နှစ်ပတ်အလို  

Posted by IDEA MAGAZINE

Thursday, August 20, 2009


(ယခင်လမှအဆက်)

နှစ်ပတ်အလို THE TWO WEEKS NOTICE

စက်ရုံထဲတွင် အလုပ်သမားများ၏ အော်ဟစ်သံ၊ တောင်းဆိုသံတို့ဖြင့် ဆူညံနေသည်။ သီဟလတ်သည် ကားကိုအပြင်းမောင်း၍ စက်ရုံထဲက ရုံခန်းရှေ့တွင် တုန့်ကနဲရပ်လိုက်သည်။ ပြင်းထန်သောအရှိန်ကို တုန့်ကနဲရပ်လိက်သောကြောင့်၊ ကားဘီးသည် မြေကြီးပေါ်တွင် ဒရွတ်တိုက်ဆွဲလိုက်သလိုဖြစ်သွားပြီး၊ ကားနောက်ဘက်တွင် ဖုန်များအလုံးလိုက်ဖွင့်တက်လာ သည်။ စက်ရုံတစ်ခုလုံးမှ အလုပ်သမားများက “သီဟလတ်”ကို ၀ိုင်းကြည့်နေကြသည်။ ဆူညံသံ များဖြေးဖြေးချင်းငြိမ်သက်သွားသည်။ “သီဟလတ်” သည် ကားပေါ်မှ တည်ငြိမ်စွာဆင်းလိုက်ပြီး လှေကားသုံးထစ်သာရှိသော ရုံးလှေကားထိပ်တွင် ရပ်လိုက်သည်။ စောစောက ဆူညံနေသော အော်ဟစ်သံ၊ မကျေမနပ်မြည်တွံတောက်တီးသံများအားလုံး တိတ်ဆိတ်သွားကြသည်။
အားလုံး၏မျက်လုံးတို့သည် “သီဟလတ်” ဘာလုပ်မလဲ၊ ဘာပြောမလဲဆိုသည်ကို စောင့် ကြည့်နေပုံရသည်။
ထိုစောင့်ကြည့်နေသောမျက်လုံးများကို “သီဟလတ်”၏ တည်ငြိမ်သော မျက်လုံးများ ဖြင့် အေးဆေးစွာပြန်ကြည့်နေသည်။
နှစ်ဘက်စလုံးတိတ်ဆိတ်နေကြသည်။
သို့သော် . . . .
နှစ်ဘက်စလုံး၏မျက်လုံးများတွင် အဓိပ္ပါယ်တွေများစွာပါဝင်သော စကားလုံးများရှိနေကြ သည်။
“သီဟလတ်”၏မျက်လုံးတွင် ၀မ်းနည်းခြင်း၊ စိတ်မကောင်းဖြစ်ခြင်းနှင့် တစ်စုံတစ်ခုကို ကြီးမားစွာဆုံးရှုံးသွားသောအဓိပ္ပါယ်ကိုဆောင်နေသည်။
အလုပ်သမားများ၏ မျက်ဝန်းသည်လည်း၊ “သီဟလတ်”၏ ခံစားမှုအတိုင်းရှိနေကြပုံရ သည်။ နှစ်ဘက်စလုံး၏မျက်လုံးများမှတဆင့်၊ နှလုံးသားများကို ထိုးဖောက်၍မြင်နေရသည်။
တိတ်ဆိတ်ခြင်းတွင်အသံရှိပါသည်။
ထိုအသံသည် ချောက်ချားဖွယ်ကောင်းလှပါသည်။
ထိုတိတ်ဆိတ်ခြင်းကို စတင်ဖျက်ဆီးလိုကသူမှာ . . . စက်ရုံမန်နေဂျာ “ကိုဘကျော်” ဖြစ်သည်။
“ကဲ . . ခင်ဗျားတို့ ဘာဖြစ်ချင်သလဲ။ ဘာလုပ်ရမလဲ . . ဆိုတာကို၊ မေးလေ . .ခုနတော့ အော်ဟစ်နေကြပြီးတော့၊ အခုတော့ ဘာမှမပြောကြဘူးလား . . . ပြောကြလေ။ ဘာလို့ ပါးစပ် တွေပိတ်နေကြတာလဲ” . . . .။
ကိုဘကျော်စကားကြောင့်၊ အလုပ်သမားအချို့ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။ “သီဟလတ်”သိလိုက်သည်။ ဒီလိုအချိန်မှာ ကိုဘကျော်သည် ဒီလိုစကားမျိုးမပြောသင့်ပေ၊ ကိုဘကျော်သည်၊ သူ့လူကိုယ့်ဘက်သားလုပ်၍ ပွဲဆူအောင်ဆွနေမှန်း။ သီဟလတ်သိလိုက် သည်။
ဒါဆို . .အရက်မူးနေသော ကိုကိုကြီးကိုလည်း ပို၍သွေးဆူအောင် သူပဲ“ဆွ”တာ ဖြစ်လိမ့် မည်ဟု သဘောပေါက်သွားသည်။
ထို့ကြောင့် . . . “သီဟလတ်”က အတက်နိုင်ဆုံးတည်ငြိမ်အောင် ကြိုးစား၍ပြောလိုက် သည်။
“ကျွန်တော် သဘောပေါက်ပါတယ်။ ဒီအချိန်မှာ . .ခင်ဗျားတို့ရင်ထဲမှာ ဘာတွေဖြစ်နေသ လဲ။ ဘာတွေကိုတွေးပြီး၊ ဘာတွေကို စိုးရိမ်ပူပန်နေမလဲဆိုတာ ခင်ဗျားတို့ကို မြင်ရုံနဲ့သိပါတယ်”
“အဲဒီလိုပဲ . . . ကျွန်တော်ရင်ထဲမှာ ဘာတွေရှိနေမလဲဆိုတာကိုလည်း ခင်ဗျားတို့မြင်ကြ မှာပါ၊ကျွန်တော်တစ်ခုလောက်မေးချင်တယ်။ ကျွန်တော်တို့ရဲ့ ဖေဖေရှိစဉ်ကတည်းက၊ အခုချိန်ထိ၊ ဖေဖေကြောင့် ကျွန်တော်တို့ကြောင့်၊ ခင်ဗျားတို့နစ်နာတာ၊ ဆုံးရှုံးတာတစ်ခုခုရှိဖူးပါ သလား”
အလုပ်သမားများအချို့ ခေါင်းငုံ့သွားကြသည်။ အချို့က . . .သက်ပြင်းချကြသည်။ အချို့ က ခေါင်းမော့၍ ဘာမှမရှိသော ကောင်းကင်ကိုမော့ကြည့်နေသည်။ အချို့က သူများမျက်နှာများ ကို လိုက်ကြည့်နေသည်။ အတန်ကြာတော့မှ အသက်အကြီးဆုံးဖြစ်သူ ဦးလှမောင်ထ့မှ အသံ ထွက်လာသည်။
“မရှိခဲ့ပါဘူးကွယ်”တဲ့။
သီဟလတ်ဆက်ပြောသည်။
“မရှိပါဘူးကွယ် . . အခုကိစ္စက . . ဘယ်လိုပြောရမလဲ . . ”
သီဟလတ်က လက်ဖြင့်တားရင်း၊ ဆက်ပြောသည်။
“ကျွန်တော့်ကိုပြောရမှာ အားနာနေတယ်လို့ထင်ပါတယ်။ အဲဒါဆို ကျွန်တော်ပြောပြမယ်၊ အားလုံးကိုယ်စားကျွန်တော်ပဲ ပြောပြပါမယ့်”
“ကဲ . .အခုဆိုရင် Export ကို အားကိုးနေရတဲ့ ကျွန်တော်တို့ အထည်ချုပ်လုပ်ငန်းကြီးဟာ စီးပွားရေးပိတ်ဆို့မှုကြောင့် နိုင်ငံခြားတိုင်းပြည်တွေက လက်မခံတော့ဘူးဆိုရင် ဘယ်လိုလုပ်ကြ မလဲ . . . .”
ဒီစက်ရုံကြီးကို မှီခိုနေရတဲ့အလုပ်သမားတွေအားလုံးနဲ့ အဲဒီအလုပ်သမားတွေရဲ့ မိသားစု တွေအတွက် ဘယ်လိုစဉ်းစားပေးမလဲ . . . .
တခြားလုပ်ငန်းတစ်ခုပြောင်းဖို့ဆိုတာကလည်း ချက်ချင်းကြီးမဖြစ်နိုင်တော့၊ ဒီကြားထဲမှာ မိသားစုတွေရဲ့ စားဝတ်နေရေး ဘယ်လိုရပ်တည်ကြမလ . . . .ဲ
အဲဒီအပြောင်းအလဲကာလအတွက် အရင်းအနှီးက ဘယ်မှာလဲ
ဘဏ်မှာပေါင်ထားတဲ့စက်ရုံကြီးကိုတောင် မရွေးနိုင်တဲ့အခြေအနေကိုရောက်နေတဲ့ အလုပ်ရှင်ကို ခင်ဗျားတို့ဘယ်လိုယုံကြည်ရမလဲ
အဲဒီလိုမေးခွန်းပေါင်းများစွာ . . .တွေကို ကျွန်တော်ကိုမေးချင်နေတာမဟုတ်လား”
(အလုပ်သမားများအားလုံးတိတ်ဆိတ်နေကြသည်။)
“သီဟလတ်” ကပဲ ဆက်ပြောသည်။
“အဲဒီမေးခွန်းတွေကို အခုပဲ ကျွန်တော်ဖြေပါ့မယ်။
ခင်ဗျားတို့အားလုံးဟာ . . . အခုရောက်နေတဲ့အချိန်အထိ၊ ကျွန်တော်တို့မိသားစုရဲ့ စီးပွား ရေးကိုစောင့်ရှောက်ခဲ့ကြတဲ့သူတွေဆိုတာ ကျွန်တော်နားလည်ပါတယ်။ အဲဒါကြောင့် . . ခင်ဗျား တို့မိသားစုတွေရဲ့ စားဝတ်နေရေးကိုလည်း ကျွန်တော်တို့မိသားစုက ပြန်ပြီးစောင့်ရှောက်ရမယ် ဆိုတာနားလည်ပါတယ်။
နောက်ဆုံးဖြစ်လာနိုင်တဲ့ . . အဆိုးဆုံးအခြေအနေတစ်ခုကို သွားကြည့်လိုက်ကြရအောင် . . .အဲဒါဟာ ဘာဖြစ်မလဲဆိုရင် ကျွန်တော်တို့နှစ်ပေါင်းများစွာ လည်ပတ်လာတဲ့ဒီစက်ရုံကြီးကို ပိတ်လိုက်ရပြီဆိုပါတော့၊ အဲဒီ့အခြေအနေမှာတောင် ၀န်ထမ်းအားလုံးကို တစ်ယောက်သုံးခစာ နှုန်းပေးဖို့အတွက် ကျွန်တော်တို့အခုစီးနေတဲ့ကား၊ နေနေတဲ့အိမ်တွေကို ရောင်းပြီးပေးမယ် ဆိုတာကို ကျွန်တော့် . . . အသက်ကို အပေါင်ထားပြီး၊ အားလုံးကိုကျွန်တော်ကတိပေးပါ တယ်။
ဒါဟာ . . . . . .
ကွယ်လွန်သွားတဲ့ ဖေဖေကိုချစ်တဲ့အလုပ်သမားတွေအတွက် ဖေဖေကချစ်တဲ့ သူအလုပ် သမားတွေအတွက် . . .ကျွန်တော်ရဲ့ ပေးဆပ်မှုပါပဲ”
အလုပ်သမားတွေအားလုံး သီဟလတ်ကို မမှိတ်မသုန်၊ တအံ့တသြကြည့်နေကြသည်။ ဘာသံမှမကြားအောင်ငြိမ်သက်နေကြသည်။ ထိုစဉ် အဘဦးလှမောင်ထံမှ လက်ခုပ်သံချောက် ကပ်ကပ်ကို စတင်ကြားရသည်။ ထို့နောက် . .လက်ခုပ်တီးရန် သတိရသွားမိပြီး၊ အားလုံး၊ လူတိုင်း၊ တစ်ယောက်မကျန်၊ တီးလိုက်သောလက်ခုပ်သံသည် သီဟလတ်ခနာကိုယ်ထဲအထိ၊ စီး ၀င်တုန်ခါသွားပြီး၊ ကြက်သီးများတဗျန်းဗျန်းထကာ၊ သီဟလတ်ပါးပြင်ပေါ်သို့ . . .မျက်ရည်များ စီးကျနေသည်။
ရင်ထဲမှာ ၀မ်းသာမှုတွေရော၊ ၀မ်းနည်းမှုတွေပါ၊ ရောပြွမ်းနေသည်။ သီဟလတ်၏ ဆုပ်ထားသောလက်များ တဆတ်ဆတ်တုန်နေသည်။
မိုးရာသီ၏ကောင်းကင်ပေါ်တွင် တိမ်ဖုံးနေသော နေမင်းကြီးသည်ပင် လက်ခုပ်သံကြောင့် တိမ်များလွင့်စင်၍ လောကကြီးအားကောင်းချီးပေးရန်၊ အလင်းပြူပြီး၊ ခပ်ကျဲကျဲလေးပင် ပူနေ သလားဟု ထင်ရလေသည်။
အလုပ်သမားတွေထဲမှာ အသက်အကြီးဆုံးဖြစ်သော ဦးလှမောင်ကြီးသည် မျက်ရည်များ ၀ိုင်းနေသည့်မျက်လုံးကြီးဖြင့် “သီဟလတ်”ကိုကြည့်ရင်း သာဓု . . သာဓု . .သာဓု . . ပါးစပ်က ခေါ်၍ လက်အုပ်ချီနေရှာလေတော့သည်။
*****
“အဖေ . . . . .
မျက်ရည်ကျတာကို အဖေမကြိုက်ဘူးဆိုတာ
ကျွန်တော်သိပါတယ်အဖေ၊
အခု ကျွန်တော်ကျတဲ့မျက်ရည်ဟာ . . . .
အဖေချစ်တဲ့ အဖေ့အလုပ်သမားတွေရဲ့ လက်ခုပ်သံနဲ့
သွန်းလုပ်ထားတဲ့ မျက်ရည်တွေမို့
ကျခွင့်ပေးပါ “အဖေ” . . . . . . ”
*****
အခန်းစဉ်(၃)
ကလေးတစ်ယောက်
ရေကန်ထဲက လမင်းကို
လိုချင်လွန်းလို့ . . .
လက်ခုပ်နှစ်ဖက်နဲ့ဖမ်းကြည့်လိုက်တော့ . . . .
လမင်းဟာ လက်ခုပ်ထဲကိုရောက်လာတယ်။
တကယ်တမ်းဖမ်းဆုပ်လိုက်တဲ့အခါ . . .
လမင်းဟာ လက်ခုပ်ထဲက . . . .
ခုန်ချ၊ ထွက်ပြေးသွားတယ်။
…………………….
