စကားကိုသတိရမိသည်။
ဦးလေးငယ်သည် သီဟလတ်နှင့်မြကြာမှုံအား ကိုယ့်ဖာသာပြန်ထစရာမလိုအောင်၊ ဆွဲထူပေးသည့် အားကောင်းသော လက်နက်တစ်စုံပင်ဖြစ်သည်။
ကျွန်တော်တို့ဟာ . . . .
လေလာရာလမ်းကြောင်းကို မပြောင်းနိုင်ပါဘူး၊
ဒါကြောင့် . . . . .
လေသင့်ရာလမ်းကြောင်းအတိုင်းအရွေ့လျားရင်း
လိုရာခရီးကိုရောက်ဖို့ . . .
ကျွန်တော်တို့ရွက်တွေကို
လွှင့်ခဲ့ကြတယ်။


မျက်ရည်များတို့သည် . . .
မြင့်မြတ်ခြင်းသဘောတရားရှိသည်။
မျက်ရည်တို့သည် . . . .
ပျော့ညံ့မှုတို့၏လက္ခဏာမဟုတ်။
အားအင်၏လက္ခဏာများဖြစ်ကြသည်။
မျက်ရည်တို့သည် . . ..
စကားလုံးတစ်သောင်းမကပြောနိုင်သည်။
မျက်ရည်တို့သည် . . .
ပြင်းထန်မှု၏လောကတမန်များဖြစ်ကြသည်။
မျက်ရည်တို့သည် . . .
နောင်တများ၏တမန်များလည်းဖြစ်သည်။
မျက်ရည်တို့သည်]
ပြောပြ၍မရအောင်နက်နဲသော
မေတ္တာ၏တမန်များလည်းဖြစ်ပေသည်။
ဝါရှင်တန်-အာဗဲင်း

မြကြာမှုံသည် သံဇကာကွက်များကြားမှ ကိုကိုကြီးကိုကြည့်ရင်း၊ မျက်ရည်များကျနေသည်။ ကိုကိုကြီးကိုပြောရန် စဉ်းစားလာ သော စကားလုံးများမှာ မည်ကဲ့သို့ပျောက်သွားသည်မသိ၊ မြကြာမှုံပါးစပ်က ဘာစကားမှ မထွက်နိုင်တော့ချေ။ သို့သော် . .မြကြာမှုံ သိနေပါသည်။ “တစ်သက်လုံး ညီမလေးမျက်နှာကို မှတ်တစ်ချပ်လို ကြည့်နေခဲ့တဲ့ကိုကိုကြီးဟာ . . မြကြာမှုံမျက်ရည်တွေကို မြင်တာ နဲ့ ညီမလေး . . ဘာပြောချင်တယ်ဆိုတာ၊ ကိုကိုကြီးဖတ်လို့ရမှာပါ” ဟု တွေးနေမိသည်။
“ကဲ . . ညီမလေး . . မျက်ရည်တွေသုတ်လိုက်၊ မေမေက ငိုတာမကြိုက်ဘူး”တဲ့။ မြကြာမှုံ ထိုစကားကို ကြားလိုက်သောအခါမှ ပို၍ ငိုမိလေတော့သည်။
“မြလေး . . အချိန်စေ့တော့မယ်၊ . . ကိုကြီးပြောတာ သေချာနားထောင် ဘယ်နေရာပဲရောက်ရောက် . . ဒီကမ္ဘာကြီးရဲ့တစ်နေ ရာမှာ . . ညီမလေးနဲ့ညီလေးအတွက် ‘သြရသ’ ဆိုတဲ့ အကိုကြီးတစ်ယောက်ရှိနေတယ်ဆိုတာ သတိရနေရင် ကျေနပ်ပါပြီ။ ညီမလေး နဲ့ ညီလေးအတွက် ကိုကြီးစိတ်ချတယ် . . . .”
ထိုစဉ် . . တာဝန်ကျအကျဉ်းဦးစီးဌာန၀န်ထမ်းများ၏ အချိန်စေ့ပြီဖြစ်ကြောင်း သတိပေးသံကို ကြားလိုက်ရသည်။ ထိုအခါမှ မြကြာမှုံသည် ကိုကိုကြီးကို ကန်တော့ရန် သတိရမိသည်။
“ညီမလေး . . ကိုကိုကြီးကိုကန်တော့ပါတယ်” . . .ဟုပြောရင်း ထောင်ဝင်စာကြမ်းပြင်ပေါ်တွင် ကန်တော့လိုက်သည်။ ကိုကိုကြီးမျက်လုံးအိမ်ထဲတွင် မျက်ရည်အဖြစ်စီးဆင်းလာခြင်းမရှိသော်လည်း မျက်ရည်ဟုထင်ရသော စိုစွတ်မှုများကို မြကြာမှုံဖျတ် ကနဲ တွေ့လိုက်ရသည်။ ကိုကိုကြီးသည် သူ့မျက်ရည်ကို ညီမလေးမြင်မှာ စိုးရိမ်သည့်အလား၊ ခပ်ဖွဖွပြုံး၍ ခေါင်းညိမ့်ပြပြီး လှည့်ထွက်သွားတော့သည်။



