အာကာသလမ်း  

Posted by IDEA MAGAZINE

Sunday, June 21, 2009


အာကာသလမ်း

ဘ၀ဆိုတာ
အရူးမောင်းလာတဲ့ လေယာဉ်ပျံကိုစီးလာရတာပဲ။

ပိုပြီး
ပျော်ပျော်ရွှင်ရွှ့င်နေဖို့စဉ်းစားတယ်
ပြန်ဆင်းလို့ မရတော့ဘူးကိုး။
သုခမိန်လှိုင်


အပြုသဘောသုံးဆောင်မှု

စိတ်ကူးအိပ်မက်ဆိုတာ
ပါဆယ်တစ်ထုပ်ပါပဲ . .
ရာစုအမှတ် ၂၁ကိုဖွင့်ချ
ကိုယ့်ဘ၀နဲ့ကိုယ် မွေ့ပျော်နေချိန်များ
သားရေပေါ်အိပ်ပေမယ့် သားရေနားတော့မစား

မိုးမျှော်အဆောက်အဦးများနဲ့ခေတ်မီ
စုတ်ချည်ဆန်ချည် ငါ့မနက်ဖြန်အခန်းထဲ
စဉ်းစားဆဲ၊ မဖြည့်ရသေးတဲ့ အထုပ်ထဲမှာ
စိန်နဲ့သံပုရာ၊ ရေခဲချောင်းနဲ့စိမ်းစားဥ
မင်းဂွတ်သီးနဲ့သကြား၊ တေဇောပန်းနဲ့ခါချဉ်ကောင်
မိသားတစ်စုအခန်းထဲမှာ . . .
သမုဒ္ဒရာဝမ်းတစ်ထွာနဲ့ ကြက်သီးမွေးညင်း
အုပ်စုလိုက်အထီးကျန်မှုရှိတယ်။

အထီးကျန်အားလုပ်ရက်တငွေ့ငွေ့ထဲ
ထိပါးမိုးနဲ့တိမ်းရှောင်နှင်း
နှုတ်သီးကောင်လျှာပါးနဲ့အပ်ကြောင်းထပ်ဘာသာစကား
ဒီလိုကိုယ်ခင်းကျင်းတဲ့ တစ်နေ့တာစားပွဲပေါ်မှာ
ခြင်၊ယင်နဲ့ ပုရွက်ဆိတ်များ
ဖတ်လက်စ စာအုပ်ထဲမှာ
ပြုန်းနေတဲ့ခွေးသွားစိပ်နဲ့ တုံးနေတဲ့ဓားများ
လေလုံပုလင်းထဲမှာက
လှီးလွှဲအဖြေများနဲ့ ပင်နယ်ဆလင်ဆေးပြား။

ရေညှိတက်ကွန်ကရစ်လမ်းကိုကြည့်ရင်း
ကမ္ဘာတိုက်ကြီးများအကြောင်းသိလာ . . . .
ပလက်ဖောင်းဈေးကွက်များအကြောင်းသိလာ . . .
ပလက်ဖောင်းဈေးကွက်များကိုကြည့်ရင်း
စီးပွားရေးအတွက် ဆေးတစ်ခွက်ကိုရလာ . . .
ကြိတ်ကြိတ်တိုး ဘစ်ကားများကိုစီးရင်း
လူမှုရေးပထ၀ီဝင်ကို နားလည်လာ။

မရေမရာရက်ချိန်းလွဲ အချိန်မွဲမှုများ
ကားလိပ်မဖွင့်ရသေးတဲ့ ငါ့အမျှော်အလွမ်းများနှယ်
လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းခွင့်မရတဲ့ ငါ့အဓိပ္ပါယ်ထဲမှာ
ကွင်းပြင်ထွက်သွားတဲ့ ပန်းတိုင်နဲ့တစ်ဖက်လူဖြတ်လုသွားတဲ့အိပ်မက်ရှိတယ်။

သွက်သွက်ခါ ပန်းပွင့်ပေါ်အဆိပ်သင့်
လွင့်ကျသွားသော လိပ်ပြာတစ်ကောင်လို
ဒရွတ်ဆွဲ ငါ့ညနေရဲ့အိနြေ္ဒ . . .
ကံခေမှုကို မီးညှိဖွာရှိုက်၊ ဗိုက်ပေါက်နဲ့စားသောက်နေပုံ
အလုံးစုံရှိတယ်။

တိကျသေချာရေရာသည်များ
နှလုံးသားမှာလှောင်ထားပါတယ်။
စက်နဲ့လုပ်တဲ့ပန်းတစ်ပွင့်မလိုဘူ
ရင်နဲ့လုပ်တဲ့ ရနံ့တစ်စပဲလိုတယ်။
စိတ်ထဲဝှက်ထားတဲ့အရာ
ဘယ်သူအမည်ဖော်နိုင်မလဲ . . .

တစ်ကိုယ်ရည် ငါ့အခန်းထဲ
စားပွဲပေါ်က တလွင့်လွင့်စာရွက်ခေါက်ထဲမှာ
ဘာမှရေးမထားဘူး။ ။
သျှီသူအောင်

ငါး  

Posted by IDEA MAGAZINE


ငါး
(၁)
ငါးတွေဟာ သွေးအေးတယ်၊
နှုတ်ဆိတ်တယ်။
တိုးတိတ်လွန်းတော့လည်း အဲဒီရန်ခုန်သံကို
မင်းကြားရလိမ့်မယ် မဟုတ်ပေဘူး။
(၂)
ကြယ်တွေကို ခူးခူးပြီး
မင်းကို ပန်ပေးချင်ခဲ့တာပါ . . .
ဒါပေမဲ့ . . . . .
အိပ်မက်တွေက ဖိတ်တစ်ဝက် စင်တစ်ဝက်
နွေဦးရက်တွေ ရောက်တဲ့အထိတောင်
မက်ခွင့်မရလိုက်ပါဘူး။
ဆူးတွေများလွန်းတဲ့ ဥယျာဉ်က
ရနံ့ကျတော့ နည်းလွန်းနေခဲ့တယ်။
(၃)
တစ်နေ့ခင်းလုံး
ကိုယ့်လက်ဖ၀ါးပေါ် မေးထောက်ပြီး
သစ်သားမီးခြစ်ဆံတွေနဲ့ အိမ်ဆောက်ကြည့်နေခဲ့တယ် . . .
ငါ ဘာကို စားသောက်ခဲ့ပြီးပြီလဲ???
(၄)
တစ်ဘ၀စာ . . . .
ခပ်ကြာကြာ ကြည့်ခွင့်ရခဲ့လိုက်ရုံလေးတင်ပါပဲ။
(ဒီပြင် ဘာမှမပိုခဲ့ဘူး)

ကောင်မလေးရေ . . .
ငါဆိုတဲ့ကောင်က သွေးအေး
ယဉ်ယဉ်ကျေးကျေးလေးပဲ . . . .
. . . .လွမ်းတယ်။
မင်းခိုက်စိုးစန်


ရေခပ်ထွက်ခြင်း
ည . . .
ကောင်းကင်ဟာ
သူရဲကောင်းတစ်ယောက်ရဲ့ ဟိတ်ဟန်အပြည့်နဲ့။

ကြယ်တွေကို ခပ်ယူဖို့စောင့်နေတဲ့
ညီမလေးတစ်ယောက်အကြောင်း
စာစီစာကုံးတစ်ပုဒ်ရေးဖို့
အဲဒီညကို နိဒါန်းပျိုးရမယ်။

သူတို့ရဲ့ဝတ်ရုံကို
ဝ အောင်မ၀တ်ရရှာတဲ့ သိုးတွေရဲ့လမ်းမှာ
ညီမလေးက အိပ်တန်းပြန်မှားခဲ့တဲ့ သင်းကွဲတစ်ကောင်ဖြစ်တယ်။

ဂီတအခြေခံမရှိတဲ့
သစ်ပင်တွေရဲ့ နားသောတဆင်ရာအရပ်မှာ
ညီမလေးက ပါဝါထပ်တိုးရမယ့် မျက်မှန်တစ်လက်ဖြစ်တယ်။

သုံးရာသီကိုသိခွင့်မရှိတဲ့
မီးလုံးအကျွမ်းရဲ့ နေ့နေ့ညညအခါသမယတွေမှာ
ညီမလေးက ၀စီပိတ်စရားကျင့်ခဲ့သူဖြစ်တယ်။

ပင်လယ်လမ်းမများရဲ့
ဖျားယောင်းမှု မြူဆွယ်သံတွေကြားမှာ
ညီမလေးက ပုလင်းလွတ်တစ်လုံးဖြစ်တယ်။

ကမ္ဘာသစ်တစ်ခုက
ဝိဥာဉ်ရိုင်းများရဲ့ မွေးနေ့သဘင်မှာ]
ညီမလေးက ထိကရုဏ်းတစ်ပင်ဖြစ်တယ်။

ဖြစ်တယ်။

ညီမလေးရေ . . .
တိတ်ဆိတ်ခြင်းဆိုတဲ့စနက်တံကို
စတင်ဆွဲဖြုတ်လိုက်သူဟာ
တိတ်ဆိတ်ခြင်းပဲဆိုတာ ယုံ။

နောက်ဆုံးတော့လည်း ညီမလေးရယ်
မင်းရဲ့ဘောင်ဘင်မခတ်တဲ့ရေအိုးထဲ
အဲဒီကြယ်တွေပဲမဟုတ်လား။ ။
ကိုယ်မောင်မြင့်


ရောင်စုံထီးများ

စိတ်ကူးတွေကိုအရောင်ဆိုးပြီး
ကိုယ့်ကိုယ်ကိုယ်မိုးထားကြတယ်။

မြားအစင်းစင်း
ခွင်းလေသမျှ အကာအကွယ်ရအောင်
ကိုယ့်အရောင်နဲ့ကိုယ် လုံခြုံကြရ။

ဟောဒီမြို့ပြလမ်းပေါ်
ဖြတ်သန်းစီးမျောရွေ့လျား
အမျှားထွက်ခဲ့ကြ
ဝဲဂယက်ထဲက ပန်းကြွေတွေ။ ။
တိုးဝေ


မြက်တွေ စိမ်းရွှေရွှေ ရနံ့တစ်ခုနဲ့ နုလို့

အအေးခန်းထဲ
ဦးနှောက်တွေ ဇောချွေးပျံနေခဲ့..
ခံစားချက် အပေါ်ယံကြောတွေ တင်းမာအေးခဲလာ...
အတွေးအခေါ်တွေက ငွေနံ့ကြေးနံ့နဲ့ ညှီဟောင်လို့
ငါကီးဘုတ်ရိုက်သံက ဇုလုတွေရဲ့ ဗုံသံလို..
ကိန်းဂဏန်းတွေ အမဲလိုက်အက ကခုန်နေကြတယ်..။

အေးစက်စက်ဘာသာစကားနဲ့
ငါ့ လည်ချောင်းတွေက ကျဉ်းမျောင်း
အေးစက်စက်ဥတုရာသီမှာ
ငါ့ နှလုံးသားလည်း တဖြည်းဖြည်းကျုံလှီလာခဲ့ပေါ့
အဲ့ဒီ့နှလုံးသား..အရေပြားပေါ်မှာ
ငါ့အတ္တတွေစိမ်းမြနေအောင် အညှိတက်ကြ
အဲဒီ့ အစိမ်းရောင်အဆိပ်ငွေ့တွေက..
ငါ့သွေးကြောတွေထဲ ကြောက်မက်ဖွယ်ရာ ပျံ့နှံ့နေခဲ့ပြီ..။

ငါ့ကိုယ်ငါသိပ်မကြိုက်ချင်တော့ဘူး...
အမြင်အကြည့်တွေကစက်ရုပ်ဆန်
အခေါ်အပြောတွေက ၀တ္တရားကျေဆန်
နူးညံ့ပူနွေးမှု ခမ်းခြောက်လာတဲ့နေရာထိုင်ခင်းမှာ....
ဘာသိဘာသာတွေက အသက်ရူသံဖြစ်လာခဲ့..။

ငါ ဟာ
အချိန်ကာလ ဥာဏ်ပညာ..ခံစားချက်
အလွမ်းနဲ့ အရာအရာကို..
ပုတ်ပြတ်စနစ်နဲ့ ရောင်းချထားသူပါ
ငါက အိမ်ကြီး တံစက်မြိတ်ကလေ..
အိမ်ကြီးရဲ့ ခန့်ငြားထည်ဝါမှုတွေကို
ငေးမောအားကျနေရတဲ့ ရွှေရောင်ရင့်ရင့် တစိမ်းတရံစာ...

ငါဟာ..ကိုယ့်ခံစားချက်အပေါ် အဆိုးရွားဆုံးသစ္စာ ဖေါက်ခဲ့သူ
အိမ်အပြန်ချင်ဆုံးနဲ့ အိမ်ပြန်ဖို့ အကြောက်တတ်ဆုံးသူ..
တစ်ကိုယ်ရည်..တစ်ကိုယ်ကောင်းဆန်ခဲ့သူ....
ငါဟာ..ယူကျုံးမရစိတ်နဲ့ပဲ မျက်ရည်သိပ်လွယ်ခဲ့တဲ့..သူ
ငါက ရရှိနေသလား..ဆုံးရူံးနေသလားတောင်
မဝေခွဲတတ်အောင်.... ထူပိန်းဆွံ့အ ခဲ့သူပေါ့...

နီရူဒါရေ..
သင်ချစ်မက်တတ်တာထက်
နည်းနည်းလေးမှ မလျော့တဲ့ ချစ်ခြင်းတရားတွေနဲ့
ကျွန်ုပ်လည်း အမိမြေကို ချစ်မက်ခဲ့ပါတယ်..။

အိန္ဒြာ


မှန်အိမ်ထဲကငါးတွေကိုတစ်ညလုံးမျှားနေတာတောင်မှလွတ်နေလို့

ဒီနေ့မှာမှမျှော်လင့်ခြင်းတွေမလွတ်တမ်းမှောင်ကျရုံ။အလွမ်းတွေမြစ်ထဲမျှောလိုက်လို့ရမလားဆို ပြီး နှလုံးသားကို ထွန်ထက်ခွင့်မရတဲ့အိပ်မက်သေရုံ။ လက်ထဲကတောင်ပံကျကွဲရုံ။ခလုတ်ပျက် မီးသီးနဲ့ ပုဇဉ်းရင်ကွဲံတွေအော်လွန်းတဲ့ညမှာသီချင်းတစ်ပုဒ်ပြီးဆုံးသလို မကျေနပ်ခြင်းကလွဲရင် လေပြေတွေပြတ်တောက်ရုံ။ ဗုံတွေကိုစိတ်စောနေတဲ့အသံကွေ့ကောက်ရုံ၊ မစခင်က ဆုံးနေတဲ့အဆုံးနဲ့ပြန်စရုံ။ တယောမထိုးတတ်တဲ့ကြိုးများကကြယ်တွေကိုဖြောင့်လို့မရတဲ့အကြောင်း သတင်းပို့ရုံ။ ရနံ့ခမ်း ခြောက်သွားတဲ့အိပ်ရာပေါ်က စံပယ်တွေမနိုးသေးရုံ။ သစ်ရွက်တွေတစ်ရက်ပြီး တစ်ရွက် ဖွင့်ကြည့် ရုံ။ ဖွင့်လိုက်တိုင်းဘယ်ရထားမှ မမီလို့ ဂီတတွေမတ်တပ်ဖျားရုံ။ စိတ်သေရွက်ပျောက်ရုံ။ မတူတဲ့ အလွမ်းကိုရွေးမိလို့ ကိုယ့်အလွမ်းကိုကိုယ်ပြန်ချွတ်မိပြီး မျှော်လင့်ခြင်းတွေပြန်မလာတော့တဲ့ဓားနံ့မှာလှေထစ်ရုံ။ လရောင်ကိုပြန်ပေးဆွဲလို့ မရရုံ။ ဗန်ရိုးရဲ့ အားလူးစားသူများနဲ့ဆေးစက်လွဲရုံ။ သူ့မျက်ဝန်းက ဘေးမဲ့လွှတ်ထားတဲ့မိုးခေါင်ရေရှားကမ်းခြေမှာ လေတံခွန်တစ်ခုဖြစ်ရုံ။ ရင်ခြင်းခတ်နေ့များကိုအသက်သွင်းရုံ။ တိမ်တွေအော်သံထဲမှာ ကိုယ်ဖော့ ထားရုံ။သွေးစို့နေတဲ့ကွဲကြေမှုကိုဘယ်သူမှမသိအောင်အကြိမ်ကြိမ်ရယ်ပစ်ရုံ။ ဓားသွားပေါ်ထိုင်နေရသလို အနုပညာကဘယ်တော့မှကျဆုံးမသွားဘူးဆိုပြီးထွန်းညှိရုံ။ အိမ်လေး ထဲမှာ အိမ်ပျောက်ရှာရင်းရိုးသားမှုကို မသိုးဘူးဆိုပြီးသိုးတွေလိုရိုးသားလိုက်ရုံ။ ယုံကြည်စရာကိုကဗျာနဲ့ကွဲပေါက်ရုံ။ ကောင်းကင်အကြီးစားမဖြစ်သေးတာကလွဲရင်အောင်မြင်မှုတွေလည်းလွတ်နေရုံ။ သားကိုယုံလို့စို့လုံးမကန်းဘူးဆိုတာမေမေ ယုံ . . . . ။
သဏ်းထွဏ်းဦး


ရှင်သန်နေတယ်
ခြံထဲမှာ စကားပြောတတ်တဲ့သစ်ပင်တွေစိုက်ထားတယ်
ရေစင်ပေါ်က တက်ကြည့်ရင် ခပ်လှမ်းလှမ်းက စိုက်ခင်းတွေကိုမြင်ရတယ်
အုပ်စုဖွဲ့ခရီးနှင်နေတဲ့ တိမ်တွေကိုလည်းမြင်ရရဲ့
ဒီရက်ပိုင်း ရေးဖွဲ့ဖြစ်သမျှမှာ ငါ ဆိုတဲ့ စကားလုံးမပါတာကောင်းတယ်
ကိုယ်စိုက်ထားတဲ့ သစ်သီး ကိုယ်စားသုံးခွင့်ရတာက ပိုကောင်းတယ်
လာမယ့်နွေဦးမှာ ခရီးရှည်တစ်ခုထွက်ဖို့ပြင်ဆင်ရမယ်
ဒါဟာ စိတ်ကူးစိတ်သန်းအသစ်တွေရရှိလာဖို့အကြောင်းဖန်ခြင်းပဲ
ခရီးထွက်တဲ့အခါ မိုင်ပေါင်းများစွာ ပြန့်ကျယ်တဲ့မြက်ခင်းပြင်ထဲ တစ်နေကုန်အောင် လှဲနေမယ်
ဦးခေါင်းထက်မှာကောင်းကင်ပြာပြာဟာ လွင့်နေတဲ့ တိမ်စိုင်တွေနဲ့ ကမ္ဘာလည်နေတာကို ခံစားမယ်
မြို့လေးတစ်မြို့က ဘီယာဆိုင်တစ်ဆိုင်ကိုလည်း ဆင်နားရွက်တံခါးလေးတွန်းဖွင့်ပြီး ခဏ၀င်နားမယ်
သဘောင်္ထိပ်ဦးမှာ ထိုင်ရင်း အပျော်တမ်းငါးမျှားတံလေးကိုင်လို့ ပင်လယ်ဆီလည်းသွားရဦးမယ်
ပေါင်တံရှည်မလေးတွေနဲ့ မိတ်ဆွေတွေဖြစ် ဇာတ်လမ်းတွေ ဘာတွေတောင် ဖြစ်ချင်ဖြစ်ဦးမပေါ့
မစားသောက်ဖူးတဲ့ ညစာတွေနဲ့ မရင်းနှီးခဲ့ဖူးတဲ့ ရိုးရာဓလေ့တွေကိုတော့ ဒိုင်ယာရီထဲ ရေးမှတ်ခဲ့ရမယ်
လူုဆိုတာ သဘ၀တရားကို အကုန်အစင်နားမလည်နိုင်ပေမယ့်
နားလည်ဖို့တော့ ကြိုးစားသင့်တယ်မဟုတ်လား
ကိုယ်က အနုပညာသမားဆိုတော့ ချစ်ခြင်းမေတ္တာကိုပဲ
နားလည်တတ်အောင် ရင့်ကျက်ခဲ့ပါတယ်
ဟယ်လို စာပို့သမား ရော့ ဒါ ခင်ဗျားအတွက် အဝေးက စာတွေ
စာအိတ်တွေကိုဖောက်လိုက်တော့ ခိုဖြူလေးတွေပျံထွက်သွာပြီး
စကားပြောတတ်တဲ့ သစ်ပင်တွေပေါ်သွားနားတယ်
ဒါကြောင့်ပဲ ပေးပို့သူလိပ်စာတပ်မထားတဲ့ စာအိတ်တွေဟာ
အဝေးက မိတ်ဆွေတစ်ချို့ဆီကမှန်း အလိုလိုသိလိုက်ရပေါ့
သိပ်မကြာခင်က ပြန်ဆယ်ထားတဲ့ အဖြူရောင်ရှပ်အင်္ကျီဟာ
လေတိုက်တိုင်း တဖျပ်ဖျပ်လွင့်ခါလို့
တစ်ခါမှ မမည်းညစ်ခဲ့ဖူးသလိုပုံစံမျိုးနဲ့လေ
သစ်တစ်ပင်ရဲ့ခြေရင်းမှာ စာအုပ်တွေထိုင်ဖတ်ရင်း
သစ်ပင်တွေအတိုင်း ကိုယ့်ဒဏ်ရာကိုယ်မေ့တတ်လာတယ်
ရှည်နေတဲ့ မုဆိတ်ကျင်ငယ်စွယ်တွေရိတ်ပြီးရင်တော့
မြို့ကလေးဆီ သစ်စေ့အသစ်တွေ သွားဝယ်မယ်
စကားလုံးတွေမပါစေဘဲ မိတ်ဆွေတွေဆီစာပြန်မယ်
စကားပြောတတ်တဲ့ သစ်ပင်တစ်ပင်က ဒီင်္လိုပြောဖူးရဲ့
တခါတရံမှာ ခံစားချက်ဆိုတာ စကားလုံးတွေမဟုတ်ကြဘူး
တိတ်တိတ်ကလေး ဆက်သွယ်ထားတဲ့
ယိုင်နဲ့နဲ့ကြိုးတံတားလေးတစ်ခုလောက်ပါပဲ တဲ့
ခရီးကနေ ကိုယ်ပြန်ရောက်မယ်။ ။
လွန်းဆက်နိုးမြတ်


ဓါတ်တိုင်ဝင်စားတဲ့လူ


လမ်းတွေကိုထွန်းလင်းပြဖို့ပါပဲ
ဘယ်ခရီးမှငါမသွားဖူးဘူး…
တချို့ကမသိလိုက်မသိဘာသာပေါ့
ငါ့အောက်ကဖြတ်လျှောက်တယ်
တချို့က ငါ့ကိုမော့ကြည့်ပြီးမှ
ငါ့ထက်ပိုလင်းတဲ့အရပ်ကို
ထွက်ခွာသွားပေါ့….။
တခါတရံ
ငါ့ကိုယ်ငါ မှောင်မိုက်မိတဲ့အခါ
တချို့ရဲ့ဆဲရေးသံတွေ လွင့်ပျံလာခဲ့တယ်
ငါဟာဓါတ်တိုင်ပါ….
ဘယ်ခရီးမှငါမသွားဘူး…
လမ်းတွေကိုထွန်းလင်းပြဖို့ပဲ
ငါ့ဆီမှာအသက်ရှိတယ်လို့
တစ်ယောက်ယောက်ကယူဆလိုက်တဲ့နေ့မှာ
ငါသေဆုံးသွားခဲ့တယ်
ငါဟာဓါတ်တိုင်ဝင်စားတဲ့လူဖြစ်လို့…။

မိုးလှိုင်ည


တစ်ခုခုကိုပြောမယ်၊ ပြီးတော့ ထပ်ပြောမယ်

တစ်ခုခုကိုပြောမယ်။
ပြီးတော့
ထပ်ပြောမယ်။
မိုးအကြောင်း၊လေအကြောင်း၊
တောအကြောင်း၊တောင်အကြောင်း
မိုးရေထဲကကြောင်အကြောင်း၊
မိုးခါးရေထဲက ခပ်ကြောင်ကြောင်ကောင်တွေအကြောင်း၊
ဒီနေ့ပိုအေးတယ်၊
ဒီနေ့ ပိုအေးတယ် နဲ့
အလောသုံးဆယ်ပြီးဆုံးသွားပြန်တဲ့
ကလောဆောင်းအကြောင်း၊
လောလောဆယ်စောင်းနေတဲ့လမ်းတေနဲ့
မခေါ်ဘူး၊
မပြောဘူး . . ဆိုတဲ့အကြောင်း
အကြောင်းတစ်ခုခုကို ခုပြီး
တစ်ခုခုကိုပြောမယ်။
ပြီးတော့
ထပ်ပြောမယ်။
မြွေမသေ၊တုတ်မကျိုး၊
မှိုချိုးမျှစ်ချိုး၊ ကျွဲပါးစောင်းတီး၊
လျှာအရိုးမရှိ . . ၊
မြို့ရွာတွေတိုးချဲ့သလို
ဘတ်စ်ကားတွေတိုးချဲ့သလို၊
စကားတွေတိုးချဲ့မယ်၊
ဦးနှောက်အနိမ့်အမြင့်
နှလုံးသားအကျယ်အ၀န်း
စဉ်းစားလို့ဖြစ်သမျှ
ခံစားလို့ရသမျှ
အချက်ပြပါ။
ဟွန်းတီးပါ။
အရှိန်နှုန်းမြှင့်
သပ်သပ်ယပ်ယပ်
ကွေ့ချလိုက်ပါ။
(ယာဉ်စည်းကမ်းကို လိုက်နာဖို့လိုပါသည်)
အာရုံကြောများ၏လားရာအတိုင်း
တစ်ခုခုကိုပြောမယ်။
ပြီးတော့
ထပ်ပြောမယ်။
မျက်နှာချင်းဆိုင်
သေသေချာချာ
စေ့စေ့စပ်စပ်
ပါးစပ်နဲ့ပဲဖြစ်ဖြစ်
စိတ်ထဲကဖြစ်ဖြစ်
တစ်ခုခုကိုပြောမယ်။
ပြီးတော့
ထပ်ပြောမယ်။
ပွဲနေပွဲထိုင်သွား ၀ါကျများ . . .
ဒီဖက်ကိုကြွပါခင်ဗျာ။
သုံးဆောင်ပါဦးခင်ဗျာ။
ရင်ကိုဖွင့်ပြီး
ခင်ဗျားရဲ့အသည်းနှလုံးနဲ့
ကျွန်တော့်ရဲ့ဓါးသွားကိုသုံးဆောင်ပါ။
ကျကျနနသုံးဆောင်ပါ။
အဆုံးစွန်သုံးဆောင်ပါ။
ဒီလိုယဉ်ယဉ်ကျေးကျေး၊
ဒီလိုအကြောင်းအရာမျိုး၊
ဒီလို
သူလို ကိုယ်လိုရက်စက်မှုမျိုးတွေနဲ့
တခမ်းတနားကောက်ကျစ်မှုတွေထဲ
ဒီလို
တစ်ခုခုကိုပြောမယ်။
ပြီးတော့
ရင်ကိုဖွင့်ပြီး
ခင်ဗျားရဲ့အသည်းနှလုံးနဲ့
ကျွန်တော့်ရဲ့ဓားသွားကို သုံးဆောင်ပါ။
ဒီလိုယဉ်ယဉ်ကျေးကျေး၊
ထပ်ပြောခဲ့မယ်။ ။
နိုင်မွန်အောင်သွင်


စေတနာလွန် . . .“ကျွန်”

လူ့လောကတွင်ဆိုးသည်များကိုကြုံတွေ့ရသလိုကောင်းသည်များကိုလည်းတစ်ခါတစ်ရံ ဆုံတွေ့ရတတ်ပါသည်။
ကျွန်တော်ထိုနေ့ကစာပေမိတ်ဆွေများနှင့်ပျောပျော်ပါးပါးနေခဲ့ပြီး နောက်အိမ်ပြန်ရန် အချိန်ရောက်သဖြင့် 38 လမ်းအပေါ်လမ်း (ဗိုလ်ချုပ်လမ်း) ရုပ်ရှင်ရုံထိပ်မှ အိမ်ပြန်ရန် ကက တွေကို လက်ညှိးထောင်ပြီးတားရပါသည်။
ကက ငှားရသည်ကလည်းမလွယ်ပါ။
တချို့ ကားသမားတွေက တားတုန်းမှာထိုးရပ်လိုက်သော်လည်း သွားမည့် နေရာကိုပြောသည့် အခါတွင် ကျွန်တော်အဲ့ဒီဘက်မရောက်တော့ဖူးဗျ ဆိုပြီး ထွက်သွားတတ်ကြသည်။
တချို့ ကတော့ ဘာမျှပင်မပြောပဲ မောင်းထွက်သွားတတ်ကြ၏။ ထို့ကြောင့် ကျွန်တော်သည် သတိတကြီးနှင့်ကက ကို ငှားနေရခြင်းဖြစ် ပါသည်။
ရန်ကုန်မြို့ထဲမှာလည်း . . . ဈေးသည်တွေအသံကညံကာ . . .လူတွေကရှုတ်ထွေးနေသောအချိန်ဖြစ်သည်။ လူတွေသည် . . .ကိုယ့်အိမ်ကိုယ်ပြန်ကြဖို့အလုအယက်ဖြစ်နေကြ၏။ဒါဆိုလျှင် . . . “ကိုယ့်အိမ်ကနေကိုယ်စွန့်ပြီးဘာကြောင့်ဒီမြို့ထဲကိုရောက်နေရသနည်း . . . ”ဟုကျွန်တော်လူတိုင်းကိုလိုက်မေးလျှင်ဝတ္တုပေါင်းရာချီပြီးရလိမ့်မည်ထင်သည်။
“မင်း . . .လိုပဲကွ . . .”ဟုပြောသည်။လူနှင့်လည်းဆုံနိုင်ပါသည်။ထိုအချိန်မှာပင်ကကတစ်စင်းကကျွန်တော့်အရှေ့ကိုထိုး]]]၍ရပ်သည်။
“သုဝဏ္ဏသွားကောလိပ်ရှေ့ကိုသွားချင်လို့ပါခင်ဗျ”
“နှစိထောင်. . .”
ကျွန်တော်ကားတံခါးကိုဖွင့်တော့ဖွင့်မရ။ ကကကားတွေမှာထိုသို့ဖြစ်သည်မှာထုံးစံလိုဖြစ်နေကြသည်။အချို့တံခါးတွေကအပြင်ကဖွင့်မှ
တစ်ချို့တံခါးတွေကအထဲမှဖွင့်မှ . . .တစ်ချို့တံခါးများဆို လျှင်ပြတင်းပေါက်ဖွင့်ရသော လက်ကိုင် ပင်မရှိ၊သို့သော် . . . ကျွန်တော်တို့ငှားမိသူကသီးခံပြီးစီးရပါသည်။
ထိုနေ့ကကားဆရာကတော့အဲဒီလိုမဟုတ်ပါ။
ကျွန်တော်တံခါးဖွင့်၍မရမှန်းသိသဖြင့်သူကိုယ်တိုင်ဆင်းဖွင့်ပေးရှာပါသည်။ကျွန်တော်လည်း . . .သူ့ကိုအားနာသွား၏။သူတောင်းသည့်ဈေးကလည်းကျွန်တော့်အတွက်သင့်တော်ပါသည်။အမှန် တော့နှစ်ထောက်ငါးရာလောက်ဈေးရှိသည်။
သို့သော်သူက . . . တစ်ခွန်းတည်းပဲပြောသည် . . .ဒီလို မှန်ကန်တိကျသောကားဆရာနဲ့ကားစီးရတာပျော်စရာမကောင်းလျှင်တောင်စိတ်ညစ်စရာမရှိနိုင်ပါ . . ။
ထို့ကြောင့်ကျွန်တော်လည်း . . .ကားနောက်ခန်းမှာထိုင်ပြီးကတည်းကစိတ်လွတ်ကိုယ်လွတ် ဇိမ်ယစ်နေလိုက်မိသည်။
“အသွားအလာပါးတယ်ဗျာ . . .ခုထိအုံနာကိုပေးရမယ့်နေ့ထွက်တောင်မရသေးဘူး”
ကားဆရာသည်ကားကိုကျွမ်းကျွမ်းကကျင်ကျင်မောင်းရင်းပင်စကားဆိုလာသည်။
ဒီတော့ . . .ကျွန်တော်လည်းနောက်ခန်းမှာဇိမ်ယစ်နေတာလေးကိုလျှော့ပြီးစကားပြောရသည်။
“ကိုယ့်ဆရာ . . .ကျွန်တော့်ကိုအားမနာပါနဲ့ . . . လမ်းကြုံရင်လူတင်ပါဗျာကျွန်တော်ကထမ်းထားရတာမှမဟုတ်တာ . . . အခုသွားနေတဲ့လမ်းနဲ့တည့်ရင်တင်သာတင်လိုက်”
“ကျေးဇူးပဲဗျာ . . .အဲဒီလိုနားလည်တဲ့ခရီးသည်နဲ့တွေ့တော့ဝမ်းသာပါတယ်။တစ်ချို့ကျတော့ကားပေါ်တက်ပြီးရင်အဲဒီကားကို . . . သူ့ကားမှတ်တာခင်ဗျ”
ကားဆရာနှင့်ကျွန်တော်အတူတူရယ်မောလိုက်ကြသည်။
ပြီးတော့ . . .ကျွန်တော်ကလည်းပြန်မှိန်းနေသည် . . . ။သူကလည်းဆက်မောင်းနေသည်။
ခဏကြာတော့ ကားထိုးရပ်သွား၏။ကျွန်တော်မျက်စိဖွင့်ကြည့်တော့ပုဇွန်တောင်ကြည် တော်အိမ်ယာအကျော်ကလေးနားမှာဖြစ်သည်။ကားတွေကလည်းရှုပ်ထွေးလျှက်ရှိ၏။ကားဆရာသည်
အဖွားကြီးနှစ်ယောက်နှင့်စကားပြောနေသည်။သူတို့ဘာတွေပြောနေသ လဲဆိုတာကိုကျွန်တော်စိတ်
မဝင်စား၊ကားဆရာကိုလမ်းကြုံလျှင်တင်ပါဟု ကျွန်တော်ပြောထားပြီးသားစကားကလည်းရှိသည်မ
ဟုတ်လား..။
“အေး...မင်းနောက်ဖုံးဖွင့်လိုက် ဒီမှာပစ္စည်းတွေပါတယ်...”
ကားဆရာလည်း...ဘာမှမပြောပဲကားပေါ်မှဆင်းပြီး ကားနောက်ဖုံးကိုဖွင့်ပေးသည်။သို့သော်
ဟိုဘက်ကပြောသံမရပ်။
“ဖြေးဖြေးမပြီးထည့်...ဖြေးဖြေး...”
“ဟုတ်ကဲ့ပါ...”
“မင်းနှယ့်ကွယ်...ဒါလေးတွေမရတာတောင်...ယောင်တိယောင်ကန်းနဲ့...၊ငါတိုနှစ်ယောက်ကို
အရင်ပို့ရမှာနော်...”
“ဟုတ်ကဲ့...”
ကျွန်တော်မျက်စိဖွင့်ကြည့်တော့ အဖွားကြီးနှစ်ယောက်ကအသက်ငါးဆယ်နှင့်ခြောက်ဆယ်
ကြားလောက်ရှိမည်။ကျွန်တော့်အမေအရွယ်လောက်ပေါ့။ဒါပေမယ့် ပြောပုံဆိုပုံကနိုင်ထက်စီးနင်း
လေသံရှိသည်။အထက်စီးကပြောချင်သည့် လေသံမျိုးဖြစ်နေသည်။
သို့သော်ဒီကိစ္စသည်...ကျွန်တော်နှင့်ဘာမျှမဆိုင်ဟုသဘောထားပြီး ပြန်မှိန်းနေလိုက်၏။
“ဟေ့...ဟေ့...မင်းရှေ့ခန်းကိုရွှေ့ပါ...”
“ဗျာ...”
“ရှေ့ခန်းကိုသွားလို့ပြောနေတာ...”
ကျွန်တော်...တော်တော်ဒေါသဖြစ်သွားသည်။ကျွန်တော်က ဒီကားကိုအရင်ငှားသူဖြစ်၏။သို့
သော်...ကားဆရာလှည့်ကြည့်သောအကြည့်က တောင်းပန်သောအကြည့်ဖြစ်နေသဖြင့် ကျွန်တော်
ဘာမှမပြောတော့ပဲ ရှေ့ခန်းသို့ပြောင်းပေးလိုက်သည်။
ရှေ့ခန်းသို့ရောက်သည်နှင့်ကားဆရာကို စကားစပြောရသည်။
“ကျွန်တော့်ကို အရင်ပို့ပေးမှာလား...”
“သူတို့ကမေခအိမ်ယာတင်ဆရာ. . ကျွန်တော်စံပြဈေးဘက်ကနေပဲသွားတော့မှာ. . .သူတို့
ကိုပို့ပြီးရင် ဆရာ့အိမ်ကမဝေးပါဘူး...”
အမလေး...ငါတို့ကိုအရင်ပို့နော်၊ညကြီးသွားရလာရတာ...ပြီးတော့ငါတို့မှာက ရွှေနဲ့ငွေနဲ့..”
“နင်က...ဘာဖြစ်လို့ကားအလွတ်မငှားတာလဲ...”
“မသိလို့ပေါ့...ဒီလိုမှန်းသာသိရင်ဘယ်ငှားပါ့မလဲ...”
ကျွန်တော် တော်တော်စိတ်ပျက်သွားသည်။
ကားဆရာက ကျွန်တော့်ကိုတစ်ချက်လှည့်ကြည့်သည်။ထိုအကြည့်နှင့်ကျွန်တော့်အကြည့်
မျက်ဝန်းခြင်းဆုံပါသည်။ကျွန်တော်ဘာမျှမပြောတော့ပဲ...ရှေ့ခန်းမှာပဲ မှိန်းနေလိုက်၏။ကားဆရာ က ကားကိုအရှိန်မြှင့်ပြီးမောင်းနေကျွမ်းကျင်စွာမောင်းနေသည်။
ခဏပဲကြာသည်...ထိုအဖွားကြီးနှစ်ယောက်နေသော အိမ်ရာသို့ရောက်သွား၏။
ကားဆရာက ကားထိုးရပ်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေသည်။
“ဟဲ့...နောက်ကိုနည်းနည်းဆုတ်ဦး...ဟိုမှာတွေ့လားမီးထွန်းထားတဲ့ဆိုင်းဘုတ်ရှေ့မှာရပ်”
ကားဆရာသည် . . ဘာမျှမပြောဘဲ သူ့ဘက်ဂီယာကိုသာသွင်းပြီး ကားကိုနောက်သို့ ဆုတ်ပေးရှာပါသည်။
“အေးနေပြီ . . . .”
ကျွန်တော် . . . အခုမှ နောက်ကို သေသေချာချာလှည့်ကြည့်မိသည်။ အဖွားကြီးနှစ် ယောက်သည် အဆီတစ်ထပ် အသားတစ်ထပ် တော်တော်ဝပြီးမျက်နှာတွေက တော်တော် အတ္တ ဆန်ကြပုံရသည်။
“အေး . . .နောက်ဖုံး ဖွင့်”
ကားဆရာ ဘာလုပ်နေသည်လည်းဆိုတာကို ကျွန်တော်လှည့်ကြည့်တော့ ကား နောက်ဖုံးကိုဖွင့်ပြီး ခုနကဆင်ထားသော အထုတ်တွေကို ချပေးနေရသည်။
“ဖြည်းဖြည်းနော် . . .ဖြည်းဖြည်း . ..အေး ဟုတ်ပြီ . . .ဒီတစ်ထုတ်ကို အရင်မ . . .မ လိုက်လေ . . .”
“ငါနေခဲ့မယ် . . နင် အခန်းလိုက်ပြလိုက်”
“ပစ္စည်းတွေနားမှာပဲ စောင့်နေနော် . . .”
“အေးပါ . .. ငါသိပါတယ်”
ဒီလိုနှင့် . . အချိန်ဆယ့်ငါးမိနစ်လောက်ကြာသွားသည်။ ကျွန်တော်လည်း ဒီမိန်းမ ကြီးတွေနှင့် ဘာမျှမပြောချင်တော့သဖြင့် ပြန်မှိန်းနေလိုက်၏။
ခဏကြာတော့ . . .ကားတံခါးပိတ်သံကိုကြားရသည်။ ကျွန်တော်ငဲ့ကြည့်တော့ ကားဆရာဖြစ်၏။ သူသည်ကားကိုချက်ချင်း မောင်းမထွက်နိုင်ဘဲ မော၍နေသည်။
“ဘယ်လိုဖြစ်တာလဲကိုယ့်ဆရာ”
“ခြောက်လွှာအထိအထုတ်လေးထုတ်ကို ထမ်းတင်ပေးခဲ့ရတယ်ဗျာ . . . ကြည့်စမ်း ပါဦး၊ ကားငှားတော့ ထောင့်နှစ်ရာနဲ့ ကားနဲ့လည်းပို့ပေးရသေး . . ဒီအထုတ်လေးထုတ်ကိုလည်း ခြောက်လွှာကို ထမ်းတင်ပေးရသေး . ..ဟာဗျာ . .တော်တော်ဆိုးတဲ့မိန်းမကြီးတွေပဲ”
ကျွန်တော်ဘာမှမပြောတော့ဘဲ မောနေသော ကကဆရာကို ကြင်နာစွာကြည့်လိုက် ပါသည်။ သူသည် ကျွန်တော်စီးခဲ့ရဖူးသော ကက ဆရာမျိုးထဲတွင် တော်တော်သဘောကောင်း သော ကားဆရာဖြစ်ပါသည်။
သူက ကျွန်တော့်ကို စာရေးဆရာမှန်းမသိပါ။
ကျွန်တော်ကလည်းသူ့ကိုမပြောပါ။
ဗိုက်သားစားသော . .. ကားဆရာမျိုးနှင့်လည်းကြုံခဲ့ပြီ . .. အခုလိုစေတနာကောင်း သော ကားဆရာနှင့်လည်း တွေ့ခဲ့ပြီ။ ထို့ကြောင့် လောကသည် ဆိုးချင်သူက ဆိုး၍ ကောင်း ချင်သူက ကောင်းနေသော နေရာသာဖြစ်ရမည်။
“ကျွန်တော့်အဖြစ်ကို ဆရာဘာပြောချင်လဲဆရာ”
ကျွန်တော်တစ်ချက်စဉ်းစားလိုက်သည်။ ဒါမျိုးအဖြစ်ကို ကျွန်တော်လည်း ဘ၀မှာ မကြုံဖူးပါသည်။ ထို့ကြောင့် ကျွန်တော် သူ့ကို လေသံ အေးအေးဖြင့်သာဖြေပါသည်။
“စေတနာလွန်တော့ . . . ကျွန်ဖြစ်ပေါ့ဗျာ . . .”
ကားဆရာသည် . . . . ခဏတိတ်သွားသည်။
ပြီးတော့ . . . အားရပါးရ ရယ်လေသည်။ ကျွန်တော်နှင့် သူရယ်သော ရယ်သံများ သည် . . . သူမောင်းနေသော ကားစက်သံကိုပင် လွှမ်းသွားသည်ဟု ကျွန်တော်ထင်ပါသည် ခင်ဗျား . . . . .။ ။
နီကိုရဲ


