ဇာတ်ကောင်တို့ရဲ့ဝတ္ထု  

Posted by IDEA MAGAZINE

Sunday, June 21, 2009


ဇာတ်ကောင်တို့ရဲ့ဝတ္ထု
ကျွန်တော်သည် ၀တ္ထုတစ်ပုဒ်ကို စိတ်ဝင်စားမှုကင်းမဲ့စွာရေးလာမိခဲ့သည်မှာ နှစ်ပေါင်းအ တော်အတန်ကြာမြင့်နေခဲ့ပြီဖြစ်သည်။ ဤ၀တ္ထုဟုဆိုရာ၌ အီနေသောဝတ္ထုတစ်ပုဒ်ဟု သင် အဓိပ္ပါယ်ယူလျှင်လည်း အနည်းငယ်မဟုတ်သော်မှ များစွာမှန်နေနိုင်ပါသေးသည်။ မုတ်သုန်မိုးတို့ ရွာသွန်းကောင်းနေသော နေ့တစ်နေ့၏မွန်းလွဲပိုင်း၊ဆေးရုံတစ်ခုရှေ့တွင် ဘ၀၌ မကြုံဖူးသော ဒူးတုန်ရင်ခုန်မှုမျိုးဖြင့် ကျွန်တော်စတင်ရေးဖွဲ့လာခဲ့သော်လည်း များမကြာမီတွင်ပင် ခေါင်းစဉ် တစ်ခုအသွင်ပြောင်းသွားပါလေတော့သည်။ ယခုခေါင်းစဉ်သည် ကျွန်တော်မနှစ်သက်သော ခေါင်းစဉ်ဖြစ်နေသော်လည်း အကြောင်းအရာများသည် ကျွန်တော်တည်ဆောက်သော ၀ါကျများ မဟုတ်ကြောင်းသေချာပါသည်။ အဘယ်ကြောင့်ဆိုရာတွင် ဇာတ်ကောင်တို့၏ ပြုမူလှုပ်ရှားဖြစ် ပျက်ခြင်းတို့ နောက်၌ အနည်းအကျဉ်းမျှလောက်ကို ကျွန်တော်တို့ထိမိရခြင်းသဘောမျှသာ ဖြစ်ပေလိမ့်မည်။ ကျွန်တော်သည် အမှုမဲ့ အမှတ်မဲ့နေထိုင်တတ်ခဲ့သော်လည်း ဤ၀တ္ထု၏ အစကန ဦး ရက်စွဲများကိုမူ ယခုထိအလွတ်ရနေဆဲဖြစ်သလို နောင်လည်းမေ့နိုင်လိမ့်မည် မဟုတ်သည့် အကြောင်း ကျွန်တော့်ကို ကျွန်တော်သိနေ ယုံကြည်နေဆဲပင်ဖြစ်ပါသည်။
တစ်ခါတရံများစွာတို့တွင် ကျွန်တော့်အတွက် အချိန်တစ်နာရီ၊ရက်တစ်ရက်စသည်တို့ သည် ပျင်းရိငြီးငွေ့ဖွယ်ရာလေးလံနှေးကွေးလွန်းတတ်ပါသည်။ ကျွန်တော်ဖန်တီးခြင်း မဟုတ်ပါ ပဲ သူတို့ကို သူတို့ ဇွတ်ဖန်ဆင်းကြသော ကျွန်တော့်ဇာတ်ကောင်များအတွက်မူ နှစ်တစ်နှစ်ဆို သည့်ကိစ္စသည်ပင် မျက်တောင်တစ်ခတ်အတွင် ပြုတ်ကျသွားသောရွက်ကြွေတစ်ရွက်ဟု ထင်ကြ ပေလိမ့်မည်။ ခက်သည်က ကျွန်တော်ရေးသားလာခဲ့မိသော ထိုဝတ္ထုတစ်ပုဒ်သည် မည်သည့် ကာလရောက်လျှင် ဇာတ်သိမ်းဆုံးခန်းတိုင်လိမ့်မည်ကို ကျွန်တော်ကြိုတင်မသိရှိနိုင်သလို ပြော မပြနိုင်ခြင်းအပေါ် ပရိသတ်များ အားလမလိုအားမရဖြစ်နေကြမည်မှာ ၀မ်းနည်းစရာကောင်းသော အကြောင်းအရာတစ်ခုဖြစ်ပေလိမ့်မည်ကို ကျွန်တော်ကြိုတင်မသိရှိနိုင်သလို ပြောမပြနိုင်ခြင်း အပေါ် ပရိသတ်များ အားမလိုအားမရဖြစ်နေကြမည်မှာ ၀မ်းနည်းစရာကောင်းသော အကြောင်း အရာတစ်ခုဖြစ်နေပေလိမ့်မည်။ သို့ရာတွင် ခင်ဗျားဆက်မဖတ်ဘဲနေ၍ မရသည်က ပို၍ ၀မ်းနည်း စရာဖြစ်ပေလိမ့်မည်။ အမှန်ကိုဆိုရလျှင် မြန်မြန်ရေးလျှင် မြန်မြန်ပြီးစီးနိုင်သော်လည်း ဇာတ် ကောင်တို့မှာ အတ္တ၏ဖိစီးမှုဒဏ်ကြောင့် တုန့်ဆိုင်းဖင့်နှေးခြင်းစသည့်တန်ပြန်ဆိုးကျိုး၏ ရိုက် ခတ်မှု့တို့ သဘောသဘာဝကိုခင်ဗျားနောကျေပြီးဖြစ်သဖြင့် ဤအဓိပ္ပါယ်ကို ကျွန်တော်ဘာသာ ပြန်ပေးမည်မဟုတ်ပါ။ အနတ္တကို အတ္တဟုဘာသာပြန်သော ပုဂိုလ်တို့ ဘုရားရှင်လက်ထပ်က တည်းကရှိခဲ့ပြီးသောကြောင့်ဖြစ်သည်။ ဒုက္ခကို အမဲလိုက်ရခြင်း၌ မြစ်တို့များစွာ ဤတံတားကို ဖြတ်ကျော်စီးဆင်းခဲ့ပြီ။ ၀မ်းနည်းမနေပါနှင့်၊၀မ်းနည်းခြင်းသည် ပို၍ ၀မ်းနည်းစရာကောင်းနေလိမ့် မည်။ အဘယ့်ကြောင့်၊ဘာကြောင့်ဆိုသည့် မေးခွန်းမျိုး ကျွန်တော့်ကို မမေးပါနှင့်၊ခင်ဗျားယုံသည် မယုံဘေးဝဲယာတွေ့မြင်နေကျ ကြွပ်ကြွပ်အိတ်ဟောင်းများထက် အဆများစွာရှိနေခဲ့ပါသည်။
ကျွန်တော်မည်သည့်ဝတ္ထုမျိုးရေးနေသည်ကို ခင်ဗျားသိချင်နေပါသလား၊ဤ၀တ္ထုစာအုပ် သည်မည်သည့်အခါမျှ ခင်ဗျားလက်ထဲသို့ရောက်ရှိလာနိုင်မည်မဟုတ်သလို ခင်ဗျားဖတ်ပြီးသား အကြောင်းအရာများလည်းဖြစ်နိုင်ပါသည်။ ဤအဖွဲ့အနွဲ့မျိုးသည် အလွန်လွယ်ကူသောဝါကျမျိုး တော့ဖြစ်လိမ့်မည်မထင်ပါ။ ၀တ္ထုထဲတွင် ဇာတ်ကောင်ပေါင်းမြောက်မြားစွာပါဝင်နေခဲ့သော်လည်း အချို့ဇာတ်ကောင်များကို ကျွန်တော်မမှတ်မိတော့ပါ။ ထို ဇာတ်ကောင်များထဲတွင် မင်းသား တစ်ယောက်မျှမပါဝင်ခြင်းသည် ၀တ္ထု၏ထူးခြားချက်ဖြစ်သည်။ ခင်ဗျားမယုံမရှိပါနှင့်၊အားလုံးသည် လူကြမ်းဗီလိန်တွေချည်းသာဖြစ်သည်ဆိုတာကို သူတို့၏ပွဲတော်သည် ကျောက်ခတ်လူရိုင်းတို့ ကခုန်ပုံမျိုးကိုယို့ကားယားမပြေမပြစ်အနုပညာမဲ့သော အနုပညာရပ်တစ်မျိုးသာလျှင်ဖြစ်သင့် သည်။ ထိုအရိပ်အောက်၌ပင် ကျွန်တော်အရွယ်ကျရင့်ရော်လာခြင်းကြောင့် နယူတန်၏တတိယ နိယာမကိုဖြစ်ပေါ်စေခဲ့ပြီးဖြစ်သည်။ ဇာတ်ကောင်တို့၏ စရိုက်လက္ခဏာအရအချို့သည် ဖောင် စီး ဂဏာန်းဖြစ်ပြီး အချို့မှာ ပုတ်သင်ညိုဖြစ်သည်။ အချို့မှာ သူ့ကိုယ်သူမြွေဟုလက်မထောင်တတ် ပါသေးသည်။ သို့ဆိုလျှင် ကျွန်တော်၏ဇာတ်ကောင်များသည် တိရစ္ဆာန်ဟုတ် မဟုတ် ရှင်းပြရန် လိုအပ်တော့မည်မထင်ပါ။ အချို့ဇာတ်ကောင်တို့သည် စာမျက်နှာအနည်းအကျဉ်းမျှလောက် နှင့် ပင် ပြီးဆုံးသွားသည်လည်းရှိပါသည်။ သူတို့၏ ဇာတ်ဝင်ခန်းများကို ဆွဲဆန့်ခြင်း၊ချုံပစ်ခြင်းမျိုး မြင်လျှင် ကျွန်တော်နှင့်ကွဲလွဲခွင့်ရှိပါသည်။ ခင်ဗျားနှင့် ကျွန်တော်တွင် စိတ်ဆန္ဒတစ်ထပ်တည်း ကျသည့်အရာလည်းရှိနိုင်ပါသည်။ သို့သော် . . . . ခင်ဗျားကို ကျွန်တော်မမေးချင်တော့ပါ။
တစ်ခုတော့ ကျွန်တော်မေးကြည့်ချင်ပါသည်။ ခင်ဗျားဝတ္ထုတစ်ပုဒ်ကိုရေးခဲ့ဖူးပါသလား၊ သို့ တည်းမဟုတ်ရေးရန်စိတ်ကူးရှိခဲ့ဖူးပါသလား၊ ခင်ဗျားကတော့ပြောမှာပါပဲ၊၀တ္ထုထဲက ဇာတ်ကောင် တွေဟာရေးဖွဲ့သူရဲ့လိုရာကြိုးဆွဲရာ လက်ညှိုးညွှန်ရန် ပါဝင်က ပြနိုင်ခွင့်ရှိတယ်လို့၊ကျွန်တော် ပြောခဲ့ပြီးဖြစ်လိမ့်မည်။ ကျွန်တော့်ဇာတ်ကောင်များနောက်သို့ ကျွန်တော်လိုက်နေရခြင်း မမြင် ချင်အဆုံး မကြားချင်အဆုံး မြင်ကြားနေရခြင်းမျှသာဖြစ်သည်။ တိတိပပပြောရလျှင် ကျွန်တော့် ဇာတ်ကောင်များနှင့် ခင်ဗျားတို့ လက်ပွန်းတတီးမရှိခဲ့ဖူးလျှင်သော်မှ ကျွန်တော်ကဲ့သို့ နောက် ယောင်ခံလိုက်လံကြည့်ရှုခဲ့ဖူးဖြစ်ပေလိမ့်မည်။ ထိုဇာတ်ကောင်တို့ အချင်းချင်းရန်စောင်တိုက် ခိုက်မှု လက်ဦးမှု ခြေခံထိုးမှုတို့တွင် ခင်ဗျားလည်း ကျွန်တော့်လိုပင် ၀င်ရောက်ဖြန်ဖြေခွင့်ရှိလိမ့် မည်မဟုတ်ပါ။ ထို့ကြောင့် နောက်ကျောဓါးဒဏ်ရာနှင့် သေဆုံးသူတွေလည်းရှိနိုင်ပါသည်။ အလိုက်သိတတ်မှု၏ မကင်းရာမကင်းကြောင်းဆွဲခေါ်ဖေးမမှုဝါကျတွေလည်း တစ်နေရာရာတွင် ခင်ဗျားဖတ်မိပေလိမ့်မည်။
