ငြင်းလို့မရတဲ့အခါကျတော့
Thursday, August 20, 2009
ငြင်းလို့မရတဲ့အခါကျတော့
ကဗျာရေးဖို့ ပြင်ဆင်နေရာကနေ ဘောလ်ပင်လိုက်ရှာရင်း အံဆွဲတွေမွှေနှောက် တိုလီမုတ်စတွေ ရှင်းလင်း စာအုပ်တွေစီရင်းညီရင်းနဲ့ အခန်းသန့်ရှင်းရေး အစီအစဉ်ရောက်သွားတော့လည်း မွေ့ယာတွေ ဖုတ်ဖက်ခါ၊ နေလှန်း၊ ကြမ်းတိုက်နဲ့ နဖူးကချွေး ခြေမမကျတဲ့အထိ ငါဟာ ငပျင်း တော့ မဟုတ်ပါဘူး။ ငါဟာ ညကြီးမင်းကြီးလည်း စာ ထရေးတတ်တာပဲ၊ ငါဟာ ငပျင်းငဖျင်းတော့ ဟုတ်ပုံမပေါ်ဘူး။ ဒါနဲ့များ ငါနဲ့ ပိုက်ဆံ ဘာလို့အတူမနေရပါလိမ့်၊ ငါ့အကြောင်းမသိဘဲ ဆက်ဆံ ရေးကျဲကြတာတွေ ဒီလူတွေ ငါဘယ်လိုတုံ့ပြန်ရမလဲ သူမနဲ့ကွဲသွားတဲ့တစ်နေ့ သူမကို ငါထားခဲ့ တစ်နေ့ကို စောင့်ကြည့်မယ်ဆိုတဲ့ ဒီအမျိုးသမီးကြီးကို ငါဘယ်လိုတုံ့ပြန်ရမလဲ၊ အဲဒါ ငါ့မှာခက် နေတာပဲ၊ ဟိုကောင် နေ၀ိုင်ဝိုင်ကတော့ အေးဆေးပဲ၊ သင်္ကြန်တွင်းမှာ ဘယ်မှမသွားဘူး၊ အိမ်ရှေ့ သံတံခါးပဲ ဆေးထိုင်သုပ်နေတယ်။ အေးဆေးပဲ၊ ငါနဲ့ပတ်သက်သမျှ အင်း ငါကလည်း ပတ်သက်ခဲ့ တာကိုး တစ်ရာမှာ ကိုးဆယ်ကိုး အဲဒီလိုမြင်နေကြတာ မဟုတ်မှန်ကြောင်း၊ ငါဟာ လေးနက်သူ ဖြစ်ကြောင်း ငါဟာ အနုပညာအထုံပါရမီနဲ့ ကြီးပြင်းခဲ့သူဖြစ်ကြောင်း ငါဟာ အိမ်က ကြောင်စုတ် လေးကိုတောင် ညစာမှန်မှန်ကျွေးလေ့ရှိကြောင်း ပြဖို့ မဟာရန်ကုန်သို့ ပြောင်းရွေ့ခဲ့၊ အလုပ်ရှင် ကို မယုတ်မလွန်ပြောခဲ့၊ ရန်ကုန်မှာ နေ့ရွေ့ညရွေ့နဲ့ တစ်လကြာပြီး တစ်ညမှာ ဘတ်စ်ကားစီးပြီး တည်းခိုနေတဲ့နေရာ နွမ်းလျအိမ်ပြန်တော့ ဒီကားဟာ ငါ့မြို့ငါ့အိမ်ကိုရောက်သွားရင် သိပ်ကောင်း မှာပဲလို့ တွေးမိ၊ ဟုတ်တယ် ငါ့အိမ်ကို ရောက်မှာဘဲ၊ ငါ့အိမ်ကို ငါပြန်ရောက်လာတော့ တစ်ဖက် မှာ ကဗျာ မျက်နှာဖုံးရှင်၊ တစ်ဖက်မှာ ရပ်ကွက်ထဲ ရင်လို ယောင်ခြောက်ဆယ်၊ မနက်စာကို အလုပ်တစ်ခုနှယ် အချိန်ယူပြင်ဆင်စားသောက်ပြီးတဲ့အခါ ဟုတ်တယ် အိပ်သာဝင်ဖို့ကျန်သေး တယ်။ အားအားယားယား မဟုတ်ဘူး၊ အိမ်သာဝင်နေတာ ကျန်းမာရေးအရ၊ ပြီးတော့လည်း သွေး သားကိစ္စ၊ ရုပ်ပုံတွေနဲ့မဟုတ်ဘဲ အကောင်လိုက်ကြီး မဆက်ဆံရသရွေ့ မြင်မြင်သမျှနှာဘူးကျ လျက် ငါ့အားနည်းချက်ကို ၀န်ခံနေရတဲ့အပေါ် အထင်အမြင်သေးမယ်ဆိုလည်း သေးကြ၊ ကမ္ဘာ မှာတော့ ဒါဟာ မထူးဆန်းတော့ဘူး။ အလိုမတူတဲ့ ကိစ္စကလွဲရင် ကိုယ်ကျင့်သိက္ခာဖောက်ဖျက်ရာ လည်းမကျတော့ဘူး၊ အဲသလို ကိုယ့်ဘက်က ဆင်ခြေဆင်လက် အသင့်အနေအထားနဲ့ ဆေးဝါး ကိစ္စလည်း အပါအ၀င်ပေါ့၊ ဘာဖြစ်လည်း ကိုဝင်းမြင့်တို့ ကိုလူဆန်းတို့လည်း တားမြစ်ထားတာ သိကြမှာဘဲ၊ စိတ်ကိုပြောင်းလဲစေတတ်တာ သိကြမှာဘဲ၊ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင် တာလည်း သိကြမှာဘဲ၊ အသိခေါက်ခက် အ၀င်နက်ဆိုတာ အသိအပေါ် ယုံမှားသံသယဖြစ်နေ သေးလို့ ကိုဇေယျာလင်းလည်း ဒီလိုပဲနေမှာ၊ ကိုမိုးဝေရော၊ ညဆယ်နာရီခွဲမှ ပွဲကစတာ၊ ကိုငုအိမ် ဆိုင်ကနေ ခေါက်ခက်နဲ့ကောင်းပြည့်ရောက်၊ ကောင်းပြည့်ကနေခေါက်ခက်အရှိန် မသေသေးဘဲ သီရိမင်္ဂလာညဈေးမှာ လူမလဲဘဲ ပုလင်းလဲ၊ ဆေးလိပ်ငွေ့တွေ လွမ်းခြုံနဲ့ အိမ်အပြန်ဇနီးမယား တွေထလာအောင် ခေါင်းလောင်းဆွဲရတာ ဒီတစ်နေ့တည်းလားဆိုတော့ မဟုတ်ဘူးတဲ့ ဒီလိုည တွေက များပါပြီတဲ့ အလုံလမ်းအတိုင်း လမ်းလျှောက်ပြန်ကြနဲ့ ကားကြီးတွေက ဘေးကနေ တ၀ူး ၀ူးဖြတ်သွားနဲ့ ကိုဇေယျာလင်းရေ၊ အခုတောင် ဘိတ်ကနေ လှမ်းပူရသေးတော့၊ ခက်တော့လည်း ခက်ပါတယ် ညအိပ်ယာမ၀င်မှီ တစ်ခုခုထိခိုက်ခံစား ဒါမှမဟုတ် ထူးခြားပြောင်းလဲဖို့ ယောက်ျား သားတွေဟာ အချို့ပုံအောပြီး လောင်းကစားလုပ်ကြသလို အချို့အပေါင်းအသင်းတွေစုပြီး ညနေ ညနေစည်တယ်လေနဲ့ စိတ်ဖြေ၊စိတ်ပြေကြသလို သူတို့ အဲဒီလို ညကို ကုန်ဆုံးလွန်မြောက်စေ တာ၊ ငါ အဲဒီလိုသုံးစွဲရင်း ယောက်ျားပီသကြောင်း ပြချင်နေတာလား မသိတာ၊ လူမှာ ပြောမနာ ဆို မနာနဲ့ အပြောင်အပြက်ရော အတည်အတံ့ရော အတိုင်အဖောက်ညီမယ့်တစ်ယောက်ယောက် တော့ လိုတာအမှန်ပဲ၊ ခင်ဗျားကတော့ စင်ကာပူကိုသွားဖို့ကိစ္စပြောမှာပေါ့။ ပြောနိုင်တာပေါ့၊ တကယ်တော့ ကိုယ့်ဘ၀ကိုယ့်အနေအထား တကယ်ဖြစ်ရှိနေတဲ့ကြားက ခင်ဗျားမြင်တဲ့အတိုင်း ကျွန်တော်ရှိနေပုံ ဖြစ်နေပုံဟာ အံမခန်းစွန့်စားခန်းတစ်ရပ်အနေနဲ့ ဒါခင်ဗျားကို ဂုဏ်ယူတက်ဝကြွ ဖွယ်အန်ဝန်ခံမိတော့လည်း ခင်ဗျား ကျွန်တော့်အပေါ်သုံးစွဲတဲ့နိမိတ်ပုံက သစ်ခြောက်ပင်တဲ့၊ အသီးသီးဖို့လက်တစ်ကမ်းအလိုက ကြည့်ရင်တော့ အခုမှ အညှောင့်ပေါက်တဲ့ကောင်ကို ဘယ် အားရစရာရှိမလဲ၊ အခုမှပြန်တွေ့ကြတဲ့ တစ်ယောက်အကြောင်းကို တစ်ယောက်က သိဖို့စကား လုံးတွေနဲ့ မလုံလောက်ဘူးဆိုပေမယ့်လည်း ကျွန်တော့်အပေါ်ခင်ဗျားထည့်သွင်းစဉ်းစားပေးပုံ တစ်ချို့်ကတော့ ကွက်တိပဲ၊ ဒါဟာ ငါ့ဘ၀တက်လှမ်းဖို့ နောက်တစ်ဆင့်များလား၊ တက်လှမ်းစရာ ရှိလို့ပဲ ခင်ဗျားနဲ့တွေ့ရတာလား၊ Black to the Future ရုပ်ရှင်ကို ကြည့်အပြီးမှာ နားလည်ထား တာတစ်ခုက တစ်ချိန်မှာ မောင်ဘဟာ ကာလယန္တရားကိုတီထွင်နိုင်အောင် အနာဂတ်ကတီထွင် အောင်မြင်ပြီးတဲ့ မောင်ဘက ပစ္စုပ္ပာန်က မောင်ဘဆီလာပြီး ယန္တရားပြုလုပ်ပုံပြုလုပ်နည်းကို ပြသခဲ့တယ်ဆိုတာ။ အဲဒီဖြစ်စဉ်တစ်ခုထဲမှာ ကျွန်တော်ဖြစ်နေတယ် ခင်ဗျားဖြစ်နေတယ်၊ အခု မုန် တိုင်းသတင်းနဲ့ နောက်ဆက်တွဲဂယက်တွေ မြင်နေကြားနေရတော့ ကိုယ်ဘာမှအဖြစ်မရှိတာ နည်းနည်းစိတ်သက်သာရသလိုပဲ၊ ကမ္ဘာကြီးက ပျက်နေပြီ။ ခင်ဗျားက ဘာဖြစ်ချင်သေးလို့တုန်း အဲသလို့ပေါ့။ ။
မောင်ယုပိုင်

This entry was posted
on 4:25 PM
and is filed under
essay type story - sept'09
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
0 comments