ဇာတ်ကောင်တို့ရဲ့ဝတ္ထု
ကျွန်တော်သည် ၀တ္ထုတစ်ပုဒ်ကို စိတ်ဝင်စားမှုကင်းမဲ့စွာရေးလာမိခဲ့သည်မှာ နှစ်ပေါင်းအ တော်အတန်ကြာမြင့်နေခဲ့ပြီဖြစ်သည်။ ဤ၀တ္ထုဟုဆိုရာ၌ အီနေသောဝတ္ထုတစ်ပုဒ်ဟု သင် အဓိပ္ပါယ်ယူလျှင်လည်း အနည်းငယ်မဟုတ်သော်မှ များစွာမှန်နေနိုင်ပါသေးသည်။ မုတ်သုန်မိုးတို့ ရွာသွန်းကောင်းနေသော နေ့တစ်နေ့၏မွန်းလွဲပိုင်း၊ဆေးရုံတစ်ခုရှေ့တွင် ဘ၀၌ မကြုံဖူးသော ဒူးတုန်ရင်ခုန်မှုမျိုးဖြင့် ကျွန်တော်စတင်ရေးဖွဲ့လာခဲ့သော်လည်း များမကြာမီတွင်ပင် ခေါင်းစဉ် တစ်ခုအသွင်ပြောင်းသွားပါလေတော့သည်။ ယခုခေါင်းစဉ်သည် ကျွန်တော်မနှစ်သက်သော ခေါင်းစဉ်ဖြစ်နေသော်လည်း အကြောင်းအရာများသည် ကျွန်တော်တည်ဆောက်သော ၀ါကျများ မဟုတ်ကြောင်းသေချာပါသည်။ အဘယ်ကြောင့်ဆိုရာတွင် ဇာတ်ကောင်တို့၏ ပြုမူလှုပ်ရှားဖြစ် ပျက်ခြင်းတို့ နောက်၌ အနည်းအကျဉ်းမျှလောက်ကို ကျွန်တော်တို့ထိမိရခြင်းသဘောမျှသာ ဖြစ်ပေလိမ့်မည်။ ကျွန်တော်သည် အမှုမဲ့ အမှတ်မဲ့နေထိုင်တတ်ခဲ့သော်လည်း ဤ၀တ္ထု၏ အစကန ဦး ရက်စွဲများကိုမူ ယခုထိအလွတ်ရနေဆဲဖြစ်သလို နောင်လည်းမေ့နိုင်လိမ့်မည် မဟုတ်သည့် အကြောင်း ကျွန်တော့်ကို ကျွန်တော်သိနေ ယုံကြည်နေဆဲပင်ဖြစ်ပါသည်။
တစ်ခါတရံများစွာတို့တွင် ကျွန်တော့်အတွက် အချိန်တစ်နာရီ၊ရက်တစ်ရက်စသည်တို့ သည် ပျင်းရိငြီးငွေ့ဖွယ်ရာလေးလံနှေးကွေးလွန်းတတ်ပါသည်။ ကျွန်တော်ဖန်တီးခြင်း မဟုတ်ပါ ပဲ သူတို့ကို သူတို့ ဇွတ်ဖန်ဆင်းကြသော ကျွန်တော့်ဇာတ်ကောင်များအတွက်မူ နှစ်တစ်နှစ်ဆို သည့်ကိစ္စသည်ပင် မျက်တောင်တစ်ခတ်အတွင် ပြုတ်ကျသွားသောရွက်ကြွေတစ်ရွက်ဟု ထင်ကြ ပေလိမ့်မည်။ ခက်သည်က ကျွန်တော်ရေးသားလာခဲ့မိသော ထိုဝတ္ထုတစ်ပုဒ်သည် မည်သည့် ကာလရောက်လျှင် ဇာတ်သိမ်းဆုံးခန်းတိုင်လိမ့်မည်ကို ကျွန်တော်ကြိုတင်မသိရှိနိုင်သလို ပြော မပြနိုင်ခြင်းအပေါ် ပရိသတ်များ အားလမလိုအားမရဖြစ်နေကြမည်မှာ ၀မ်းနည်းစရာကောင်းသော အကြောင်းအရာတစ်ခုဖြစ်ပေလိမ့်မည်ကို ကျွန်တော်ကြိုတင်မသိရှိနိုင်သလို ပြောမပြနိုင်ခြင်း အပေါ် ပရိသတ်များ အားမလိုအားမရဖြစ်နေကြမည်မှာ ၀မ်းနည်းစရာကောင်းသော အကြောင်း အရာတစ်ခုဖြစ်နေပေလိမ့်မည်။ သို့ရာတွင် ခင်ဗျားဆက်မဖတ်ဘဲနေ၍ မရသည်က ပို၍ ၀မ်းနည်း စရာဖြစ်ပေလိမ့်မည်။ အမှန်ကိုဆိုရလျှင် မြန်မြန်ရေးလျှင် မြန်မြန်ပြီးစီးနိုင်သော်လည်း ဇာတ် ကောင်တို့မှာ အတ္တ၏ဖိစီးမှုဒဏ်ကြောင့် တုန့်ဆိုင်းဖင့်နှေးခြင်းစသည့်တန်ပြန်ဆိုးကျိုး၏ ရိုက် ခတ်မှု့တို့ သဘောသဘာဝကိုခင်ဗျားနောကျေပြီးဖြစ်သဖြင့် ဤအဓိပ္ပါယ်ကို ကျွန်တော်ဘာသာ ပြန်ပေးမည်မဟုတ်ပါ။ အနတ္တကို အတ္တဟုဘာသာပြန်သော ပုဂိုလ်တို့ ဘုရားရှင်လက်ထပ်က တည်းကရှိခဲ့ပြီးသောကြောင့်ဖြစ်သည်။ ဒုက္ခကို အမဲလိုက်ရခြင်း၌ မြစ်တို့များစွာ ဤတံတားကို ဖြတ်ကျော်စီးဆင်းခဲ့ပြီ။ ၀မ်းနည်းမနေပါနှင့်၊၀မ်းနည်းခြင်းသည် ပို၍ ၀မ်းနည်းစရာကောင်းနေလိမ့် မည်။ အဘယ့်ကြောင့်၊ဘာကြောင့်ဆိုသည့် မေးခွန်းမျိုး ကျွန်တော့်ကို မမေးပါနှင့်၊ခင်ဗျားယုံသည် မယုံဘေးဝဲယာတွေ့မြင်နေကျ ကြွပ်ကြွပ်အိတ်ဟောင်းများထက် အဆများစွာရှိနေခဲ့ပါသည်။
ကျွန်တော်မည်သည့်ဝတ္ထုမျိုးရေးနေသည်ကို ခင်ဗျားသိချင်နေပါသလား၊ဤ၀တ္ထုစာအုပ် သည်မည်သည့်အခါမျှ ခင်ဗျားလက်ထဲသို့ရောက်ရှိလာနိုင်မည်မဟုတ်သလို ခင်ဗျားဖတ်ပြီးသား အကြောင်းအရာများလည်းဖြစ်နိုင်ပါသည်။ ဤအဖွဲ့အနွဲ့မျိုးသည် အလွန်လွယ်ကူသောဝါကျမျိုး တော့ဖြစ်လိမ့်မည်မထင်ပါ။ ၀တ္ထုထဲတွင် ဇာတ်ကောင်ပေါင်းမြောက်မြားစွာပါဝင်နေခဲ့သော်လည်း အချို့ဇာတ်ကောင်များကို ကျွန်တော်မမှတ်မိတော့ပါ။ ထို ဇာတ်ကောင်များထဲတွင် မင်းသား တစ်ယောက်မျှမပါဝင်ခြင်းသည် ၀တ္ထု၏ထူးခြားချက်ဖြစ်သည်။ ခင်ဗျားမယုံမရှိပါနှင့်၊အားလုံးသည် လူကြမ်းဗီလိန်တွေချည်းသာဖြစ်သည်ဆိုတာကို သူတို့၏ပွဲတော်သည် ကျောက်ခတ်လူရိုင်းတို့ ကခုန်ပုံမျိုးကိုယို့ကားယားမပြေမပြစ်အနုပညာမဲ့သော အနုပညာရပ်တစ်မျိုးသာလျှင်ဖြစ်သင့် သည်။ ထိုအရိပ်အောက်၌ပင် ကျွန်တော်အရွယ်ကျရင့်ရော်လာခြင်းကြောင့် နယူတန်၏တတိယ နိယာမကိုဖြစ်ပေါ်စေခဲ့ပြီးဖြစ်သည်။ ဇာတ်ကောင်တို့၏ စရိုက်လက္ခဏာအရအချို့သည် ဖောင် စီး ဂဏာန်းဖြစ်ပြီး အချို့မှာ ပုတ်သင်ညိုဖြစ်သည်။ အချို့မှာ သူ့ကိုယ်သူမြွေဟုလက်မထောင်တတ် ပါသေးသည်။ သို့ဆိုလျှင် ကျွန်တော်၏ဇာတ်ကောင်များသည် တိရစ္ဆာန်ဟုတ် မဟုတ် ရှင်းပြရန် လိုအပ်တော့မည်မထင်ပါ။ အချို့ဇာတ်ကောင်တို့သည် စာမျက်နှာအနည်းအကျဉ်းမျှလောက် နှင့် ပင် ပြီးဆုံးသွားသည်လည်းရှိပါသည်။ သူတို့၏ ဇာတ်ဝင်ခန်းများကို ဆွဲဆန့်ခြင်း၊ချုံပစ်ခြင်းမျိုး မြင်လျှင် ကျွန်တော်နှင့်ကွဲလွဲခွင့်ရှိပါသည်။ ခင်ဗျားနှင့် ကျွန်တော်တွင် စိတ်ဆန္ဒတစ်ထပ်တည်း ကျသည့်အရာလည်းရှိနိုင်ပါသည်။ သို့သော် . . . . ခင်ဗျားကို ကျွန်တော်မမေးချင်တော့ပါ။
တစ်ခုတော့ ကျွန်တော်မေးကြည့်ချင်ပါသည်။ ခင်ဗျားဝတ္ထုတစ်ပုဒ်ကိုရေးခဲ့ဖူးပါသလား၊ သို့ တည်းမဟုတ်ရေးရန်စိတ်ကူးရှိခဲ့ဖူးပါသလား၊ ခင်ဗျားကတော့ပြောမှာပါပဲ၊၀တ္ထုထဲက ဇာတ်ကောင် တွေဟာရေးဖွဲ့သူရဲ့လိုရာကြိုးဆွဲရာ လက်ညှိုးညွှန်ရန် ပါဝင်က ပြနိုင်ခွင့်ရှိတယ်လို့၊ကျွန်တော် ပြောခဲ့ပြီးဖြစ်လိမ့်မည်။ ကျွန်တော့်ဇာတ်ကောင်များနောက်သို့ ကျွန်တော်လိုက်နေရခြင်း မမြင် ချင်အဆုံး မကြားချင်အဆုံး မြင်ကြားနေရခြင်းမျှသာဖြစ်သည်။ တိတိပပပြောရလျှင် ကျွန်တော့် ဇာတ်ကောင်များနှင့် ခင်ဗျားတို့ လက်ပွန်းတတီးမရှိခဲ့ဖူးလျှင်သော်မှ ကျွန်တော်ကဲ့သို့ နောက် ယောင်ခံလိုက်လံကြည့်ရှုခဲ့ဖူးဖြစ်ပေလိမ့်မည်။ ထိုဇာတ်ကောင်တို့ အချင်းချင်းရန်စောင်တိုက် ခိုက်မှု လက်ဦးမှု ခြေခံထိုးမှုတို့တွင် ခင်ဗျားလည်း ကျွန်တော့်လိုပင် ၀င်ရောက်ဖြန်ဖြေခွင့်ရှိလိမ့် မည်မဟုတ်ပါ။ ထို့ကြောင့် နောက်ကျောဓါးဒဏ်ရာနှင့် သေဆုံးသူတွေလည်းရှိနိုင်ပါသည်။ အလိုက်သိတတ်မှု၏ မကင်းရာမကင်းကြောင်းဆွဲခေါ်ဖေးမမှုဝါကျတွေလည်း တစ်နေရာရာတွင် ခင်ဗျားဖတ်မိပေလိမ့်မည်။
ဤ၀တ္ထုသည် ကမ္ဘာ့အရှည်လျားဆုံးဝတ္ထုရှည်ကြီးဆိုသည်ကို ခင်ဗျားလက်ခံနိုင်ပေလိမ့် မည်။ ယခုဆိုလျှင် စာမျက်နှာပေါင်းရှစ်ထောင်ရောက်ရန် နီးကပ်လာပြီဖြစ်သည်။ ဤမျှဆိုလျှင် ဇာတ်သိမ်းပေါင်းရောက်သင့်ဟု ခင်ဗျားစောဒကတတ်နိုင်ပါသည်။ အမှန်တော့ ကျွန်တော့်လက် က မချချင်ဖြစ်နေသည်မဟုတ်၊ကျွန်တော့်ကို အပြစ်မတင်ပါနှင့် ကျွန်တော်ဇာတ်ကောင်များကို အပြစ်တင်ပါလေ၊ ကျွန်တော်လူဆိုးမဟုတ်ပါ။ ကျွန်တော်လူဆိုးတစ်ယောက်ပါ။ ကျွန်တော်သူခိုးမ ဟုတ်ပါ။ သို့သော် …………………
ခင်ဗျားကိုးရီးယားဇာတ်လမ်းတွဲများ ကြည့်ရှုခဲ့ဖူးပါသလား၊ဒီဇာတ်လမ်းတွဲတွေထဲက ရောဂါ တွေဟာ သာမန်နှာစေးချောင်းဆိုးမျိုးတော့ဖြင့်မဟုတ်ပါ။ အသက်အန္တရာယ်ကို အချိန်မရွေးအမြဲ ခြိမ်းခြောက်နိုင်သော အပြင်းစားရောဂါတွေချည်းဖြစ်သည်ဆိုတာပါပဲ။ အဲဒီရောဂါတွေကို ကဲ့ယူ ပြီး ကျွန်တော့်ဇာတ်ကောင်တွေရဲ့ ခနာထဲသွတ်သွင်းပေးရကောင်းမလားဟု တွေးကြည့်ခဲ့ဖူးပါသည်။ ဒါကလည်း ဇာတ်ကောင်တွေအပေါ် ဥပစ္စေဒက ကံမထိုက်စေချင်သော ကျွန်တော့်ရဲ့ အကြင်နာ တရားဟုဆိုချင်ပါသည်။ ကနေဒါနိုင်ငံက လယ်သမားကြီး ‘ရောဘတ်ဘစ်တန်’ လို နှစ်ပေါင်း (၂၀)အတွင်း အမျိုးသမီး (၅၀)ကို သွေးအေးအေးရှင်းပစ်သလိုမျိုး ကျွန်တော်မရက်စက်ချင်ပါ။ လက်မပါသော စိတ်ကျည်ဆံနှင့်တော့ လူပေါင်းတော်တော်များကို ပစ်သတ်ခဲ့ဖူးပါသည်။ ဖြစ်နိုင် လျှင် ကျွန်တော့်ဇာတ်ကောင်များကို သူတို့စရိတ်နှင့် သူတို့ ဤစာမျက်ပေါ်က ထွက်ခွာသွားစေ ချင်မိသည်။ အရှင်ထွက်ဖြစ်ဖြစ် အသေထွက်ဖြစ်ဖြစ်ပေါ့၊ အသားအရေခြောက်ခမ်း ပိန်ပိန်ချုံးချုံး ချိချိနဲ့နဲ့ဖြင့် ထွက်ခွာသွားကြလျှင် AIDS ရောဂါဟု ခင်ဗျားလက်ညှိုးထိုးနိုင်သည်။ လူတို့သည် မသာကိုပင်လိုက်လံအရှက်ခွဲတတ်ကြသည်။ ကျွန်တော့်ဇာတ်ကောင်များကိုမူ ၀၀လင်လင်အဆီ ရစ်စွာ ထွက်ခွာသွားနိုင်ခွင့် မုဒိတာပွားပေးလိုက်ကြပါ။ သူတို့ကို အသည်းအဆီဖုံး၊သွေးကြော ကျဉ်း၊ဆီးချိုသွေးချို၊ဦးနှောက်သွေးကြောပြတ်၊နှလုံးရောဂါ၊အစာအိမ်ကင်ဆာ၊ဦးနှောက်ကင်ဆာ၊ သွေးကင်ဆာ၊ ကြက်ငှက်တုပ်ကွေး၊ဘီပိုး၊စီပိုးတို့နှင့်ဆိုလျှင်ပင် အတော်လေးလျှော့ပါးသွားပေ လိမ့်မည်။ ဤမျှမေတ္တာပို့နေရင်းကြားက မိုးကြိုးပစ်ခြင်း၊ဓါတ်လိုက်ခြင်း၊မြေမျိုခြင်း၊ရေနစ်ခြင်း တို့ပင်လျှင် တစ်ကောင်ကောင်နှင့်ကြုံရန် ကျွန်တော်မရေးဖွဲ့နိုင်ခဲ့ပါ။ ကျွန်တော်လက်ကျသွား ပြီလား၊ သို့မဟုတ် ကျွန်တော်ကိုယ်တိုင်က လက်မြှောက်လိုက်ရသည်လားတော့ မပြောတတ် တော့ပါ။ မပြောတတ်တာထက်စာလျှင် မမေးခြင်းက ကျွန်တော့်အတွက် ပို၍ အနေသက်သာစေ လိမ့်မည်။
မဖြစ်နိုင်တာကို ရူးသွပ်စွာ စိတ်ကူးယဉ်နေခြင်းကပင်လျှင် စိတ်ကူးယဉ်ဝတ္ထုလိုမျိုး စိတ်ကူး ယဉ်၍ရပါသည်။ ဤ၀တ္ထုရှည်ကြီး ပြီးမြောက်သွားခဲ့လျှင် ခင်ဗျားကြိုက်ကောင်းကြိုက်မှာပါ။ မျှော် လင့်နေကြသော ပရိသတ်ပေါင်းများစွာရှိနိုင်ပါသည်ကို ယုံကြည်လိုက်ပါ။ ခက်သည်က မည်သည့် အချိန်ရောက်လျှင်ပြီးဆုံးခြင်းသို့ အဆုံးသတ်နိုင်မည်ကို ကြိုတင်၍ပြောမပြနိုင်ခြင်းကို ကျွန်တော် အလွန်ဝမ်းနည်းမိပါသည်။ ဤအဖြေကိုပင် ကျွန်တော်သိချင်လှသော အဖြေဖြစ်ကြောင်း ကျေးဇူး ပြု၍ခင်ဗျားနားလည်ပေးနိုင်ပါသည်။
ဝါကျအသစ်အဆန်းများ၊ သို့တည်းမဟုတ် ပိုမိုလင်းလက်တောက်ပစေသော စာကြောင်း များကို ချရေးရန်ကြိုးစားထိုင်တွေးရင်းကပင် ညဥ့်က နက်သထက်နက်လာခဲ့ရသည်။ သန်းခေါင် ယံသည် ငှက်ငယ်များ ပျံသန်းမရနိုင်သော ပင်လယ်နက်ကြီးတစ်ခုဖြစ်သည်။ ငှက်ဆိုးတို့၏ တောင်ပံခတ်သံကို ကျယ်လောင်သော ဆူညံသံအဖြစ် သင်ကြားဖူးခဲ့ပြီးဖြစ်နိုင်သည်။ ဦးနှောက် များ ပူးခြစ်ဆူပွက်လာသည်ကို ကျွန်တော်လှမ်းမြင်ရသည်။ နှာခေါင်းထဲသို့ ညှော်နံ့များ၊ပုပ်အဲ့အဲ့ ရနံ့များ စူးကနဲဝင်ရောက်လာခဲ့ပြီ။ တိမ်တွေကတော့ လရောင်မဲ့မှာ ဒီတိုင်းလွင့်မျောနေကြပေ လိမ့်မည်။ ညတာအရှည်ဆုံးသောကာလထဲမှာပင် ကျွန်တော့်ဇာတ်ကောင်တစ်ကောင်၏ ၀ိဥာဉ် နှင့်စကားပြောဖြစ်ခဲ့ကြသေးသည်။
“ ကျွန်တော်ကတော့ မိုးရွာတုန်းရေခံရမှာပဲ၊ ဒီမိုးရဲ့ရွာသွန်းမှုကို ထိန်းချုပ်နိုင်တဲ့စွမ်းရည်ကို ကျုပ်ရထားတယ်၊ အခွင့်အရေးဆိုတာ ငှက်တစ်ကောင်လိုပဲ၊ ဒီအကိုင်းထဲမှာ နှစ်ခါလာမနားနိုင် ဘူးမဟုတ်လား၊ လာနားတုန်းအချိန်ကို ဆွဲဆန့်တတ်ဖို့လည်း အင်ထရိုတို့ ရစ်သမ်တို့လိုသေး တယ်ဗျ။ ခင်ဗျားကို ဥပမာတစ်ခု ကျုပ် ပြောပြချင်တယ်၊ အတ္တဆိုတာ ခဲတစ်လုံး ဒါမှမဟုတ် သံတုံးတစ်တုံးပဲ ထိန်းသိမ်းသိုဝှက်ရ ပိုလွယ်တယ်။ တကယ့်လို့ ၀ါဂွမ်းပုံကြီးတစ်ခုဖြစ်နေရင် ခင် ဗျားဘယ်လိုလုပ်မလဲ၊ အလေးချိန်ခြင်းတူနေရင် ဘယ်ဟာကို သယ်ဆောင်မလဲ ဒီတော့ ပရဆို တာ ဂွမ်းပုံပဲ၊ပြလို့ရတယ် ဖြူဖွေးလှပလို့၊ အများမြင်အောင် သယ်ပြလို့ရတယ် နူးညံ့တဲ့သဘော လည်းပါတယ်ကွာ။ ကလေးတွေကို ဥာဏ်စမ်းမေးခွန်းထုတ်သလိုမျိုးပေါ့၊ ခဲတစ်ပိဿနဲ့ ၀ါဂွမ်း တစ်ပိဿ ဘယ်ဟာက ပိုလေးမလဲဆိုတော့ ခဲပိုလေးမယ်လို့ ဖြေတဲ့သူရှိတယ်။ ဒါက ခဲရဲ့လေး တဲ့သဘောကို သူတို့သိခဲ့လို့ပဲ။ ဒီင်္တော့ ခဲတစ်ပိဿနဲ့ ဂွမ်းတစ်ပိဿဟာ အလေးချိန်ခြင်းတူ တန်ဖိုးချင်းတူနေမယ်ဗျာ။ ဒီနှစ်ခုထဲက တစ်ခုခုကို ခင်ဗျားမှောင်ခိုထုတ်ရမယ်ဆိုခဲ့ရင် ဘယ်ဟာ ကို ရွေးမလဲ၊ ၀ှက်သိမ်းရလွယ်ကူတာက အတ္တ အဲ အဲ ခဲ ပဲ မဟုတ်လား”
“ ကျွန်တော်အမြင်အရတော့ နှစ်ခုလုံးကို သယ်သွားရင်ပိုကောင်းမယ်၊ဂွမ်းထဲကို ခဲမြှုပ်လို့ရ တယ်လေ၊ ဒီနည်းကိုသုံးတဲ့သူတွေများမယ်ထင်တယ်၊ ဥပမာ အိတ်တစ်ခုမှာ ၀ါဂွမ်းကိုမဖမ်းဘူး ခဲကိုဖမ်းတယ်ဆိုခဲ့ရင်ပေါ့ အမှန်တော့ ခင်ဗျားကိုသာ ကျွန်တော်က မေးခွန်းတွေထုတ်မေးရမှာ ခင်ဗျားဟာ ကျွန်တော်ရေးနေတဲ့ ၀တ္ထုထဲက ဇာတ်ကောင်တစ်ကောင်ရဲ့ဝိဥာဉ်ပံ၊ ၀တ္ထုတစ်ပုဒ် ဖန်တီးလိုက်တာနဲ့ ပရိသတ်ကို အကျိုးတစ်ခုခုပေးစွမ်းနိုင်ရမယ်လို့ အဆိုရှိခဲ့ကြတယ်လေ။ ခင်ဗျား နှုတ်ကထွက်လာတော့ အတ္တစီးရီးတွေချည်းပါပဲလား၊ ခက်တာက ခင်ဗျားပြောတဲ့ ဂွမ်းနဲ့ ခဲမှာ ဘယ်အရာကိုမှ ကျွန်တော်သယ်ဆောင်ခွင့်မရနိုင်ခြင်းပဲ”
“ ဟေ့ တောင်ပေါ်သားတယ်ရိုးပါလား၊ ရိုးတယ်ဆိုတာ အတာကွသိလား၊ ရူးတာလည်း ဖြစ်နိုင်တာပေါ့၊ ခင်ဗျားရဲ့ရူးသွက်မှုတွေက အဖျင်းအမှော်တွေပဲဖြစ်နေမှာ၊ ဒီမယ် ကျုပ်တို့ကို တရားတစ်ခါပြရုံနဲ့ အားလုံးဟာ အနာဂမ်ဖြစ်သွားမယ်ထင်လား၊ ဝေးသေးဖြစ်ပျက်တောင်မှ ကျုပ်တို့ သတိမရနိုင်အားဘူး၊ခင်ဗျားရေးတဲ့ ၀ါကျအတိုင်း ကျုပ်တို့ လှုပ်ရှားနေတာမဟုတ်ဘူး။ ကျုပ်တို့ရဲ့ လှုပ်ရှားပုံတွေသာ ခင်ဗျားအတွက် စာစီစရာဖြစ်လာတာ၊ခင်ဗျားကြိုက်ကြိုက် မကြိုက် ကြိုက် ကျုပ်တို့ရဲ့ ခြေလှမ်းတွေကို ရပ်တန့်မပေးနိုင်ဘူး”
ကျွန်တော့်ဇာတ်ကောင်ရဲ့ ၀ဥာဉ်က ဒီလို ကျွန်တော့်ကိုခပ်မာမာထိုးနှက်သွားရင်းလက်မ ထောင်ကာ ကျွန်တော့်အိပ်မက်ထဲက အရှင်လတ်လတ် ထွက်ခွာသွားပါလေတော့သည်။ ကျွန်တော်က သူ့ခနာထဲသို့ ရောဂါတစ်ခုခုထည့်သွင်းမပေးလိုက်နိုင်မီမှာပင် သူလွတ်မြောက် သွားခြင်းဖြစ်ပါသည်။ သူ့ကို လိုက်လံသတ်ဖြတ်ရန်ကြိုးစားနေစဉ်မှာပင် ကျယ်လောင်သော အော်သံတစ်ခုကို ကျွန်တော်ကြားလိုက်ရသည်။ ကျွန်တော့်လက်ထဲက ဘောလ်ပင်ကို မည်ကဲ့သို့ ပြန်လည်ဆယ်ယူရမည်ကို စဉ်းစားမရနိုင်ပဲငိုင်နေစဉ်အတွင် ဇောချွေးများအကြား ကျွန်တော်ကူး ခတ်နေမိသည်။ သူဘာမျှရရှိသွားခြင်းမရှိခဲ့ပါ။ ကျွန်တော်ထံတွင် ‘ပျော်ရွှင်ခြင်း’ မသီးပွင့်နိုင်ပဲ မြုံ နေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါသည်။ ဤ၀တ္ထုကို စတင်ရေးသားမိခဲ့ကတည်းက ဖြစ် ပါသည်။ တော်ပါသေးသည်။ ကျွန်တော်ရဲ့ ဘဏ်စာအုပ်ကို ရှာတွေ့မသွားခြင်းအပေါ် ကျေးဇူး တင်ရမည်။ ကျွန်တော်လက်ရှိနေထိုင်သည့်မြို့တွင် နာမည်အမျိုးမျိုးဖြင့် ဘဏ်ပေါင်းငါးခုရှိပါ သည်။ သို့ရာတွင် ဘဏ်စာအုပ်တစ်အုပ်မျှမရှိခြင်းကို သိက္ခာဟုခေါ်နိုင်ပါသလား။
ကျွန်တော့်တွင် ဘဏ်စာအုပ်တစ်အုပ်ရှိနေသည်ကို ပြောပြရန်မေ့လျောနေခဲ့မိပြီ။ ဒီတစ် အုပ်တော့ မှတ်မှတ်ရရ ကျွန်တော့်လက်ထဲတွင်ရှိနေပါသည်။ ဝေဒနာများစုဆောင်းထားသော ဝေဒနာစုဘဏ်စာအုပ်မျှသာဖြစ်သည်။ ဒီဝေဒနာတွေကို ထုတ်ယူဖြုန်းတီးဖို့ရာကမ်းခြေတစ်ခုခု တော့ လိုအပ်ပေလိမ့်မည်။ သံသောင်မွမွပေါ်လမ်းလျှောက်ရင်း ပင်လယ်လေတ၀ကြီးရှုလိုက်ရ လျှင် စိတ်လက်ပေါ့ပါးလန်းဆန်းသွားလေမလား။ ကမ်းစပ်မှာထိုင်ရင်း ကျွန်တော့်ဇာတ်ကောင်များ ရဲ့နေ၀င်ချိန်ကိုကြည့်မောနေချင်မိပေါ့။ အိပ်မက်တို့၏သီးပွင့်မှုကို ကျွန်တော်မက်မောနေမိသော် လည်း ပျော်ရွင်ခြင်းတို့ ကျပျောက်ခဲ့သော လိပ်စာရှင်မှာ ကျွန်တော်ဖြစ်နေခဲ့မိသည်။ ကျွန်တော် ရူးတော့မည်ထင်ပါသည်။ လောကကြီးကို စိတ်တိုင်းမကျခြင်းမျိုး၌ ကိုယ့်ကိုကိုယ်စိတ်တိုင်းမကျ ခြင်းက ပိုမိုဆိုးဝါးလှပါသည်။ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ဟာ ခြင်တစ်ကောင်မဟုတ်ဘူး ဆိုတာပါပဲ မြွေတစ်ကောင်လည်းမဖြစ်ချင်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် မြွေများကို ကျွန်တော် မုန်းတီးသောကြောင့်ဖြစ်ပါသည်။
မြွေမှန်ရင်တွင်းဝင်ဖြောင့်တယ်ဟု လက်မထောင်တတ်ကြသော မြွေတို့ တွင်းတူးနေကြ သည်ကိုခင်ဗျားမြင်ဖူးပါသလား။ အသင့်ရှိနေသောတွင်းထဲ အ၀င်ဖြောင့်ခြင်းသည် မြွေတို့၏ သမိုင်းအစစ်မဟုတ်ချေ။ တွင်းတွေ့တတ်သောအာရုံခံကိရိယာကျွန်တော့်ဦးမျှင်ထက်၌ ကပ်ငြိ မလာနိုင်ခဲ့ခြင်းသည်ပင် ဘ၀တစ်ခုဖြစ်နိုင်ပါသည်။ ကျွန်တော့်အတွက် မနက်ဖြန်တွေထဲ လမ်း တောင်းခွင့်ရှိနိုင်ပါမည်လား။ ဟောဒီ မိုးကောင်းကင်အောက်က ငှက်များစွာ အနက် တစ်ကောင် ကောင်ကို ကျွန်တော့်နာမည်မှည့်ပေးကြပါ။ တစ်ခါတရံတွင် ပုရွက်ဆိတ်တို့ရဲ့ မိုးကောင်းကင်ကြီး ကျွန်တော်ဖြစ်ချင်နေမိပြန်သည်။ ဘီလူးစီးခံရသော အိပ်မက်ထဲ လူးလိမ့်နေရသည်မှာ ပင်ပန်း လွန်းလှပါသည်။ ကျွန်တော့်ကမ္ဘာထဲတွင် နံပါတ်စဉ်ထိုး၍ မဆုံးနိုင်သော ဒုက္ခရောင်စုံသစ်ခွမျိုး စိပ်ပေါင်းများစွာဖူးပွင့်နေကြသည်။ ဤအကြောင်းလည်း မတွေးချင်သော တွေးစရြာ တစ်ပုံတပင် ဖြစ်နေပေလိမ့်မည်။
ကျွန်တော်ရူးတော့မယ်ထင်ပါရဲ့ဟူသော ရူးသွက်သောအတွေးများတို့သည်သာ တဖျောင်း ဖျောင်းရူးနှမ်းစွာ ကျွန်တော်ထံသို့တိုက်ခတ်လာခဲ့ချေပြီ။ ကျွန်တော်ကျော်လွန်လာခဲ့ပြီးသော စာမျက်နှာများကို စိတ်နှင့်ပြန်၍ လှန်လှောကြည့်ကာ ပြန်လည်ဖတ်ရှုခဲ့ရသော်လည်း မည်သည့် အရာမျှ မချောမွေ့ခဲ့ကြောင်းတွေ့ရသည်။ စကားလုံးတွေ ၀ါကျတွေမှာ ညစ်နွမ်းဟောင်းမြဉ်းမြဲ အတိုင်းသာတွေ့ခဲ့ရသည်။ သစ်လွင်တောက်ပမလာနိုင်တော့သော ဝေါဟာရတို့၏ကျောက်ဖြစ် ရုပ်ကြွင်းများကိုသာ တူးဖော်ရရှိခဲ့ရသော်လည်း ပြတိုက်ထဲထားရှိရန်မူ အရည်အသွေးက ညံ့ဖျင်း နေဆဲပင်၊ဖရိုဖရဲပြန့်ကျဲနေသော စာလုံးအက္ခရာတို့၏ အဆက်အစပ်မဲ့နိုင်လွန်းမှုများကို ပွတ် သပ်ဖတ်ရှုရသည်က ရင်အစုံကို နွမ်းလျစေမြဲသာ၊ ဤသည်တို့ထက် လှပဆန်းကြယ်သစ်လွင် တောက်ပသော ၀ိသေသနများဖြင့် တန်ဆာဆင်ပေးသည့် ဇာတ်ကောင်တို့၏ ချစ်စရာ့သွင်ပြင် စရိုက်လက္ခဏာများနှင့်အညီ ခိုင်ခန့်ထည်ဝါသော ဇာတ်အိမ်တို့၏ နူးညံ့သိမ်မွေ့ခမ်းနားပုံတို့ကို အဘယ်ဝဘ်ဆိုက်မှာ ဖမ်းယူကြည့်ရှုခွင့်ရနိုင်ပါမည်လဲ။
ကျွန်တော့်ရဲ့ကွန်ပျူတာ ပြတင်းကို ဖွင့်လိုက်မိလျှင် အမြဲတစ်စေ မှိုတက်နေသော သာကူစေ့တို့၏ မငြိမ်မသက်မှုများကိုသာမြင်တွေ့ရမည်ဖြစ်သည်။ ကျွန်တော့်ရဲ့ဝတ္ထု ခုထိ မပြီး စီးနိုင်သေးခြင်းသည် ဤကွန်ပျူတာကြောင့်သာ ဖြစ်မည်မထင်ပါ။ ဇာတ်ကောင်တို့၏ အပြုအမူ တို့သည် အခါပေါင်းများစွာ ဟာသဆန်နေတတ်သဖြင့်လည်း ပေါ့ရွှတ်သောဇာတ်အိမ်သည် ဆွဲဆောင်မှုကင်းမဲ့စွာရှည်လျားနေခြင်းဖြစ်ပေလိမ့်မည်။ ကျွန်တော့်ဇာတ်ကောင်တို့၏ ကာရိုက် တာတို့သည် ကျွန်တော်ချခင်းထားသော ကာရိုက်တာမဟုတ်သည်ကို ခင်ဗျားယုံကြည်စေလိုပါ သည်။ သူတို့ကို ဘောလုံးအသင်းတစ်သင်းအဖြစ်ကြည့်မည်ဆိုလျှင် အိမ်ကွင်းမှလွဲ၍အခြား အဝေးကွင်းတွင် ကစားကြဖူးသူများမဟုတ်ကြချေ။ ဒီအိမ်ကွင်းမှာ ခင်ဗျားဝင်မကစားပါနှင့်။ ဘာဖြစ်ဖြစ်သူတို့အနိုင်လာစားကြပေလိမ့်မည်။ ခင်ဗျားအတွက် အ၀ါကဒ် သို့မဟုတ် အနီကဒ် သာလျှင် ပို၍သေချာနိုင်သည်။ ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံးသော ဘောလုံးပွဲဟု ဆို နိုင်သော်လည်း လမ်းဘေးကျားကစားဝိုင်းလောက်ပင် ဆွဲဆောင်မှုမရှိသည်ကတော့အမှန်။ သူတို့ သည် အသိမဲ့ တောနက်ထဲအမဲလိုက်ကောင်းနေကြတုန်း၊ သူတို့မှာ ပျော်ရွှင်မှုသကြားလုံးများ ငုံကောင်းနေကြဆဲဖြစ်ရာ အလွယ်တကူထွေးထုတ်နိုင်ကြမည်မှာ မလွယ်ကူကြောင်း ခင်ဗျားသိ ထားပြီးဖြစ်ပေလိမ့်မည်။ ကျွန်တော်ကတော့ မခံစားချင်အဆုံး ခံစားရပေဦးမည်။ ကံကြမ္မာက ကျွန်တော်ရွေးချယ်ထားသောလမ်းတိုင်းတွင် အဆိပ်များပြည့်လျှမ်းသော ဆူးညှောင့်တို့ကို အပြည့်အသိပ်ထောင်းခဲ့ပြီးဖြစ်သည်။ ကျွန်တော်အမက်မောဆုံးသော တောင်ချွန်းတစ်ခုသည် ကျွန်တော်မွေးဖွားပေးလိုက်သော ထိုဇာတ်ကောင်တို့၏ ဘောလုံးကွင်းတစ်ခု ဖြစ်သွားခဲ့ချေပြီ။ မင်းမို့အားအားယားယား ဒီစာမျက်နှာပေါင်း ခုနှစ်ထောင်ကျော်ကို အချိန်ဖြုန်းရေးနေရတယ်။ ဒီ စာမျက်နှာတွေက ဘယ်လောက်ထိ မင်းအတွက်တန်ဘိုးတစ်ခုဖြစ်ပေးနိုင်မလဲ။ အိမ်သာသုံး စက္ကူ လောက်အသုံးတည့်ခဲ့ရင်တောင် မင်းအတွက်ကံကောင်းခြင်းလာဘ်လာဘတစ်ခုလို့ဆိုရလိမ့် မယ်ဟု အပြစ်တင်လျှင်လည်း ကျွန်တော်နာကျည်းစရာ စိတ်ခံစားမှုကွက်လပ်များမရှိတော့ပါ။ ရုံပြည့်ပြီ ဟူသော ဆိုင်းဘုတ်ချိတ်ဆွဲမထားရုံတမယ်ရှိတော့သည်။ အမှန်တော့ ဒီစာမျက်နှာတွေ ဟာ ကျွန်တော့်အတွက်အကျိုးတစ်စုံတရာ မရှိနိုင်ခဲ့သော်လည်း ကျွန်တော့်ဇာတ်ကောင်တို့ရဲ့ မိုး ရေချိုးရာကာလတစ်ခုတော့ဖြစ်ခဲ့ပါသည်။ ခင်ဗျားပြောစရာတစ်ခုတောင်ကျန်နေသေးသည်။ စာမျက်နှာတွေက ညစ်ပတ်နေပါလားပေါ့။ ဒီလိုပါပဲ ရေးနေရင်းဘောလ်ပင်မကောင်းတော့တာ၊ သတ်ပုံသတ်ညွှန်းတွေ မှားနေတာ စာမျက်နှာတိုင်းမှာ ရှိနေတတ်ပါတယ်။ ကော်ရိုက်ရှင် ဖုံးရာ တွေနဲ့ ညစ်ပေနေတဲ့ စာမျက်နှာတွေလိုပဲ ကျွန်တော့်ဇာတ်ကောင်တွေက ကော်ရိုက်ရှင်ကို ပင်တိုင် သုံးစွဲနေကြတယ်ဆိုတာ ခင်ဗျားသိချင်မှ သိပေလိမ့်မည်။
ကျွန်တော်ရေးနေသော ၀တ္ထုတစ်ပုဒ်ခုတိုင်ပြီးဆုံးခြင်းသို့ မရောက်နိုင်သေးကြောင်း ခင်ဗျား သိပြီးဖြစ်သဖြင့် နောက်ထပ် ထပ်ပြောပြရန်ခက်နေပေဦးမည်။ သိလျက်နှင့် မသိချင်ယောင် ဆောင်နေရတာ ခင်ဗျားလား၊ကျွန်တော်လား၊ဇာတ်ကောင်တို့ဆိုသည်မှာ ဘုရားသခင်ညွှန်ပြ သည့်အတိုင်း ရွေ့လျားနေကြတာလား၊ကုသိုလ်တရားထက် အကုသိုလ်တရားတို့၏ ဖိစီးမှု လေလံလွန်းခြင်းကြောင့် မီးဟပ်သွားသော ပလပ်စတစ်စလို့ တွန့်လိမ်နေတာပဲလား။ အဖြေဆို သည်မှာ ကြောင်းကျိုးဆက်စပ်မှုအရ ယုတ္တိရှိနေရမည်ဖြစ်သည်။ ခက်တော့ခက်နေပါပြီ။ ခက်တာ က ကျွန်တော့်ဇာတ်ကောင်များလျော့ပါးမသွားနိုင်သေးခြင်းပင်ဖြစ်သည်။ ဤမျှအသက်ပြင်းရ အောင် နှစ်တစ်ထောင်ဂျင်ဆင်းဆေးမြစ်များ ပြုတ်သောက်ခဲ့ပါလား။ ထိုဇာတ်ကောင်တို့၏ အဆွယ် အပွား အခြံအရံများကိုပါ ထည့်သွင့်းလိုက်မိသဖြင့် စကားလုံးဖောင်းပွမှုဒဏ်ကို ကျွန်ုပ် ခံစားရတော့သည်။ ထို စကားလုံးတို့၏ဖောင်းပွမှုသည် လူတိုင်း၏နားမျက်စိတို့ကို ဒုက္ခပေးနိုင် စွမ်းသော လေဆာတစ်မျိုးဖြစ်နိုင်သည်။ ကျွန်တော်ရဲ့ဇာတ်ကောင်တို့နှင့် သင်တို့ဆက်ဆံပြော ဆို၍ရနိုင်ပါသည်။ သူတို့၏တုန့်ပြန်ပုံမှာ ကလေးဆန်တတ်သလိုမျိုး တစ်ခါတရံ ငါးစိမ်းသည် လည်း ဆန်ချင်ဆန်နေပေလိမ့်မည်။ အမှန်ကို ၀န်ခံရလျှင် ကျွန်တော့်ဇာတ်ကောင်များသည် လူစင်စစ် မဟုတ်သဖြင့် လူ့အသိမျိုးကင်းမဲ့နေခြင်းကို ပျက်ရယ်မပြုပါနှင့်။ တစ်ခါတရံ မည်း မည်း မြင်ကိုက်ချင်နေသော ခွေးဆိုးတစ်ကောင်လည်း ဖြစ်နိုင်ပါသေးသည်။ အတ္တအစွယ်ငေါငေါ မစ္ဆရိ ယအမွှေးထူထူနှင့် တစ္ဆေတစ်ကောင်လိုမျိုးလည်းဖြစ်နိုင်သည်။ သူတို့နှင့် မတိုးမိစေရန် အပုပ် ချိန်တွင် လမ်းထွက်လျှောက်ခြင်းကို ခင်ဗျားဆင်ခြင်ဖို့သာလိုသည်။ အရက်ကိုးမောင်းတိုက်ထား သော ဆင်ရိုင်းတစ်ကောင်လိုခြံသွင်းမရ ထူးခတ်မရသော အခိုက်အတန့်တွေလည်း များနေတတ် သည်။
ဤလက္ခဏ ဤအခြေအနေတို့ကြောင့် ကျွန်တော့်ဇတ်ကောင်များ အထိန်းချုပ်မရ နိုင်ခြင်း အပေါ်ဖြေဆေးသည် ကျွန်တော့်လက်ထဲတွင် လက်ကျန်လုံးဝမရှိတော့ပါ။ အမဲသား မကျွေး နိုင် သဖြင့် ရန်လိုနေသော တစ္ဆေတစ်ကောင်ထဲ ဘီလူးသဘက်တို့ဝင်ပူးနေသည့်အလား ထိရာတွေ့ ရာဝါးမျိုချေဖျက်ဖို့ရန် ၀ိဥာဉ်တစ်စု ကျွန်တော့်ကို ၀ိုင်းလိုက်လာကြသည်။ ကျွန်တော့်ဇာတ်ကောင် တွေက ထပ်ဆင့်မွေးဖွားပေးလိုက်သော အခြားဇာတ်ကောင်နေ့စား၊ပုတ်ပြတ်သမားတွေ ဖြစ်နိုင် ချေရှိသည်။ သံဗုဒေဂါထာရွတ်လည်း ဒီကောင်တွေနောက်မဆုတ်ကြပါလား။ ကိုးရီးယားဇာတ် လမ်းတွဲထဲက ရောဂါတွေထံ ကျွန်တော်အကူအညီလှမ်းတောင်းတော့လည်း ဒီရောဂါတွေမှာ ပြတင်းပေါက်မှတဆင့် ကျွန်တော့်အကူအညီလှမ်းတောင်းတော့လည်း ဒီရောဂါတွေမှာ ပြတင်း ပေါက်မှတဆင့် ကြက်ပျောက်ငှက်ပျောက်၊ ဒါဟာမဖြစ်သင့်တဲ့ အဖြစ်အပျက်တွေထဲက အဖြစ် အပျက်တွေပါ။ ကျွန်တော့်ကိုယ်ကျွန်တော် မယုံကြည်သလိုမျိုးဘယ်သူတွေက ကျွန်တော့်ကို မယုံ ကြတာလဲ၊ ကျွန်တော့်ကို ဆရာဝန်နှင့်ပြကြည့်ဖို့ကိုသာ တိုက်တွန်းနေကြသည်။ ဒါတွေဟာ တကယ့်ဖြစ်ရပ်မှန်ဆိုတာကို သူတို့ မသိဟန်ဆောင်နေကြတာ ဆရာဝန်က နှလုံးသွေးကြော ကျဉ်းတယ်။ ကွမ်းမစားနဲ့တော့တဲ့။ သူ အိပ်ပျော်ဖို့အရေးကြီးတယ်။ စိတ်ငြိမ်ဆေးပေးလိုက်မယ် ဆိုတဲ့အသံလည်းကြားနေရပေါ့။ ကျွန်တော့်ဘ၀မှာ ၀ါးဖူးတာဆိုလို့ ဒီကွမ်းယာတစ်ခုတည်းရှိခဲ့ တာ။ အိပ်ပျော်ဖို့ဆိုတာ ဒီလိုညမျိုးတွေမှာ မဖြစ်နိုင်ဘူး။ ဟန်ဆောင်အိပ်တာနဲ့ ခံစားချက်မဲ့တဲ့ သူတွေရဲ့ အိပ်ပျော်မှုကို ကျွန်တော်မဆိုလိုပါ။ ကျွန်တော့် ၀တ္ထုတစ်ပုဒ်ရဲ့ နိဂုံးချုပ်ပုံကို ခင်ဗျား ဖတ်ချင်ပါသလား။ ကျွန်တော်ပြောချင်တာတစ်ခုပဲရှိသည်။ ဒီလောက်ကြီးမျှော်လင့်နေလျင် ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ဖို့ပါပဲ။
ဆလိုင်း နွေ-မင်းတပ်



မောဟကိတ်မုန့်
ငါသွားနေသည်။ ငါတို့သွားနေသည်။ ငါတို့သွားနေကြသည်။ အားလုံးလား။ခရီးမတွင်လှ။ ကျောက်ချွန်၊ ကျောက်တတ်၊ ကျောက်ခက်၊ကျောက်စွယ်တို့ပြွမ်းသော ခရီးကြမ်း . . ကာရန်ပါသလိုလိုရှိ၏။ ဤ၀ါကျမျိုးမကြိုက်၊ ကျောက်တုံးတွေပေါသော လမ်း . . . .ဒါလည်း မဟုတ်သေး။ ကျောက်တုံးတိုင်းမှာ အချွန်အတက်တွေမပါ။ ခြေဖ၀ါးစူးကြောင်း ပြောချင်သေးသည်။ ကြမ်းတမ်းသော ခရီးဆိုလျှင် ရလောက်ပြီထင်သည်။ ခရီးကြမ်းဟုဆိုလျှင်လုံလောက်ပါပြီ။ ပြန်ဆက်မည်။ ငါတို့ ခရီးကြမ်းသွားနေကြသည်။ ရေငတ် သည်။ ထမင်းမစားရသေး။ ထမင်းမစားရသေးဟု ဘာလို့ပြောပြောနေတာလဲ။ လောကမှာ လူအတော်များများအတွက် အရေးအကြီး ဆုံးကထမင်း၊ ထမင်းမစားရသေးသူက မစားရသေးကြောင်းပြောတာ ဘာဖြစ်သလဲ။ ငါတို့ ခရီးသါားနေကြမည်။ ငါတို့ထမင်း မစားရ သေး။ ငါတို့အစာအိမ်များကိုေ ရွချစိန်စီထားသည်။ အေးမြသော လေပြေညင်း၊ မွှေးသင်းလှ၏။ ထင်နေတာမဟုတ်လား။ ကောင်းကင် အနိမ့်ပိုင်းမှာ တိမ်တွေတောက်နေသည်။ လောကလှ၏။ နှင်းဆီပန်းခင်းထဲမှာ နီဝါဖျော့ဖျော့နှင်းဆီပန်းများ ဖူးပွင့်လာ တော့မည်။ ငယ်စဉ်က အချစ်ဦးကိုပေးဖူးသော စပယ်ပန်းများ တစ်ကြိမ်ထပ်၍ပွင့်လာသည်။ ထင်နေတာမဟုတ်လား။ ရင်အုပ်ဝါ၀ါ နှင့် ငှက်ကလေးတစ်ကောင် စာသားမပါသော သီချင်းတစ်ပုဒ်ဆိုနေသည်။ ဒေါနပန်းများ လေထဲမှာမျောပါလာသည်။ ကျောက်တုံးလုံးလုံး ၀ိုင်းဝိုင်းများကို ဖြတ်ကျော်စီးဆင်းလာသော စမ်းရေထဲမှာ ပန်းဖြူဖြူဝါ၀ါကလေးတွေ မျောနေ၏။ စမ်းချောင်ေးဘးက မိုးမခပင်သည် ကိုယ်ကိုကိုင်းညွှတ်အုပ်မိုးအရိပ်ထိုးပေးထား၏။ ပန်းချောရိပ်မှာ ကဗျာတစ်ပုဒ်မရွတ်သင့်ပေဘူးလား။
ထိုကဗျာလည်း ထမင်းမစားရသေး။ ကဗျာအချို့ ပျောက်နေသည်။ သွားစမ်းပါ။ မေဖြူဘယ်မှာလဲ။ အဖြူရောင်ဘရိုကိတ်စ ဘရာစီယာ၏ဇာနားကွပ်တစ်နေရာမှာ စုတ်ပြဲနေသည်။ နာရီလက်ပတ်ကြိုးနှင့် ငြိသောကြောင့်ဖြစ်၏။ စနေနေ့ညနေပိုင်းက မိုးရွာ သည်။ မူလက ဤနေရာတွေင် အဆောက်အဦးကြီးတစ်ခုရှိနေ၏။ အခုမရှိတော့။ ပျက်သွားပြီ။ မူလကဤနေရာမှာ ကျောက်တောင် တစ်လုံးရှိသည်။ အခုမရှိတော့။ ပျက်သွားပြီ။ မိုးတိမ်များရွေ့လျားနေသည်။ အနိစ္စသဘောကို ဆင်ခြင်ကြည့်လို့ရတယ်ထင်လျှင် ဆင်ခြင်ကြည့်ပါ။ မိုးစက်များ ကျလာပြီ။ မိုးရွာခြင်းကိုပြောညသည်ထင်ရ၏။ ပိတ်ထားသောမှန်ပြတင်းကို မိုးစက်တွေဝင်လာသည်။ မိုးပက်ခြင်းကိုပြောသည်လား။ မေဖြူအင်္ကျီမိုးပက်၍ စိုစွတ်ကုန်ပြီ။ ရေစိုသောအ၀တ်၏အနံ့သည် ရွှင်မြူးတက်ကြွဖွယ်ကောင်း၏။ ရေပန်းမြစ်ဆိပ်၊ ပွင့်မျောရိပ်က၊ နတ်အိပ်ခဲ့သေး၊ သွားစမ်းပါ၊ နတ်သျှင်နောင်လည်း ထမင်းမစားရသေး။ စာအုပ်ကို အစာကျွေးပါ။ ညောင်ပင်ကိုထမင်းကျွေးပါ။ နေရှင်နယ်လေးပေ။ မီးချောင်းကို ထမင်းကျွေးပါ။ ကြေးစည်သံကိုထမင်းကျွေးပါ။ ကွန်ပျူတာကို ထမင်း ကျွေးပါ။ အရှေ့အိမ်က ကိုဖိုးနီ ထမင်းစားပြီးပြီလား မေးစမ်းပါ။ အစာအိမ်ထဲက အညစ်အကြေးကို ထုတ်ပစ်ဖို့လွယ်သည်။ ခေါင်းထဲ က အညစ်အကြေးကို ဘယ်လိုထုတ်မလဲ။ ပြောကြစတမ်းဆိုလျှင် ရင်ထဲအသည်းထဲ နှလုံးသားထဲက အညစ်အကြေးတွေ ဘယ်လို ထုတ်ပစ်မလဲ။ ရေထဲကတက်လာသောခွေးတစ်ကောင်သည် သူ့ကိုယ်ပေါ်က ရေတွေလွင့်စင်သွားအောင် ခါထုတ်ပစ်တတ်သည်။ ဦးနှောက်ထဲမှာ ပုပ်သိုးနေသောရေတွေ ဘယ်လိုခါထုတ်ပစ်မလဲ။ ငါ့ခေါင်းထဲမှာ အပုပ်ရည်ဂါလံတစ်ထောင့်ရှစ်ရာ။ မေဖြူထမင်း စား ပြီးပြီလား။ သူဝက်သားပေါင်း အလွန်ကြိုက်၏။ တစ်ခါတစ်ခါ ဘီယာခိုးသောက်တတ်သည်။ ရှေ့ဆီကကောင်းကင်၊ ပုလဲစင်ဝယ်၊ သစ်လွင်အရုဏ်၊ ရောင်ခြည်လှုံ၍ နေမင်းရှန်မှုန်၊ ပုလဲသော်မှ ရဲခဲ့ရွှေသား။ ကာရန်နှင့်ကဗျာတွေ ၀င်လာပြန်ပြီ။ ကာရန်ပါတော့ ရွတ် ဆိုလို့ကောင်းသလား။ ကောင်းလျှင်ရွတ်ပေါ့။ မရွတ်ချင်ဘူးဆိုရင်ကော။ မရွတ်ချင်မရွတ်နှင့်ပေါ့။ လမ်းခရီးမှာ ကဗျာရွတ်သံ တညံညံ။ ကဗျာရွတ်သူတွေပေါ၏။ လမ်းခရီးမှာ ငိုကြွေးသံတွေ တညံညံ။ ငိုကြွေးသူတွေပေါ၏။ လမ်းခရီးမှာ သြဇာပေးသံတွေ တညံ ညံ။ သြဇာပေးသူတွေပေါ၏။ လမ်းခရီးမှာ ညည်းညူသံတွေ တညံညံ။ ညည်းညူသူတွေပေါ၏။ လမ်းခရီးမှာ အတင်းပြောသံ တညံညံ။ အတင်းပြောသူတွေပါ၏။ လမ်းခရီးမှာ ဆဲဆိုသံတွေ တညံညံ။ အရက်သမားတွေပါ၏။ ဤနေရာမှာရပ်။ ၀ါကျရစ်သမ်ပျက်သွားပြီ။ အစကတည်းက စကားပြေကို ဤကဲ့သို့ ရေးရမည်ဟု တစ်ယောက်ယောက်က သင်ကြားထားသောကြောင့်ဖြစ်လိမ့်မည်။ သွားစမ်းပါ။ ရစ်သမ်မပါသော စကားပြေဟူ၍ မရှိ။ တမင်လုပ်ရေးတော့ ရယ်စရာကြီး။ မေဖြူဘီယာတွေ ခိုးသောက်ပြန်ပြီ။ ဘီယာမူးသော မေဖြူ သည် ရစ်သမ်ဖြစ်၏။ တနင်္ဂနွေ ညနေပိုင်းမှာ မိုသည်းထန်သည်။ အမှန်စင်စင် ဘယ်သူကစပြောခဲ့မှန်းမသိ။ သင်္ကြန်ကျပြီးနောက် လေးဆယ့်ငါးရက်ကြာလျှင် မိုးရွာရသည်။ ထိုတနင်္ဂနွေနေ့ဥည် သင်္ကြန်ကျပြီး အရက်ရှစ်ဆယ်မြောက်နေ့ ဖြစ်၏။ မိုးဦးနောက်ကျ သည်ပေါ့။ လူ့လောကကို အကျိုးမပြုသော အရာသုံးခုရှိသည်ဟု ငါ့ဆရာကြီးကပြောဖူးသည်။ ငြုတ်သီးရယ်၊ ကမ္ဘာစစ်ရယ်၊ သင်္ကြန် ရယ်။ သင်္ကြန်မှာ မေဖြူနှင့်အတူ ရေပက်ခွထွက်၏။ သူ့တစ်ကိုယ်လုံး ရေတွေရွှဲရွှဲနစ်။ ရေစိုသော အ၀တ်အစားများ၏အနံ့သည် ရွှင်မြူးတက်ကြွဖွယ်ကောင်းကြောင်း အထက်တစ်နေရာတွင် ရေးခဲ့သည်ထင်သည်။ ကောင်းကောင်းမမှတ်မိတော့။ ထမင်းမစားရ သေးတာကိုမှတ်မိနေသည်။ ထမင်းပွဲမှာ အသားပါသလား။ ငါးပါသလား မသိပါ။ တနင်္ဂနွေညနေပိုင်း မိုးရွာတာကိုတော့ သိသည်။ ထိုအခါ အချစ်ဆုံး၏ မျက်တောင်အတုပေါ်မှာ မိုးစက်တစ်စက်တင်နေသည်။ ထိုမိုးရေစက်သည် အစ်ဖြစ်၏။ အစစ်တွေ၊ အတုတွေ အကြောင်း ပြောပြန်ပါပြီ။ စိတ်ပျက်စရာ အရာအားလုံးသည် အတုဖြစ်၏။ မော်ဒန်အတု၊ ခံစားမှုအတု၊ အနုပညာအတု၊ ပို့(စ်)မော်ဒန် ၀တ္ထုတိုအတု၊ ရယ်မောသံအတု၊ စစ်ပွဲအတု၊ ပန်းပင်အတု၊ မေဖြူအတု၊ ဂရုဏာအတု၊ ချိုချိုသင်းလဲ့ရည်ဆွေအတု၊ ကွန်မြူနစ်အတု၊ ကြက်သားဟင်းအတု (မှတ်ချက်- ပိန္နဲသီးခပ်နုနုဖြင့် လုပ်ရကြောင်း ငါရှာဖွေတွေ့ရှိသည်။ ငါရှာဖွေတွေ့ရှိသော ဒဿနအသစ်၊ ကြက် သားဟင်းအတုကို ပိန္နဲသီးနုနုဖြင့်ချက်လို့ရကြောင်း ကမ္ဘာကိုကြောငြာရမည်။ ထိုဒဿနကို ငါကြိုက်နေသော ပိန်ကပ်ကပ်ကောင်မ လေးကို အစွဲပြု၍ ကွမ်းအစ်သီဝရီဟု အမည်ပေးရမည်။ မိုးမလင်းသေးဘူးလား။ မိုက်မလင်းနိုင်ဘူး။ မြိုက်ခင်းညာဆီမှာ ခါတော်မီသီ မဝေ့နိုင်ဘု။ သည်ကွေ့တွင် နေကုန်မျောရှာကြ၊ အတောဘယ်မသတ်နိုင်တဲ့ ရဟတ်ဗွေ။ ဤလေးချိုးကို ဘယ်သူရေးသလဲ။လယ်တီ ပဏ္ဍီတ ဦးမောင်ကြီးလား၊ သစ္စာနီလား၊ ဇာတ်မင်းသားလေး သိန်းဇော်လား။ ဘယ်သူရေးရေး အရေးမကြီးပါ။ အရေးကြီးတာက မျောနေတာဖြစ်သည်။ သံသရာရေမျက်နှာပြင်ပေါ်မှာ ကြက်သားဟင်းအတုတွေမျောနေသည်။ ပို့(စ်)မော်ဒန်ဝတ္ထုအတုတွေ မျော နေသည်။ လိမ္မာရေးခြားရှိခြင်းအတုတွေမျောနေသည်။ စစ်ပွဲအတုတွေမျောနေသည်။ ကဗျာတွေ၊ အသိဥာဏ်တွေ၊ ခံစားမှုတွေ၊ အချစ် တွေ၊ အနုပညာတွေ၊ ရယ်မောသံတွေ၊ ငိုကြွေးသံတွေ၊ ကွန်မြူနစ်တွေ၊ ကြက်သားဟင်းတွေ၊ အားလုံးအတုတွေ၊ ပေါလောမျောနေကြ သည်။ မေဖြူ၏ဘယ်ဘက် ခြေသလုံးအတွင်းဖက်တွင် လက်သည်းခွံ့လောက် အမာရွတ်ဖြူဖြူကလေးရှိသည်။ သစ္စာတရားသည် အတုဖြစ်၏။ ယောင်ချာချာစက္ကူစုတ်သည် မြောင်းရေထဲမှာ ပျော့အိနူးညံ့နေသည်။ထီလက်မှတ်အဟောင်းတစ်ခုဖြစ်နိုင်သည်။ စာချုပ် တစ်စောင်လား။ သံဝေဂလင်္ကာတစ်ပုဒ်လား။ ထောက်ခံစာတစ်စောင်လား။ ကူပွန်တစ်စောင်လား။ ကျောက်ဖြူသားလှေကားထစ်ပေါ် မှ သုံးမရသောပညာရှိကြီး အိပ်ငိုက်နေသည်။ အတွေးအခေါ်ဟောင်းများကို အရည်ကျို၍ လောက၏နံရံများကို သုတ်လိမ်းညစ်ညမ်း စေသူလား။ ပန်းဖူးငုံ့ထဲသို့ နေရောင်ခြည်ထည့်သွင်းပေးထားသူလား။ သစ္စာတရားကို ကဗျာဂီတဖြင့် ရှာဖွေသူလား။ မောဟကိတ် မုန့်ဖုတ်သူလား။ ကလေးတွေ ခွဲခြားတတ်ပါသည်။မနေ့ညက ကပြသွားသော မောဒန်ဇာတ်ပွဲခင်းထဲမှာ စက္ကူစုတ်များ၊ ပလပ်စတစ် အိပ်ခွံ့များ၊ စားကြွင်းစားကျန်အချို့နှင့် မြေကြီးပေါ်မှာ မည်းနက်သော အစွန်းအကွက်များ ကျန်ရစ်၏။မော်ဒန်ဇာတ်ပွဲပြီးသွားပြီကို လူအချို့မသိလိုက်ကြ။ ထိုးဖောက်စရာပတ်မကြီး လိုက်ရှာနေကြသည်။ ကွယ်လွန်သွားသောဆရာနှစ်ပါး ဇေယျနှင့်ဇော်ဂျီကို သတိမ ရပါ။ အနုပညာအဂဘုံဖျားမှာ သူတို့ဘာများ လုပ်နေကြပါလိမ့်။ တစ်ခါမှ မစဉ်းစားမိပါ။ လောလောဆယ် ဆန်သွားဝယ်ရန်ရှိ၏။ ပြန် လာလျှင် အမှိုက်ပုံးသွန်ရဦးမည်။ ရေခပ်ဖို့၊ သောက်ရေအိုးရေလဲဖို့ ရှိသေး၏။ စဉ်းစားဆင်ခြင်တွေးတောကြည့်ပါ။ေ တွးတောဆင် ခြင်စဉ်းစားကြည့်ပါ။ ဒဿနကို ပတ်လည်ရိုက်ကြည့်ပါလား။ တိမ်မျှင်စနမတွေ့ရသော သရဒမိုးကောင်းကင် မကြည်လင်မှိုင်းဝေနေ သည်မှာ ကြာပါပြီ။ သံစဉ်တစ်ခု ပျောက်သွားသည်။ လေးဖြူနှင့်အငဲကိုမေးကြည့်ပါ။ ထူးအိမ်သင်နှင့် မြင့်မိုးအောင်ကိုမေးကြည့်ပါ။ သော်ဒီဝေနှင့်မျိုးကျော့မြိုင်ကိုမေးကြည့်ပါ။ ဘယ်လိုသံစဉ်လဲ၊ ဘာအမျိုးအစားလဲ၊ ဘယ်လိုစတိုင်လ်လဲ။ ROCK လား၊ THRASHလား၊ PUNKလား၊ PSYCHEDELIA လား၊ GARAGE လား၊ GOGO လား၊ ဒါမှမဟုတ် RAPလား၊ RAGGAE လား၊ SKA လား၊ HIP HOP လား၊ FOLK လား၊HOUSE လား၊DUE လား၊SOUL လား၊ဒါမှမဟုတ် FUNKလား၊ ငါမသိပါ။ သံစဉ်တစ်ခု ပျောက်ကွယ်သွားတာတော့ အတော်ကြာပြီ။ ဘီယာဖန်ခွက်ရှည်ထဲမှာ အမြှုပ်များ သက်တံ့ရောင်ပြေးနေသည်။ ယင်းဝါးလိပ်ကြားမှ ထိုးဆင်းလာသော နေရောင် ခြည်ထဲတွင် ဘီယာမြှုပ်များ လှပနေကြ၏။ သူ့လက်ညှိုးဖြူဖြူသွယ်သွယ်ကလေးဖြင့် ဘီယာမြှုပ်များကို ကော်ယူစုပ်နေသည်။ သူ့ လက်သန်းလက်သည်းခွံပေါ်မှာ အဖြူစက်တစ်စက်ရှိသည်။ မိုးစက်တို့မယုံနိုင်စရာ ပူနွေးနေ၏။ ROCK ဂီတနိဂုံးချုပ်သွားပြီ။ ကာရန် စနစ် နိဂုံးချုပ်သွားပြီ။ ကွန်မြူနစ်ဝါဒနိဂုံးချုပ်သွားပြီ။ ၀တ္ထုရှည်နိဂုံးချုပ်သွားပြီ။် မချုပ်တာ ဘာကျန်သေးလဲ။ ဟိုမှာ မောဟကိတ်မုန့် ဖုတ်သူလာနေပြီ။
ဇော်ဇော်အောင်