တွင်းနက်ကြီးထဲကနှလုံးသား
(၁)
ကျသွားတာကိုမြင်လိုက်ရသည်။
တွင်းနက်ကြီးတစ်ခုထဲကို သစ်ရွက်ကလေးတစ်ရွက်ကျသွာသလိုမျိုး ငြိမ့်ငြိမ့်ဖြေးဖြေးကလေး အိဆင်း သွားတာပါ။
ကျနေတာကို အကြာကြီးမြင်နေရသည်။ ပြီးနောက်တော့ ဘာမှမမြင်ရတော့။
အစားထိုးမရနိုင်သောဆုံးရှုံးမှု။
ပြန်ရစရာလည်း အကြောင်းမရှိတော့ ပြန်မရတော့ပါဘူးဆိုသည့် နောက်မှတော့ တမ်းတကြေကွဲနေစရာ လည်းအကြောင်းမရှိတော့ဟု ‘ခက်မာ’ ထင်သည်။
လွင့်ကျပျောက်ဆုံးသွားသည့်အရာက ‘ခက်မာ’၏နှလုံးသားဖြစ်နေတော့ရော ဘာဖြစ်သေးလဲ။ လောက ကြီးမှာ နှလုံးသားမရှိတော့ပဲရှင်သန်နေသူတွေမှ ဒုနှင့်ဒေး။
(၂)
(၁၀)တန်းကျောင်းသူဘ၀တွင် ကိုယ့်ကို ‘ဂိုက်’အဖြစ် စာပြပေးသော ဆေးတက္ကသိုလ်တတိယနှစ် ကျောင်းသားကလေးကြောင့် နွေးထွေးစွာရင်ခုန်မိနေပါပြီဟုဆိုလျှင် အပြစ်တင်ရှုံချသကဲ့ရဲ့မိမည့်သူတွေ တစ် ပုံကြီးများရှိနေမည်လားမသိ။ သေချာတာက ဘယ်သူကဲ့ရဲ့ ကဲ့ရဲ့ မကဲ့ရဲ့ ကဲ့ရဲ့ အဲသည်ကဲ့ရဲ့မည့်သူတွေထဲ မှာ ‘ခက်မာ’ကိုယ်တိုင်ပါသည်။
သည်အသက်အရွယ်၏ရင်ခုန်သံကို ရင်ခုန်သူကိုယ်တိုင်ပင် ယုံကြည်ရခက်ကြောင်း ခက်မာ ကောင်း ကောင်းနားလည်သည်။ အနေနီးစပ်ရာက ဖြစ်လာလျှင်ပို၍ပင် ယုံကြည်ရခက်ကြောင်းလည်းသိသည်။ အားကိုး စိတ်၊လေးစားစိတ်တို့ကြောင့် ဖြစ်လာသည့်ရင်ခုန်သံကိုလည်း စစ်သည်ဟုမယုံကြည်။
“ ကောင်လေးကအသက်ကလည်း သိပ်မကွာ၊ရုပ်ကလေးကလည်းခပ်ဖြောင့်ဖြောင့်နဲ့ဖြစ်ပါ့မလားကွ”
“ မောင်ကလေည်း ‘ဂိုက်’ဆိုတာ ဒီအရွယ်ကလေးတွေပဲ လုပ်ကြတာပဲဟာ။ ပြီးတော့ ‘ခင်’က သေသေ ချာချာစုံစမ်းပြီးသား။ ကောင်လေးက တည်လည်းတည်ကြည်တယ်။ ယူမယ့်ရည်းစားလည်းရှိတယ်။ အဲဒီရည် စားရဲ့မိဘတွေ ကျေးဇူးလည်း မကင်းဘူးတဲ့။ ဘာမှပြစ်စရာမရှိဘူး။ ပြီးတော့ ကိုယ့် သမီးပုံစံလည်းကြည့်ဦး”
မေမေပြောတော့ဖေဖေကရယ်သည်။
ဟုတ်ပါ့ ‘ခက်မာ’က ကလေးပုံစံသာရှိသေးသည်။ အသားကလေးက မညို့တညို။ ဆံပင်က ဂုတ်ဝဲ။ အိမ် နေရင် တီရှပ်နှင့် ဘောင်းဘီတိုကလေးပဲဝတ်သည်။ အရပ်ကလေးက ၅ပေလောက်သာရှိသည်။ ဘယ်အချိန် ကြည့်ကြည့် အပျိုမကလေးနှင့် တူကိုမတူ။ ဘယ် ယောက်ျားကလေးကမှ စိတ်ကစားစရာအကြောင်းမရှိ။
(၃)
တကယ်တော့ ခက်မာက စာသိပ်ဖတ်သည်။ ကျောင်းစာလည်းကြိုးစားသလို ပြင်ပစာပေတွေကိုလည်း ရသရော၊ သုတပါဖတ်သည်။ သမီးဖြစ်သူ စာဖတ်ဝါသနာပါသည်ကို အားပေးသောမိခင်ကလည်း သမီးမဖတ် သင့်သည်ထင်သော စာအုပ်များကိုရွေးချယ်ပေးလေ့ရှိသည်။
မိခင်က စာရေးဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ကို အလွန်နှစ်သက်တော့ ခက်မာလည်း ဆရာကြီးရေးခဲ့ သမျှ စာအုပ်တွေအားလုံးကိုဖတ်ခဲ့ဖူးသည်။ ဆရာကြီးစာတွေက တွေးခေါ်ဆင်ခြင်မှုကို အားပေးသလို နှလုံး သားကိုလည်း နူးညံ့စေသည်။
ကိုကိုထွေးသည် ခက်မာထက် ၅နှစ်လောက်သာကြီးသော်လည်း ကိုကိုထွေးနှင့်သူဆုံခဲ့ရသည်ကို သူက “ နှင်းငွေ့တစ်ထောင်မိုးတမှောင့်” ၀တ္ထုထဲက လက်တဖက်မလှုပ်နိုင်သည့်ရောဂါသည် ၁၈နှစ်သမီးကလေးနှင့် စိတ်ပညာရှင် တက္ကသိုလ်ဆရာတစ်ဦးတို့ ဆုံတွေ့ရသည်နှင့်နှိုင်းပြီးကို စိတ်ကူးယဉ်ပစ်လိုက်သည်။
အိပ်ရာဝင်တိုင်း ရင်တွေတဒိုင်းဒိုင်းခုန်နေခဲ့သည်မှာ တော်တော်နှင့်အိပ်မပျော်။
ဒါပေမယ့် အဲသည် စိတ်ကူးယဉ်ရသည့်အရသာကလေးကို ခက်မာကြာကြာခံစားခွင့်မရလိုက်ရှာ။
စာသင်နေရင်းက ကိုကိုထွေးရေအိမ်ထအသွားကို ကိုကိုထွေးပိုက်ဆံအိတ်ကလေးကို ခိုး၍ဖွင့်ကြည့် ရာ မှ မမလှလှတစ်ဦး၏ဓာတ်ပုံကိုတွေ့ရသည်။
“ ဟဲ့ . . ကောင်မလေး။ ဘာစပ်စုတာလဲ”
ဝဲလာသောမျက်နှာများကို ခေါင်းမော့ထိန်းချုပ်ရင်းက ဟန်ဆောင်ရယ်မောပစ်လိုက်ရသည်။
“အစ်ကိုထွေးရည်းစားလား”
“အေး . . လှတယ်။ မဟုတ်လား”
“လှပါတယ်။ အီကိုတက်နေတာ။ တို့ရပ်ကွက်ထဲကပဲ”
“ကျောင်းပြီးရင်ယူကြမှာပေါ့ . . ဟုတ်လား”
ကိုကိုထွေးက သက်ပြင်းချသည်။
“အဆင်ပြေရင်ပေါ့ဟာ။ ဒီခေတ်ကသိတဲ့အတိုင်းပဲ ရုန်းရကန်ရဦးမှာ။ ဆရာဝန်ဖြစ်ရုံနဲ့ အကုန်အဆင် ပြေပြီမထင်နဲ့။ သူလည်းသိပါတယ်။ ဒါကြောင့် ငါ့ကိုဘာမှ မမေးသေးတာ”
အစ်ကိုနဲ့အတူရုန်းကန်နေရတာနဲ့ကို ဘ၀ကိုမကျေနပ်နိုင်ဘူးတဲ့လား အစ်ကိုရယ်။ ခက်မာသာဆိုရင် သိပ်ပျော်မှာပဲ . . . ဆိုသည့်စကားကိုတော့ ရင်ထဲသို့သာမြိုချလိုက်ရပါသည်။
(၄)
ခက်မာဘာသာစုံဂုဏ်ထူးနှင့် ဆယ်တန်းအောင်တော့ မေမေနှင့်ဖေဖေပီတိတဝေေ၀နှင့် ဆွမ်းကျွေးလုပ် သည်။ ကျေးဇူးရှင်ဆရာတစ်ဦးအဖြစ် ကိုကိုထွေးကိုဖိတ်သည်။ ကိုကိုထွေးကတစ်ယောက်တည်းမလာ။ သူ့ ချစ်သူမမကိုပါခေါ်လာသည်။
မမကအပြင်မှာကြည့်တော့သိပ်မလှ။ ကိုကိုထွေးနှင့်ယှဉ်တွဲလာ၍လည်းဖြစ်နိုင်သည်။
ခက်မာကိုမြင်တော့ မမမျက်နှာက အကြောတွေ တစ်ချို့်လျော့သွားသည်။ ခက်မာက စာသိပ်ဖတ်သည် လေ။ သည်တော့ သည်အသက်အရွယ်ကလေးနှင့်ပင် လူတွေကိုတော်တော်ခန့်မှန်းတတ်နေပြီ။
ဆေးကျောင်းသားတွေ အတော်ကလေးမျက်နှာပွင့်လန်းနေသေးသည့်ခေတ်ပါ။ အဲသည်အချိန်မျိုးမှာ ဆေးကျောင်းသားမွန်မွန်ရည်ရည်ရုပ်ချောကလေးတစ်ယောက်နှင့် ချစ်သူဖြစ်ထားသည့်မိန်းကလး။ သူ့ချစ်သူ ကလည်း အပျိုပေါက်ကလေးတစ်ဦးကို တစ်နှစ်လုံးလုံးနှစ်ယောက်ချင်း စာသင်နေသတဲ့။ အပျိုပေါက်ကလေး ကလည်း ယခုဆေးကျောင်းသူဖြစ်တော့မည်။ ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး၏သမီးတဲ့။
အဲသည့်အိမ်ကဖိတ်သည့်ပွဲကို သည်မိန်းကလေးဘာကြောင့်လိုက်လာသလဲ။ ကိုကိုထွေးကအတင်းခေါ် လို့တော့ ဘယ်လိုမှမဖြစ်နိုင်ပါ။ မဏ္ဍပ်တိုင်တက်ပြဖို့မဟုတ်လျှင်တောင် အပျိုပေါက်ကလေးကို လေ့လာချင် ၍သာဖြစ်ရတော့မပေါ့။
မြင်လိုက်ရတော့အပျိုပေါက်ကလေးက အပျိုကလေးနှင့်မတူ။ တကယ့်ပီဘိကလေးလေးနှင့် တူနေသည်။ ဘာ မိန်းကလေးအလှအပတို့မှ မပွင့်လန်းသေး။ သည်တော့ ကိုကိုထွေးချစ်သူမမမျက်နှာက အကြောတစ်ချို့ ပြေလျော့သွားသည်။ ဒါကို အရွယ်နှင့်ပင် အသွင်အပြင်နှင့်မလိုက်ဖက်လောက်အောင် ရင့်ကျက်သောအတွေး အခေါ်ရှိသည့် ခက်မာက ချက်ချင်းရိပ်မိလေသည်။
“ မမက အစ်ကိုထွေးကြွားထားတာထက်တောင်လှနေတာပဲ”
မမလက်မောင်းတစ်ဖက်ကိုဖက်၍ ပြောလိုက်တော့မမမျက်နှာလုံးဝအရည်ပျော်သွားပြီး . . . ညီမလေး ကလည်း ချစ်စရာကလေးပါကွယ် . . . ဟုပြောလေသည်။
လုံးဝမရိပ်မိစေရ။
ခက်မာရင်ထဲတွင် ဘယ်လောက်ပူလောင်နေပါစေ။ ကိုကိုထွေးနှင့်မမတို့ကို ကလေးလေးတစ်ယောက် ၏အမူအရာနှင့်ပင် ရွှင်လန်းဖော်ရွေစွာဧည့်ခံခဲ့ပါသည်။
ဘာပဲဖြစ်ဖြစ် သူ ကိုကိုထွေးကိုချစ်သော အချစ်ကို အချစ်စစ် အချစ်မှန်ဟု ခက်မာသတ်မှတ်ထားသည်။ သူချစ်တာကို ရိပ်မိလို့ သူ့ချစ်သူက သူ့ကို ပြန်ချစ်လာစရာ အကြောင်းဘာမှမရှိတော့။ စိတ်ရှုပ်တာ။ အားနာ တာ။ စိတ်ညစ်တာသာရှိမည်။ ကိုယ့်ချစ်သူကို စိတ်ညစ်အောင်လုပ်တာ အချစ်စစ် အချစ်မှန်မှမဟုတ်ဘဲ။
ပြုံးပြုံးကလေးဧည့်ခံနေရင်းကပင် ခက်မာ သူ့နှလုံးသားကို သူမြင်နေရသည်။ တဖြည်းဖြည်းကျဆင်း သွားတာပါ။ သစ်ရွက်ကလေးတစ်ရွက် တွင်းနက်ကြီးထဲကို တအိအိကျဆင်းသွားသလိုမျိုး။
သွားလေ။ သွားပေါ့။ ဘယ်တတ်နိုင်မလဲ။
ညကျမှ အိပ်ရာထဲတွင်ခက်မာငိုသည်။
(၅)
နောက်လေးနှစ်ခန့်အကြာတွင် မထင်မှတ်တာတစ်ချို့ဖြစ်လာသည်။
တစ်ခုကတော့ ခက်မာ မိန်းမလှကလေးတစ်ဦးဖြစ်လာတာပါ။
ဆေးတက္ကသိုလ်စတက်သည်အထိ ပုတက်တက်ကလေးနှင့် ကလေးဟန်ပန်မပျောက်သောခက်မာသည် လေးနှစ်အတွင်းတွင် ဆက်၍ အရွယ်ရောက်လာခဲ့သည်။ အသားဖြူလာသည်။ အရပ်ရှည်လာသည်။ နဂိုက တည်းက ပါးဖောင်းဖောင်းကလေးနှင့် ကလေးမျက်နှာကလေးလိုချစ်စရာကောင်းသည့် မျက်နှာကလေးက လည်း ဆေးတက္ကသိုလ်မိန်းမလှစာရင်းတွင် ခက်မာကို ထိပ်ဆုံးအထိရောက်အောင်တွန်းပို့ခဲ့သည်။
တတန်းတည်းသားတွေရော၊အတန်းကြီးတွေရော၊အတန်းငယ်တွေရော ပိုးချင်ပန်းချင် ကမ်းလှမ်းချင်သူ တွေများလာသည်။ ခက်မာကတော့ ကျောက်ဆစ်ရုပ်တစ်ရုပ်၏အပြုံးမျိုးနှင့် အသာအယာပင် ဖယ်ချရှောင်ခွာ သွားလေ့ရှိသည်။
“ ခက်မာရယ်၊ အသက်၂၀အရွယ်မှာ ဒီလောက်ဝိုင်းဝိုင်းလည်နေတာကို ဘယ်သူ့ကိုမှနည်းနည်းမှ စိတ် မ၀င်စားဘူးဆိုတော့ နင့်နှလုံးသားက ပုံမှန်မှဟုတ်ရဲ့လားဟယ်”
သူငယ်ချင်းတစ်ယောက်က အံ့သြတကြီးဆိုသည်။
ခက်မာကရယ်၍ . . ငါ့နှလုံးသားက ပုံမှန်မဟုတ်ရင် ယောက်ျားလေးတွေကို မကြိုက်ဘဲ နင့်ကိုကြိုက်နေ မှာပေါ့။ အခု ငါက ယောက်ျားလေးတွေကို စိတ်မ၀င်စားတာမှ မဟုတ်တာ။ အဲဒီကောင်တွေကို စိတ်မ၀င်စား တာ . . ဟုပြန်ဖြေသည်။
“ ဒါဆို နင်စိတ်ဝင်စားတာက . . .”
“ ငါချစ်တဲ့သူကို တစ်သက်လုံး ငါဘယ်တော့မှ ပိုင်ဆိုင်နိုင်မှာမဟုတ်လိုက ငါတစ်ယောက်လောက်ကို ချစ်လိုက်စရာမလိုဘူးလို့ထင်တယ်။ ဘယ်သူ့ကိုမှ မချစ်ဘဲနေသွားတာ သိပ်ခက်ခဲတဲ့ကိစ္စလို့လည်း ငါ မထင် ဘူး”
သူငယ်ချင်းမကလေးက ရင်ပတ်ကို လက်နှင့်ဖိသည်။
“ ဘုရားရေ။ ခက်မာ။ နင်အသည်းကွဲထားတာလား။ ငါတို့လည်း တစ်ခါမှ မကြားဖူးရပါလား”
ခက်မာကရယ်၍ . . . အဲသလိုလည်းမဟုတ်ပါဘူးဟာ။ ငါချစ်တဲ့စိတ်ဖြစ်လာနိုင်တဲ့သူတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ထင်လို့ပြောတာပါ . . . ဟု လျှောချလိုက်ရသည်။
(၆)
နောက်ထပ် မထင်မှတ်ဘဲ ဖြစ်လာတာတစ်ခုက ကိုကိုထွေးစာမေးပွဲတွေ ခဏခဏကျနေတာပါ။ သူ စာသင်ပေးခဲ့သော တပည့်ခက်မာက ဂုဏ်ထူးနှင့်အောင်မြင်သော ရောဂါဗေဒဘာသာရပ်ကို သူက သုံးခါဖြေ ခဲ့ ရသေးသည်။
“ ဂိုက် . . တွေ နည်းနည်းလျှော့ပါလား၊ အစ်ကိုထွေးရယ်”
သူထက် တစ်တန်းသာကြီးတော့သော ကိုကိုထွေးနှင့် ဆေးရုံတွင်ဆုံစဉ် ခက်မာက စိတ်မကောင်းစွာ အကြံပေးမိသည်။
“ မပြေလည်သေးလို့ပါ . . ခက်မာရယ်။ ဒီနောက်ဆုံးနှစ်ကိုတော့ အပြတ်လုပ်မှာပါ။ ဆရာဝန်လည်း ဖြစ်မှဖြစ်တော့မယ်။ မိန်းကလေးအိမ်ကတွဲသွားတွဲလာကြာနေပြီဆိုတော့ ကျောင်းမြန်မြန်ပြီးရင် လက်ထပ် ထား ကြတော့လို့ ပြောနေပြီ”
မိန်းကလေးတစ်ဦးနှင့်ယောက်ျားလေးတစ်ဦးလက်ထပ်ပြီး အတူတူစနေကြဖို့ကောင်းပြီဆိုသော အချိန် သည် သူတို့နှစ်ယောက်စလုံးက သူတို့အတူတူနေကြရပြီးပါက ယခုထက် ပိုမိုချမ်းမြေ့ပျော်ရွှင်ဖွယ်ရာ ကောင်း သောဘ၀ကို ရရှိကြလိမ့်မဟု နှစ်နှစ်ကာကာယုံကြည်ပြီး အဆင်သင့်ဖြစ်နေသောအချိန်သာဖြစ်သင့်သည်ဟု ခက်မာယုံကြည်သည်။ “ ပတ်ဝန်းကျင်အမြင်တင့်တယ်ဖို့” ဆိုသည့်စကားက နှလုံးသားရေး အိမ်ထောင်ရေး ကိစ္စတွေတွင် လူကြီးတွေဝင်ရောက်စွက်ဖက်ပိုင်ခွင့်ရှိသည်ဟု ယူဆထားကြသည်။ ရှေးကျသည့် မိဘတစ်ချို့ ၏ ဆင်ခြေသာဖြစ်ပေလိမ့်မည်ဟုလည်းထင်သည်။ သို့သော် ကိုကိုထွေးကို ထိုစကားတွေပြောမပြဖြစ်ပါ။
(၇)
ကိုကိုထွေး သူ့စကားအတိုင်း နောက်ဆုံးနှစ်ကိုတော့ တစ်ကြိမ်ထဲနှင့် အောင်မြင်ပြီး အလုပ်သင်ဆရာဝန် ဖြစ်သွားသည်။ ပြောထားသည့်အတိုင်းပင် အလုပ်သင်ဆရာဝန်ဘ၀တွင်ပင် လက်ထပ်သည်။
“ ခက်မာအပျိုရံလုပ်ပေးနော်”
“အစ်ကိုထွေး သတို့သမီးနဲ့တိုင်ပင်ပါဦး အစ်ကိုထွေးရယ်။ သူ့ညီမတွေ ၀မ်းကွဲတွေလုပ်ချင်ကြမပေါ့”
“မရှိဘူး . . ခက်မာရဲ့။ အဲဒါ အစ်ကိုက ခက်မာတစ်ယောက်တော့ရမယ်လို့ ပြောတော့ အစ်ကိုစာသင် ပေးတဲ့ချာတိတ်မကလေးမဟုတ်လား။ ကောင်းတာပေါ့လို့တောင် ပြောသေးတယ်”
ပြီးတာပဲလေ. . . ဟု ခက်မာခေါင်းညိတ်လိုက်သည်။ ကိုယ်က ချစ်နေရသူ၏ မင်္ဂလာဆောင်မှာ ကိုယ်ပြန် အပျိုရံလုပ်ဖို့ဆိုတာ သိပ်လွယ်ကူလှသည့် ကိစ္စတော့မဟုတ်။ ဒါပေမယ့် သူကချစ်နေသည်ဆိုတာကို ကိုကိုထွေး ဘယ်တော့မှ မရိပ်မိစေဖို့ကိုရော၊ သူကြောင့် ကိုကိုထွေး ဘယ်တော့မှ စိတ်အနှောင့်အယှက်မဖြစ် ရစေဖို့ကိုရော ခက်မာသံဓိဋ္ဌာန်ချထားပြီးမို့ မငြင်းဖြစ်တော့။
ငြင်းသူကမမ။
အစက ခက်မာ အပျိုရံလုပ်ဖို့သဘောတူခဲ့သော မမသည် ခက်မာနှင့်ပြန်ဆုံရပြီး ခက်မာချာတိတ်မ ကလေး မဟုတ်တော့ကြောင်း ရိပ်မိသွားသောအခါ သိသိသာသာမျက်နှာပျက်သွားခဲ့သည်။
“ ရပါတယ် . . အစ်ကိုထွေးရဲ့။ ခက်မာကို အားနာစရာမလိုပါဘူး”
မင်္ဂလာဆောင်လက်ဖွဲ့ကိုပင် အတတ်နိုင်ဆုံး လုံးဝထူးခြားမှုမရှိစေရန် အမျိုးမျိုးစဉ်းစား၍ ရေနွေးအမြဲဆူ နေနိုင်သည့်ဓာတ်ဘူးတစ်လုံးသာ လက်ဖွဲ့ခဲ့လေသည်။
(၈)
၁၀နှစ်ဆိုသောအချိန်သည် တခဏကလေးနှင့် ကုန်သွားခဲ့သည်။ ထို(၁၀)နှစ်အတွင်း ခက်မာ ကိုကိုထွေး နှင့်မဆုံသလောက်ဖြစ်ခဲ့သည်။ အထူးသဖြင့် ကျောင်းပြီးပြီး နှစ်နှစ်အကြာတွင် ခက်မာမွန်ပြည်နယ်ဖက်သို့ လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ရန်ထွက်ခွာခဲ့သည့်နောက်ပိုင်း မဆုံဖြစ်တော့။
ကိုကိုထွေးလက်ထောက်ဆရာဝန်အဖြစ် နိုင်ငံတာဝန်ထမ်းဆောင်ရန် မ၀င်ရောက်ခဲ့ကြောင်း ဧရာဝတီ တိုင်းတွင်းရှိနယ်မြို့ကလေးတစ်မြို့တွင် ပြင်ပဆေးခန်းဖွင့်၍ အထိုက်အလျောက်အောင်မြင်နေကြောင်း ထိုမှ တဆင့်ထိုနယ်တွင်ခေတ်စားသော စပါးပွဲစား၊ဗွီဒီယိုရုံအစရှိသည့် စီးပွားရေးလုပ်ငန်းများပါ တွဲလုပ်နေကြောင်း တို့ကိုတော့ကြားရသည်။ ဆရာဝန်ပဲလုပ်တာ မဟုတ်ဘူးအစ်ကိုထွေးရယ် . . . ဟုပင် ရင်ထဲက ညည်းတွား မိသည်။
ကလေးကလည်း သုံးယောက်တဲ့။ ယောက်ျားကလေးကနှစ်ယောက်၊မိန်းကလေးကတစ်ယောက်။ ယောက်ျားရောမိန်းမပါ ဆေးခန်းကိစ္စ၊ စီးပွားရေးကိစ္စများနှင့် မအားလပ်သဖြင့် ကလေးများက အိမ်ဖော်တွေ နှင့် ပဲကြီးရသတဲ့။ ဟိုတလောကတော့ ယောက်ျားကလေးအငယ်ကောင် မိဘတွေမရှိတုန်း သစ်ပင်ပေါ်တက်ဆော့ ရာက ပြုတ်ကျပြီးလက်ကျိုးသတဲ့။ နယ်ကဆရာဝန်တွေနှင့်ပင် ကျောက်ပတ်တီးကိုင်ရာလက်က အရိုးကဆက် တာစောင်းနေ၍ ရန်ကုန်လာပြကြသတဲ့။
သတင်းကြားရတော့ ခက်မာက ဆေးပညာမဟာသိပ္ပံဘွဲ့လွန်သင်တန်းဝင်ခွင့် စာမေးပွဲအောင်မြင်၍ မွန် ပြည်နယ်မှ ရန်ကုန်သို့ ပြောင်းရွှေ့လာရန်စီစဉ်နေတုန်း။ ရန်ကုန်ရောက်၍ သတင်းသွားမေးတော့ ဆေးရုံဆင်း ပြီးလို့ ပြန်သွားကြပြီတဲ့။
နောက်ပိုင်းတော့ခက်မာလည်း ဘွဲ့လွန်သင်တန်းသူ သမားတော်လောင်းကလေးဖြစ်လာ၍ စာနှင့် ညတာဝန်တွေနှင့်လုံးလည်ချာလည်လိုက်လာသည်။ ကိုကိုထွေးသတင်းကိုကြားရဖို့မပြောနှင့် ကိုကိုထွေးအ ကြောင်းကိုတောင် တစ်နေ့တစ်ကြိမ်လောက်သာ စဉ်းစားမိတော့သည်။
ညအပ်ရာဝင်ခါနီးတွေမှာပါ။
(၉)
ဘုရား . . ဘုရား . . .
ဒါအစ်ကိုထွေးတဲ့လား။
အရိုးပြိုင်းပြိုင်းထနေသော လက်ဖျံများ။ရေဖျဉ်းစွဲနေသော ၀မ်းဗိုက်တို့အထက်မှာ ခွက်ဝင်နေသော ပါးရိုး တွေနှင့်မျက်နှာရှိသည်။ ထိုမျက်နှာထဲမှာ ညှိုးမှိန်အားဖျော့နေသောမျက်လုံးများရှိသည်။
“ ခက်မာ။ အထူးကုဆရာဝန်ကြီးဖြစ်သွားပြီဆို။ ၀မ်းသာတယ် . . . ညီမရယ်”
ဟုတ်ပါပြီ။ အစ်ကိုထွေးမှ အစ်ကိုထွေးပါပဲ။
ဟန်ဆောင်အားတင်းသည့်ကြားက ခက်မာမျက်ရည်တို့ ပိုးပိုးပေါက်ပေါက်ကျလာသည်။ . . . ဘယ်လို ဖြစ်ရတာလဲ . . အစ်ကိုထွေးရယ် . . . ဟုလေသံနှင့်သာမေးမိသည်။
“ဘီပိုးတဲ့ကွာ။ ရှိတာတော့ ကျောင်းသားဘ၀ကတဲကရှိတာပါ။ နောက်ပိုင်းအလုပ်ပင်ပန်းတာတွေနဲ့များ ဆက်သွားလားမသိဘူး။ ဗိုက်စပူလာတော့တောင် မိန်းမကိုပြောမိသေးတယ်။ ငါ့ဟာ အသည်းခြောက်တာလား မသိဘူးလို့ မိန်းမက . . .ရှင်မှ အရက်မသောက်တာ . . ဆိုတာနဲ့ ဟုတ်သားပဲလေလို့ စောင့်နေတာ ”
ခြောက်ကပ်ကပ်ရယ်သည်။ ခက်မာက ကုတင်ဘေးဝဲယာသို့ လှည့်ကြည့်၍ . . . မမရော၊အိမ်ပြန်သွား တာလား . . . ဟုမေးသည်။
“ နယ်မှာပဲ။ လိုက်တော့လာလိမ့်မယ်။ စီးပွားရေးကိစ္စကလေးတွေလည်းမပြတ်၊ကလေးတွေလည်း ထား ခဲ့လို့မရသေးတာနဲ့။ အစ်ကိုကလည်း ကိုယ့်ဆရာတွေနဲ့ပြကြည့်ရုံပဲဆိုလာတာ။ ဆရာက ဆေးရုံတခါတည်း အတင်းတက်ခိုင်းတော့ ခုမှ အကြောင်းကြားရတယ်”
“ဒီကြားထဲ ခက်မာ စောင့်ပေးမယ်လေ”
ကိုကိုထွေးမျက်နှာက ရုတ်တရက်တော့ အံ့သြဟန် ရိပ်ကနဲ ပြေးသွားသည်။ ပြီးမှပြုံး၍ . . . ဆရာမရှိ သားပဲ ခက်မာရယ်။ ဒီအဆောင်က အထူးကုဆရာဝန်မကြီး ဒီအဆောင်မှာ လူနာပြန်စောင့်နေရတယ်လို့ သိပ် ကြည့်မကောင်းပါဘူး။ ခက်မာ ဒီအဆောင်မှာရှိနေတာနဲ့ကို အစ်ကိုတော်တော်အားရှိနေပါပြီ . . . ဟုဖြေသည်။
သို့သော် ထိုညက ခက်မာ အိမ်မပြန်ဖြစ်ပါ။
ကိုကိုထွေး သွေးတွေအန်နေ၍ ဖြစ်ပါသည်။
(၁၀)
ည(၁၂)နာရီလောက်တွင် သွေးပေါင်ချိန်၍မရတော့။ လူကလည်း သတိလစ်နေပြီ။ မျက်နှာမှာ မျက်ရည် စီးကြောင်းများရွှဲရွှဲစိုလျက် အင်္ကျီတစ်ခုလုံး ကိုကိုထွေးအန်ထားသောသွေးများ ရွှဲရွှဲစိုလျက်က . . . အစ်ကိုထွေး အစ်ကိုထွေးဟု မနားတမ်းသွေးရူးသွေးတမ်းအော်ခေါ်နေသော ခက်မာကို အလုပ်သင်ဆရာဝန်မကလေးတစ်ဦး က နောက်မှ ပုခုံးကိုတင်းတင်းဖက်၍ သတိပေးနေရသည်။
“ ကပ်ဒေါင်းထရေး . . . ယူခဲ့။ အကြောဘေးနောက်တစ်လိုင်းဖွင့်ရမယ်။ သွေးလည်းနွေးရင်ယူခဲ့တော့”
မမနားလိုက်ပါ။ ကပ်ဒေါင်းကျွန်မလုပ်ပါ့မယ် . . . ဟု လက်ထောက်ဆရာဝန်မကလေးက၀င်ပြောသော် လည်း ခက်မာ ဘာမှမဖြေ။
ထိုအချိန်တွင်ပင် ကိုကိုထွေးမျက်စေ့ပွင့်လာသည်။
“ခက်မာ . . . . ညီမလေး”
တိုးတိုးခေါ်သည်။ ခက်မာက ၀မ်းသာအားရရှေ့ကိုကိုင်း၍ . . . အစ်ကိုထွေး။ အားတင်းထား။ ခက်မာရှိ တယ် . . . . ဟုပြောသည်။
ကိုကိုထွေးမျက်ဝန်းထဲမှာတွေဝေဟန်မေးခွန်းတစ်ခုခုမေးတော့မည်ဟန်ပေါ်လာသည်။……ပြော….အစ်ကို။အစ်ကို။အစ်ကိုဘာမေးမလို့လဲ။ဘာပဲဖြစ်ဖြစ်ခက်မာဖြေမယ်…….ဟုခက်မာရင်ထဲကလှမ်းပြောမိသည်။
ကိုကိုထွေးမျက်လုံးတို့အရောင်ပြန်ပြောင်းသွားသည်။မျက်နှာမှာအပြုံးယဲ့ယဲ့ပေါ်လာသည်။…..
ကျေးဇူးပါ…ခက်မာရယ်။ညီမလေးနားတော့နော်…ဟုမပွင့်တပွင့်ပြောသည်။ပြီးတော့မျက်လုံးပြန်မှိတ် သွားသည်။
သန်ေးခါင်ကျော်နှစ်နာရီတွင်ကိုကိုထွေးကွယ်လွန်သွားပါသည်။
(၁၁)
ကျသွားကထဲကမြင်နေခဲ့ရတာပါ။
တွင်းနက်ကြီးတစ်ခုထဲကိုသစ်ရွက်ကလေးတစ်ရွက်ကျသွားသလိုတဖြေးဖြေးကျဆင်းပျောက်ဆုံးသွားသောခက်မာ၏နှလုံးသား။
ဘာတတ်နိုင်မှာလဲလေ။
လောကကြီးမှာနှလုံးသားမရှိတော့ပဲရှင်သန်နေသူတွေမှဒုနှင့်ဒေး။
ဆန္ဒမွန်ဖြင့်
လင်္ကာရည်ကျော်

This entry was posted on 10:39 AM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

2 comments

ဟုတ်တာပေါ့ လကာင်္ရည်ကျော်ရေ......

ကျသွားကတည်းကမြင်နေခဲ့ရတာပါ။ ......

သေချာတာကတော့ နှလုံးသားခံစားချက်မရှိတော့ဘဲ ရှင်သန်နေသူတွေ တကယ်ဘဲရှိနေခဲ့တာ.........

ဂျူ

ကောင်းတဲ့ဝတ္တုတိုလေးဗျာ...
အားကျလိုက်တာ။