အခန်းစဉ်(၅)
နှစ်ပတ်အတွင်းမှာ . . .
ပြိုလဲသွားတဲ့ . . ဘ၀တွေကို
ပြန်ထူထောင်တဲ့အခါမှာတော့ . . .
လေးနှစ်တောင်ကြာခဲ့တယ် . . . .။



“နာမည်ထဲမှာ ဘာတွေရှိသလဲ” ဟု မေးလာပါလျှင် . . .
“သင်လုပ်သမျှ အရာအားလုံးပါရှိလေသည်” ဟု ကျွန်ုပ်ဖြေပါမည်။
ဗောရစ်-ပဲန်ဒဲလ်

နာမည်မှာ . . ပင်ဒိုရာဖြစ်ပါသည်။
“ပင်ဒိုရာ” ဟူသောနာမည်ကို စက်ကာပူနိုင်ငံ ပိုလီတက္ကသိုလ်မှ ကျောင်းဆင်း၊ ဖက်ရှင်ဒီဇိုင်နာ ဒီပလိုမာရသူ၊ စင်ကာပူမှ မော်ဒယ်သင်တန်းကို စနစ်တကျတက်ရောက်အောင်မြင်ထားသူ၊ မြန်မာနိုင်ငံမော်ဒယ်လောက၊ ဒီဇိုင်နာလောကတွင် ထင်ရှားကျော် ကြားသူ၊ ဂျာနယ်များ၊ မဂဇင်းများတွင် လစဉ်၊ အပတ်စဉ်ဖော်ပြခြင်းခံရသူ၊ ယောက်ျားလေးများ၊ အရွယ်သုံးပါးစလုံး၏ စိတ်ဝင်စားခြင်း ကိုခံရသူဟူသော အချက်အလက်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ မီဒီယာလောကနှင့် စာနယ်ဇင်းသမားများကို ထိန်ချန် ထားသောအချက်မှာ “ပင်ဒိုရာ” တွင် “မြကြာမှုံ” ဟူသော နာမည်တစ်ခုရှိသေးသည်ဆိုသော အချက်ပင်ဖြစ်သည်။
ယခင်မြကြာမှုံက ဆယ်တန်းအောင်ပြီးစ၊ ဖခင်နှင့် နာမကျန်းဖြစ်နေသည်ကို ပြုစုရင်း၊ အိမ်တွင်းပုန်းအဖြစ် အချိန်တွေ ကုန်လွန်ခဲ့ရသည်။ ဆံပင်ရှည်ကိုနှစ်သက်သော မေမေ့အတွက် ဆံပင်ကို တင်ပါးကျော်အောင်ထားခဲ့ရသည်။ သနပ်ခါးကိုနှစ်သက် တတ်သော ဖခင်အတွက် ပါးကွက်ကျားနှင့်နေခဲ့ရသည်။ မြန်မာဆန်ဆန်ကိုသာ ဆင်ပေးသော မိခင်အတွက် ရိုးစင်းသောဘ၀ဖြင့်သာ နေခဲ့ရသော “မြကြာမှုံ”ဖြစ်သည်။
ယခု . . . “ပင်ဒိုရာ”သည် နိုင်ငံတကာအတွေ့အကြုံ၊ အသက်အရွယ်၏ဖွံ့ဖြိုးမှု၊ စနစ်တကျဂရုစိုက်ပြုပြင်ထားသော အလှအပ များ၊ သင်ယူတတ်ကျွမ်းထားသော ဆွဲဆောင်မှု၊ လမ်းလျှောက်ပုံ၊ အကြည့် အပြင်အဆင်များပေါင်းစပ်လိုက်သောအခါ၊ ယခင်က မြကြာမှုံဘ၀ဖြင့် သိကျွမ်းထားသူများပင် မမှတ်မိနိုင်တော့လောက်အောင် ပြောင်းလဲသွားခဲ့ပေသည်။
အခုတော့ . . .
အမိမြေကို . . “ပင်ဒိုရာ”ဘ၀နဲ့
အသစ်ပြန်စပြီး၊ ရောက်လာတဲ့အခါ . . .
အတွေ့ချင်ဆုံးသူနှစ်ယောက်ရှိတယ် . . .
တစ်ယောက်က . . .
“ပင်ဒိုရာ” ကို သိပ်ချစ်တဲ့ . . .
“သြရသ . . . .”
နောက်တစ်ယောက်ကတော့ . . .
“ပင်ဒိုရာ” က သိပ်မုန်းတဲ့
“အဓိပတိ” . . . .ပေါ့ . . . .


သီဟလတ်ကတော့ MBA အမ်ဘီအေဘွဲ့ကို စင်ကာပူမှာယူခဲ့တယ်။ သူစိတ်ဝင်စားတဲ့ စီးပွားရေးပညာတွေကို လေ့လာသင်ယူ ရင်း၊ သမာသမတ်ကျတဲ့ စီးပွားရေးပညာတွေကိုလည်း တတ်ခဲ့သလို၊ ဥပဒေဘောင်အတွင်းက ကောက်ကျစ်စဉ်းလဲတဲ့စီးပွားရေးပညာ တွေကိုလည်း တတ်မြောက်ခဲ့ပြီ၊ ဦးလေးငယ်ရဲ့ လမ်းစဉ်အတိုင်း စင်ကာပူနိုင်ငံသူ သူဌေးသမီးတစ်ယောက်နှင့် အိမ်ထောင်ကျပြီး နိုင်ငံသားအဖြစ် ခံယူလိုက်သည်။ ယောက်ခမသူဌေးကြီး ကွယ်လွန်သွားသောအခါ သီဟလတ်သည် သူဌေးနေရာကို အလိုအ လျောက်ရရှိသွားခဲ့သည်။ သီဟလတ်သည် ရရှိသောနေရာနှင့် ထိုက်တန်သော သူ၏လုပ်ရည်ကိုင်ရည်ကြောင့် ကုမ္ပဏီလုပ်ငန်းများ ယခင်ထပ်ပို၍ တိုးတက်ခဲ့သည်။ “သြရသ” လွတ်ရက်စေ့တော့မည်။
ယခု . . မရောက်တာကြာပြီဖြစ်သော၊ အမိမြန်မာပြည်ကို သီဟလတ်အလည်ပြန်လာခဲ့သည်။ အကိုကြီး အဖအရာဆိုသော စကားအတိုင်း၊ မိဘမရှိတော့ သူတို့မောင်နှမအတွက် ကိုကိုကြီးကို ဖခင်လိုချစ်ရတော့မည်။ သူတို့၏ကျေးဇူးရှင် ဦးလေးငယ်ရှိသော ထိုင်းနိုင်ငံသို့ ကိုကိုကြီးကို ခေါ်သွားရမည်။ ပြီးတော့ . .. သူ့မိသားစုရှိရာ စင်ကာပူနိုင်ငံသို့ခေါ်ရမည်။ ကိုကိုကြီးထောင်မှထွက် လျှင် ထွက်ချင်း၊ မောင်နှမသုံးယောက်၏ ခမ်းနားကြီးကျယ်သော ညစာစားပွဲကို အကောင်းဆုံးဟော်တယ်တစ်ခုတွင် စီစဉ်မည်။
အင်း . .ပြီးရင်တော့ . . . .
ငွေအားကိုးနဲ့ အနိုင်ကျင့်တတ်တယ်လူတွေအတွက် . . .
ခေါင်းအေးအေးထား၍ အလှပဆုံနည်းနဲ့
မှတ်လောက်သားလောက်အောင်တော့
ဆုံးမရဦးမည်။
အချိန်တွေကြာလို့ . . .
အေးသွားပြီတော့ မထင်လိုက်နဲ့ . . .
အေးလွန်းလို့ “ခဲ” သွားတာပဲဖြစ်လိမ့်မယ်။
အရည်နဲ့ပက်ရင် မနာဘူး
“အခဲ” နဲ့ထုရင်တော့ . . .
သေ . . . သွား . . . နိုင် . . . တယ် . . .။
မောင်မျိုးမင်း(ရင်တွင်းဖြစ်)
(ရှေ့လဆက်ဖတ်ပါ . . . . . . .)