စကားလုံးများကိုဖြတ်၍  

Posted by IDEA MAGAZINE

Tuesday, March 24, 2009

စကားလုံးများကိုဖြတ်၍

တကယ့်အဖြစ်အပျက်ဆိုတာတွေအကြောင်းပြောဖြစ်ကြရင်းလူတစ်ယောက်ဟာသေဆုံးပြီးနောက်

တံတားတစ်စင်းဖြစ်သွားတဲ့အကြောင်း


မှတ်တမ်းများ အတွေ့အကြုံများ အမြင်များကို အသုံးပြု၍လည်းကောင်း

အညွှန်းပြု အညွှန်းခံများကို အဓိပ္ပါယ်ပြု အနက်ကောက်ယူ ဆက်စပ်၍လည်းကောင်း

ကြိုးများ သံမဏိတိုင်များ မှန်ချပ်များကို အသုံးပြု၍လည်းကောင်း


မမြင်ဖူး မကြုံဖူးတဲ့ အကြောင်းအရာ

စနစ်တကျဖရိုဖရဲဖြစ်မှု(သို့မဟုတ်)ကြုံရာကျပန်းအပြင်အဆင်

ပေါ်လာသမျှဆွဲကပ်ခြင်းဖြင့် တမင်ရည်ရွယ်ပြီးအရောင်အသွေးကြွယ်ဝ


အနည်းငယ်မူးဝေသွားစေနိုင်သော

အရေးတယူစဉ်းစားချင်စရာ


သမိုင်းတစ်ခုဆီ အနက်တစ်ခုဆီ အယူအဆတစ်ခုဆီ

သမိုင်းတစ်ခုစီ အနက်တစ်ခုစီ အယူအဆတစ်ခုစီ

လူတစ်ယောက်ကိုဖြစ်၍ တံတားတစ်စင်းကိုဖြတ်၍


ရှိမည်ဟု သိထားသောအရာနှင့်အမှန်တကယ် တည်ရှိမှုတို့အကြောင်း

အကွာအဝေးအမျိုးမျိုး တည်နေရာအမျိုးမျိုး အချိန်အမျိုးမျိုး

ရသအမျိုးမျိုး မိရင်မိ မမိရင်လွတ် ဖြစ်ပေါ်ရရှိတတ်တာတွေ


. . .ရမည်ဟု ကန့်သတ်ထားခြင်းမျိုးမရှိသောကြောင့်

အပြောင်းအလဲများကို အလေးပေးပြီး

ကျောရိုးကိုတပ်ဆင်

ပျော့ပြောင်းနူးညံ့၍ ထွေးပွေ့စေချင်စဖွယ်

မျက်မှောက်ပြုခြင်းကား ဤသို့

အချုပ်ဆိုရသော်


ရှုမျှော်ခင်းများကိုအမြင်သစ်ဖြင့်

အမြင်များကို ၀ါကျသစ်ဖြင့်


မင်သက်မိစေနိုင်လောက်အောင်

ဘာသာစကားကို သုံးစွဲကြပြီးနောက်

မင်သက်မိစေနိုင်လောက်အောင်

မင်းနှုတ်ခမ်းကို ကိုယ်နမ်းလိုက်ရဲ့

သင်ထားသလို သိထားသော ကမ္ဘာမှာ ရှိနေစဉ် စကားလုံးများနဲ့ပြောမယ် အချစ်အကြောင်းများ

နောက်ထပ်မကြားခင်။

ငုအိမ်ထက်မြက်


This entry was posted on 3:07 PM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

1 comments

ကိုငုအိမ်ထက်မြက် ကဗျာတွေမဖတ်ရတာ အတော်ကြာပေါ့...။ ကျေးဇူးပါပဲ...။ ပိုက်ဆံရှိရင် ကဗျာစာအုပ်ထုတ်ချင်တဲ့သူ စာရင်းမှာ ကိုငုအိမ်ထက်မြက်လည်း ပါတယ်...။ ငုအိမ်ထက်မြက်၊ မြင့်မိုးအောင်၊ လင်းတည်ဦး..တို့ သုံးယောက်ရဲ့ အတွေးနဲ့ ရေးဟန်တွေကို ဂရုတစိုက်လေ့လာဖူးတယ်...။ မြင့်မိုးအောင်နဲ့ လင်းတည်ဦးတို့ ဟန်က ခပ်ဆင်ဆင်ဖြစ်နေပေမယ့် ဟန်ကွဲနေတဲ့ ငုအိမ်ထက်မြက်ကို ပိုကြိုက်တယ်..။ ကိုမြင့်မိုးအောင်ကတော့ အတွေးလေးတွေ အရမ်းလှတယ်...။ သူ့ရဲ့ လကမ္ဘာမှ သတင်းပေးပို့ချက်များတို့...၊ ဟော်တယ်မီးလောင်မှုဖြစ်ပွားခြင်းတို့...၊ ဦးထုပ်များတို့... ဘာလို့ ခုထိ ထွက်မလားသေးတာလဲ မသိဘူးဗျာ...။ ကိုလင်းတည်ဦးရဲ့ နောက်ပိုင်းကဗျာတွေနဲ့ အဆက်ပြတ်နေတယ်...။ ဘာပဲဖြစ်ဖြစ် ကဗျာတွေတင်ပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါပဲ...။