ဤ၀တ္ထုသည် ကမ္ဘာ့အရှည်လျားဆုံးဝတ္ထုရှည်ကြီးဆိုသည်ကို ခင်ဗျားလက်ခံနိုင်ပေလိမ့် မည်။ ယခုဆိုလျှင် စာမျက်နှာပေါင်းရှစ်ထောင်ရောက်ရန် နီးကပ်လာပြီဖြစ်သည်။ ဤမျှဆိုလျှင် ဇာတ်သိမ်းပေါင်းရောက်သင့်ဟု ခင်ဗျားစောဒကတတ်နိုင်ပါသည်။ အမှန်တော့ ကျွန်တော့်လက် က မချချင်ဖြစ်နေသည်မဟုတ်၊ကျွန်တော့်ကို အပြစ်မတင်ပါနှင့် ကျွန်တော်ဇာတ်ကောင်များကို အပြစ်တင်ပါလေ၊ ကျွန်တော်လူဆိုးမဟုတ်ပါ။ ကျွန်တော်လူဆိုးတစ်ယောက်ပါ။ ကျွန်တော်သူခိုးမ ဟုတ်ပါ။ သို့သော် …………………
ခင်ဗျားကိုးရီးယားဇာတ်လမ်းတွဲများ ကြည့်ရှုခဲ့ဖူးပါသလား၊ဒီဇာတ်လမ်းတွဲတွေထဲက ရောဂါ တွေဟာ သာမန်နှာစေးချောင်းဆိုးမျိုးတော့ဖြင့်မဟုတ်ပါ။ အသက်အန္တရာယ်ကို အချိန်မရွေးအမြဲ ခြိမ်းခြောက်နိုင်သော အပြင်းစားရောဂါတွေချည်းဖြစ်သည်ဆိုတာပါပဲ။ အဲဒီရောဂါတွေကို ကဲ့ယူ ပြီး ကျွန်တော့်ဇာတ်ကောင်တွေရဲ့ ခနာထဲသွတ်သွင်းပေးရကောင်းမလားဟု တွေးကြည့်ခဲ့ဖူးပါသည်။ ဒါကလည်း ဇာတ်ကောင်တွေအပေါ် ဥပစ္စေဒက ကံမထိုက်စေချင်သော ကျွန်တော့်ရဲ့ အကြင်နာ တရားဟုဆိုချင်ပါသည်။ ကနေဒါနိုင်ငံက လယ်သမားကြီး ‘ရောဘတ်ဘစ်တန်’ လို နှစ်ပေါင်း (၂၀)အတွင်း အမျိုးသမီး (၅၀)ကို သွေးအေးအေးရှင်းပစ်သလိုမျိုး ကျွန်တော်မရက်စက်ချင်ပါ။ လက်မပါသော စိတ်ကျည်ဆံနှင့်တော့ လူပေါင်းတော်တော်များကို ပစ်သတ်ခဲ့ဖူးပါသည်။ ဖြစ်နိုင် လျှင် ကျွန်တော့်ဇာတ်ကောင်များကို သူတို့စရိတ်နှင့် သူတို့ ဤစာမျက်ပေါ်က ထွက်ခွာသွားစေ ချင်မိသည်။ အရှင်ထွက်ဖြစ်ဖြစ် အသေထွက်ဖြစ်ဖြစ်ပေါ့၊ အသားအရေခြောက်ခမ်း ပိန်ပိန်ချုံးချုံး ချိချိနဲ့နဲ့ဖြင့် ထွက်ခွာသွားကြလျှင် AIDS ရောဂါဟု ခင်ဗျားလက်ညှိုးထိုးနိုင်သည်။ လူတို့သည် မသာကိုပင်လိုက်လံအရှက်ခွဲတတ်ကြသည်။ ကျွန်တော့်ဇာတ်ကောင်များကိုမူ ၀၀လင်လင်အဆီ ရစ်စွာ ထွက်ခွာသွားနိုင်ခွင့် မုဒိတာပွားပေးလိုက်ကြပါ။ သူတို့ကို အသည်းအဆီဖုံး၊သွေးကြော ကျဉ်း၊ဆီးချိုသွေးချို၊ဦးနှောက်သွေးကြောပြတ်၊နှလုံးရောဂါ၊အစာအိမ်ကင်ဆာ၊ဦးနှောက်ကင်ဆာ၊ သွေးကင်ဆာ၊ ကြက်ငှက်တုပ်ကွေး၊ဘီပိုး၊စီပိုးတို့နှင့်ဆိုလျှင်ပင် အတော်လေးလျှော့ပါးသွားပေ လိမ့်မည်။ ဤမျှမေတ္တာပို့နေရင်းကြားက မိုးကြိုးပစ်ခြင်း၊ဓါတ်လိုက်ခြင်း၊မြေမျိုခြင်း၊ရေနစ်ခြင်း တို့ပင်လျှင် တစ်ကောင်ကောင်နှင့်ကြုံရန် ကျွန်တော်မရေးဖွဲ့နိုင်ခဲ့ပါ။ ကျွန်တော်လက်ကျသွား ပြီလား၊ သို့မဟုတ် ကျွန်တော်ကိုယ်တိုင်က လက်မြှောက်လိုက်ရသည်လားတော့ မပြောတတ် တော့ပါ။ မပြောတတ်တာထက်စာလျှင် မမေးခြင်းက ကျွန်တော့်အတွက် ပို၍ အနေသက်သာစေ လိမ့်မည်။
မဖြစ်နိုင်တာကို ရူးသွပ်စွာ စိတ်ကူးယဉ်နေခြင်းကပင်လျှင် စိတ်ကူးယဉ်ဝတ္ထုလိုမျိုး စိတ်ကူး ယဉ်၍ရပါသည်။ ဤ၀တ္ထုရှည်ကြီး ပြီးမြောက်သွားခဲ့လျှင် ခင်ဗျားကြိုက်ကောင်းကြိုက်မှာပါ။ မျှော် လင့်နေကြသော ပရိသတ်ပေါင်းများစွာရှိနိုင်ပါသည်ကို ယုံကြည်လိုက်ပါ။ ခက်သည်က မည်သည့် အချိန်ရောက်လျှင်ပြီးဆုံးခြင်းသို့ အဆုံးသတ်နိုင်မည်ကို ကြိုတင်၍ပြောမပြနိုင်ခြင်းကို ကျွန်တော် အလွန်ဝမ်းနည်းမိပါသည်။ ဤအဖြေကိုပင် ကျွန်တော်သိချင်လှသော အဖြေဖြစ်ကြောင်း ကျေးဇူး ပြု၍ခင်ဗျားနားလည်ပေးနိုင်ပါသည်။
ဝါကျအသစ်အဆန်းများ၊ သို့တည်းမဟုတ် ပိုမိုလင်းလက်တောက်ပစေသော စာကြောင်း များကို ချရေးရန်ကြိုးစားထိုင်တွေးရင်းကပင် ညဥ့်က နက်သထက်နက်လာခဲ့ရသည်။ သန်းခေါင် ယံသည် ငှက်ငယ်များ ပျံသန်းမရနိုင်သော ပင်လယ်နက်ကြီးတစ်ခုဖြစ်သည်။ ငှက်ဆိုးတို့၏ တောင်ပံခတ်သံကို ကျယ်လောင်သော ဆူညံသံအဖြစ် သင်ကြားဖူးခဲ့ပြီးဖြစ်နိုင်သည်။ ဦးနှောက် များ ပူးခြစ်ဆူပွက်လာသည်ကို ကျွန်တော်လှမ်းမြင်ရသည်။ နှာခေါင်းထဲသို့ ညှော်နံ့များ၊ပုပ်အဲ့အဲ့ ရနံ့များ စူးကနဲဝင်ရောက်လာခဲ့ပြီ။ တိမ်တွေကတော့ လရောင်မဲ့မှာ ဒီတိုင်းလွင့်မျောနေကြပေ လိမ့်မည်။ ညတာအရှည်ဆုံးသောကာလထဲမှာပင် ကျွန်တော့်ဇာတ်ကောင်တစ်ကောင်၏ ၀ိဥာဉ် နှင့်စကားပြောဖြစ်ခဲ့ကြသေးသည်။
“ ကျွန်တော်ကတော့ မိုးရွာတုန်းရေခံရမှာပဲ၊ ဒီမိုးရဲ့ရွာသွန်းမှုကို ထိန်းချုပ်နိုင်တဲ့စွမ်းရည်ကို ကျုပ်ရထားတယ်၊ အခွင့်အရေးဆိုတာ ငှက်တစ်ကောင်လိုပဲ၊ ဒီအကိုင်းထဲမှာ နှစ်ခါလာမနားနိုင် ဘူးမဟုတ်လား၊ လာနားတုန်းအချိန်ကို ဆွဲဆန့်တတ်ဖို့လည်း အင်ထရိုတို့ ရစ်သမ်တို့လိုသေး တယ်ဗျ။ ခင်ဗျားကို ဥပမာတစ်ခု ကျုပ် ပြောပြချင်တယ်၊ အတ္တဆိုတာ ခဲတစ်လုံး ဒါမှမဟုတ် သံတုံးတစ်တုံးပဲ ထိန်းသိမ်းသိုဝှက်ရ ပိုလွယ်တယ်။ တကယ့်လို့ ၀ါဂွမ်းပုံကြီးတစ်ခုဖြစ်နေရင် ခင် ဗျားဘယ်လိုလုပ်မလဲ၊ အလေးချိန်ခြင်းတူနေရင် ဘယ်ဟာကို သယ်ဆောင်မလဲ ဒီတော့ ပရဆို တာ ဂွမ်းပုံပဲ၊ပြလို့ရတယ် ဖြူဖွေးလှပလို့၊ အများမြင်အောင် သယ်ပြလို့ရတယ် နူးညံ့တဲ့သဘော လည်းပါတယ်ကွာ။ ကလေးတွေကို ဥာဏ်စမ်းမေးခွန်းထုတ်သလိုမျိုးပေါ့၊ ခဲတစ်ပိဿနဲ့ ၀ါဂွမ်း တစ်ပိဿ ဘယ်ဟာက ပိုလေးမလဲဆိုတော့ ခဲပိုလေးမယ်လို့ ဖြေတဲ့သူရှိတယ်။ ဒါက ခဲရဲ့လေး တဲ့သဘောကို သူတို့သိခဲ့လို့ပဲ။ ဒီင်္တော့ ခဲတစ်ပိဿနဲ့ ဂွမ်းတစ်ပိဿဟာ အလေးချိန်ခြင်းတူ တန်ဖိုးချင်းတူနေမယ်ဗျာ။ ဒီနှစ်ခုထဲက တစ်ခုခုကို ခင်ဗျားမှောင်ခိုထုတ်ရမယ်ဆိုခဲ့ရင် ဘယ်ဟာ ကို ရွေးမလဲ၊ ၀ှက်သိမ်းရလွယ်ကူတာက အတ္တ အဲ အဲ ခဲ ပဲ မဟုတ်လား”
“ ကျွန်တော်အမြင်အရတော့ နှစ်ခုလုံးကို သယ်သွားရင်ပိုကောင်းမယ်၊ဂွမ်းထဲကို ခဲမြှုပ်လို့ရ တယ်လေ၊ ဒီနည်းကိုသုံးတဲ့သူတွေများမယ်ထင်တယ်၊ ဥပမာ အိတ်တစ်ခုမှာ ၀ါဂွမ်းကိုမဖမ်းဘူး ခဲကိုဖမ်းတယ်ဆိုခဲ့ရင်ပေါ့ အမှန်တော့ ခင်ဗျားကိုသာ ကျွန်တော်က မေးခွန်းတွေထုတ်မေးရမှာ ခင်ဗျားဟာ ကျွန်တော်ရေးနေတဲ့ ၀တ္ထုထဲက ဇာတ်ကောင်တစ်ကောင်ရဲ့ဝိဥာဉ်ပံ၊ ၀တ္ထုတစ်ပုဒ် ဖန်တီးလိုက်တာနဲ့ ပရိသတ်ကို အကျိုးတစ်ခုခုပေးစွမ်းနိုင်ရမယ်လို့ အဆိုရှိခဲ့ကြတယ်လေ။ ခင်ဗျား နှုတ်ကထွက်လာတော့ အတ္တစီးရီးတွေချည်းပါပဲလား၊ ခက်တာက ခင်ဗျားပြောတဲ့ ဂွမ်းနဲ့ ခဲမှာ ဘယ်အရာကိုမှ ကျွန်တော်သယ်ဆောင်ခွင့်မရနိုင်ခြင်းပဲ”
“ ဟေ့ တောင်ပေါ်သားတယ်ရိုးပါလား၊ ရိုးတယ်ဆိုတာ အတာကွသိလား၊ ရူးတာလည်း ဖြစ်နိုင်တာပေါ့၊ ခင်ဗျားရဲ့ရူးသွက်မှုတွေက အဖျင်းအမှော်တွေပဲဖြစ်နေမှာ၊ ဒီမယ် ကျုပ်တို့ကို တရားတစ်ခါပြရုံနဲ့ အားလုံးဟာ အနာဂမ်ဖြစ်သွားမယ်ထင်လား၊ ဝေးသေးဖြစ်ပျက်တောင်မှ ကျုပ်တို့ သတိမရနိုင်အားဘူး၊ခင်ဗျားရေးတဲ့ ၀ါကျအတိုင်း ကျုပ်တို့ လှုပ်ရှားနေတာမဟုတ်ဘူး။ ကျုပ်တို့ရဲ့ လှုပ်ရှားပုံတွေသာ ခင်ဗျားအတွက် စာစီစရာဖြစ်လာတာ၊ခင်ဗျားကြိုက်ကြိုက် မကြိုက် ကြိုက် ကျုပ်တို့ရဲ့ ခြေလှမ်းတွေကို ရပ်တန့်မပေးနိုင်ဘူး”
ကျွန်တော့်ဇာတ်ကောင်ရဲ့ ၀ဥာဉ်က ဒီလို ကျွန်တော့်ကိုခပ်မာမာထိုးနှက်သွားရင်းလက်မ ထောင်ကာ ကျွန်တော့်အိပ်မက်ထဲက အရှင်လတ်လတ် ထွက်ခွာသွားပါလေတော့သည်။ ကျွန်တော်က သူ့ခနာထဲသို့ ရောဂါတစ်ခုခုထည့်သွင်းမပေးလိုက်နိုင်မီမှာပင် သူလွတ်မြောက် သွားခြင်းဖြစ်ပါသည်။ သူ့ကို လိုက်လံသတ်ဖြတ်ရန်ကြိုးစားနေစဉ်မှာပင် ကျယ်လောင်သော အော်သံတစ်ခုကို ကျွန်တော်ကြားလိုက်ရသည်။ ကျွန်တော့်လက်ထဲက ဘောလ်ပင်ကို မည်ကဲ့သို့ ပြန်လည်ဆယ်ယူရမည်ကို စဉ်းစားမရနိုင်ပဲငိုင်နေစဉ်အတွင် ဇောချွေးများအကြား ကျွန်တော်ကူး ခတ်နေမိသည်။ သူဘာမျှရရှိသွားခြင်းမရှိခဲ့ပါ။ ကျွန်တော်ထံတွင် ‘ပျော်ရွှင်ခြင်း’ မသီးပွင့်နိုင်ပဲ မြုံ နေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါသည်။ ဤ၀တ္ထုကို စတင်ရေးသားမိခဲ့ကတည်းက ဖြစ် ပါသည်။ တော်ပါသေးသည်။ ကျွန်တော်ရဲ့ ဘဏ်စာအုပ်ကို ရှာတွေ့မသွားခြင်းအပေါ် ကျေးဇူး တင်ရမည်။ ကျွန်တော်လက်ရှိနေထိုင်သည့်မြို့တွင် နာမည်အမျိုးမျိုးဖြင့် ဘဏ်ပေါင်းငါးခုရှိပါ သည်။ သို့ရာတွင် ဘဏ်စာအုပ်တစ်အုပ်မျှမရှိခြင်းကို သိက္ခာဟုခေါ်နိုင်ပါသလား။
ကျွန်တော့်တွင် ဘဏ်စာအုပ်တစ်အုပ်ရှိနေသည်ကို ပြောပြရန်မေ့လျောနေခဲ့မိပြီ။ ဒီတစ် အုပ်တော့ မှတ်မှတ်ရရ ကျွန်တော့်လက်ထဲတွင်ရှိနေပါသည်။ ဝေဒနာများစုဆောင်းထားသော ဝေဒနာစုဘဏ်စာအုပ်မျှသာဖြစ်သည်။ ဒီဝေဒနာတွေကို ထုတ်ယူဖြုန်းတီးဖို့ရာကမ်းခြေတစ်ခုခု တော့ လိုအပ်ပေလိမ့်မည်။ သံသောင်မွမွပေါ်လမ်းလျှောက်ရင်း ပင်လယ်လေတ၀ကြီးရှုလိုက်ရ လျှင် စိတ်လက်ပေါ့ပါးလန်းဆန်းသွားလေမလား။ ကမ်းစပ်မှာထိုင်ရင်း ကျွန်တော့်ဇာတ်ကောင်များ ရဲ့နေ၀င်ချိန်ကိုကြည့်မောနေချင်မိပေါ့။ အိပ်မက်တို့၏သီးပွင့်မှုကို ကျွန်တော်မက်မောနေမိသော် လည်း ပျော်ရွင်ခြင်းတို့ ကျပျောက်ခဲ့သော လိပ်စာရှင်မှာ ကျွန်တော်ဖြစ်နေခဲ့မိသည်။ ကျွန်တော် ရူးတော့မည်ထင်ပါသည်။ လောကကြီးကို စိတ်တိုင်းမကျခြင်းမျိုး၌ ကိုယ့်ကိုကိုယ်စိတ်တိုင်းမကျ ခြင်းက ပိုမိုဆိုးဝါးလှပါသည်။ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ဟာ ခြင်တစ်ကောင်မဟုတ်ဘူး ဆိုတာပါပဲ မြွေတစ်ကောင်လည်းမဖြစ်ချင်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် မြွေများကို ကျွန်တော် မုန်းတီးသောကြောင့်ဖြစ်ပါသည်။
မြွေမှန်ရင်တွင်းဝင်ဖြောင့်တယ်ဟု လက်မထောင်တတ်ကြသော မြွေတို့ တွင်းတူးနေကြ သည်ကိုခင်ဗျားမြင်ဖူးပါသလား။ အသင့်ရှိနေသောတွင်းထဲ အ၀င်ဖြောင့်ခြင်းသည် မြွေတို့၏ သမိုင်းအစစ်မဟုတ်ချေ။ တွင်းတွေ့တတ်သောအာရုံခံကိရိယာကျွန်တော့်ဦးမျှင်ထက်၌ ကပ်ငြိ မလာနိုင်ခဲ့ခြင်းသည်ပင် ဘ၀တစ်ခုဖြစ်နိုင်ပါသည်။ ကျွန်တော့်အတွက် မနက်ဖြန်တွေထဲ လမ်း တောင်းခွင့်ရှိနိုင်ပါမည်လား။ ဟောဒီ မိုးကောင်းကင်အောက်က ငှက်များစွာ အနက် တစ်ကောင် ကောင်ကို ကျွန်တော့်နာမည်မှည့်ပေးကြပါ။ တစ်ခါတရံတွင် ပုရွက်ဆိတ်တို့ရဲ့ မိုးကောင်းကင်ကြီး ကျွန်တော်ဖြစ်ချင်နေမိပြန်သည်။ ဘီလူးစီးခံရသော အိပ်မက်ထဲ လူးလိမ့်နေရသည်မှာ ပင်ပန်း လွန်းလှပါသည်။ ကျွန်တော့်ကမ္ဘာထဲတွင် နံပါတ်စဉ်ထိုး၍ မဆုံးနိုင်သော ဒုက္ခရောင်စုံသစ်ခွမျိုး စိပ်ပေါင်းများစွာဖူးပွင့်နေကြသည်။ ဤအကြောင်းလည်း မတွေးချင်သော တွေးစရြာ တစ်ပုံတပင် ဖြစ်နေပေလိမ့်မည်။
ကျွန်တော်ရူးတော့မယ်ထင်ပါရဲ့ဟူသော ရူးသွက်သောအတွေးများတို့သည်သာ တဖျောင်း ဖျောင်းရူးနှမ်းစွာ ကျွန်တော်ထံသို့တိုက်ခတ်လာခဲ့ချေပြီ။ ကျွန်တော်ကျော်လွန်လာခဲ့ပြီးသော စာမျက်နှာများကို စိတ်နှင့်ပြန်၍ လှန်လှောကြည့်ကာ ပြန်လည်ဖတ်ရှုခဲ့ရသော်လည်း မည်သည့် အရာမျှ မချောမွေ့ခဲ့ကြောင်းတွေ့ရသည်။ စကားလုံးတွေ ၀ါကျတွေမှာ ညစ်နွမ်းဟောင်းမြဉ်းမြဲ အတိုင်းသာတွေ့ခဲ့ရသည်။ သစ်လွင်တောက်ပမလာနိုင်တော့သော ဝေါဟာရတို့၏ကျောက်ဖြစ် ရုပ်ကြွင်းများကိုသာ တူးဖော်ရရှိခဲ့ရသော်လည်း ပြတိုက်ထဲထားရှိရန်မူ အရည်အသွေးက ညံ့ဖျင်း နေဆဲပင်၊ဖရိုဖရဲပြန့်ကျဲနေသော စာလုံးအက္ခရာတို့၏ အဆက်အစပ်မဲ့နိုင်လွန်းမှုများကို ပွတ် သပ်ဖတ်ရှုရသည်က ရင်အစုံကို နွမ်းလျစေမြဲသာ၊ ဤသည်တို့ထက် လှပဆန်းကြယ်သစ်လွင် တောက်ပသော ၀ိသေသနများဖြင့် တန်ဆာဆင်ပေးသည့် ဇာတ်ကောင်တို့၏ ချစ်စရာ့သွင်ပြင် စရိုက်လက္ခဏာများနှင့်အညီ ခိုင်ခန့်ထည်ဝါသော ဇာတ်အိမ်တို့၏ နူးညံ့သိမ်မွေ့ခမ်းနားပုံတို့ကို အဘယ်ဝဘ်ဆိုက်မှာ ဖမ်းယူကြည့်ရှုခွင့်ရနိုင်ပါမည်လဲ။
ကျွန်တော့်ရဲ့ကွန်ပျူတာ ပြတင်းကို ဖွင့်လိုက်မိလျှင် အမြဲတစ်စေ မှိုတက်နေသော သာကူစေ့တို့၏ မငြိမ်မသက်မှုများကိုသာမြင်တွေ့ရမည်ဖြစ်သည်။ ကျွန်တော့်ရဲ့ဝတ္ထု ခုထိ မပြီး စီးနိုင်သေးခြင်းသည် ဤကွန်ပျူတာကြောင့်သာ ဖြစ်မည်မထင်ပါ။ ဇာတ်ကောင်တို့၏ အပြုအမူ တို့သည် အခါပေါင်းများစွာ ဟာသဆန်နေတတ်သဖြင့်လည်း ပေါ့ရွှတ်သောဇာတ်အိမ်သည် ဆွဲဆောင်မှုကင်းမဲ့စွာရှည်လျားနေခြင်းဖြစ်ပေလိမ့်မည်။ ကျွန်တော့်ဇာတ်ကောင်တို့၏ ကာရိုက် တာတို့သည် ကျွန်တော်ချခင်းထားသော ကာရိုက်တာမဟုတ်သည်ကို ခင်ဗျားယုံကြည်စေလိုပါ သည်။ သူတို့ကို ဘောလုံးအသင်းတစ်သင်းအဖြစ်ကြည့်မည်ဆိုလျှင် အိမ်ကွင်းမှလွဲ၍အခြား အဝေးကွင်းတွင် ကစားကြဖူးသူများမဟုတ်ကြချေ။ ဒီအိမ်ကွင်းမှာ ခင်ဗျားဝင်မကစားပါနှင့်။ ဘာဖြစ်ဖြစ်သူတို့အနိုင်လာစားကြပေလိမ့်မည်။ ခင်ဗျားအတွက် အ၀ါကဒ် သို့မဟုတ် အနီကဒ် သာလျှင် ပို၍သေချာနိုင်သည်။ ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံးသော ဘောလုံးပွဲဟု ဆို နိုင်သော်လည်း လမ်းဘေးကျားကစားဝိုင်းလောက်ပင် ဆွဲဆောင်မှုမရှိသည်ကတော့အမှန်။ သူတို့ သည် အသိမဲ့ တောနက်ထဲအမဲလိုက်ကောင်းနေကြတုန်း၊ သူတို့မှာ ပျော်ရွှင်မှုသကြားလုံးများ ငုံကောင်းနေကြဆဲဖြစ်ရာ အလွယ်တကူထွေးထုတ်နိုင်ကြမည်မှာ မလွယ်ကူကြောင်း ခင်ဗျားသိ ထားပြီးဖြစ်ပေလိမ့်မည်။ ကျွန်တော်ကတော့ မခံစားချင်အဆုံး ခံစားရပေဦးမည်။ ကံကြမ္မာက ကျွန်တော်ရွေးချယ်ထားသောလမ်းတိုင်းတွင် အဆိပ်များပြည့်လျှမ်းသော ဆူးညှောင့်တို့ကို အပြည့်အသိပ်ထောင်းခဲ့ပြီးဖြစ်သည်။ ကျွန်တော်အမက်မောဆုံးသော တောင်ချွန်းတစ်ခုသည် ကျွန်တော်မွေးဖွားပေးလိုက်သော ထိုဇာတ်ကောင်တို့၏ ဘောလုံးကွင်းတစ်ခု ဖြစ်သွားခဲ့ချေပြီ။ မင်းမို့အားအားယားယား ဒီစာမျက်နှာပေါင်း ခုနှစ်ထောင်ကျော်ကို အချိန်ဖြုန်းရေးနေရတယ်။ ဒီ စာမျက်နှာတွေက ဘယ်လောက်ထိ မင်းအတွက်တန်ဘိုးတစ်ခုဖြစ်ပေးနိုင်မလဲ။ အိမ်သာသုံး စက္ကူ လောက်အသုံးတည့်ခဲ့ရင်တောင် မင်းအတွက်ကံကောင်းခြင်းလာဘ်လာဘတစ်ခုလို့ဆိုရလိမ့် မယ်ဟု အပြစ်တင်လျှင်လည်း ကျွန်တော်နာကျည်းစရာ စိတ်ခံစားမှုကွက်လပ်များမရှိတော့ပါ။ ရုံပြည့်ပြီ ဟူသော ဆိုင်းဘုတ်ချိတ်ဆွဲမထားရုံတမယ်ရှိတော့သည်။ အမှန်တော့ ဒီစာမျက်နှာတွေ ဟာ ကျွန်တော့်အတွက်အကျိုးတစ်စုံတရာ မရှိနိုင်ခဲ့သော်လည်း ကျွန်တော့်ဇာတ်ကောင်တို့ရဲ့ မိုး ရေချိုးရာကာလတစ်ခုတော့ဖြစ်ခဲ့ပါသည်။ ခင်ဗျားပြောစရာတစ်ခုတောင်ကျန်နေသေးသည်။ စာမျက်နှာတွေက ညစ်ပတ်နေပါလားပေါ့။ ဒီလိုပါပဲ ရေးနေရင်းဘောလ်ပင်မကောင်းတော့တာ၊ သတ်ပုံသတ်ညွှန်းတွေ မှားနေတာ စာမျက်နှာတိုင်းမှာ ရှိနေတတ်ပါတယ်။ ကော်ရိုက်ရှင် ဖုံးရာ တွေနဲ့ ညစ်ပေနေတဲ့ စာမျက်နှာတွေလိုပဲ ကျွန်တော့်ဇာတ်ကောင်တွေက ကော်ရိုက်ရှင်ကို ပင်တိုင် သုံးစွဲနေကြတယ်ဆိုတာ ခင်ဗျားသိချင်မှ သိပေလိမ့်မည်။
ကျွန်တော်ရေးနေသော ၀တ္ထုတစ်ပုဒ်ခုတိုင်ပြီးဆုံးခြင်းသို့ မရောက်နိုင်သေးကြောင်း ခင်ဗျား သိပြီးဖြစ်သဖြင့် နောက်ထပ် ထပ်ပြောပြရန်ခက်နေပေဦးမည်။ သိလျက်နှင့် မသိချင်ယောင် ဆောင်နေရတာ ခင်ဗျားလား၊ကျွန်တော်လား၊ဇာတ်ကောင်တို့ဆိုသည်မှာ ဘုရားသခင်ညွှန်ပြ သည့်အတိုင်း ရွေ့လျားနေကြတာလား၊ကုသိုလ်တရားထက် အကုသိုလ်တရားတို့၏ ဖိစီးမှု လေလံလွန်းခြင်းကြောင့် မီးဟပ်သွားသော ပလပ်စတစ်စလို့ တွန့်လိမ်နေတာပဲလား။ အဖြေဆို သည်မှာ ကြောင်းကျိုးဆက်စပ်မှုအရ ယုတ္တိရှိနေရမည်ဖြစ်သည်။ ခက်တော့ခက်နေပါပြီ။ ခက်တာ က ကျွန်တော့်ဇာတ်ကောင်များလျော့ပါးမသွားနိုင်သေးခြင်းပင်ဖြစ်သည်။ ဤမျှအသက်ပြင်းရ အောင် နှစ်တစ်ထောင်ဂျင်ဆင်းဆေးမြစ်များ ပြုတ်သောက်ခဲ့ပါလား။ ထိုဇာတ်ကောင်တို့၏ အဆွယ် အပွား အခြံအရံများကိုပါ ထည့်သွင့်းလိုက်မိသဖြင့် စကားလုံးဖောင်းပွမှုဒဏ်ကို ကျွန်ုပ် ခံစားရတော့သည်။ ထို စကားလုံးတို့၏ဖောင်းပွမှုသည် လူတိုင်း၏နားမျက်စိတို့ကို ဒုက္ခပေးနိုင် စွမ်းသော လေဆာတစ်မျိုးဖြစ်နိုင်သည်။ ကျွန်တော်ရဲ့ဇာတ်ကောင်တို့နှင့် သင်တို့ဆက်ဆံပြော ဆို၍ရနိုင်ပါသည်။ သူတို့၏တုန့်ပြန်ပုံမှာ ကလေးဆန်တတ်သလိုမျိုး တစ်ခါတရံ ငါးစိမ်းသည် လည်း ဆန်ချင်ဆန်နေပေလိမ့်မည်။ အမှန်ကို ၀န်ခံရလျှင် ကျွန်တော့်ဇာတ်ကောင်များသည် လူစင်စစ် မဟုတ်သဖြင့် လူ့အသိမျိုးကင်းမဲ့နေခြင်းကို ပျက်ရယ်မပြုပါနှင့်။ တစ်ခါတရံ မည်း မည်း မြင်ကိုက်ချင်နေသော ခွေးဆိုးတစ်ကောင်လည်း ဖြစ်နိုင်ပါသေးသည်။ အတ္တအစွယ်ငေါငေါ မစ္ဆရိ ယအမွှေးထူထူနှင့် တစ္ဆေတစ်ကောင်လိုမျိုးလည်းဖြစ်နိုင်သည်။ သူတို့နှင့် မတိုးမိစေရန် အပုပ် ချိန်တွင် လမ်းထွက်လျှောက်ခြင်းကို ခင်ဗျားဆင်ခြင်ဖို့သာလိုသည်။ အရက်ကိုးမောင်းတိုက်ထား သော ဆင်ရိုင်းတစ်ကောင်လိုခြံသွင်းမရ ထူးခတ်မရသော အခိုက်အတန့်တွေလည်း များနေတတ် သည်။
ဤလက္ခဏ ဤအခြေအနေတို့ကြောင့် ကျွန်တော့်ဇတ်ကောင်များ အထိန်းချုပ်မရ နိုင်ခြင်း အပေါ်ဖြေဆေးသည် ကျွန်တော့်လက်ထဲတွင် လက်ကျန်လုံးဝမရှိတော့ပါ။ အမဲသား မကျွေး နိုင် သဖြင့် ရန်လိုနေသော တစ္ဆေတစ်ကောင်ထဲ ဘီလူးသဘက်တို့ဝင်ပူးနေသည့်အလား ထိရာတွေ့ ရာဝါးမျိုချေဖျက်ဖို့ရန် ၀ိဥာဉ်တစ်စု ကျွန်တော့်ကို ၀ိုင်းလိုက်လာကြသည်။ ကျွန်တော့်ဇာတ်ကောင် တွေက ထပ်ဆင့်မွေးဖွားပေးလိုက်သော အခြားဇာတ်ကောင်နေ့စား၊ပုတ်ပြတ်သမားတွေ ဖြစ်နိုင် ချေရှိသည်။ သံဗုဒေဂါထာရွတ်လည်း ဒီကောင်တွေနောက်မဆုတ်ကြပါလား။ ကိုးရီးယားဇာတ် လမ်းတွဲထဲက ရောဂါတွေထံ ကျွန်တော်အကူအညီလှမ်းတောင်းတော့လည်း ဒီရောဂါတွေမှာ ပြတင်းပေါက်မှတဆင့် ကျွန်တော့်အကူအညီလှမ်းတောင်းတော့လည်း ဒီရောဂါတွေမှာ ပြတင်း ပေါက်မှတဆင့် ကြက်ပျောက်ငှက်ပျောက်၊ ဒါဟာမဖြစ်သင့်တဲ့ အဖြစ်အပျက်တွေထဲက အဖြစ် အပျက်တွေပါ။ ကျွန်တော့်ကိုယ်ကျွန်တော် မယုံကြည်သလိုမျိုးဘယ်သူတွေက ကျွန်တော့်ကို မယုံ ကြတာလဲ၊ ကျွန်တော့်ကို ဆရာဝန်နှင့်ပြကြည့်ဖို့ကိုသာ တိုက်တွန်းနေကြသည်။ ဒါတွေဟာ တကယ့်ဖြစ်ရပ်မှန်ဆိုတာကို သူတို့ မသိဟန်ဆောင်နေကြတာ ဆရာဝန်က နှလုံးသွေးကြော ကျဉ်းတယ်။ ကွမ်းမစားနဲ့တော့တဲ့။ သူ အိပ်ပျော်ဖို့အရေးကြီးတယ်။ စိတ်ငြိမ်ဆေးပေးလိုက်မယ် ဆိုတဲ့အသံလည်းကြားနေရပေါ့။ ကျွန်တော့်ဘ၀မှာ ၀ါးဖူးတာဆိုလို့ ဒီကွမ်းယာတစ်ခုတည်းရှိခဲ့ တာ။ အိပ်ပျော်ဖို့ဆိုတာ ဒီလိုညမျိုးတွေမှာ မဖြစ်နိုင်ဘူး။ ဟန်ဆောင်အိပ်တာနဲ့ ခံစားချက်မဲ့တဲ့ သူတွေရဲ့ အိပ်ပျော်မှုကို ကျွန်တော်မဆိုလိုပါ။ ကျွန်တော့် ၀တ္ထုတစ်ပုဒ်ရဲ့ နိဂုံးချုပ်ပုံကို ခင်ဗျား ဖတ်ချင်ပါသလား။ ကျွန်တော်ပြောချင်တာတစ်ခုပဲရှိသည်။ ဒီလောက်ကြီးမျှော်လင့်နေလျင် ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ဖို့ပါပဲ။
ဆလိုင်း နွေ-မင်းတပ်


This entry was posted on 6:12 PM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments