မောဟကိတ်မုန့်  

Posted by IDEA MAGAZINE

Sunday, June 21, 2009


မောဟကိတ်မုန့်
ငါသွားနေသည်။ ငါတို့သွားနေသည်။ ငါတို့သွားနေကြသည်။ အားလုံးလား။ခရီးမတွင်လှ။ ကျောက်ချွန်၊ ကျောက်တတ်၊ ကျောက်ခက်၊ကျောက်စွယ်တို့ပြွမ်းသော ခရီးကြမ်း . . ကာရန်ပါသလိုလိုရှိ၏။ ဤ၀ါကျမျိုးမကြိုက်၊ ကျောက်တုံးတွေပေါသော လမ်း . . . .ဒါလည်း မဟုတ်သေး။ ကျောက်တုံးတိုင်းမှာ အချွန်အတက်တွေမပါ။ ခြေဖ၀ါးစူးကြောင်း ပြောချင်သေးသည်။ ကြမ်းတမ်းသော ခရီးဆိုလျှင် ရလောက်ပြီထင်သည်။ ခရီးကြမ်းဟုဆိုလျှင်လုံလောက်ပါပြီ။ ပြန်ဆက်မည်။ ငါတို့ ခရီးကြမ်းသွားနေကြသည်။ ရေငတ် သည်။ ထမင်းမစားရသေး။ ထမင်းမစားရသေးဟု ဘာလို့ပြောပြောနေတာလဲ။ လောကမှာ လူအတော်များများအတွက် အရေးအကြီး ဆုံးကထမင်း၊ ထမင်းမစားရသေးသူက မစားရသေးကြောင်းပြောတာ ဘာဖြစ်သလဲ။ ငါတို့ ခရီးသါားနေကြမည်။ ငါတို့ထမင်း မစားရ သေး။ ငါတို့အစာအိမ်များကိုေ ရွချစိန်စီထားသည်။ အေးမြသော လေပြေညင်း၊ မွှေးသင်းလှ၏။ ထင်နေတာမဟုတ်လား။ ကောင်းကင် အနိမ့်ပိုင်းမှာ တိမ်တွေတောက်နေသည်။ လောကလှ၏။ နှင်းဆီပန်းခင်းထဲမှာ နီဝါဖျော့ဖျော့နှင်းဆီပန်းများ ဖူးပွင့်လာ တော့မည်။ ငယ်စဉ်က အချစ်ဦးကိုပေးဖူးသော စပယ်ပန်းများ တစ်ကြိမ်ထပ်၍ပွင့်လာသည်။ ထင်နေတာမဟုတ်လား။ ရင်အုပ်ဝါ၀ါ နှင့် ငှက်ကလေးတစ်ကောင် စာသားမပါသော သီချင်းတစ်ပုဒ်ဆိုနေသည်။ ဒေါနပန်းများ လေထဲမှာမျောပါလာသည်။ ကျောက်တုံးလုံးလုံး ၀ိုင်းဝိုင်းများကို ဖြတ်ကျော်စီးဆင်းလာသော စမ်းရေထဲမှာ ပန်းဖြူဖြူဝါ၀ါကလေးတွေ မျောနေ၏။ စမ်းချောင်ေးဘးက မိုးမခပင်သည် ကိုယ်ကိုကိုင်းညွှတ်အုပ်မိုးအရိပ်ထိုးပေးထား၏။ ပန်းချောရိပ်မှာ ကဗျာတစ်ပုဒ်မရွတ်သင့်ပေဘူးလား။
ထိုကဗျာလည်း ထမင်းမစားရသေး။ ကဗျာအချို့ ပျောက်နေသည်။ သွားစမ်းပါ။ မေဖြူဘယ်မှာလဲ။ အဖြူရောင်ဘရိုကိတ်စ ဘရာစီယာ၏ဇာနားကွပ်တစ်နေရာမှာ စုတ်ပြဲနေသည်။ နာရီလက်ပတ်ကြိုးနှင့် ငြိသောကြောင့်ဖြစ်၏။ စနေနေ့ညနေပိုင်းက မိုးရွာ သည်။ မူလက ဤနေရာတွေင် အဆောက်အဦးကြီးတစ်ခုရှိနေ၏။ အခုမရှိတော့။ ပျက်သွားပြီ။ မူလကဤနေရာမှာ ကျောက်တောင် တစ်လုံးရှိသည်။ အခုမရှိတော့။ ပျက်သွားပြီ။ မိုးတိမ်များရွေ့လျားနေသည်။ အနိစ္စသဘောကို ဆင်ခြင်ကြည့်လို့ရတယ်ထင်လျှင် ဆင်ခြင်ကြည့်ပါ။ မိုးစက်များ ကျလာပြီ။ မိုးရွာခြင်းကိုပြောညသည်ထင်ရ၏။ ပိတ်ထားသောမှန်ပြတင်းကို မိုးစက်တွေဝင်လာသည်။ မိုးပက်ခြင်းကိုပြောသည်လား။ မေဖြူအင်္ကျီမိုးပက်၍ စိုစွတ်ကုန်ပြီ။ ရေစိုသောအ၀တ်၏အနံ့သည် ရွှင်မြူးတက်ကြွဖွယ်ကောင်း၏။ ရေပန်းမြစ်ဆိပ်၊ ပွင့်မျောရိပ်က၊ နတ်အိပ်ခဲ့သေး၊ သွားစမ်းပါ၊ နတ်သျှင်နောင်လည်း ထမင်းမစားရသေး။ စာအုပ်ကို အစာကျွေးပါ။ ညောင်ပင်ကိုထမင်းကျွေးပါ။ နေရှင်နယ်လေးပေ။ မီးချောင်းကို ထမင်းကျွေးပါ။ ကြေးစည်သံကိုထမင်းကျွေးပါ။ ကွန်ပျူတာကို ထမင်း ကျွေးပါ။ အရှေ့အိမ်က ကိုဖိုးနီ ထမင်းစားပြီးပြီလား မေးစမ်းပါ။ အစာအိမ်ထဲက အညစ်အကြေးကို ထုတ်ပစ်ဖို့လွယ်သည်။ ခေါင်းထဲ က အညစ်အကြေးကို ဘယ်လိုထုတ်မလဲ။ ပြောကြစတမ်းဆိုလျှင် ရင်ထဲအသည်းထဲ နှလုံးသားထဲက အညစ်အကြေးတွေ ဘယ်လို ထုတ်ပစ်မလဲ။ ရေထဲကတက်လာသောခွေးတစ်ကောင်သည် သူ့ကိုယ်ပေါ်က ရေတွေလွင့်စင်သွားအောင် ခါထုတ်ပစ်တတ်သည်။ ဦးနှောက်ထဲမှာ ပုပ်သိုးနေသောရေတွေ ဘယ်လိုခါထုတ်ပစ်မလဲ။ ငါ့ခေါင်းထဲမှာ အပုပ်ရည်ဂါလံတစ်ထောင့်ရှစ်ရာ။ မေဖြူထမင်း စား ပြီးပြီလား။ သူဝက်သားပေါင်း အလွန်ကြိုက်၏။ တစ်ခါတစ်ခါ ဘီယာခိုးသောက်တတ်သည်။ ရှေ့ဆီကကောင်းကင်၊ ပုလဲစင်ဝယ်၊ သစ်လွင်အရုဏ်၊ ရောင်ခြည်လှုံ၍ နေမင်းရှန်မှုန်၊ ပုလဲသော်မှ ရဲခဲ့ရွှေသား။ ကာရန်နှင့်ကဗျာတွေ ၀င်လာပြန်ပြီ။ ကာရန်ပါတော့ ရွတ် ဆိုလို့ကောင်းသလား။ ကောင်းလျှင်ရွတ်ပေါ့။ မရွတ်ချင်ဘူးဆိုရင်ကော။ မရွတ်ချင်မရွတ်နှင့်ပေါ့။ လမ်းခရီးမှာ ကဗျာရွတ်သံ တညံညံ။ ကဗျာရွတ်သူတွေပေါ၏။ လမ်းခရီးမှာ ငိုကြွေးသံတွေ တညံညံ။ ငိုကြွေးသူတွေပေါ၏။ လမ်းခရီးမှာ သြဇာပေးသံတွေ တညံ ညံ။ သြဇာပေးသူတွေပေါ၏။ လမ်းခရီးမှာ ညည်းညူသံတွေ တညံညံ။ ညည်းညူသူတွေပေါ၏။ လမ်းခရီးမှာ အတင်းပြောသံ တညံညံ။ အတင်းပြောသူတွေပါ၏။ လမ်းခရီးမှာ ဆဲဆိုသံတွေ တညံညံ။ အရက်သမားတွေပါ၏။ ဤနေရာမှာရပ်။ ၀ါကျရစ်သမ်ပျက်သွားပြီ။ အစကတည်းက စကားပြေကို ဤကဲ့သို့ ရေးရမည်ဟု တစ်ယောက်ယောက်က သင်ကြားထားသောကြောင့်ဖြစ်လိမ့်မည်။ သွားစမ်းပါ။ ရစ်သမ်မပါသော စကားပြေဟူ၍ မရှိ။ တမင်လုပ်ရေးတော့ ရယ်စရာကြီး။ မေဖြူဘီယာတွေ ခိုးသောက်ပြန်ပြီ။ ဘီယာမူးသော မေဖြူ သည် ရစ်သမ်ဖြစ်၏။ တနင်္ဂနွေ ညနေပိုင်းမှာ မိုသည်းထန်သည်။ အမှန်စင်စင် ဘယ်သူကစပြောခဲ့မှန်းမသိ။ သင်္ကြန်ကျပြီးနောက် လေးဆယ့်ငါးရက်ကြာလျှင် မိုးရွာရသည်။ ထိုတနင်္ဂနွေနေ့ဥည် သင်္ကြန်ကျပြီး အရက်ရှစ်ဆယ်မြောက်နေ့ ဖြစ်၏။ မိုးဦးနောက်ကျ သည်ပေါ့။ လူ့လောကကို အကျိုးမပြုသော အရာသုံးခုရှိသည်ဟု ငါ့ဆရာကြီးကပြောဖူးသည်။ ငြုတ်သီးရယ်၊ ကမ္ဘာစစ်ရယ်၊ သင်္ကြန် ရယ်။ သင်္ကြန်မှာ မေဖြူနှင့်အတူ ရေပက်ခွထွက်၏။ သူ့တစ်ကိုယ်လုံး ရေတွေရွှဲရွှဲနစ်။ ရေစိုသော အ၀တ်အစားများ၏အနံ့သည် ရွှင်မြူးတက်ကြွဖွယ်ကောင်းကြောင်း အထက်တစ်နေရာတွင် ရေးခဲ့သည်ထင်သည်။ ကောင်းကောင်းမမှတ်မိတော့။ ထမင်းမစားရ သေးတာကိုမှတ်မိနေသည်။ ထမင်းပွဲမှာ အသားပါသလား။ ငါးပါသလား မသိပါ။ တနင်္ဂနွေညနေပိုင်း မိုးရွာတာကိုတော့ သိသည်။ ထိုအခါ အချစ်ဆုံး၏ မျက်တောင်အတုပေါ်မှာ မိုးစက်တစ်စက်တင်နေသည်။ ထိုမိုးရေစက်သည် အစ်ဖြစ်၏။ အစစ်တွေ၊ အတုတွေ အကြောင်း ပြောပြန်ပါပြီ။ စိတ်ပျက်စရာ အရာအားလုံးသည် အတုဖြစ်၏။ မော်ဒန်အတု၊ ခံစားမှုအတု၊ အနုပညာအတု၊ ပို့(စ်)မော်ဒန် ၀တ္ထုတိုအတု၊ ရယ်မောသံအတု၊ စစ်ပွဲအတု၊ ပန်းပင်အတု၊ မေဖြူအတု၊ ဂရုဏာအတု၊ ချိုချိုသင်းလဲ့ရည်ဆွေအတု၊ ကွန်မြူနစ်အတု၊ ကြက်သားဟင်းအတု (မှတ်ချက်- ပိန္နဲသီးခပ်နုနုဖြင့် လုပ်ရကြောင်း ငါရှာဖွေတွေ့ရှိသည်။ ငါရှာဖွေတွေ့ရှိသော ဒဿနအသစ်၊ ကြက် သားဟင်းအတုကို ပိန္နဲသီးနုနုဖြင့်ချက်လို့ရကြောင်း ကမ္ဘာကိုကြောငြာရမည်။ ထိုဒဿနကို ငါကြိုက်နေသော ပိန်ကပ်ကပ်ကောင်မ လေးကို အစွဲပြု၍ ကွမ်းအစ်သီဝရီဟု အမည်ပေးရမည်။ မိုးမလင်းသေးဘူးလား။ မိုက်မလင်းနိုင်ဘူး။ မြိုက်ခင်းညာဆီမှာ ခါတော်မီသီ မဝေ့နိုင်ဘု။ သည်ကွေ့တွင် နေကုန်မျောရှာကြ၊ အတောဘယ်မသတ်နိုင်တဲ့ ရဟတ်ဗွေ။ ဤလေးချိုးကို ဘယ်သူရေးသလဲ။လယ်တီ ပဏ္ဍီတ ဦးမောင်ကြီးလား၊ သစ္စာနီလား၊ ဇာတ်မင်းသားလေး သိန်းဇော်လား။ ဘယ်သူရေးရေး အရေးမကြီးပါ။ အရေးကြီးတာက မျောနေတာဖြစ်သည်။ သံသရာရေမျက်နှာပြင်ပေါ်မှာ ကြက်သားဟင်းအတုတွေမျောနေသည်။ ပို့(စ်)မော်ဒန်ဝတ္ထုအတုတွေ မျော နေသည်။ လိမ္မာရေးခြားရှိခြင်းအတုတွေမျောနေသည်။ စစ်ပွဲအတုတွေမျောနေသည်။ ကဗျာတွေ၊ အသိဥာဏ်တွေ၊ ခံစားမှုတွေ၊ အချစ် တွေ၊ အနုပညာတွေ၊ ရယ်မောသံတွေ၊ ငိုကြွေးသံတွေ၊ ကွန်မြူနစ်တွေ၊ ကြက်သားဟင်းတွေ၊ အားလုံးအတုတွေ၊ ပေါလောမျောနေကြ သည်။ မေဖြူ၏ဘယ်ဘက် ခြေသလုံးအတွင်းဖက်တွင် လက်သည်းခွံ့လောက် အမာရွတ်ဖြူဖြူကလေးရှိသည်။ သစ္စာတရားသည် အတုဖြစ်၏။ ယောင်ချာချာစက္ကူစုတ်သည် မြောင်းရေထဲမှာ ပျော့အိနူးညံ့နေသည်။ထီလက်မှတ်အဟောင်းတစ်ခုဖြစ်နိုင်သည်။ စာချုပ် တစ်စောင်လား။ သံဝေဂလင်္ကာတစ်ပုဒ်လား။ ထောက်ခံစာတစ်စောင်လား။ ကူပွန်တစ်စောင်လား။ ကျောက်ဖြူသားလှေကားထစ်ပေါ် မှ သုံးမရသောပညာရှိကြီး အိပ်ငိုက်နေသည်။ အတွေးအခေါ်ဟောင်းများကို အရည်ကျို၍ လောက၏နံရံများကို သုတ်လိမ်းညစ်ညမ်း စေသူလား။ ပန်းဖူးငုံ့ထဲသို့ နေရောင်ခြည်ထည့်သွင်းပေးထားသူလား။ သစ္စာတရားကို ကဗျာဂီတဖြင့် ရှာဖွေသူလား။ မောဟကိတ် မုန့်ဖုတ်သူလား။ ကလေးတွေ ခွဲခြားတတ်ပါသည်။မနေ့ညက ကပြသွားသော မောဒန်ဇာတ်ပွဲခင်းထဲမှာ စက္ကူစုတ်များ၊ ပလပ်စတစ် အိပ်ခွံ့များ၊ စားကြွင်းစားကျန်အချို့နှင့် မြေကြီးပေါ်မှာ မည်းနက်သော အစွန်းအကွက်များ ကျန်ရစ်၏။မော်ဒန်ဇာတ်ပွဲပြီးသွားပြီကို လူအချို့မသိလိုက်ကြ။ ထိုးဖောက်စရာပတ်မကြီး လိုက်ရှာနေကြသည်။ ကွယ်လွန်သွားသောဆရာနှစ်ပါး ဇေယျနှင့်ဇော်ဂျီကို သတိမ ရပါ။ အနုပညာအဂဘုံဖျားမှာ သူတို့ဘာများ လုပ်နေကြပါလိမ့်။ တစ်ခါမှ မစဉ်းစားမိပါ။ လောလောဆယ် ဆန်သွားဝယ်ရန်ရှိ၏။ ပြန် လာလျှင် အမှိုက်ပုံးသွန်ရဦးမည်။ ရေခပ်ဖို့၊ သောက်ရေအိုးရေလဲဖို့ ရှိသေး၏။ စဉ်းစားဆင်ခြင်တွေးတောကြည့်ပါ။ေ တွးတောဆင် ခြင်စဉ်းစားကြည့်ပါ။ ဒဿနကို ပတ်လည်ရိုက်ကြည့်ပါလား။ တိမ်မျှင်စနမတွေ့ရသော သရဒမိုးကောင်းကင် မကြည်လင်မှိုင်းဝေနေ သည်မှာ ကြာပါပြီ။ သံစဉ်တစ်ခု ပျောက်သွားသည်။ လေးဖြူနှင့်အငဲကိုမေးကြည့်ပါ။ ထူးအိမ်သင်နှင့် မြင့်မိုးအောင်ကိုမေးကြည့်ပါ။ သော်ဒီဝေနှင့်မျိုးကျော့မြိုင်ကိုမေးကြည့်ပါ။ ဘယ်လိုသံစဉ်လဲ၊ ဘာအမျိုးအစားလဲ၊ ဘယ်လိုစတိုင်လ်လဲ။ ROCK လား၊ THRASHလား၊ PUNKလား၊ PSYCHEDELIA လား၊ GARAGE လား၊ GOGO လား၊ ဒါမှမဟုတ် RAPလား၊ RAGGAE လား၊ SKA လား၊ HIP HOP လား၊ FOLK လား၊HOUSE လား၊DUE လား၊SOUL လား၊ဒါမှမဟုတ် FUNKလား၊ ငါမသိပါ။ သံစဉ်တစ်ခု ပျောက်ကွယ်သွားတာတော့ အတော်ကြာပြီ။ ဘီယာဖန်ခွက်ရှည်ထဲမှာ အမြှုပ်များ သက်တံ့ရောင်ပြေးနေသည်။ ယင်းဝါးလိပ်ကြားမှ ထိုးဆင်းလာသော နေရောင် ခြည်ထဲတွင် ဘီယာမြှုပ်များ လှပနေကြ၏။ သူ့လက်ညှိုးဖြူဖြူသွယ်သွယ်ကလေးဖြင့် ဘီယာမြှုပ်များကို ကော်ယူစုပ်နေသည်။ သူ့ လက်သန်းလက်သည်းခွံပေါ်မှာ အဖြူစက်တစ်စက်ရှိသည်။ မိုးစက်တို့မယုံနိုင်စရာ ပူနွေးနေ၏။ ROCK ဂီတနိဂုံးချုပ်သွားပြီ။ ကာရန် စနစ် နိဂုံးချုပ်သွားပြီ။ ကွန်မြူနစ်ဝါဒနိဂုံးချုပ်သွားပြီ။ ၀တ္ထုရှည်နိဂုံးချုပ်သွားပြီ။် မချုပ်တာ ဘာကျန်သေးလဲ။ ဟိုမှာ မောဟကိတ်မုန့် ဖုတ်သူလာနေပြီ။
ဇော်ဇော်အောင်

This entry was posted on 5:59 PM and is filed under , . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments