ခံစားချက်  

Posted by IDEA MAGAZINE

Monday, May 25, 2009


ခံစားချက်
ကျွန်တော့်အတွင်းစိတ်များသည် မငြိမ်မသက်ဖြစ်နေကြသည်။ ထို မငြိမ်မသက်ဖြစ်နေသော စိတ်၏ အောက်ခြေတွင်ဆို့နင်ပူလောင်နေသော မည်သို့မှန်းမသိရသည့် ဆိုးဝါးသော ဝေဒနာကြီးရှိနေသည်။
“ အရင်တုန်းက ငါဟာ စက္ကန့်တိုင်း သစ္စဖောက်တာကို ခံနေရတာပဲ . . .” လို့ တွေးလိုက်ရင် တစ်ကိုယ် လုံးဟာ ဆို့နင့်ကြေကွဲတဲ့ဝေဒနာနဲ့ နစ်မြုတ်သွားတယ်ဗျာ . . . .။
အဲဒီဝေဒနာဟာ မငြိမ်သက်ဘဲ ပူလောင်နေတဲ့ ရင်ထဲကပဲလာပါတယ်။ အဲဒီအတွေးရဲ့စကားလုံးတွေကို ရအောင်ဖျောက်တော့ စကားလုံးတွေပျောက်သွားပေမယ့် ဝေဒနာကတော့ တုတ်နဲ့အဆွခံလိုက်ရသလို နာပြီး ကျန်ရစ်ခဲ့တာပါပဲ။
ကျွန်တော့်ကို လူတွေက ငြိမ်ငြိမ်ကလေး ထိုင်နေတာလို့မြင်ကြလိမ့်မယ်။
မဟုတ်ပါဘူး။
ကျွန်တော့်အတွေးတွေဟာ ပူလောင်တဲ့အသိတွေနဲ့ ဆက်ခါဆက်ခါလောင်ကျွမ်းနေတာပါ။
ကျွန်တော် ပြန်မြင်ကြည့်မိနေတယ်။
ဥပမာ . . . အဲဒီနေ့က . . .
ကျွန်တော်ဟာ စာရေးနေတယ် . . . ။ သူက ကျွန်တော်ငဲ့ကြည့်ရင် မြင်နေရတဲ့ကုတင်ကလေးအပေါ် မှာ လှဲလှောင်းလို့ . . . နဖူးကလေးအပေါ်မှာ လက်ကလေးကိုတင်လို့ . . မျက်နှာကျက်ကို မော့ကြည့်ပြီး ငေးနေတယ်။
သူဟာ . . . ကျွန်တော် ၀တ္ထုရေးပြီးလို့ ပိုက်ဆံရရင် သူလိုချင်တာတစ်ခုခုကို ပူဆာဖို့တွေးနေလိမ့်မယ်။ သူ ဘာစားချင်သလဲဆိုတာကို စဉ်းစားချင်စဉ်းစားနေလိမ့်မယ်။ ကျွန်တော်နဲ့ အပြင်မသွားရတာကြာပြီလို့ တွေး ချင်တွေးလို့ ကျွန်တော့်ငဲ့ကြည့်ရင်း စဉ်းစားမိတယ်။
ဆိုလိုတာက သူဟာ ကျွန်တော်နဲ့မလှမ်းမကမ်းမှာ သက်သောင့်သက်သာလှဲလှောင်းရင်း ကျွန်တော်နဲ့ မိသားစုအကြောင်းကို စဉ်းစားနေလိမ့်မယ်လို့ချည်း ကျွန်တော်ထင်ခဲ့တယ်။
အခု ပြန်စဉ်းစားလိုက်တော့ အဲဒီလိုမဖြစ်နိုင်ဘူး။ မဟုတ်ဘူး။ သူဟာ ကာမပိုင်လင်ယောက်ျား ကျွန်တော်ရှိရက်နဲ့ . . သူကိုယ်တိုင်ရင်နဲ့လွယ်ပြီး မွေးထားခဲ့တဲ့ သားကလေးရှိရဲ့သားနဲ့ . . တခြားယောကျာ်း သားတစ်ယောက်အကြောင်းကိုပဲ စဉ်းစားနေခဲ့တယ်။
ပြီးတော့ . . သူ အဲဒီလို အမြဲနေခဲ့တာ (၁)နှစ်ကျော်ကြာပြီဆိုတဲ့အတွေးဟာ ကျွန်တော့်ရင်ကို တည့် တည့်ချိန်ပြီး . . ရင်ထဲကနှလုံးသားရှိမယ့်နေရာတည့်တည့်ကို တည်ပြီးချိန်ပြီး တစ်ကိုယ်လုံးအားနဲ့လှံသွားကို ဖိချလိုက်သလိုပဲ နင့်ကနဲစူးကနဲ နာကျင်လှပါတယ်။
သူ ရယ်နေတာ၊သူအလှပြင်နေတာ၊သူသီချင်းဆိုနေတာ . . အဲဒါတွေအားလုံးဟာ ကျွန်တော့်အတွက် မဟုတ်ဘူးဆိုတာကို သိလိုက်ရတော့ ရူးသွားမတတ်ရင်နာရပါတယ်။
ဒီလို အသိကို နောက်ကျမှရတဲ့အတွက်လည်း သမ္မာဒေ၀နတ်ကောင်းနတ်မြတ်တွေကို ကျေးဇူးတင်ရ ပါတယ်။ သူက တစ်ခြားယောက်ျားကို စိတ်ဖောက်ပြန်နေတဲ့အချိန်မှာ သူ့ကို ကျွန်တော်က ဖြူဖြူစင်စင်ပဲ လုပ် ကျွေးနေခဲ့တယ်။ ဟိုး အရင်တုန်းကအတိုင်းပဲ သူပြောသမျှကို ယုံနေမိတယ်။ ကျွန်တော်ချစ်နေတဲ့အချစ်နဲ့ သူ ဟာလှနေခဲ့တယ်။ စောစောစီးစီးသာသိရရင် . . အဲဒီအချိန်တွေကစပြီး ကျွန်တော်နာကျင်နေရမှာပဲ။ အခုတော့ သူ့အပေါ်မှာ ဖြူစင်ချိန် တစ်နှစ်လောက်ထပ်ရခဲ့ပါတယ်။
ပတ်ဝန်းကျင်က လူတွေက ဒီလောက်တောင် မသိရအောင် မင်းဘာတွေလုပ်နေသလဲ!။ ငါတို့သိတာ တွေ့တာ . . လူတွေပြောနေကြတာကြာပြီ . . . .တဲ့။
ပြောပြရင်တော့ရယ်စရာပါ . . . ကျွန်တော်က အလေးတွေမနေတယ်။ကဗျာတွေရေးနေတယ်။ အရက် မသောက်ဖြစ်အောင် စိတ်ငြိမ်တဲ့လေ့ကျင့်ခန်းတွေယူနေတယ်။ ၀တ္ထုတွေရေးနေတယ်။ ကဲ . . ရယ်စရာမ ကောင်းဘူးလား။ ရင်နာစရာမကောင်းတဲ့ ရယ်စရာတစ်ခုလို့ပဲဆိုကြပါစို့။
ဘုရင်ကြီးတစ်ပါးမှာ အင်မတန် ဟင်းချက်တော်ပြီး စိတ်ချယုံကြည့်ရတဲ့ စားတော်ကဲကြီးတစ်ယောက် ရှိတယ်တဲ့။ ဘုရင်ကြီးက သူ့စားတော်ကဲကြီးချက်တဲ့ အစားအသောက်တွေကို မစားခင်မှာ အမြဲကြွားလေ့ရှိ တယ်တဲ့။ “ဟောဒီလိုအရသာအရှိဆုံး အစားအသောက်တွေကို . . ငါ့လို ဦးဦးဖျားဖျား . . ဘယ်သူစားနိုင်သ လဲ”တဲ့ အဲဒီအသံကိုကြားတော့ စားဖိုမှူးကြီးဟာ ကြိတ်ပြီးရယ်သတဲ့။ သူက ဘုရင်ကြီးမစားခင် သူနဲ့သူ့မိသားစု အမြဲတမ်းဦးဦးဖျားဖျားစားနေကြလို့ . . .။
စားတော်ကဲကြီး ပြုံးတာကိုမြင်တော့ မောင်းမတွေက မေးတဲ့အခါ . . ပြောပြတော့ နန်းတော်တစ်ခုလုံး က မောင်းမမိသံတွေက အားလုံးသိသွားကြပြီး ဘုရင်ကြီးကြုံးဝါးတိုင်း . . စားတော်ကဲကြီးပြုံးသလို လိုက်ပြုံးကြ သတဲ့။
ငါ့ကိုလည်းပတ်ဝန်းကျင်က လူတွေက ဒီလိုပဲ ပြုံးနေကြတာကြာပြီတဲ့။ ငါ . . သိလိုက်ရတဲ့အချိန်မှာ ဖြူစင်သန့်ရှင်းတဲ့ ငါ့မေတ္တာတွေအားလုံးကို အဆိပ်ခပ်ခံလိုက်ရသလိုဖြစ်သွားတယ်။ ငါဟာ မျက်နှာကို ဖြတ် အရိုက်ခံလိုက်ရသလို နာကျင်သွားတယ်။ အရှိန်နဲ့ပြေးလာနေတဲ့ လူတစ်ယောက်ကို ခြေထိုးချတာခံလိုက်ရ သလိုမျိုး . . ငါ့ဘ၀ရဲ့ ပုံမှန်အချိန်တွေအားလုံး ဒလိမ့်ခေါက်ကွေး ပြိုလဲကျကုန်တယ်။ ငါ့ဘ၀မှာ တစ်ခါမှ တွေးမကြည့်ခဲ့ဖူးတဲ့ အခြေအနေမျိုးကို ငါရောက်သွားတော့ . . ဘာလုပ်ရမှန်း မသိလောက်အောင် ဆူပူသွား ခဲ့တယ်။
အဲဒီခံစားမှုတွေအားလုံးက တဖြည်းဖြည်းအသိဥာဏ်ဝင်လာမှ ပြုံးပြီးသိ၊ပထမဦးဆုံး ခံစားရတာက တော့ ဥပမာလည်းပေးလို့မရ၊နာကျင်လု့လည်းမရတဲ့ တုန်လှုပ်ခြောက်ခြားမှုပါပဲ။ ခုနကရေးပြတဲ့ အခြေအနေ တွေက အဲဒီတုန်လှုပ်မှုကြီးထဲက အရှိန်လျှော့ပြီးကျန်ခဲ့တဲ့ ဥပမာတွေပါ။
ငါ သူ့အပေါ်မှာထားခဲ့တဲ့ ယုံကြည်မှုနဲ့ပေးခဲ့တဲ့ လွတ်လပ်မှုဟာ စဉ်းစားဆင်ခြင်ဥာဏ်နည်းတဲ့၊အရှက် အကြောက်နည်းတဲ့ တစ်ကိုယ်ရည်သာယာ သူ့ရဲ့မူလပင်ကိုယ်စရိုက်တွေနဲ့ ပေါင်းပြီးတော့ မယုံကြည်နိုင် လောက်အောင် နာကျင်ရတဲ့ ဒုစရိုက်တွေနဲ့ ပြည့်နေတဲ့ စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ အဆိပ်ခွက်ဖြစ်သွားခဲ့ တယ်။
အဲဒီအဆိပ်ကို ငါသောက်လောက်ရတယ်။
အခြေအနေအကြောင်းအကြောင့်ရလာတဲ့ အဆိပ်ခွက်ကို ငါမငြင်းခဲ့၊ငြင်းလို့လဲမရဘူး။ ငြင်းခွင့်လဲ မရှိ ဘူးလေ။
ငါဟာ . . ငါ့ကိုယ်ငါပြန်မရဘဲ . . ခံစားမှု ဆိုးဆိုးဝါးဝါးတွေထဲမှာ မြောနေတယ်။ ငါဟာ ငါ့အရှုံးတွေကို အနုပညာပါပါ တွေးတွေးပြီး ငါ့ရင်ကိုထပ်နာကျင်အောင်လုပ်နေခဲ့တယ်။ ငါကိုယ်တိုင်တွေ့ရတာလည်းမဟုတ်ပဲ နဲ့ သူနဲ့အဲဒီကောင်လေးအတူလာတာ၊ပျော်ပျော်ရွှင်ရွှင်ရယ်မောနေတာတွေကို တွေးမိပြီး ထိန်းလို့မရ၊ရင်နင့်မှု ကို ခံစားနေခဲ့တယ်။ ကိုယ့်ဘာသာ လုပ်တွေးထားတဲ့ ထင်ကြေးအရိပ်က ငါ့ကို အချိန်တိုင်းနှိပ်စက်နေခဲ့တယ်။
ရက်တွေကြာလာပေမယ့် ငါ့ဘာသာ ဖန်ဆင်းထားတဲ့ နာကျင်မှုတွေဟာ ကုန်မသွားဘဲ သစ်သည်ထက် တောင် သစ်လာနေသေးတယ်။ ငါဟာ နာကျင်မှုမှာ အကြိမ်ကြိမ်ငရဲကျတယ်။ ငါ့ကိုယ်ငါ မပိုင်ဘဲ . . စိတ်ထင် ရာတွေကို ခံစားနေမိတယ်။
ဒါပေမယ့် . . ငါဟာ အပြင်ကိုမထွက်ဘူး။ ခံစားရတာ လိမ့်နေပေမယ့် စိတ်အလိုကို မလိုက်ခဲ့ဘူး။ အရက်ပြန်သောက်ဖို့ ဆေးလိပ်ပြန်သောက်ဖို့ကို အင်အားကောင်းကောင်းနဲ့ ဆန့်ကျင်ထားနိုင်ခဲ့တယ်။ အဲဒီ အတွက် ငါ့ကိုယ်ငါ ဂုဏ်ယူစွာနဲ့ ကြည်လည်းကြည်ညိုတယ်။
စိတ်က ကြေကွဲနာကျင်ပြီးမထိန်းနိုင်တော့ ငါဟာ ငါဖတ်ထားတဲ့ တရားဓမ္မတွေနဲ့ ငါ့ကိုယ်ငါ တိုက်ကြည့် တယ်။ စိတ်လေလွင့်တဲ့အခါ ငြိမ်သက်တဲ့ အလုပ်ကိုလုပ်ရမယ်။ ငါ့အတွက် စာရေးနေတဲ့အချိန်ဟာ စိတ် အတည်ငြိမ်ဆုံး၊ငါ စာရေးတဲ့အလုပ်ကို ပြန်လုပ်ဖို့ပြင်ဆင်တယ်။ အဲဒီအချိန်မှာ ငါဟာ လွတ်ထွက်ချင်နေတဲ့ အသိစိတ်ကို အမြန်ဆုံးနဲ့ခံနိုင်ရည်အရှိဆုံးထိန်းရတယ်။
ငါ ဗေဒင်ဆရာဆီမသွားပါဘူး။ ယတြာရာမချေဘူး။ ငါ့ရဲ့ ရိုးသားတဲ့ကိုယ်ကျင့်တရားကို အားကိုးပြီးတော့ ပဲ ပြဿနာတွေကို ဖြေရှင်းခဲ့တယ်။ အဆုံးမှာ ငါအောင်နိုင်ခဲ့တာပါပဲ။ အဲဒီ အနိုင်ရမှုက ငါ့ကိုယ်ငါ ပြန်လည် ယုံ ကြည်စေတယ်။ နောက်ဆုံးမှာ အဓမ္မနဲ့ ဓမ္မပြိုင်ကြရင် ဓမ္မကပဲ အနိုင်ယူရစမြဲကို ငါ ကောင်းကောင်းနားလည် သွားတယ်။ သစ္စာ(၂)ခါအဖောက်ခံခဲ့ရတဲ့ ငါဟာ အဲဒီတစ်လတည်းအတွင်းမှာပဲ တော်တော်ပြောင်းလဲသွားခဲ့ တယ်။
ငါ့စိတ်တွေ ပိုပြီးတည်ငြိမ်လာအောင် စာရေးဖို့ကြိုးစားရတယ်။
ငါ စာရေးချင်စိတ်ရှိအောင် စာအုပ်တွေ ပြန်ဝယ်ပြီး စာတွေဖတ်တယ်။ စာကောင်းပေကောင်းဖတ်လိုက် ရတာနဲ့ ငါဟာ စာရေးချင်စိတ်ပေါက်လာတာပဲ။ ဒီတော့ ပိုပြီး ဆွဲဆောင်မှုရှိအောင် ဘောလ်ပင် ရောင်စုံကလေး တွေ ငါရေးချင်တဲ့ ဘောလ်ပင်အထုတ်လိုက်တွေ စာအုပ်လှလှကလေးတွေ ဒိုင်ယာရီတွေ . . ချုပ်စက်အသစ်၊ Colour Pan အသစ်တွေ ၀ယ်ပစ်လိုက်တယ်။
ပြီးတော့ ငါစာစရေးတယ်။
ငါ့စိတ်ဟာ လန်းဆန်းမှုနည်းနည်းနဲ့စရာက ရေးရင်းရေးရင်း တဖြည်းဖြည်းတော်တော်ရေးလို့ကောင်း လာတယ်။ “အိုလေး” ၀တ္ထုဟာ ငါ့ဘ၀မှာ ရေးရတာ ရေးလို့အကောင်းဆုံးဝတ္ထုတစ်ပုဒ်ပဲ။ ရှည်လွန်းလို့ ကိုမျိုး ကတောင် တော်ပါတော့ အရမ်းရှည်နေပြီလို့ တားယူရတဲ့အထိပါပဲ။
ငါ့စိတ်ဟာ တည်ငြိမ်တော့ အတွေးတွေ သန့်ရှင်းလာတယ်
သူနဲ့ပတ်သက်ပြီး ငါမမြင်၊မတွေ့တာကို ငါ့ဘာသာပုံရိပ်ဖ်ာပြီး နာကျင်အောင် တွေးတာတွေကို မတွေး ဖြစ်ဖို့ စဉ်းစားရတယ်။ ဆုံးဖြတ်ချက်ချရတယ်။ ပြီးတော့ . . ငါစိတ်ရင်းခံနဲ့ သူ့အပေါ်ဖြူစင်ခဲ့တာတွေ၊လှပခဲ့ တာ၊ပျော်ရွှင်ခဲ့တာတွေကို . . ငါအခုရနေတဲ့ ညစ်ညမ်းစုတ်ပဲ့နံစော်နေတဲ့စကားတွေ သက်သေတွေ၊အရုပ်တွေ နဲ့ရောပြီး အကျည်းတန်မသွားအောင်ထားရတယ်။ အရင်တုန်းက သူနဲ့ အခု သူ့ကိုရောမသွားဖို့ ကြိုးစားရ တယ်။ ငါ့ရင်ထဲမှာ လှခဲ့ဖူးတဲ့ သူ့မှာ ဘာမှအပြစ်မရှိဘူး။ သူဟာ ရိုးသားခဲ့တုန်းက ရိုးသားခဲ့တယ်။ ငါ့အပေါ် သိပ်သည်းခံခဲ့တယ်။ ငါ ဒဏ်တွေကို ခံခဲ့ရဘူးတယ်။ အရက်သမားမယားလို့ အကြည့်ခံခဲ့ရဘူးမယ်။ အဲဒီတုန်း က သူဟာ လှခဲ့တယ်။ အဲဒီကိစ္စတွေကို အခု သူ့ဖောက်ပြန်မှုနဲ့ သွားရောလိုက်လို့ ငါမချိမဆန့် ခံစားနေရတာ ဆိုတာကို ငါ သွားတွေ့လိုက်တယ်။ ဒီတော့ အရင်တုန်းက လှခဲ့တဲ့ သူ့ကို မလှခဲ့တဲ့ အခု သူနဲ့ ခွဲထုတ်ထားဖို့ ကြိုးစားရတယ်။
ဒါက . . ရေးချရတာ လွယ်ပေမယ့် လုပ်ရတာ၊ကျင့်ကြံရတာ၊အလေ့အကျင့်ဖြစ်အောင် ကိုယ့်ကိုယ် ကို ခိုင်းရတာ လုံးလုံးမလွယ်ပါဘူး။
ဒါပေမယ့် အလုပ်ကိုဖိလုပ်ရင်း၊ကိုယ့်တည်ငြိမ်မှုကို ကိုယ်မွေးရင်း ငါဟာတဖြည်းဖြည်း တည်ငြိမ်နိုင် လာတယ်။ “အိုလေး” အပ်တဲ့နေ့က ပိုက်ဆံတွေ့ရတော့ ငါဟာ ၀မ်းသာနေမိတယ်။ ရွှံ့နွံထဲကနေ “ကြာ” ပန်းတစ်ပွင့် ပွင့်လာသလို ငါခံစားရတယ်။ ငါ စိတ်ဆင်းရဲကြီးစွာ ခံစားနေရတဲ့ကြားထဲက တည်ငြိမ်မှုနဲ့အတူ ငါ့ ကိုယ်ငါ ကြိုးစားတည်ဆောက်ရင်းနဲ့ ရလာတဲ့ ပိုက်ဆံဖြစ်လို့ မက်မောမှုထက်ကြည်နူးမှု၊ ငါ့ကိုယ်ငါ ပိုယုံကြည် လာမှုက တကယ်ကိုပိုပါတယ်။
ငွေရတော့ ငါ့သားအတွက် အိမ်အတွက် ငါ့အတွက် လိုတာတွေကို ၀ယ်ဖြစ်ပါတယ်။ ငါ့စိတ်ကို တည် ငြိမ်အောင် ငါ့အတွက် အသစ်ပြန်ဖြစ်နိုင်မယ့် အရာတွေ လိုအပ်တာတွေကို ၀ယ်မိပါတယ်။
ငါ တည်ငြိမ်မှုရလာတဲ့စိတ်မှာ အသေအချာ ပြန်စဉ်းစားကြည့်တော့ ငါ့စိတ်ထဲမှာ ငါခံစားရသလို သူ့ကို ခံစားစေချင်တဲ့စိတ်ကရှိနေသေးတယ်။ ငါ သူ့ကို ပစ်ထားလိုက်မယ်။ ငါ ဒုက္ခရောက်သလို သူလည်း ရောက်ရ မယ်။ ငါနာကျင်သလို သူ နာကျင်စေရမယ်ဆိုတဲ့ ပူလောင်မှုကြီးရှိနေသေးတယ်။
အဲဒီမေတ္တာရစိတ်ကို တွေ့ရတော့ . . . အခုရှိနေတဲ့သူဟာ အရင်တုန်းက “ကလေး”လို့ ငါခေါ်ခဲ့တဲ့ သူမဟုတ်တော့ဘူး။ သူဟာ နိုင်နိုင်ဝင်းသာဖြစ်တယ်။
ငါက ဆက်မပေါင်းချင်တော့သလို သူကလည်း ဆက်မပေါင်းချင်တော့ ငါ့အပေါ်မှာ အရင်ကောင်းမွန် လှပခဲ့ဖူးပြီး . . အခုမကောင်းနိုင်သော နိုင်နိုင်ဝင်းသာဖြစ်တယ်။
ငါဟာ . . ငါနာကျင်စေခဲ့သလို သူ့ကိုနာကျင်စေချင်လို့ ဘာအကျိုးမှမရှိတော့ဘူး။ သူဟာ ငါနဲ့မဆိုင် တော့ဘူး။ သူ့ပျော်ရွှင်မှု သူ့သာယာမှု သူဆိုတာတွေဟာ အခြားလူတွေနဲ့ပဲ ပတ်သက်တော့တဲ့ နိုင်နိုင်ဝင်းသာ ဖြစ်သလို သူဟာ ငါ့သားရဲ့ အမေတစ်ယောက်အဖြစ် ငါအသိအမှတ်ပြုပေးရမယ့် နိုင်နိုင်ဝင်းသာဖြစ်တယ်။
ကိုအောင်မင်းသိမ်းဟာ နတ်ပြည်ကိုရောက်ချင်ရောက်သွားမယ်၊ငရဲပြည်ကို ရောက်ချင်ရောက်သွား မယ်။ ကိုအောင်မင်းသိမ်းရဲ့ပျော်ရွှင်မှု၊နာကျင်မှုတွေဟာလည်း မဇာကြီးနဲ့မဆိုင်တော့သလို မဇာကြီးရဲ့ ပျော်ရွှင် နာကျင်မှုတွေဟာလည်း ကိုအောင်မင်းသိမ်းနဲ့ ဘာမှမဆိုင်တော့သလိုပါပဲ။ သူနဲ့ငါဟာ ခံစားမှုခြားသွားတာကို ငါ လက်ခံနိုင်ရမယ်။ သူဟာ လှခဲ့တယ်ဆိုတာကိုပဲ ငါအမြဲတမ်း အောင့်မေ့နေရမယ်။ လှခဲ့ပြီးပြီ။ အဲဒါကို ငါလည်း ခံစားခဲ့ပြီးပြီဆိုတာကို ငါယုံကြည်နိုင်ရမယ်။
ငါဟာ . . “ သူ့အပေါ် မေတ္တာမပျက်ဘူး . . .” ဆိုတာအထိမစွမ်းဆောင်ဘူးဆိုတာကို ငါဝန်ခံပါတယ်။ အဲဒီလို ထားတယ်ဆိုရင် ကြွားရာလိမ်ရာကို ရောက်ပါလိမ့်မယ်။ ငါမလုပ်နိုင်ခဲ့ပါဘူး။
ငါဟာ . . သူနဲ့ခံစားမှုခြင်း မဆိုင်တော့ဘူးဆိုတာကိုတော့ ခိုင်ခိုင်မာမာတွေးနိုင်သွားပါပြီ။ အဲဒီအဆင့်ကို ရောက်ဖို့ကိုတောင် အကြိမ်ကြိမ်ကြိုးစားခဲ့ရတာပါ။ ငါ့အတ္တအတွက်ကတော့ ငါလုံခြုံခဲ့ပါပြီ။
ငါဟာ . . မနက်မိုးလင်းရင် ငါ့သားနဲ့ ကော်ဖီဆိုင်အသစ်ကလေးမှာထိုင်တယ်။ သူကစားချင်တာကို ခဏ လိုက်ကစားတယ်။ ပြီးရင် မနက်ခင်းမှာ စာရေးတယ်။ နေ့ခင်း စာဖတ်ရင်းအိပ်တယ်။ ထမင်းစားလို့ကောင်းရင် ပျော်တယ်။ သားနဲ့ညနေဘက် စက်ဘီးထွက်စီးကြတယ်။ ညကြရင် တီဗီဂိမ်းနှိပ်တယ်။ ဒီငတိအိပ်တော့ . . စိတ်ပါသလောက် ညဘက်စာရေးတယ်။
အပြစ်အနည်းဆုံးနေခွင့်ရတဲ့အချိန်မှာ အပြစ်အနည်းဆုံးနေနိုင်အောင် ကြိုးစားရတာ ပျော်စရာကောင်းပါ တယ်။
ငါ့ . . သားနဲ့ပတ်သက်လို့တော့ လေးလေးနက်နက် အခုလိုမျိုး စဉ်းစားရလိမ့်ဦးမယ်။ အခု စဉ်းစားစရာ မလိုသေးတဲ့အတွက် သားကိုတော့ သူပျော်ရွှင်အောင် လုပ်ပေးဖို့ပဲလိုပါတယ်။
ခံစားသူရဲ့လောကဓံတရားဟာ လူကိုရင့်ကျက်စေတာအမှန်ပါပဲ။
7 DEC-2007
နီကိုရဲ

This entry was posted on 11:16 AM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

3 comments

ဘယ်လိုဖြစ်တာတုန်း..... တကယ်လား....

ဂျူ

Anonymous  

ဘာတကယ်ဖြစ်စရာရှိလဲ
စာတွေအဲလောက်ဖတ် ဒီလူတွေအကြောင်းလည်းသိလျက်နဲ့
ဒုံးမဝေးစမ်းပါနဲ့
mk

ကောင်းလိုက်တာကိုရဲ
ကြောက်စရာအကောင်းဆုံးလောကဓံ