ချုပ်ရိုးမခိုင်သောအလွမ်း

သတိရလိုက်တိုင်း
ချုပ်ရိုးပြေစအလွမ်းတွေ
ခရမ်းရောင်တေးသံတွေသံပြိုင်တီးမှုတ်
မိုးစုန်းစုန်းချုပ်ခဲ့ပြီ။

လရောင်တွေဖျော့ဖျော့လာတယ်
တရွေ့ရွေ့
ရင်ထဲမှာမေ့ပြီဆိုတဲ့သက္ကရာဇ်
……………………….
ခက်ခဲခဲ့ပါတယ်
…………………………………
အလွမ်းဆိုတာ
ထွက်ခွာသွားတဲ့လူနဲ့ကျန်ခဲ့တဲ့လူကြားက
စိတ်အကွာအဝေးတဲ့…..။

သတိတရ
ငုပ်လျိုးလိုက်တော့
နောက်ကျသွားခဲ့ပြီ
အသက်လမ်းကြောင်းဘေးက
မှည့်နက်လေးကလှောင်ရယ်လို့။

အေးမြရက်စက်တဲ့လောင်ကျွမ်းမှု
မြူနှင်းမီးလျှံ
သွေးတိုးသံတဒိတ်ဒိတ်ကြားတယ်။

ဆွံ့အနေတဲ့အသံနဲ့အော်ဟစ်
ကျဆုံးခဲ့တဲ့နှလုံးသားအတွက်
ဓါတ်မှန်ရိုက်ကြည့်တော့
ဟောင်းလောင်းပေါက် ချိုင့်ခွက်ထဲမှာ
ပြုံးနေတဲ့ဝတ်မှုန်တစ်ခြမ်း
ပြန်ချုပ်ထားတဲ့အလွမ်းလို
ချုပ်ရိုးတွေမခိုင်ကြတော့ဘူး။

မနော်ဟရီ

( Zephyr ၏ကဗျာများဖြစ်သော… ၁။နာဖျားနေသောဂီတ ၂။မီးလျှံနဲ့ ငွေ့ရည်ဖွဲ့တဲ့တိမ် ၃။ရွက်ကြွေရင်ဘတ် ၄။ချုပ်ရိုးပြေစအလွမ်းတွေ ၅။ဝိမုတ္တိအပိုင်းအစ တို့နှင့်ဖွဲ့တည်ထားသည်။)

This entry was posted on 5:02 PM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

1 comments

အလွမ်းဆိုတာ
ထွက်ခွာသွားတဲ့လူနဲ့ကျန်ခဲ့တဲ့လူကြားက
စိတ်အကွာအဝေးတဲ့…..

ရင်ထဲမှာငြိကျန်သွားစေတဲ့ သီအိုရီပါပဲ....