ကလေးတစ်ယောက်ဟာ . . . “သီဟလတ်” ဖြစ်ခဲ့ပါလျှင်
လမင်းသည် “မျှော်လင့်ချက်” ဖြစ်ပေလိမ့်မည်။
Chanceller “အဓိပတိ” ဘဏ်၏ရုံးခန်းသည် ခမ်းနားကြီးကျယ်လွန်းလှသည်။
ထိုဘဏ်၏ဥက္ကဋ္ဌဧည့်ခန်းထဲတွင် “သီဟလတ်” ခံစားနေရသည်။ သူတို့မိသားစု၏ ကံကြမ္မာသည် ဘဏ်ဥက္ကဋ္ဌဦးကြီးမြင့်ကိုယ်စား၊ ယာယီဥက္ကဋ္ဌနေရာကို တာဝန်ယူထားသော “အဓိပတိ”၏ ဆုံးဖြတ်ချက်ပေါ်မူတည်နေသည်။
လွန်ခဲ့သော တစ်ပတ်ခန့်က ဒီရုံးခန်းအတွင်းသို့ ကိုကိုကြီးရောက်လာခဲ့ဖူးသည်။ အဓိပတိ သည် “နှစ်လည်အစည်းအဝေးလုပ်နေ၍မတွေ့နိုင်” ဟူသော ငြင်းပယ်ချက်ကြောင့် ခေါင်းမာ၍ ကျွတ်ဆပ်ဆပ်နိုင်သောကိုကိုကြီးက “အဓိပတိ” နှင့် မတွေ့ရလျှင် မပြန်ဘူးဟု ဇွတ်ပေ၍ထိုင်နေ ခဲ့သည်။ “အဓိပတိ”၏ ၀န်ထမ်းများနှင့် မကျေမလည်ဖြစ်ခဲ့ကြပြီး၊ ကိုကိုကြီးကို လုံခြုံရေးများက အတင်းဆွဲထုတ်သွားခဲ့သည်အထိ၊ ဒီနေရာမှာ ဖြစ်ခဲ့ကြသည်။ ကိုကိုကြီးက နှစ်ပတ်အတွင်း “မေမေ” သာ တစ်စုံတစ်ခုဖြစ်သွားခဲ့လျှင် ယခုကဲ့သို့ပြုမူခြင်းအတွက်၊ “အဓိပတိ” အားသတ်မည် ဟု ကြိမ်းမောင်းခဲ့သည်။ တစ်ခုသက်သာသွားသည်မှာ ကိုကိုကြီး၏ဒေါသအလျှောက် မိသားစု “ဇော” ဖြင့် ပြုမူပြောဆိုခဲ့သည်များကို၊ “အဓိပတိ”တို့ဘက်မှ ဥပဒေအတိုင်း အရေးမယူခဲ့ခြင်းပင် ဖြစ်သည်။ အရေးယူခဲ့ပါက တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို၊ ကိုကိုကြီးလည်းအချုပ်ထဲရောက်၊ “သီဟလတ်” လည်းရုံး “ဂါတ်” ရောက်ဖြစ်ကြလိမ့်မည်။ ထိုသို့ မလုပ်ခြင်းအတွက်ပင် “အဓိပတိ” တို့အား ကျေးဇူးတင်ရမလိုဖြစ်နေသည်။
ကိုကိုကြီးအကြောင်းကို “သီဟလတ်”သိသည်။
သူသည်ပြောလျှင်၊ ပြောသည့်အတိုင်းလုပ်တတ်သည်။
သူသည် . .ဘွဲ့ရပညာတတ်တစ်ယောက်မဟုတ် . . .။
ဆင်ခြင်တုန်တရားနည်းပါးသည်။ ဒေါသကြီးသည် . . .။
တုံ့ပြန်မှုလျှင်မြန်သူဖြစ်သည်။
စကားသိပ်မပြောတတ်။
ထိုကြောင့် . . .ယခုတစ်ကြိမ်တွင် သီဟလတ်ကိုယ်တိုင်လာခဲ့ခြင်းဖြစ်သည်။ ကိုကိုကြီး လုပ်သွားသောပြဿနာများကို သီဟလတ်လိုက်ရှင်းရခြင်းအတွက် အထူးအဆန်းမဟုတ်တော့ ချေ . . . . . ။
*****
“သီဟလတ်” အတွေးမဆုံးခင်မှာဘဲ “အဓိပတိ” ဧည့်ခန်းထဲသို့ဝင်လာသည်။
“အဓိပတိ”သည် ကြည့်ကောင်းသောအရပ်အမောင်းရှိသည်။
ကြည်လင်သောမျက်နှာရှိသည်။ မဖြူလွန်း၊ မညိုလွန်းသော အသားအရေရှိသည်။
အဓိပတိ၏မျက်လုံးသည် လျှို့ဝှက်နက်နဲသောအဓိပ္ပါယ်ကိုဆောင်နေသည်။
စကားပြောပုံမှာ ပြေပြစ်၍ညင်သာသည်။
“ဒီလောက်တော့ရှိမှာပေါ့ . . .ဘဏ်ဥက္ကဋ္ဌတစ်ယောက်ရဲ့သား နိုင်ငံခြားမှာဘွဲ့ယူလာတဲ့သူ ရွှေလင်ဗန်းနဲ့အချင်းဆေးလာတဲ့သူပဲ . . ဒီလိုပဲဖြစ်ရမှာပေါ့” ဟု သီဟလတ်တွေးနေမိသည်။
အဓိပတိက သီဟလတ်နားသို့လျှောက်လာပြီး “ကျွန်တော်အဓိပတိ”ပါ ဟုပြောရင်း လက်ကမ်းပေးသည်။
“သီဟလတ်”ကလည်း သွက်လက်ဖော်ရွေစွာဖြင့် လက်ပြန်ကမ်းရင်း၊ လက်ဆွဲနှုတ်ဆက် လိုက်ကြသည်။
“ကျွန်တော်သီဟလတ်ပါ”
အဓိပတိက ခပ်လှမ်းလှမ်းက ဆက်တီခုံပေါ်တွင်ထိုင်လိုက်ပြီး။
“မနေ့ကကိစ္စအတွက် စိတ်မကောင်းပါဘူး”
“ခင်ဗျားနဲ့ဘာတော်လဲမသိဘူး၊ သြရသဆိုတဲ့လူလေ . . .”
သီဟလတ်ကပြန်ပြောသည်။
“ကျွန်တော်အကိုအရင်းပါ . . . အခုကျွန်တော်လာတာလည်း အဲဒီကိစ္စကတစ်ခုပါပါတယ်
ကျွန်တော့်ကိစ္စကနှစ်ခုပါ၊ ပထမကိစ္စက ကျွန်တော်အစ်ကိုသြရသရဲ့လုပ်ရပ်အတွက် လာတောင်းပန်တာပါ”
အဓိပတိက ……..
OK . . . အဲဒီကိစ္စကို ကျွန်တော်မေ့ထားလိုက်ပါပြီ၊ ကျွန်တော်တို့ ဘယ်တုန်းကမှ အဲဒီကိစ္စ မဖြစ်ခဲ့ကြဘူး၊ ကိုသြရသလည်းကျွန်တော့်ဆီကို ဘယ်တုန်းကမှ မလာခဲ့ဘူးလို့ မှတ်ထားလိုက် ပါ။
“နောက်ကိစ္စတစ်ခုဆက်ပြောပါ”
“သီဟလတ်”သည် အဓိပတိ၏အပြောအဆို ပါးနပ်ပုံကိုစိတ်ထဲက ကျိတ်၍ချီးကျူးမိရင်း သီဟလတ်စကားကိုဆက်လိုက်သည်။
“ဘဏ်ချေးငွေအတွက် . . .ကျွန်တော်တို့စက်ရုံကိုပြန်ရွေးဖို့ . . .(Extention) အချိန်တိုး ပေးဖို့ ကိစ္စလေးပါ အဓိက ကတော့ ကျွန်တော်တို့ မေမေရဲ့ကျန်းမာရေးပါ”
“အဲဒီအတွက် . . .. ”
သီဟလတ်စကားမဆုံးခင်မှာဘဲ အဓိပတိက စကားကိုဝင်ဖြတ်လိုက်သည်။
“အဲဒီကိစ္စအတွက် ကျွန်တော်စိတ်မကောင်းပါဘူး၊ ခင်ဗျားတို့စက်ရုံ file ကိုလည်း ကြည့်ပြီး ပါပြီ။ အချိန်ကလည်း သုံးနှစ်ကျော်သွားပြီ၊ ပြန်ရွေးဖို့နို့်တစ်စာပို့တာလဲ အကြိမ်ကြိမ်ရှိသွားပြီ အခုတကြိမ်ကတော့. . .ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက်အရ . . . နောက်ဆုံးအကြိမ်စာပို့ လိုက်ရတာပါ . . အဲဒီအတွက် ၀မ်းနည်းပါတယ်”
အဓိပတိ၏လေသံသည် အေးဆေးတည်ငြိမ်လွန်းလှသည်၊ တရားသူကြီးတစ်ဦး၏ စီရင် ချက်ချသော လေသံမျိုးနှင့်တူလှသည်။
သီဟလတ်ကပြန်ရှင်းပြသည်။
“အရင်အကြိမ်တွေ နို့တစ်စာပို့တုန်းကလည်း ကျွန်တော်တို့ဖေဖေရဲ့ ကျန်းမာရေးကိုလု နေရတဲ့အခြေအနေမို့ပါ . . .ဒါပေမယ့်လည်း . . .မရခဲ့ပါဘူး
နောက်ဆုံးတော့ . . .
ဖေဖေ့ကိုလက်လွှတ်လိုက်ရတာပါပဲ”
“ဖေဖေကိစ္စပြီးလို့မှမကြာပါဘူး၊ မေမေလည်းမေမေ့စိတ်နဲ့အိပ်ရာထဲလဲတော့တာပါပဲ။ အခုလဲ . . . မေမေ့ကိုဖေဖေ့လိုမဆုံးရှုံးရအောင်ကြိုးစားနေရလို့ . . . အခုလိုနောက်ကျနေရတာ ပါ . . .”
သီဟလတ်စိတ်ထဲမှာ ပြောရင်းငိုချင်လာသည်။ သူစိမ်းယောက်ျားရှေ့မှာ ယောက်ျားတန်မဲ့ မျက်ရည်ကျမှာကို မလိုလားသဖြင့် အတတ်နိုင်ဆုံးထိန်းထားရင်း . . .
“ကျွန်တော်ပြောတာကို ဒီက . ..ဒါရိုက်တ်ာကြီးလဲ မိခင်ခြင်းကိုယ်ချင်းစာလို့ရမယ်လို့ ထင်ပါတယ်၊ နာလည်းပေးနိုင်မယ်လို့လဲ ထင်ပါတယ်”
အဓိပတိသည် သီဟလတ်ပြောနေချိန်တစ်လျှောက်လုံး သေချာစူးစိုက်စွာနားထောင်နေပြီး သီဟလတ်စကားဆုံးတော့မှ သက်ပြင်းရှည်ကြီးကိုချရင်း . . . .
“အေးဗျာ . . .ကျွန်တော်စိတ်မကောင်းပါဘူး”
“လောကမှချစ်သူမရှိဘဲ သေဆုံးသွားတဲ့လူတွေအများကြီးရှိပေမယ့် အမေမရှိဘဲမွေးလာ တဲ့သူရယ်လို့မရှိပါဘူး၊
အမေမသိဘဲ မွေးလာတဲ့သူသာရှိပါတယ်၊ အဲဒါကြောင့် . ..ခင်ဗျားကို ကျွန်တော်ကိုယ်ချင်း စာပေးလို့ရပါတယ်”
အဓိပတိပြောရင်း မတ်တပ်ထရပ်လိုက်ပြီး။
“ဒါပေမယ့်ဗျာ . . . ကျွန်တော့်တစ်ယောက်ထဲ ခင်ဗျားကိုနားလည်ပေးလို့ရပေမယ့်၊ ဆုံး ဖြတ်ချက်ကိုတော့၊ ဒါရိုက်တာအဖွဲ့က ချထားတာမို့လို့၊ ကျွန်တော့်သဘောတစ်ခုထဲနဲ့တော့ ပြင်လို့ရမှာမဟုတ်ဘူး။ နောက်ထပ်အစည်းအဝေးလုပ်တဲ့အခါကျမှ ကျွန်တော်တင်ပြလို့ရမှာပါ။ လောလောဆယ်အခြေအနေကတော့ ပထမချမှတ်ထားတဲ့ အစည်းအဝေးဆုံးဖြတ်ချက်က အတည်ဖြစ်နေလိမ့်မယ်။ ကျွန်တော့်အကြံပေးချင်တာက ခင်ဗျားတို့တစ်နေရာရာက ငွေလှည့်ပြီး ခဏပြန်ရွေးထားလိုက်ပါ၊ နောက်တော့မှ ဘဏ်မှာပြန်ပေါင်ပြီး၊ အဲဒီငွေကိုပြန်ဆပ်လိုက်တာ အဆင်ပြေဆုံးဖြစ်မယ်လို့ ထင်ပါတယ်”
“ဒါ . . .လောလောဆယ်ကျွန်တော်ဘက်က ကူညီနိုင်တဲ့ . . အခြေအနေပါပဲ။
အဲဒီထက်ပိုပြီး . . .ကျွန်တော်မကူညီနိုင်တာ ၀မ်းနည်းပါတယ်ဗျာ . . . .”
“ဟီဟလတ်” ၏မျှော်လင့်ချက်တွေဟာ အခိုးအငွေ့အဖြစ် ပျောက်ကွယ်သွားခဲ့ပြီ ဆိုတာ ကို သိလိုက်ရသည်။ ရင်ထဲမှာ စစ်ကနဲနာကျင်သွားမိသည်။ မေမေ့အတွက် သူ . .လုပ်ပေးသင့်သ လောက် မလုပ်ပေးနိုင်တာကိုတွေးရင် ၀မ်းနည်းမိသည်။ အဓိပတိကို ပြန်ပြောစရာ စကားမရှိ သလို ဖြစ်နေသည်။ ဒီထက်အောက်ကျို့ပြီး တောင်းပန်လျှင်လည်း ဘာမှထူးမည်မဟုတ်မှန်းကို သီဟလတ်တွက်ဆတတ်သည်။ သီဟလတ်သည် သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းရင်း၊ အဓိပတိရင်ထဲမှာစွဲကျန်နေမည့်စကာတစ်ခွန်းကို ရွေးချယ်ပြီး ပြောလိုက်မိသည်။ ထိုစကး၏ နောက်ကွယ်မှာ အဓိပ္ပါယ်များစွာကိုတော့ တဖြည်းဖြည်းစဉ်းစားရင်း သူသဘောပေါက်လိမ့်မည်ဟု ထင်ပါသည်။
“အခုလို . .အကြံပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ကျွန်တာ့်ကိုမကူညီနိုင်တဲ့ အတွက်လည်း စိတ်မကောင်းမဖြစ်ပါနဲ့၊ ကျွန်တော်တစ်ခုတော့ . . .ဆုတောင်းခဲ့ပါတယ်။ တစ်ချိန် ချိန်မှာ ကိုအဓိပတိတို့ မိသားစုလည်း အလားတူဒါမှမဟုတ်၊ အခြား အခက်အခဲတွေနဲ့ ကြုံလာနိုင် ပါတယ်
အဲဒီလိုကြုံလာတဲ့အခါမျိုးမှာ . . . .
ကူညီခွင့်ရသူဟာ၊ ကျွန်တော်ဖြစ်ပါစေလို့ . . .ဆုတောင်းလိုက်ပါတယ် . . .ကျွန်တော်ကို သွားခွင့်ပြုပါ . . .”
သီဟလတ် . . အဓိပတိဘဏ်ဥက္ကဋ္ဌအခန်းမှ ခပ်သွက်သွက်ထွက်လာခဲ့သည်။
ထိုစကားအတွက်၊ အဓိပတိမည်ကဲ့သို့ခံစားရမည်ကို မသိချင်တော့ပေ။
*****
သီဟလတ်၏စိတ်များသည်၊ သူစီးလာသည့်ဓာတ်လှေကားကို တစ်ဆင့်ခြင်းနိမ့်ကျသွား သလို ခံစားနေရသည်။
လောလောဆယ်သီဟလတ်၏ရင်ဘတ်သည် ဓါတ်လှေကားတံခါးလို နှစ်ခြမ်းကွဲ၍ ထွက် နေပေသည်။
လမ်းမပေါ်တွင် လူစည်းကားရာအရပ်ဖြစ်သောကြောင့်လည်းကောင်း၊ လူစည်းကားချိန်ဖြစ် သောကြောင့်လည်းကောင်း၊ လူများသည် ပုရွက်ဆိတ်အုံလို၊ ပျားပန်းခတ်လှုပ်ရှားနေကြသည်။ အဲဒီလူတွေထဲက တစ်ယောက်တလေများ “သီဟလတ်” ရင်ထဲအပူကို ငြိမ်းပေးနိုင်မည့်သူ မရှိ တော့ဘူးလားဟု တွေးမိနေသည်။ သူ့ကူညီနိုင်မယ့်သူရော တစ်ယောက်တလေများမရှိတော့ ဘူးလားဟု တွေးမိနေသည်။ သူ့ကိုကူညီနိုင်မယ့်သူရော တစ်ယောက်တစ်လေများမရှိတော့ဘူး လားဟု တွေးနေမိသည်။ သီဟလတ်ကားရပ်ထားရာ တစ်ဘက်ကားလမ်းသို့ တစ်ဘက်ကား လမ်းသို့ ကူးလာနေသော်လည်း သီဟလတ်သည် စိတ်နဲ့လူမကပ်တော့ပေ။ ကားတစ်စီးသည် ကားကို ဂရုမစိုက်ဘဲ လမ်းဖြတ်ကူးနေသည့် သီဟလတ်ကို မတိုက်မိအောင် ဘရိတ်အုပ်ရင်း၊ သီဟလတ်ကို ပွစိပွစိဖြင့် ပြောသွားသည်ကိုပင် သီဟလတ်မသိတော့ပါ။
ဘာဆိုဘာမှ မသိတော့ပါ
သူသိချင်နေတာက . . .
ဒီပြဿနာကိုဘယ်လိုရှင်းရမလဲဆိုတဲ့အဖြေကို . . .
ကန္တာရထဲမှာရေငတ်နေတဲ့လူတစ်ယောက် . . .
ရေကြည်တစ်ပေါက်ကိုတမ်းတသလို
တမ်းတနေမိတော့သည်
………..
******
ကားဈေးတွေကျနေတဲ့အချိန်မှာ
ကားကိုရတဲ့ဈေးနဲ့ရောင်းလိုက်ရသည်။
အိမ်ခြံမြေတွေ အရောင်းထိုင်းနေချိန်မှာ . . .
ပွဲစားတွေကတောင် ဆက်သွယ်ပြီး
ဝယ်ရောင်းတွေလက်ထဲကို . . .
အဆမတန်ဈေးချပြီး ရောင်းရတော့မည်။
အဲဒီနှစ်ခုပေါင်းရင်တောင် စက်ရုံကိုပြန်ရွေးနိုင်မည့်အခြေအနေမရှိသေး၊ ပြန်ရွေးနိုင်လျှင် လည်း၊ ထိုစက်ရုံကထွက်သည့်အထည်များကို ယူမည့်သူမရှိစက်ရုံကိုပြန်ရောင်းဖို့ဆိုတာ၊ စီးပွား ရေးကပ်သင့်နေချိန်မှာ ၀ယ်သူကိုအလှယ်တကူရှာလို့ ရနိုင်မည်မဟုတ်။
ထို့ကြောင့် . . . စက်ရုံကို အဆုံးခံလိုက်ရုံသာရှိတော့သည်။ အိမ်နှင့်ကားရောင်းရငွေနှင့် အလုပ်သမားများကို သုံးလခစာစီပေး၍ ကျန်ငွေနှင့် အမေ့ကျန်မားရေးအတွက် ဆေးကုစရိတ်ဖြစ် ဆုပ်ကိုင်ကာ နေစရာအိမသစ်တစ်လုံးကိုလည်း ပြန်ဝယ်ရမည်။ ထိုအိမ်သစ်ကို အခြားဘဏ်တစ် ခုတွင် ထပ်ပေါင်၍ စီးပွားရေးအရင်းအနှီးလုပ်ကာဘ၀ကိုအစမှ ပြန်လည်ထူထောင်ရမည်။ အားလုံးထဲမှာ အမေ့အသက်ကိုငွေနဲ့စက်၍ သေမင်းလက်က လုယူဖို့က ပိုအရေးကြီးသည်။ သူ့ တို့မောင်နှမသုံးယောက်စလုံးကောင်းကောင်းနားလည်ထားကြသည်။
မောင်နှမသုံးယောက်စလုံးတိုင်ပင်လိုက်သောအခါ . . .
ပြဿနာတစ်ခုပေါ်လာခဲ့သည်။ အဲဒါကတော့ အိမ်ရောင်းသောအခါ ဂရန်သည် အမေ့ နာမည်ပေါက်ဖြစ်သောကြောင့် အမေက ကိုယ်စားလှယ်လွဲစာ(သို့မဟုတ်) အမေကိုယ်တိုင် ထို စာချုပ်ပေါ်တွင်လက်မှတ်ထိုးမှ တရားဝင်မည်ဖြစ်သည်။
အဖေ့လက်ထပ်ကတည်က အဖေခေါင်းချခဲ့သောဒီအိမ်ကြီးကို ရောင်းချရန်အတွက် အမေ့ ကို မည်သူပြောမည်နည်း။
မည်သို့ပြောရမည်နည်း . . ။
အမေကရော ဤကိစ္စအတွက်ခံနိုင်ရည်ရှိပါမည်လား . .. ၊
နှလုံးရောဂါကြောင့် စိတ်ထိခိုက်ပြီး တစ်စုံတစ်ခုဖြစ်မှာကို စိုးရိမ်မိသည် . . .။
ပြီးတော့ . . . အဆိုးဆုံးက . . .
ဖေဖေရှာဖွေထားခဲ့သော စီးပွားဥစ္စာများကို သားသမီးများလက်ထက်ကျတော့မှ မတိုးတက် လာသည့်အပြင် ပို၍ ဆုတ်ယုတ်သွားပါကလားဟု အမေတစ်ယောက်၏ အထင်သေးခြင်းကိုခံရ မှာ . . . ကိုတွေး၍ ရှက်နေမိသည်။
ဘာပဲဖြစ်ဖြစ်၊ ဖေဖေခေါင်းချခဲ့တဲ့ ဒီအိမ်ကြီးမှာ ဖေဖေရဲ့အငွေ့အသက်တို့ရှိနေသေးသည် ကို မေမေနှမျောရှာလိမ့်မည်။
စာရွက်စာတမ်း၊ မှတ်ပုံတင်ဌာနမှာအရာရှိ၊ ရှေ့နေတို့သည် သူတို့၏တာဝန်ကို ထမ်းဆောင်ရန်ရောက်ရှိနေကြသည်။ မောင်နှမသုံးယောက်က အမေ့အနားတွင် ရပ်နေကြသည်။ “အမေ”သည် တိုက်ပုံအနက်ရောင်ဝတ်ထားသူကို ရှေ့နေတစ်ယောက်ဖြစ်ကြောင်း ရိပ်မိပုံရ သည်။ ဘေးတွင်ထိုင်နေသော စာရွက်စာတမ်း၊ မှတ်ပုံတင်အရာရှိ၏ တိုက်ပုံပေါ်မှ အမည်နှင့် ရာထူးရေးထားသော Name Plate ကို ကြည့်၍ ခန့်မှန်းနေပုံရသည်။ ကိုကိုကြီးသည် အမေ့ခေါင်း ရင်းရှိပြတင်းပေါက်မှ အပြင်သို့ငေးကြည့်ကာ အံကိုတင်းတင်းကြိတ်ထားသည်။
“သီဟလတ်” သည် အမေ့ရှေ့တွင် အပြစ်ရှိသောတရားခံတစ်ယောက်လို၊ လက်နှစ်ဖက်ကို ရှေ့သို့ချ၍ ဘယ်ဘက်လက်ကို ညာဘက်လက်ကဆုပ်ထားပြီး၊ အမေက သူ့မျက်နှာကို မမြင်ရ အောင် ခေါင်းကိုငုံ့ထားသည်။
“မြကြာမှုံ” ကတော့ သူ့ဆံပင်ရှည်များဖြင့် မျက်နှာကို တတ်နိုင်သမျှဖုံးအုပ်၍ ခေါင်းငုံ့ထား သည်။ ဒီအချိန်မှာ သူတို့သည် အမေ့မျက်နှာကို တစ်ယောက်မှမကြည့်ရဲကြမည် မထင်ပါ။
အမေ့သည် ခေါင်းအုံးကိုကျောနောက်တွင် မှီ၍ထိုင်ရင်း သားသမီးများ၏မျက်နှာကို အကဲ ခတ်နေသည်။ အမေ့ကုတင်ပေါ်တွင် special power ဟုခေါ်သော အသင့်ရိုက်ပြီး ကိုယ်စားလှယ် လွဲစာနှင့် လက်မှတ်ထိုးရန်၊ ဘောပင်တစ်ချောင်းရှိသည်။ အမေသည် အင်္ဂလိပ်ဘာသာဖြင့် ရေး သားထားသော ထိုကိုယ်စားလှယ်လွဲစာကို ကောက်ယူဖတ်ကြည့်လိုက်ပြီးနောက် အခြေအနေ အရပ်ရပ်ကို နားလည်သွားသည်။
အမေသည်ခေါင်းကို ညင်သာစွာငြိမ့်၍ နှုတ်ဆိတ်နေကြသူများကို အမေကပင်စ၍ ပြော သည်။
“သြ . . . ဒီအိမ်ကြီးကိုရောင်းရတော့မယ်ဆိုပါတော့ . . .”
အမေအသံသည် တိုးတိတ်ညင်သာသော်လည်း၊ မောင်နှမသုံးယောက်စလုံး၏ ရင်ကိုတုန် ခါသွားစေသည်။ အမေကပင် ဆက်ပြောသည်။
“ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ . . တဲ့၊
ဘာမှ စိတ်မကောင်းဖြစ်မနေကြနဲ့၊ ဒါတွေအားလုံးဟာ သေရင် ဘယ်သူ့နောက်မှပါမှာ မဟုတ်ဘူး၊ မင်းတို့အဖေက လိုအပ်တဲ့အချိန်မှာ အခုလိုရောင်းနိုင်အောင်လို့ထားခဲ့တာ
အခု . . သူ့ရည်ရွယ်ချက်အတိုင်းပြည့်သွားတာ”
မေမေပြောလိုက်သောစကားများကို မြကြာမှုံမခံစားနိုင်တော့ပေ။
ကြည့်စမ်းပါဦး . . .၊ မေမေက ကျွန်မတို့ထင်ထားသလို ဒီအိမ်ကြီးကိုရောင်းဖို့ မနှောမျော တဲ့အပြင်၊ ကျွန်မတို့ကိုပါပြန်ပြီး နားချနေလိုက်တာ၊ ဒီလိုရောင်းလို့ရအောင် ဖေဖေက ထားခဲ့ တာတဲ့။
ကျွန်မကောင်းကောင်းသိပါတယ် . . ၊
ကျွန်မတင်မဟုတ်ပါဘူး၊ ကိုကိုကြီးနဲ့ကိုကိုလေးပါသိပါတယ်၊
မေမေဟာ ဖေဖေကိုဘယ်လောက်ချစ်သလဲဆိုတာ အားလုံးသိပါတယ်။
ဖေဖေကိုယ်တိုင်စိုက်ခဲ့တဲ့ခြံထဲက သစ်ပင်တွေ . . .
မေမေကနှင်းဆီပန်းကြိုက်တတ်လို့ မေမေအိပ်ခန်းပြတင်းပေါက်ဖွင့်လိုက်ရင် မြင်ရမယ့် နေရာ မှာ . . .နှင်းဆီပန်းတွေကို ဖေဖေကိုယ်တိုင်စိုက်ပေးခဲ့တာပါ။
အခု . . .သားသမီးတွေ စိတ်မကောင်းဖြစ်မှာစိုးလို့၊ မေမေ မနှမျောချင်ယောင်ဆောင်ပြီး ပြောနေတာပါ။
မေမေ ဘယ်လောက်လျှို့ဝှက်တတ်တယ်ဆိုတာကို မောင်နှမအားလုံးသိကြပါတယ် . ..
ဖေဖေ့နဲ့ပတ်သက်ရင်၊ မင်္ဂလာဦးပစ္စည်းလေးကအစ ဖေဖေပတ်သွားတဲ့နာရီလေးအဆုံး အမြတ်တနိုးသိမ်းတတ်တဲ့မေမေဟာ . .
ဒီအိမ်ကြီးကို မနှမျောဘဲနေပါ့မလား . . .
ဒီအိမ်ကြီးမှာ . . . ဖေဖေအငွေ့အသက်တွေ . . .
ဒီအိမ်ကြီးမှာ . . . ဖေဖေပုံရိပ်တွေ
ဒီအိမ်ကြီးမှာ . . . ဖေဖေဟာမေမေ့ကိုချစ်တဲ့စိတ်တွေ . . .
အို . . . ဒီအိမ်ကြီးမှာ . . . .
ဒီအိမ်ကြီးမှာ . . . . .
မြကြာမှုံထံမှ ရှိုက်သံတစ်ချက်ထွက်လာသည်။ မေမေသည် မြကြာမှုံစိတ်နုပုံကို သိ၍ မြကြာမှုံကို သူ့အနားသို့ခေါ်၍ ထိုင်ခိုင်းလိုက်သည်။ မြကြာမှုံက မေမေ့ပုခုံးပေါ်သို့ခေါင်းမှီ၍ မျက်နှာကို ဖွက်ပြီး ကြိတ်ရှိုက်နေသည်။ မေမေသည် မြကြာမှုံ၏ ဆံစကလေးများကိုသပ်၍ နှစ်သိမ့်ရင်း . . . .
“မငိုရဘူးသမီး၊ ဒါငိုစရာမဟုတ်ဘူး”
“ရောင်းစရာရှိလို့ရောင်းရတာ ငိုဖို့မလိုဘူး သမီး၊ ဒါကျေနပ်စရာပါ၊ ရောင်းချင်လျက်နဲ့ ရောင်းစရာပစ္စည်းမရှိမှ ငိုရမှာ သမီးရဲ့ ‘တိတ်’ သမီးမေမေက ငိုတာမကြိုက်ဘူး”
မေမေသည် သြရသဘက်သို့ကြည့်၍ . . . .
“သားကြီး ဒီဘက်လှည့်၊ မေမေ့ကိုကြည့်စမ်း”
သြရသ တုန့်ကနဲဖြစ်သွားပြီး၊ မေမေဘက်သို့ဖြည်းဖြည်းချင်းလှည့်လိုက်သည်။ အံကို တော့ ကြိတ်ထားခဲ့ဖြစ်သည်။
“သားကြီးသြရသ မင်းတို့ကို မေမေဒီလိုမျက်နှာမျိုးနဲ့ မမြင်ချင်ဘူး၊ မေမေကိုပြုံးပြစမ်း” ဟု အမေက ပြောသည်။
သြရသည်သည် အမေ့အတွက် ပြုံးပြရတော့မည်။ သူကြိုးစား၍ အမေ့ကိုပြုံးပြပါသည်။ သို့သော် . . .သူ၏အပြုံးတွင် အံကြိတ်သံများပါနေသည်။
“သားငယ် ‘သီဟလတ်’ မင်းလည်း အမေ့ကိုပြုံးပြစမ်း”
သီဟလတ်သည် သူ့အလှည့်သို့ရောက်လာပြီဖြစ်ကြောင်းသိလိုက်သည်။
အခက်အခဲပေါင်းများစွာကို သီဟလတ်ရင်ဆိုင်၊ ဖြတ်ကျော်ဖြေရှင်းလာခဲ့သည်။ ယခုတစ် ကြိမ်၊ ယခုအခြေအနေမျိုးမှာ အမေ့အားပြုံးပြရန် သီဟလတ်အတွက် အလွန်ခက်ခဲပါသည်။ ဘယ်လိုပဲခက်ခက် အမေ့အတွက် ပြုံးပြရမည်။ အချိုသာဆုံးဖြစ်အောင် မျက်နှာကိုပြင်၍ အမေ ကျေနပ်စေမည့်အပြုံးဖြင့် သူပြုံးပြပါသည်။ ထိုသို့အပြုံးကို ဂရုစိုက်၍ပြုံးနေရသောကြောင့် မျက်လုံးက မျက်ရည်ကိုထိန်းဖို့ မေ့သွားပုံရသည်။
မျက်နှာကပြုံးနေသော်လည်း သီဟလတ်မျက်လုံးမှမျက်ရည်များက စီးကျနေသည်ကို၊ ပါးပြင်ပေါ်သို့နွေးကနဲဖြစ်သွားမှသတိပြုမိသွားပြီး ကလေးတစ်ယောက်မျက်ရည်သုတ်သလို၊ ကမန်းကတန်းသုတ်လိုက်မိသည်။
မေမေသည် သီဟလတ်ကိုပြန်ပြုံးပြရင်း၊ သူ့ပုခုံးပေါ်တွင် ခေါင်းတင်ထားသောမြကြာမှုံ၏ မျက်နှာကလေးကိုဆွဲယူလိုက်ပြီး .. . . . .
“ဟိုမှာကြည့်စမ်း . . .ကိုကိုကြီးနဲ့ကိုကိုလေးက မေမေ့ကိုပြုံးပြနေကြပြီ၊ သမီးလေးပဲကျန် တော့တယ်၊ မျက်ရည်တွေသုတ်လိုက်ပြီးရင် မေမေ့ကိုသူတို့လိုပဲပြုံးပြ”
မြကြာမှုံသည် အမေ့ကိုငိုမဲ့မဲ့လေးနှင့် ပြုံးပြရှာသည်။ အမေကလည်း ပြန်ပြုံးပြပြီး။
“ကဲ . .မေမေလက်မှတ်ထိုးရမယ့်နေရာကိုပြ” ဟုပြော၍ စာရွက်စာတမ်းအားလုံး လက်မှတ်ထိုး၍ လည်းကောင်း၊ လက်ဗွေများနှိပ်၍လည်းကောင်းလုပ်ပြီးသည်နှင့် သားသမီးများ ၏ နဖူးလေးများကိုနမ်း၍ နှုတ်ဆက်သည်။ ပြီးတော့ . . . အမေသည် အလှပဆုံးပြုံးရင်း . . ..
“သားတို့သမီးတို့လည်းနားကြတော့ . . .
မေမေလည်းအိပ်ရာထဲမှာ ၀င်သက်၊ ထွက်သက်လေးမှတ်ရင်း နားလိုက်ဦးမယ်” ဟုပြော ရင်း အမေသည် မျက်လွှာလေးပိတ်၍ နားနေရှာသည်။ မောင်နှမသုံးယောက်၊ ဧည့်သည်များကို ခေါ်၍ ဧည့်ခန်းဆီသို့ထွက်လာကြသည်။
အမေသည် သူတို့ထင်ထားသည်ထက်တည်ငြိမ်လွန်းလှသည်။
အမေသည် သူတို့ထင်ထားသည်ထက် လျှို့ဝှက်နိုင်လွန်းလှသည်။
အမေသည် သူတို့ထင်ထားသည်ထက် မြိုသိပ်နိုင်လွန်းလှသည်။
အမေ၏နှုတ်ဆက်အနမ်းသည် သူတို့မောင်နှမကို နောက်ဆုံးနှုတ်ဆက်သွားခြင်းဖြစ်သည် ကို မကြာခင်သိလိုက်ရသည်။
အမေ . . .
အမေမှတ်မယ်ဆိုတဲ့ ၀င်သက်၊ ထွက်သက်မှာ . . . .
ထွက်သက်သာပါပြီး . . . . .
ဝင်သက်မပါဘူးဆိုတာ . . . .
ကျွန်တော်တို့ကိုပြောခဲ့ဖို့ကောင်းပါတယ် အမေရယ် . . .. . . .
*****
အမေဆုံးသည်နေ့သည် . . . .
မြကြာမှုံအတွက် . . . . ကောင်းကင်ပြိုသောနေ့ဖြစ်သည်။
“သီဟလတ်” အတွက် . . . . လမင်းပျောက်သည့်ညဖြစ်သည်။
သြရသအတွက် . . . . ကမ္ဘာပျက်သည့်နေ့ဖြစ်သည်။
သြရသ၏ ကမ္ဘာကိုဖျက်သည့်သူကို မထင်မှတ်ဘဲသိလိုက်ရသည်။
ပွဲစားက ငွေအကျေစာချုပ်နှင့်အမည်ပြောင်းစာချုပ်ပေါ်တွင် မည်သူ့အမည်ဖြင့် ရိုက်ရမည် ကို တစ်နေရာသို့ဖုန်းဆက်မေးပုံရသည်။ ဖုန်းထဲမှလူက နံပါတ်တစ်ခုကိညွှန်သည် ပွဲစားကထိုဖုန်း နံပါတ်ကိုပါးစပ်မှရွတ်၍ စာရွက်တွင်လိုက်မှတ်သည်။ သြရသက ထိုဖုန်းနံပါတ်ကို အလွတ်ကျက် ထားလိုက်သည်။ ပြီးတော့မှ . . . ဆက်သွယ်ရေးအများသုံး လမ်းဘေးဖုန်းမှဆက်၍ စုံစမ်းလိုက် သောအခါ “အဓိပတိ” ၏လက်ကိုင်ဖုန်းနံပါတ်ဖြစ်နေသည်။ သြရသကောင်းကောင်း သဘော ပေါက်သွားသည်။ တဘက်က . .စက်ရုံကို ပြန်မရွေးလျှင် ဥပဒေအရ ချိတ်ပိတ်မည်ဟုဖိအားပေး ပြီး တဘက်ကပွဲစားများနှင့်ပေါင်း၍ အိမ်ကိုအောက်ဈေးနှိုက်၍ ၀ယ်လိုက်ခြင်းဖြစ်သည်။
အဓိပတိလုပ်ရပ်သည် ရက်စက်လွန်းလှသည်။
သြရသည် တောချောက်ပြီးကျုံးထဲသို့ အသွင်းခံလိုက်သောဆင်တစ်ကောင်လို ခံစားလိုက် ရသည်။ လောဘသားတို့၏ စီးပွားရေးအရ ပက်စက်မှုတွင်သြရသတို့မိသားစု၊ စက်ရုံအလုပ် သမားမိသားစု၊ တို့ မြေဇာပင်ဖြစ်ခဲ့ရသည်။ သို့သော် . . . ရွေးစရာလမ်းမရှိ။
ထိုကိစ္စကို “သီဟလတ်” နှင့် “မြကြာမှုံ” ကို လုံးဝအသိမပေးဘဲ။ သြရသတစ်ယောက် တည်း သိမ်းထားခဲ့သည်။
အဓိပတိရေ . . . .
အမေသာ တစ်စုံတစ်ခုဖြစ်လို့ကတော့ . . . .
ငါပြောခဲ့တဲ့အတိုင်း . . . .
အခု . . အ . . .မေ . . .ဆုံး . . .ပြီ . . . ။
မင်းရဲ့ နောက်ဆုံးညစာကို ၀အောင်စားထားပေတော့ . . . ..
*****
အဓိပတိဘဏ်ရှေ့တွင် ငွေသွင်းသူ၊ ငွေထုတ်သူ၊ ငွေလွှဲသူ၊ ဖြတ်လျှောက်သွားသူများဖြင့် စည်းကားနေသည်။ ဘဏ်၏ကားပါကင်တွင် ကားမျိုးစုံရပ်ထားသည်။ ဘဏ်လုံခြုံရေးဝန်ထမ်းနှစ် ဦးအပေါက်ဝတွင် စောင့်နေသည်။ ဘဏ်၏လုံခြုံရေးကင်မရာများက ဘဏ်အတွင်းတွင်သာမက၊ ဘဏ်၏အပြင်သို့ပါ ရိုက်ထားသည်။
သြရသည် အငှားကားတစ်စီးပေါ်တွင် အိနြေ္ဒရစွာထိုင်၍ စောင့်နေသည်။ အငှားကားကို နာရီနှင့်ငှားထားခြင်းဖြစ်၏။ အငှားကားဒရိုင်ဘာကိုတော့ ဘဏ်မှငွေလာထုတ်သူတစ်ဦးထံမှ အကြွေးရစရာရှိ၍ လာစောင့်နေခြင်းဖြစ်သည်ဟုပြောထားသည်။ အငှားကားကိုဘဏ်ရှေ့နှင့် အနီးဆုံးနေရာမှာရပ်၍ စောင့်နေ၏။ သြရသနာရီကိုကြည့်လိုက်သည်။ ဆယ်နာရီဆယ်မိနစ်ရှိပြီ။
ဆယ်နာရီဆယ့်ငါးမိနစ်တွင် အဓိပတိ၏ တူးသောင်ဇင်ဆဲဗင်းမာစီးတီးကိုရပ်လိုက်သည်ကို မြင်သည်နှင့် သြရသသည်၊ ခါးကြားမှအမဲလိုက်ဓားမြှောင့်ကိုထုတ်ပြီး၊ ကုတ်အင်္ကျီအတွင်းဝှက် ကာ အငှားကားပေါ်မှဆင်း၍ မာစီးတီးနားသို့လျှောက်သွားသည်။ ဘဏ်လုံခြုံရေးတစ်ယောက် ကကားတံခါးကိုဆင်းဖွင့်ပေးသည်။ ကားထဲမှ အနောက်တိုင်းဝတ်စုံကို အပြည့်ဝတ်ထားသော အဓိပတိနှင့်အတူ ဘဏ်ယူနီဖောင်းဝတ်ထားသော သူနှစ်ယောက်ဆင်းလာသည်။ သြရသည် အဓိပတိနားသို့လျှင်မြန်စွာကပ်သွားပြီး အရိုးအသွားဆယ်လက်မခန့်ရှိသော ဓားမြှောင့်ဖြင့် အဓိပတိ၏ ၀မ်းဗိုက်ဆီသို့ ထိုးသွင်းလိုက်သည်။ မည်သူမှထင်မထားသော ဖြစ်ရပ်ကြောင့် အနီးရှိ လူများရုတ်တရက်ကြောင်သွားသည်။ သြရသည်သည် ဗိုက်ထဲသို့အသွားတစ်ဝက်ခန့်ဝင်သွား သော ဓားကိုဆွဲနှုတ်၍ အဓိပတိ၏ရင်ညွန့်ဆီသို့ နောက်တစ်ချက်ထိုးချလိုက်သည်တွင် အနီးရှိ လုံခြုံရေးတစ်ဦးက သြရသကိုဘေးတိုက်လူချင်း ၀င်တိုက်ပစ်လိုက်သည်။ သြရသ၏ ဒုတိယ မြောက်ထိုးချက်က ရည်ရွယ်ရာသို့မရောက်ဘဲ လွဲသွားခဲ့သည်။ အဓိပတိသည် မယုံနိုင်သလို ကြည့်ရင်း ဗိုက်မှဒဏ်ရာကို အုပ်ရင်းလဲကျသွားသည်။
မကြာခင် အော်ဟစ်သံများ၊ ဆူညံ၊ ရုတ်ရုတ်သဲသဲဖြစ်၍ ဘဏ်မှလုံခြုံရေးများ၊ ၀န်ထမ်း အချို့ရောက်လာပြီး၊ သြရသကိုရိုက်နှက်ထိုးကြိတ်၍ လက်ထဲမှ ဓားကိုလုသူလု၊ ချုပ်သူချုပ်၊ အဓိပတိကိုကားပေါ်တင်၍ ဆေးရုံသို့မောင်းသူမောင်း၊ ရဲစခန်းသို့ အကြောင်းကြားသူကြားဖြင့် ရှုတ်ရှက်ခတ်သွားသည်။
သြရသသည် ရုန်းရင်းကန်ရင်းဖြင့် ခေါင်းပေါ်သို့မာကျောသော အရာတစ်ခုဖြင့် အရိုက်ခံ လိုက်ရပြီး ဘာဆိုဘာမှမသိတော့ပေ။
သြရသတစ်ယောက်ကတော့ . . . .
“မှောင်”နေအောင် “မိုက်”ခဲ့ပြီး၊
“မိုက်”နေရင်း “မှောင်” သွားခဲ့သည်။
*****
မေမေ့ကိုငါးရက်ထားသည်။
သည်နေ့တွင် မေမေ၏ရုပ်ကလပ်ကို မီးသဂြိုဟ်ရန်ပြင်ဆင်နေကြသည်။ စက်ရုံက ၀န်ထမ်း များ၏မိသားစု၊ မေမေ၏မိတ်ဆွေအပေါင်းအသင်းများ ဆွေမျိုးများ၏၀ိုင်းဝန်းကူညီမှုကြောင့် မေမေ၏ ဈာပနသည် စည်ကားလှသည်။ မြကြာမှုံကတော့ မေမေ၏နောက်ဆုံးခရီးကို အလှပဆုံး ပြင်ဆင်နေသည်။ ငိုတာကို မကြိုက်သည့်ဖေဖေနှင့်မေမေကြောင့် မငိုအောင်ထိန်းထားသည့်ကြား မှ မျက်ရည်တွေကျနေသည်။ သီဟလတ်ကတော့ မေမေ၏နောက်ဆုံးခရီးချောမွေ့စေရန်စီစဉ် နေသည်။
ထိုစဉ်ရဲကားတစ်စီးဆိုက်လာသည်။ လူအုပ်ကြားထဲမှ သြရသကို လက်ထိပ်ခပ်ထားပြီး၊ ရဲသားနှစ်ယောက်က လက်တစ်ဘက်စီကိုကိုင်၍ ဆင်းလာသည်။ မြကြာမှုံသည် လက်ထပ်ခတ် ခံထားရသော သြရသကိုမြင်သောအခါ . . .ပို၍ ၀မ်းနည်းလာပြီး သြရသရင်ခွင်ထဲမှာ ဖက်၍ ငို ချလိုက်သည်။
သြရသသည် လက်ထပ်ခတ်ထားသောလက်ဖြင့် မြကြာမှုံပါးမှ မျက်ရည်များကိုသုတ်ပေး ရင်း နှစ်သိမ့်နေသည်။ သီဟလတ်ကတော့ သြရသကိုကြည့်ရင်း၊ မချိတင်ကဲဖြင့်နှုတ်ခမ်းကို ကိုက် ထားသည်။
သြရသသည် အမေမျက်နှာကိုနောက်ဆုံးအကြိမ် တ၀ကြီးကြည့်၍ အမေအလောင်းကို ကန်တော့သည်။ ပြီးတော့ . . . သီဟလတ်နှင့်မြကြာမှုံအနားသို့သွား၍ နှစ်ဦးစလုံးကိုကြည့်ကာ၊
“အဓိပတိဆိုတဲ့ကောင် မသေဘူးတဲ့၊ ငါ့အမှုသက်သာရာ သက်သာကြောင်းအနေနဲ့ အဲဒီ အဓိပတိဆိုတဲ့ကောင်ဆီမှာ မင်းတို့ဘယ်တော့မှ သွားပြီး မတောင်းပန်နဲ့ ဒူးမထောက်နဲ့ကြား လား၊ ငါယောက်ျားလုပ်ရဲရင်ခံရဲတယ်၊ အေး . .. ငါ့စကားကိုနားမထောင်ပဲ၊ အဲဒီကောင်ဆီမှာ ဒူးထောက်တောင်းပန်တယ်ဆိုရင်တော့၊ ငါပြန်ထွက်လာတဲ့အခါ မင်းတို့ကိုပါသတ်မယ် . .. ကြားလား . . .”
မြကြာမှုံနဲ့သီဟလတ်တို့ တစ်ယောက်မျက်နှာ၊ တစ်ယောက်ကြည့်ရင်း သြရသကို အဖြေ ပြန်ပေးလိုက်သည်။
“စိတ်ချ . . .ကိုကိုကြီး . .. ကျွန်တော်အဲဒီကောင်ကို ဘယ်တော့မှ ဒူးမထောက်ဘူးလို့ ကတိပေးပါတယ်”
သြရသက မြကြာမှုံကိုကြည့်လိုက်သည်။ မြကြာမှုံကပြောသည်။
“စိတ်ချပါ . . . ကိုကိုကြီး . .. ညီမလေးလည်း ကိုကိုလည်းပြောသလိုပါပဲ။ ဒူးထောက်ခြင်း ထောက်ရင်၊ ဒီတစ်ခါ . . . အဲဒီအဓိပတိဆိုတဲ့လူက ဒူးထောက်ရတဲ့အလှည့်ပဲဖြစ်စေရမယ် . .”
သြရသကျေနပ်သွားသည်။
“အေး . . ကောင်းတယ်၊ ငါစိတ်ချမယ်ဟုတ်ပြီလား၊ ကဲ . . .ငါသွားမယ်”
သြရသသည် လူအုပ်ကြားမှ ရဲများနှင့်အတူ ပြန်ထွက်သွားလေသည်။ ထိုစဉ် . . . အမေ ဘက်သို့ ပြန်လှည့်လိုက်သောအခါ . . ဘယ်တုန်းက . . . ဘယ်သူလာထားသွားမှန်းမသိသော ပန်းခြင်းတစ်ခုကိုတွေ့ရသည်။ ထိုပန်းခြင်းအောက်တွင်၊ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသောစာ တန်းတစ်ခုကိုတွေ့ရသည်။
“အဓိပတိဘဏ်မိသားစုမှ ၀မ်းနည်းပါကြောင်း”
စာတန်းကိုတွေ့လိုက်ရသောအခါ . . . .
မြကြာမှုံသည် . . . .အသက်ရှုသံတွေမြန်လာသည်။
အသားတွေတဆတ်ဆတ်တုန်လာသည်။ ခနာကိုယ်တစ်ခုလုံးမှ
သွေးများဆူပွက်လာသလိုဖြစ်လာပြီး၊ ထိုပန်းခြင်းကိုဆွဲယူ၍ တစ်စစီဆုတ်ချေ၊ ဖျက်စီး လိုက် လေသည်။
အဓိပတိ . . . .
ရှင့်ကိုကျွန်မ မမြင်ဖူးဘူး . . . .
ရှင် . . . ဘယ်လိုလူလည်းဆိုတာ ကျွန်မမသိဘူး၊
အခု . . .
ရှင့်ကြောင့် . . . မေမေဆုံးရပြီ
ရှင့်ကြောင့် . . . ကိုကိုကြီးထောင်ကျတော့မယ်
ရှင့်ကြောင့် . . . ကျွန်မတို့မိသားစုဘ၀ပျက်ခဲ့ရတယ်။
ရှင့်ကြောင့် . . . ကျွန်မတို့ရဲ့ စက်ရုံဝန်ထမ်းတွေဒုက္ခရောက်ခဲ့တယ်
ရှင့်ကြေင့် . . . ကျွန်မတို့ မသိခဲ့ရတဲ့သူတွေ ဘယ်လောက်ဒုက္ခရောက်ပြီးပြီလဲ။
ရှင် . . . ဘယ်လိုလူမျိုးဖြစ်ဖြစ် ကျွန်မ ဂရုမစိုက်ဘူး . . . . .
ရှင် . . . သိထားဖို့က
ရှင် . . .နဲ့ . . .ကျွန်မတို့ မိသားစုကြားမှာ . . . .
အ . . .ကြွေး . . .တင် . . သွား . . .ပြီ . . .

(ရှေ့လဆက်ဖတ်ပါ . . . . .)
မောင်မျိုးမင်း (ရင်တွင်းဖြစ်)

This entry was posted on 4:38 PM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments