မျက်ရည်တွေကိုထုတ်မသုံးကြေး


အဏုမြူဗုံး မကြောက်ဘူး
ခွေးရူးမကြောက်ဘူး
ငါကြောက်တာ မျက်ရည်တွေ။

ကမ္ဘာကြီးဟာ
အိမ်မှာထိုင်နေရုံနဲ့
အားလုံးသိနိုင်တဲ့ရွာကလေးပါကွာ
မျက်ရည်တွေကို ထုတ်မသုံးကြေးအချစ်ရယ်။

သုခမိန်လှိုင်



အိပ်မက်ထဲမှာရွာတဲ့မိုး


ကောင်မလေးရေ...
ငါ့အလွမ်းတွေ စိုထိုင်း
မိုးငွေ့သယ်တဲ့ တိမ်တွေလို မှိုင်းနေလိုက်တဲ့ပုံ
မုတ်သုံလေတစ်ချက် တိုက်ရုံနဲ့ ငိုတော့မယ်...

ကမ်းရိုးတန်းလို ရင်ခွင်မှာစိုလက်
ပင်လယ်ဖက်ဆီက သတိရခြင်းတွေ တက်လာတယ်...

ဟောဒီ တစ်သက်မှာ
ဘယ်တုန်းကမှ အိပ်မက်မမက်ဘူးတဲ့ကောင်
ခုတော့...အလွမ်းတွေနဲ့ မှောင်လို့၊
ကယောင်ကတမ်း ညည်းရင်း လန့်နိုး
“မုန်တိုင်းက မင်းနာမည်ကို ခိုးသွားတယ်...”

အဲသည်...တစ်စုံတစ်ရာသော မိုးလေ...
ငါ့ကမ်းခြေအလွန်မှာ ရွာသွန်း
အလွမ်းက ထွက်တဲ့သွေးတွေနဲ့
အိပ်မက်တစ်ခုလုံး စွန်းသွားတယ်။ ။

မင်းခိုက်စိုးစန်
မေ၊၇၊၁၉၉၉


သူခိုး။ပုတ်သင်ညိုရဲ့အရေခွံဟာပြောင်းလဲမှု change။စိတ်ရဲ့အရေခွံဟာဘာလဲ။


ဆိုကရေးတီးဟာ ဈေးထဲဝင်တယ်။ဗုဒ္ဓဟာတောထဲဝင်တယ်။အရှေ့နဲ့အနောက်။
လူရဲ့စရိုက်ဟာ “ဇာတ်ကိုလိုက်တဲ့ဇာတ်လိုက်” တစ်ခါတစ်ခါမှာကံပုံပုံချရ။
“...မို့” ဆိုတဲ့ ကံအကြောင်းကိုဖယ်လိုက် ရွေးချယ်စရာမဲ့ရဲ့အနာဂတ်ကိုရဲရဲကြည့်။သူခိုး။
စိတ်မျှော်စင်အထပ်ထပ်ရဲ့အရေခွံဟာဘာလဲ။သူခိုး။
“ဒါဏ်ရာတွေကိုခေါင်းလောင်းထိုးပြီး လှူရင်ကောင်းလိမ့်မယ်”
စကားလုံးတွေအားလုံး ဂီတသံစဉ်သက်သက်ဖြစ်တဲ့အထိ။သူခိုး။မှောင်မှောင်မဲမဲ။
တောင်တန်းတွေရဲ့နောက်ဆုံးတရား
ဈေးတွေရဲ့နောက်ဆုံးတရား
တောအုပ်နက်နက်ရဲ့နောက်ဆုံးတရား
နားရွက်ရဲ့နောက်ဆုံးတရား
မျက်လုံးရဲ့နောက်ဆုံးတရား
ခင်ဗျားအရေပြားကို(၁၀)နှစ်တမ်းစိစစ်။သူခိုး။မှောင်မှောင်မဲမဲ။
“စိတ်

ကျဟာဆုံးရှုံးမှု ဒါမှမဟုတ် အပြစ်သိစိတ်နောင်တနဲ့ဆက်တယ်။”
သူခိုး။အပထုတ်။ပ ပ ပ ပ ပ ပ ပ ပ ပ
ပ ဟာလေးထောင့် u ဖြစ်နိုင်/မဖြစ်နိုင်ဖြေပါ။
လက်တန်းကဗျာရဲ့ကံမြေပုံဟာရေးဆွဲပြီးဆိုပါက
သူခိုး။“ဒါဏ်ရာတွေကိုခေါင်းလောင်းထိုးပြီးလှူရင်ကောင်းလိမ့်မယ်။”
ဆိုကရေးတီးဟာ ဈေးထဲဝင်တယ်။ဗုဒ္ဓဟာတောထဲဝင်တယ်။အရှေ့နဲ့အနောက်
မှောင်နဲ့မည်းမည်း။သူခိုး။
ခင်ဗျားစိတ်ရဲ့အရေခွံဟာ မြွေတစ်ကောင်လိုလဲတတ်သလား။
ကံကြမ္မာလဲလှယ်လေ့လာရေးပရိုဂျက်။သူခိုး။
ဗုဒ္ဓဟာတောထဲဝင်တယ်။သတိပဌာန်ကမ္မဌာန်း။ဆိုကရေးတီးဟာ ဈေးထဲမှာ။
သူခိုး။မှောင်နဲ့မည်းမည်း။ ။

ငြိဏ်းဝေ



တစ်ယောက်နဲ့တစ်ယောက်

ဥပမာ
တစ်ယောက်ကနေပူကျဲကျဲမှာ အေးမြခြင်းအကြောင်းပြော
တစ်ယောက်ကဆောင်းနှင်းသွဲ့သွဲ့မှာ နေခြည်ဖြာမှနွေးသည့်
အကြောင်းပြော။

တကယ်တော့ကျွန်တော်က အတွေ့အကြုံတွေလိုချင်တာ။

လှေကားထစ်ကြမ်းကြမ်းလေးများပေါ် ပြေးတက်ချင်
သစ်ပင်မြင့်မြင့်ထိပ်ဖျားပေါ် တွယ်တက်ချင်
ရေစီးသန်တဲ့စမ်းချောင်း ဟိုဘက်ကမ်းဆီကူးခပ်ချင်၊
တစ်ခါတလေကျတော့လဲ
အတွေးအိပ်မက်တွေမပါဘဲ
တစ်ရေးတစ်မောလောက် နှစ်ခြိုက်စွာ အိပ်မောကျချင်။

ငိုရင် ငိုမိမှာ
ရယ်ရင်လည်း ရယ်မိမှာ။

ကိုယ့်ကိုယ်ကိုယ်ညှိရခက်သလို
တစ်ယောက်နဲ့တစ်ယောက်၊
တစ်ယောက်နဲ့တစ်ယောက်ညှိရခက်သလို
ကိုယ့်ကိုယ်ကိုယ်။

အများတွေနဲ့ ထပ်တူအတိုင်းပဲပေါ့
အစောဆုံးကြုံခဲ့ရလို့
ပြန်ပြောင်းလမ်းညွှန်ရသလိုမျိုး။ ။

နေဆူးသစ်


ချောက်ချားစိတ်နှင့်ကပ်လျက်လိုက်ပါ

တွန့်လိမ်ကောက်ကွေးနေသော တောင်ထိပ်ကို
စိတ်ကူးနဲ့တက်ကြည့်လိုက်
မှုန်မှုန်ဝါးဝါးအောက်မှာ
အမှောင်ထု
အလင်းရောင်
ကြောက်ရွံ့ခြင်း
အမြင့်၏အနိမ့်ကြောက်စိတ်
အနိမ့်မှ အမြင့်မျှော်မှန်းချက်
လေထုပင့်တင်အား
လက်သီးဆုပ်
သစ်တော၏အနေအထား
စမ်းချောင်း၏ စီးဆင်းနှုန်း
ဘဝတစ်ခုချောင်ချိမှုနှင့် အားမာန်။
မသိနိုင်စွမ်းက ကြီးစိုးထားဆဲ...

ဖမ်းမဆုပ်နိုင်ရင် လွှတ်ချလိုက်
မျက်နှာပြင်တစ်ခုချောမွေ့မှုမှာ
လှဲချလိုက်
ရှေ့ဆက်မှု အလှည့်အပြောင်းမှာ တွန်းတိုက်လိုက်
လောဘ၊တဏှာ၊အာရုံမှား
သံသရာကွန်ယက်
ခြေတစ်ချောင်းစာရပ်တည်မှုမှသည်
ခြေသုံးလေးချောင်း
မမြင်နိုင်သောအရာများ၏
မမြင်နိုင်သောစွမ်းအား
တောင့်ခံနိုင်မှုသီအိုရီနှင့်လောကဓံ
ဖွဲ့ဆိုနေသောကဗျာနှင့် ၎င်း၏အဓိပ္ပါယ်
လူရာဝင်ဆန့်မှု/ကဗျာ့ခေါင်းဝင်ကိုယ်ဆန့် အခြေအနေ
လဲနေသောမြေကြီးပေါ် ထောင့်မှန်ကျကျရပ်တည်
အော်ဟစ်လိုက်
((((((((((........................................))))))))))))))))
ငါ့အသံငါပြန်မကြားရမှ အိမ်ပြန်လာခဲ့တယ်
စိတ်တွေ........
လေးလိုက်တာ
ငါ့နာမည်ခေါ်လိုက်သလားလို့။ ။

တည်ရ

မိုးထဲလေထဲ  

Posted by IDEA MAGAZINE


မိုးထဲလေထဲ

ငှက်ကလေး
ချမ်းနေတာကြောင့်
ပန်းကိုင်းလေးမှာ
တဆတ်ဆတ်တုန်လို့
မရွာပါနဲ့မိုးရယ်ဆိုတဲ့
ဆုတောင်းစကားလေးတွေ
လေထဲမှာလွင့်ရင်း မိုးမိနေကြတယ်။ ။

စိုးနောင်(မုံရွာ)



သစ်ရွက်ကြွေသံကြားတယ်

တစ်ယေက်ယောက်
ကျွန်တော့်ဆီကို လာနေတာများလား။

အရိပ်ထင်နေသော
ငယ်ဘဝရဲ့မီးလောင်ပေါက်ထဲ ချောင်းကြည့်လိုက်တော့
တစ်ယောက်ယောက်ဆိုတဲ့ လမ်းမဟာ
ကျွန်တော်ဖြစ်သွားတယ်။

အငွေ့တထောင်းထောင်း
ကော်ဖီတစ်ခွက်ဟာ ကျွန်တော်လား
ကျွန်တော့်ကိုစောင့်နေတဲ့ တယ်လီဖုန်းခေါ်သံလား။

လေထဲမှာတော့
ငွေစက္ကူလိုလွင့်လာတဲ့ စိတ်ကူးတစ်ခု
ဒါဆိုသေချာပြီ။

သံသရာကချိုးဝေလိုက်တဲ့ ဖဲချပ်အတိုင်း
ကျွန်တော်...
တစ်ယောက်ယောက်ဆီကိုသွားနေတယ်
ကျွန်တော် သွားနေတယ်။ ။

ပိုင်သစ်နွယ်


လူတစ်ကောင်ရဲ့အလေ့ကျကဗျာ


သိန်းငှက်လိုတောင်ပံခတ်ဖို့
ခွေးလေခွေးလွင့်တစ်ကောင်လိုယောင်ခြောက်ဆယ်ခဲ့ဖူးတယ်။

သုံးချက်ခုံတစ်ချက်စူးတဲ့လက်ပံစူးနှစ်ချောင်းတော့ရှိတယ်
တိုက်ကြက်လိုသဘောထားနိုင်ပါရဲ့...
နဂါးတစ်ကောင်ရဲ့မျက်စောင်းမျိုးတွေနဲ့
ငါ့ကို
ခိုင်းနွားလိုသဘောမထားလိုက်ပါနဲ့။

တကယ်လို့
ငါသာ ငါးတစ်ကောင်ဆိုရင်
ဒုက္ခတွေက ရေပါပဲ။

မြွေတစ်ကောင်လိုအရေခွံလဲလို့ရရင်အကောင်းသား
ကျားရိုင်းလိုရက်စက်ရမယ့်အချိန်မှာ
ငါက
မြေခွေးတစ်ကောင်လိုမကောက်ကျစ်ခဲ့မိဘူး
အားလုံး...
ဒေါင်းယောင်ဆောင်တဲ့ ဝံပုလွေများ။ ။

ဇာဏီဇော်(အိမ်မဲ)

အချစ်ဖတ်စာ  

Posted by IDEA MAGAZINE


အချစ်ဖတ်စာ

ရိုးရိုးရှင်းရှင်းနေ့လယ်ခင်းရဲ့
ရေချိုးပြီးစ စံပယ်ပန်းလေးဟာ
ကျွန်တော့်ချစ်သူပါ...။

သူ့ရဲ့လက်ရေးလှလေ့ကျင့်ခန်းစာအုပ်လေးထဲမှာ
ကျွန်တော့်မျှော်လင့်ချက်တွေက
ဝိုင်းဝိုင်းစက်စက်...လပြည့်ဝန်း...။

သူ့အပြုံးလေးတွေကို ကျွန်တော်စာလုံးပေါင်းကြည့်တော့
သနပ်ခါးပန်းပင်လေးရဲ့ ငယ်နာမည်ကို
ကျွန်တော်သိခွင့်ရခဲ့ပေါ့...။

ကျွန်တော့်အိပ်မက်တွေသူရှိရာအရပ်ဆီကို
ပျံသန်းသွားတော့
သူ့ဒိုင်ယာရီလေးဟာအတောင်ပေါက်ပြီး
အဝေးမြို့လေးဆီကိုထွက်ခွါသွားပေါ့...။

ကေသီဟ


ရှုမျှော်ခင်း - ၃

ရောက်ရှိလာရင် သိမ်းပိုက်ဖို့ပဲ
ရရှိခဲ့ရင် ဖွဲ့လိုက်ဖို့ပဲ။
မျက်လုံးကိုဖွင့်ထားတယ်
ပြတင်းတံခါးကို ဖွင့်ထားတယ်
စိတ်နှလုံးကိုဖွင့်ထားတယ်
ဘောလ်ပင်အဖုံးကို ဖွင့်ထားတယ်
လက်တွေကလည်း အဆင်သင့်
ခြေတွေကလည်း အဆင်သင့်
ဦးနှောက်ကလည်း အဆင်သင့်
နှလုံးသားကို ဘယ်လိုပဲနှိုးဆွဆွ
ပခုံးသားတွေ ဘယ်လိုပဲရုန်းကြွကြွ
ကုန်တွဲမပါဝင်တဲ့ ရထားဆိုက်ရောက်မှုများ
သွေးဆာနေတဲ့ နှလုံးသားသွေးနဲ့တွေ့မှ
အေးမယ်။
ဝမ်းနည်းလို့ပဲဖြစ်ဖြစ်
ဝမ်းသာလို့ပဲဖြစ်ဖြစ်
မနက်ဖြန်တွေကို ရင်ဆိုင်ရဦးမယ်။ ။

ညီမင်းညို



ဟိုတုန်းကအတွေး

ဟိုတုန်းကအတွေးတွေဟာ
ဘာမှအသုံးမဝင်ပါဘူး
အတွေးတွေက အချိန်တိုင်းဖြစ်ပေါ်နေတော့
ဟိုတုန်းကအတွေးတွေဟာ ဘာမှအသုံးမဝင်ပါဘူး
ဟိုတုန်းကအတွေးတွေဟာ ဘာလဲဆုပ်ကိုင်မရပေမယ့်
လုံးဝရှိမနေတာလည်းမဟုတ်
ဟိုတုန်းကအတွေးတွေဟာ ပျော်စရာကောင်းခဲ့တာလား
ဝမ်းနည်းစရာကောင်းခဲ့တာလား
မမှတ်မိတော့
ဟိုတုန်းကအတွေးအကြောင်းပြောရင်
ဆွေးလျလာတာကလွဲလို့
ဟိုတုန်းကအတွေးတွေဟာ ဘာမှအသုံးမဝင်ပါဘူး
ဟိုတုန်းကအတွေးတွေဟာ
ခုမှ ဘာကြောင့်ပေါ်လာရသလဲ ဆန်းတယ် သေချာတာက
ဟိုတုန်းကအတွေးတွေဟာ
တွေးနေသူနောက်
တကောက်ကောက်လိုက်နေခဲ့တယ်ဆိုတာပါပဲ
ဟိုတုန်းကအတွေးတွေဟာ
ဘာမှလည်းမဟုတ်ဘဲနဲ့
အမှတ်ရနေမိတယ်
ဟိုတုန်းအတွေးတွေဟာ
တကယ်ဖြစ်ခဲ့သလား
ဘယ်လိုမှအတိအကျမပြောပြနိုင်တော့
ဟိုတုန်းကတွေးတွေဟာ
ဘာမှအသုံးမဝင်ပါဘူး
ဒါနဲ့တောင်
ဟိုတုန်းကအတွေးတွေကို
ဘာကြောင့်မထားရစ်နိုင်သလဲမသိ
မြင်ရတဲ့အရာတွေဟာ
ဟိုတုန်းကအတွေးတွေကို
အစဖော်လို့
ဟိုတုန်းကအတွေးတွေနဲ့
အကောင်အထည်ဖော်ကြည့်ချင်ပေမယ့်
ဟိုတုန်းကအတွေးတွေဟာ
ဘာမှအသုံးမဝင်ပါဘူး
ဟိုတုန်းကတော့
ဒီလိုတွေးခဲ့မှာပေါ့
ခုမဟုတ်တော့ဘူးလို့
ဘယ်သူမဆိုငြင်းနိုင်တယ်
တကယ်လည်း
ဟိုတုန်းကအတွေးတွေဟာ
ဘာမှအသုံးမဝင်ပါဘူး
တစ်ယောက်နဲ့တစ်ယောက်
အတွေးအခေါ်တွေကလည်းမတူနိုင်မှတော့
သဘောတူညီမှုတစ်ခုရဖို့
ဟိုတုန်းကအတွေးတွေဟာ
ဘာမှအသုံးမဝင်ပါဘူး
မုန်းသူလည်းရှိခဲ့တယ်
ချစ်သူလည်းရှိခဲ့တယ်
ဒါဟိုတုန်းကအတွေးတွေပဲ
ဟိုတုန်းကအတွေးတွေဟာ
ဟိုတုန်းကလိုပဲ
နွေးထွေးဆဲ
ဟိုတုန်းကတစ်ခါက
ရှေးရှေးတုန်းက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက
ငယ်ငယ်တုန်းကဆုံခဲ့တုန်းက
ခွဲခွါသွားတုန်းကနဲ့ ပြန်ဆုံတုန်းကဖြစ်ဖြစ်
ဟိုတုန်းကဟာ ဟိုတုန်းကပဲမဟုတ်လား
ဟိုတုန်းကအတွေးတွေဟာ ဟိုတုန်းကအတွေးတွေပဲမဟုတ်လား
ဟိုတုန်းက အတွေးနောက်မှာ
ဘာမှမရှိပါဘူး
ဟိုတုန်းကအတွေးနောက်မှာ
တစ်စုံတစ်ခုရှိချင်လည်းရှိနေလိမ့်မယ်
ဘာမှမဖြစ်ခဲ့တာလား
တစ်ခုခုဖြစ်ခဲ့တာလား
ပြန်တွေးလိုက်ပေမယ့်
ဟိုတုန်းကအတွေးတွေဟာ
ဘာမှအသုံးမဝင်ပါဘူး
ဟိုတုန်းကအတွေးတွေဟာ
အိပ်မက်လိုပဲ
နိုးလာတော့ဘာမှ
ရေရေရာရာမရှိတော့ဘူး
ဟိုတုန်းကအတွေးထဲမှာ
ကိုယ့်ကိုကိုယ်လည်း
ဘုရားသခင်လို
လိုချင်တာကို ဖန်ဆင်းနိုင်လိမ့်မယ်လို့
ထင်ခဲ့တာ
ရယ်စရာပါပဲ
ဟိုတုန်းကအတွေးတွေဟာ
တစ်ခါတစ်ခါ ပြန်တွေးဖို့ကောင်းပေမယ့်
တစ်ခါတစ်ခါကျ ပြန်တွေးဖို့မကောင်ဘူး
ဟိုတုန်းကအတွေးတွေနဲ့
အရာရာကိုမကြည့်ချင်တော့ဘူး
ဟိုတုန်းကနဲ့မတူတော့တာ
အရာရာပြောင်းလဲသွားတာကို
လက်ခံလိုက်ရုံကလွဲပြီး
ဟိုတုန်းကအတွေးတွေဟာ
ဘာမှအသုံးမဝင်ပါဘူး
ဟိုတုန်းကအတွေးနောက်
လိုက်နေရမယ့်အရွယ်လည်းမဟုတ်တော့တာမို့
ဟိုတုန်းကအတွေးတွေကို
သေသေချာချာ ထုပ်ပိုးသိမ်းဆည်း
ဘယ်သူမှမတွေ့အောင် တစ်နေရာမှာထားပစ်ခဲ့ပြီး
ရှေ့ကိုပဲဆက်သွားချင်တယ်လေ
ယုံလိုက်ပါ
ဟိုးတုန်းကအတွေးတွေဟာ
ဘာမှအသုံးမဝင်ပါဘူး
ဒါမှမဟုတ်
ဟိုတုန်းကအတွေးတွေရေ
ဟိုတုန်းကအတွေးတွေအဖြစ်နဲ့ပဲ
ငါ့ကိုထားရစ်ခဲ့ပါတော့။ ။

ပိုင်


သူတို့ရပ်ကွက်သူတို့အကြောင်း(၂)
ကလေးအဖေတရားခံဖော်မိသည့်ကိစ္စက သည်လောက်နှင့်ပြီးမသွားခဲ့။
ပြာဖုံးနေသော ပြဿနာမီးခဲကို အလိုက်ကန်းဆိုးမသိ လေဖြင့် မှုတ်ပေးသူက အများသိတော်မူကြသည့် အတိုင်း အန်တီလှပင်ဖြစ်သည်။ သင်္ကြန်ရက်နီးလာတော့ “လင်းယုန်”ဖယောင်းတိုင်အိမ်က အလှူလုပ်သည်။ ဒေါ်ပုကြွယ်မွေးနေ့ဆိုလား ဘာဆိုလားမသိ။ မုန့်ဟင်းခါးကျွေးမည်ဆိုခြင်းကြောင့် ကျွန်တော်တို့ ဂျစ်ပစီတစ် သိုက်ကလည်း ထမင်းလွတ်ဟု သဘောထားကာ ပါးဖြဲနားဖြဲသွားစားကြသည်။
တစ်လမ်းလုံးကို ဖိတ်ပေမယ့် သူတို့နှင့် မတည့်သော “သိပ္ပံစိန်လှ”ဘက်ထရီဆိုင်အိမ်ကိုတော့ မဖိတ်ဘဲ ချန်ထားခဲ့၏။ ဒါကို အလှူမှာ လာစားကြသူတိုင်းရိပ်မိကြသည်။
ဟိုကောင် . . ငထူ . . ငအ . .စိန်မြင့်ဆိုသည့် ငနဲသားကတော့ ဒါကို နည်းနည်းမှ အထူအပါးနားမလည်။ အဘယ်မှာနားလည်အံ့နည်း။ အလှူအိမ်မှာ ဟိုနားယောင်ယောင် ဒီနားယောင်ယောင် ၀င်ကူသလိုလို ဘာလို လို လုပ်ရင်း အန်တီလှနှင့်တက်ညီလက်ညီလေပေါနေကြသည်ကိုး။
အန်တီလှကလည်း အငြိမ်မနေ။ အလှူအိမ်၏ခြံတံခါးပေါက်ဝတွင်ရပ်ကာ အိမ်ရှေ့မှဖြတ်သွားသူတိုင်းကို
“ဟဲ့ . . လာလေ၊၀င်စားသွားကြဦးလေ”
“သြော် . . လာကြစမ်းပါဟဲ့။ ဒီမှာ အလှူလုပ်နေတာလေ”
ဟုဆိုကာ အတင်းဖိတ်တော့၏။ မသိလျှင် အန်တီလှကိုပင် အလှူရှင်ဟု ဘေးကလူများက ထင်မှတ်မှား လောက်သည်။
စိန်မြင့်ကလည်း ယောင်တောင်ပေါင်တောင်ဖြင့် အန်တီလှနှင့်အတူ ရောနှောကာ အိမ်ရှေ့ကဖြတ်သန်း သွားသူတိုင်းကို အလှူမှာဝင်စားဘို့ သိသိမသိသိအတင်းခေါ်လေ၏။
ကံဆိုးချင်တော့ ထိုအချိန်တွင်မှ . . .
သိပ္ပံစိန်လှ၏ဇနီးမနှင်းနွယ်က ဈေးဝယ်ထွက်ပြီး ပြန်လာသည်။ သူတို့အိမ်က လမ်းထောင့်ဆုံးမှာဖြစ် သောကြောင့် အလှူလုပ်နေသော “လင်းယုန်” ဖယောင်းတိုင်အိမ်ရှေ့မှ မလွှဲသာမရှောင်သာဖြတ်ရ၏။
မနှင်းနွယ်ကလည်း သူတို့တစ်အိမ်တည်းကို အလှူမဖိတ်ဘဲ ကွက်ချန်ထားခဲ့မှန်းသိသည်။ သူမဘက်က လည်း လင်းယုန်ဖယောင်းတိုင်ပိုင်ရှင် ဒေါ်ပုကြွယ်ကို အနာကြီးနာထားသော အချက်တစ်ချက်ရှိ၏။ မနှင်းနွယ် တစ်ကိုယ်လုံးမှာ ထူးခြားချက်နှစ်ချက်က ပေါ်လွင်ထင်ရှားလွန်းသည်။ အဲဒါကတော့ . . . “သွားခေါခြင်း” နှင့် “ဖင်ကောက်”ခြင်းပင်ဖြစ်၏။
သူတို့နှစ်အိမ်ရန်ဖြစ်ကြတော့ ဒေါ်ပုကြွယ်က မနှင်းနွယ်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး
“ဟဲ့ . . .သွားခေါဖင်ကောက် ဍ ရင်ကောက်မရဲ့ ”
ဟုခေါ်ကာ ရန်တွေ့သည်။ ဒါကို မနှင်းနွယ်က နာကျည်း၍မဆုံး၊ကမ္ဘာမကြေဟု သတ်မှတ်ထားသည်။
အခုလည်း အလှူလုပ်နေသော ဒေါ်ပုကြွယ်အိမ်ရှေ့မှ ဖြတ်လျှောက်သည့်အခါ ဈေးခြင်းတောင်းကို တံ တောင်ဆစ်ကွေးမှာချိတ်ပြီး တမင်ပင် မျက်နှာကို ခပ်လွှဲလွှဲလုပ်ကာ သုတ်သုတ်သုတ်သုတ်ဖြင့် လျှောက်၏။
ဒါကို မြင်သွားသည့် အန်တီလှက
“ဟဲ့ . . .နှင်းနွယ်၊ညည်းက ဈေးကတောင်ပြန်လာပြီပေါ့လေ။ အတော်ပဲဟဲ့ . . လာ . . .ဒီမှာ အလှူ လုပ်နေတာ တစ်ခါတည်းဝင်စားသွားဦး”
မနှင်းနွယ်က တမင်သိသိသာသာပင် မျက်နှာကိုတစ်ဖက်သို့ ပို၍လွှဲလိုက်ပြီး မကြားချင်ယောင်ဆောင် ကာ ခြေလှမ်းကို အရှိန်မြင့်လိုက်သည်။
အလိုက်ကန်းဆိုး မသိသော အန်တီလှက ထပ်ပြီးခေါ်သည်။
“ဟဲ့ . . နှင်းနွယ် . . .နှင်းနွယ်၊လာစမ်းပါဟဲ့၊အားမနာစမ်းပါနဲ့ . . ဒီအိမ်ကတို့နဲ့ ဆွေလိုမျိုးလိုနေတာ၊လာ . . .မုန့်ဟင်းခါးစား”
ရန်ဖြစ်ထားသည့်အိမ်ကိုမှ အတင်းမုန့်ဟင်းခါးဝင်စားခိုင်းနေသော အန်တီလှကို မနှင်းနွယ်က မျက်စောင်းထိုး၏။
ဒါကိုလည်း အန်တီလှက သဘောမပေါက်။
“လာစမ်းပါဟဲ့ . . .၊အို . . .ခက်တာပဲ . . ဘယ်သွားမလို့တုန်း၊ ဟဲ့ . . မောင်စိန်မြင့်ရဲ့ ဒီမှာ နှင်းနွယ်ကို ဆွဲစမ်းပါဦး”
အသွားစေသူက အန်တီလှ၊ဘုမသိဘမသိဖြင့် အတင်းလိုက်ပြီး လက်ဆွဲသူက မောင်စိန်မြင့် အဲဒီမှာတင် စပြီး ကြည့်လို့ကောင်းတော့သည်။
စိန်မြင့်ဆိုသည့်ကောင် လက်ဆွဲနေပုံကလည်း အလှူအိမ်ထဲကို ဖိတ်ခေါ်နေသည်နှင့်မတူ။ ဇူဇကာ ပုဏားက ဝေသန္တရာမင်းကြီး၏ သားတော်နှင့် သမီးတော်တို့ကို အလှူခံပြီး တရွတ်ဆွဲခေါ်သွားပုံမျိုး ဖြစ်နေ ၏။
မနှင်းနွယ်ကလည်း အတင်းဇွတ်ပေကပ်ပြီး ခြေကန်ရုန်းသည်။
“လွှတ် . . လွှတ် . . .ငါ့ကိုလွှတ်”
“အို . ..လာစမ်းပါ”
“ဟင့်အင်း . . လွှတ် . . လွှတ် ပါရှင်”
စိန်မြင့်ကဆွဲလေ . . မနှင်းနွယ်က ခြေစုံတောင့်ခံကာ ရုန်းလေဖြင့် အလှူအိမ်ရှေ့တွင် ၀ရုန်းသုန်းကား ။
အလှူအိမ်ထဲမှ လူတွေကလည်း ၀င်ဆွဲရကောင်းနိုးနိုး၊ဟဲ့ . . “လွှတ်လိုက်တော့ . . သူဖာသာသူသွားပ စေ” ဟု နှင်လွှတ်ရကောင်းနိုးနိုး ခွတီးခွကျဖြစ်နေကြ၏။
ထိုစဉ် . . . .
“ဟေ့ကောင် . . ငါ့မိန်းမကိုလွှတ်လိုက်”
ဆိုသည့်စကားသံနှင့်အတူ သိပ္ပံစိန်လှတစ်ယောက် ငှက်ကြီးတောင်ဓါးကိုဆွဲ၍ရောက်လာလေတော့ရာ သူ့ဖက်ကိုယ့်ဖက် ပတ်သက်ရာပတ်သက်ကြောင်းတွေဝင်ပြီး ဆွဲကြလွဲကြ ရိုက်ကြနှက်ကြဖြင့် အလှူပွဲသည် ရန်ပွဲအဖြစ် ပြောင်းသွားလေတော့သည်။
* * * * *
မောင်စိန်မြင့်ကလေးတစ်ယောက်ခမျာ သူ့ကြောင့် အလှူအိမ်မှာ တုတ်ဆွဲဓါးဆွဲရန်ပွဲဖြစ်ပြီးသည့် နောက်တွင် ရပ်ကွက်ကို အားနာ၍လားမသိ၊အတော်ကလေးငြိမ်ကျသွား၏။အန်တီလှကိုလည်း လန့်သွားဟန် တူသည်။
အရင်လို စကားရောဖောသော သိပ်မလုပ်တော့ဘဲ အန်တီလှကို ခပ်ရှောင်ရှောင်ဖယ်ဖယ်နေ၏။
ဦးပွားကော . . .သူ့သားဖြစ်သူအောင်ဗလကော . . နှစ်ယောက်စလုံးဘ၀က အကျိုးပေးမကောင်းသော ကြောင့်ခါးကုန်းပြီး ကျောလည်ခုံးထကာ ခါးဆစ်ရိုးတွင် ဘုကြီးဖြစ်နေ၏။
အဖေကော သားပါနှစ်ယောက်စလုံး ဘုကြီးကို ခါးကုန်းကုန်းပေါ်တင်ပြီး ထမ်းထားသလိုဖြစ်နေသော ကြောင့် “ခါးဘုနှင့်သားအဖ”ဟု ရပ်ကွက်ထဲမှ လူတွေကမှတ်မိကြ၏။
“ခါး ဘု”ဆိုသည်ကို အရပ်ခေါ်ခေါ်သည့်အသံထွက်ကတော့ “ဂပု”ပေါ့လေ။
တစ်ချိန်က နာမည်ကြီးလူကြိုက်များခဲ့သည့် အကယ်ဒမီဆုရ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည့် “အဖေတစ် ခု သားတစ်ခု”ကလည်း လူတွေ၏ပါးစပ်ဖျားမှာ စွဲလန်းနေဆဲဖြစ်လေတော့ ဦးပွားနှင့်အောင်ဗလတို့သားအဖ ကို “အဖေဂပု၊သားဂပု ”ဟု ခေါ်ကြလေတော့သည်။
“ဂပု” သားအဖနှစ်ယောက်စလုံးကလည်း ၀ိုးတိုးဝါးတားကြောင်တိကြောင်ကျားတွေ . . .၊တစ်ခါကလည်း သား ဂပုဖြစ်သူအောင်ဗလက ဂျာနယ်ထဲမှ ခရီးသွားလုပ်ငန်းကြော်ငြာတစ်ခုကို ဖတ်ရှုပြီးခပ်တည်တည်ဖြင့် သုံးသပ်ပြဘူးသည်။
“ကျွန်တော် သေသေချာချာလေ့လာကြည့်လိုက်တော့ . . ကျွန်တော်တို့နိုင်ငံကို လာလည်ကြတဲ့ foreigner တွေထဲမှာ အများစုက နိုင်ငံခြားသားတွေပဲဗျ”
“ဟုတ်ရဲ့လား . ..မောင်မောင်ဗလရယ်”
“သိပ်သေချာတာပေါ့ဗျာ၊ကျွန်တော် နှစ်ရှည်လများ စနစ်တကျလေ့လာသုံးသပ်ပြီးမှ ပြောတာဗျ”
အောင်ဗလ၏သုံးသပ်ချက်က အမှတ်တမဲ့ဆိုလျှင် မျက်စေ့လည်ပြီး ကယောင်ချောက်ချားဖြစ်သွား စေနိုင်လောက်၏။
ဘယ်နှယ့် . . .
“Foreigner တွေထဲမှာ အများစုက နိုင်ငံခြားသားတွေ . . .”တဲ့။ ဘယ်လောက်တောင် သုတေသန စာတမ်းပြုစုဘို့ ကောင်းလိုက်လေသလဲ။
“Foreigner ဆိုပါမှ အကုန်လုံးနိုင်ငံခြားသားတွေချည်းပဲ မဟုတ်လို့ မင်းအမေ့လင်တွေပါ ပါလာရီဦးမှာ လား”ဟု မေးမေးပြီး နားရင်းကို ဘယ်ပြန်ညာပြန်ရိုက်ဘို့သာရှိတော့သည်။
ဒါတောင်မှ . . .ဒီတွေ့ရှိချက်ကို မောင်အောင်ဗလခမျာ နှစ်ရှည်လများ လေ့လာအကဲခတ်တော်မူပြီးမှ သိလာသည်ဆိုပဲ။
သား “ခါးဘု”ကတင် အဲသည်လိုလားဆိုတော့ မဟုတ်သေး။ အဖေ“ခါဘု”ဖြစ်သူဦးပွားကလည်း သူ့နည်း သူ့ဟန်ဖြင့်သူတစ်နိုင်တစ်ပိုင် ၀င်ဝင်ပြီးကြောင်သည်။ သူကျတော့ “လူရာဝင်သည့်ရောဂါ”က ပိုပြန်သေး၏။
တစ်ခါကလည်း ရပ်ကွက်ဓမ္မာရုံဆောက်လုပ်လှူဒါန်းဘို့ အစည်းအဝေးလုပ်ကြချိန်မှာ ကမကထပြု မတည်အလှူငွေထည့်ကြသည့် သူဌေးတွေစကားဝိုင်းထဲ ယောင်တောင်ပေါင်တောင်ဖြင့် အတင်းဝင်ရော၏။
ဟိုလူတွေထဲမှာက ဆန်ကုန်သည်၊ပဲကုန်သည်တွေပါသလို၊ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊သစ်ကုန် သည်သူဌေးတွေလည်းပါ၏။ ပြောနေသည့်စကားတွေကလည်း သိန်းရာဂဏန်းအထက် . . . ။
အဲဒီကြားထဲ ခါးကုန်းကုန်းကျောဘုလုံးလုံးနှင့်ဦးပွားတစ်ယောက် ဘယ်လိုမှပါးစပ်ဝင်မဟသာချေ။ ဒါ တောင်မှ မရမက အပေါက်အပြဲရှာကာ ၀င်တိုးဘို့ကြိုးစားသေး၏။
ဟိုသူဌေးတွေကပြောကြဆိုကြရင်း ပျဉ်းကတိုးဈေး၊ကျွန်းဈေးစသဖြင့် သစ်အကြောင်း စကားစပ်မိနေကြ သည့်အထဲ ခါးဘုဦးပွားက ရုတ်တရက်ထပြီးပြောလိုက်သည်။
“ကျွန်းသစ်ရရင် နည်းနည်းလောက်လိုချင်တယ်”
ဦးပွား၏စကားကြောင့် အားလုံးစိတ်ဝင်စားသွားကြ၏။ စိတ်ဝင်စားရပေမပေါ့။ စကားဝိုင်းထဲမှ သစ်ကုန် သည်သူဌေးက
“ဘယ်နှစ်တန်လောက်လိုချင်တာလဲ”
မှန်၏။ သူတို့အဘို့တော့ အရေအတွက်ကို“တန်” လောက်ဖြင့်သာ အနည်းဆုံးထားပြီးပြောရပေသည်။
ထိုအမေးစကားကြောင့် ဦးပွားတစ်ယောက် ခေါင်းကုတ်သလို ဖင်ကုတ်သလိုလုပ်ပြီး လျောချသွားရ တော့၏။
“များများစားစားမဟုတ်ပေါင်ဗျာ။ သွားကြားထိုးဘို့အစတစ်စနှစ်စလောက်ရရင်တော်ပါပြီ”
ဘေးမှကြားရသူတိုင်းက ဦးပွားကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ဆဲကြလေ၏။
သိုသော့် . . ခါးဘုဦးပွား၏ လူရာဝင်ချင်သည့်ရောဂါက ငုပ်မသွား။ ကားပွဲစားလည်းဆိုသေးရဲ့။ ဒီလောက် “အ”ရကောင်းလားဟု အပြစ်တင်မစောပါနှင့်။
ကားပွဲစားဆိုသော်လည်း တကယ့်ပွဲစားစစ်စစ်မဟုတ်။ သူ့အကျင့်အတိုင်း တကယ့်ကားပွဲစားတွေ နားသွားပြီး ဟိုနားမော့မော့ ဒီးနားမော့မော့နှင့် လူရာဝင်ချင်လွန်း၍အတင်းလိုက်ကာ ရောယောင်နေခြင်းမျှသာ ဖြစ်၏။
တကယ့်ကားပွဲစားတွေပြောလေ့ဆိုလေ့ရှိသော“အခေါ်အဝေါ်”တွေ၊ “အထာ”စကားတွေကို နားစွန်နား ဖျားကြားရသမျှ မှတ်ထားပြီး လူသူလေးပါးထူထူကြားရောက်လျှင် ဦးပွားတစ်ယောက် အတည်ပေါက်နှင့် မှုတ် လေ့ရှိ၏။
မသိသူများကတော့ ခါးဘုဦးပွားကို တကယ့်ဝါရင့်ကားပွဲစားကြီး အထာနပ်ပြီးသား ကားပွဲစားကြီးဟု ထင်ကောင်းထင်ကြပေမည်။
“ပါဘလေကာကို ဖင်ထောင်နဲ့ အလဲအထပ်လုပ်ရင် အောက်ကားက ဘယ်လောက်လိုက်မလဲ”
“ဈ မျဉ်းဆွဲ တူးဒိုးက သန့်တယ်။ တစ်လက်ကိုင်ပဲ”
“အဲဒီကားက ဘော်ဒီဆေးသားကို ခေါက်ကြည့်လိုက်တော့ ပတ်တီးသံပါနေတယ်”
သည်စကားတွေက လက်ဖက်ရည်ဆိုင်တို့ ကွမ်းယာဆိုင်တို့မှ လူထူထူစုမိပြီဆိုလျှင် ခါးဘုဦးပွားတစ် ယောက် ကျယ်လောင်ကျယ်လောင်ပြောလေ့ရှိသော ပါးစပ်အယားပြေဝေါဟာရများဖြစ်၏။
အဲဒါတွေကို နားယောင်ပြီး မစားရ၀ခမန်း လှေကြုံစီးကာ“မျော”ပါသူက ကျွန်တော်တို့၏ အတွေးအခေါ် ကျိုးတိုးကျဲတဲ ပညာရှင်ကလေး . .မောင်စိန်မြင့်။
ကနေ့နက်ဖြန်ဆိုလျှင်ပဲ ကားတစ်စီးအရောင်းအ၀ယ်ဖြစ်လျှင် သိန်းနှင့်သောင်းနှင့်ချီပြီး ငွေထုပ် ပိုက်ရ တော့မလိုလို ဘာလိုလို အိုက်တင်ဖမ်းကာ ဦးပွားနှင့်နှစ်ယောက်သားခေါင်းချင်းဆိုင်လျက် ကျိတ်ကျိတ် ကျိတ်ကျိတ်လုပ်ကြ၏။
တစ်ရက်တော့ ဦးပွားက မောင်စိန်မြင့်ကို လမ်းမှာတွေ့တွေ့ချင်း အတင်းလက်ဖမ်းဆွဲပြီး
“ဟေ့ကောင် . . .မောင်စိန်မြင့် ဖင်ကောက်ရရင် တစ်စီးလောက်ဆွဲမယ်ကွာ၊ငါ့မှာ ၀ယ်လက်ရှိတယ်”
“ဗျာ . .ဖင်ကော်၊ဘာ “ဖင်ကောက်” လဲ . . .ဦးလေးပွား”
“ဟာ . . မင်းကလည်း “အ”ပါကွာ။ နိုင်တီတူးမော်ဒယ်(92 Model) ဆလွန်ကားဖင်ကောက်ကို ပြောတာ ကွ”
“သြော် . . .သြော် သဘောပေါက်ပြီ ဦးလေးပွား၊ကျွန်တော်ရှာထားလိုက်မယ်”
ပြောပြီးပြီးချင်း မောင်စိန်မြင့်က လှည့်ထွက်မည့်ဟန်အပြင်တွင် ခါးဘုဦးပွားက လက်ကိုလွှတ်မပေးဘဲ ဆွဲထားရင်း
“ဟ . . .နေဦးကွ။ ပြောဘို့ကျန်သေးတယ်။ ငါ့ဝယ်လက်က “ရှဲစောင်း”မှ လိုချင်တာတဲ့နော်။ “ရှဲ”ဆိုတာ ကိုကော သိရဲ့လား။ ကားရှေ့ပိုင်းက . . .”
“ဟာဗျာ . . ဒါတော့ သိပါတယ် ဦးလေးပွားရာ”
“အေး . . .အေး . . .ပြီးရော”
အမှန်တော့ “ရှဲစောင်း”အမျိုးအစားက S.E ကားအုပ်စုထဲမှသာဖြစ်၏။ စောစောက သူပြောသော 92Model ဖင်ကောက်အမျိုးအစားနှင့် ဘာမှမဆိုင်။ တစ်ယောက်ယောက်က ခါးဘုဦးပွားကို အမြင်ကတ်ကတ် ဖြင့် နောက်ပြောင်ပြီး ကမ္ဘာပေါ်မှာမရှိသည့်ကားကိုရှာခိုင်းလိုက်ပုံရသည်။
မောင်စိန်မြင့်ကလည်း ဘုမသိဘမသိဖြင့် အဟုတ်မှတ်ပြီး ရှာပေးမည်ဟုကတိပေးလိုက်၏။
နောက်တစ်ပတ်ခန့်အကြာတွင် . . .
မောင်စိန်မြင့်ထိုင်နေသော ရပ်ကွက်လက်ဖက်ရည်ဆိုင်ထဲသို့ ခါးဘုဦးပွားဝင်အလာ . .၊ မောင်စိန်မြင့် က ၀မ်းသာအားရအော်ပြီး နှုတ်ဆက်၏။
“ဟာ . . ဦးလေးပွား၊အတော်ပဲ”
မောင်စိန်မြင့်ကလေးကား(ထုံးစံအတိုင်း) စကားပြောလျှင် ရှေ့နောက်မကြည့်။
ထို့ကြောင့် . . .ဦးပွားနောက်မှကပ်ပါလာသော “သွားခေါဖင်ကောက် ဍ ရင်ကောက်”အလှမယ် မနှင်းနွယ်ကိုလည်း သတိထားမိဟန်မတူ။ ခင်ပွန်းဖြစ်သူ သိပ္ပံစိန်လှအတွက် လက်ဖက်ရည်ချိုင့်ဆွဲလာဝယ်ပုံ ရသော မနှင်းနွယ်က ဆိုင်ထဲဝင်ဝင်ချင်းမှာပင် မောင်စိန်မြင့်က ဦးပွားကို လှမ်းပြောလိုက်သော စကားကြောင့် တွန့်ခနဲဖြစ်သွားသည်။ စိန်မြင့်ပြောပုံက
“ဦးလေးပွား . . ဟိုတစ်ခါပြောထားတဲ့ “ရှဲစောင်း”ကို ကျွန်တော်တွေ့ထားပြီ . .ဦးလေး”
မနှင်းနွယ်က စိန်မြင့်နှင့် ခါးဘုဦးပွားတို့၏ အပြန်အလှန်ပြောစကားကို နားထောင်ရင်း မလုံမလဲစိတ် ဖြင့် သူမပါးစပ်ထဲမှ သွားခေါခေါကို ဖုံးကွယ်ရန်နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့လိုက်မိသည်။
စိန်မြင့်ကိုလည်း ဒေါမာန်ပါပါဖြင့် “ဒိုင်း”ခနဲ မျက်စောင်းပစ်ထိုးလိုက်၏။
စိန်မြင့်က သူမကိုစောင်းချိတ်ပြောနေသည်ဟု ထင်လည်းထင်ချင်စရာ။ သူမ၏အပေါ်သွားဖုံး“ရှဲ” ကြီး ကလည်း အညာက ဘုန်းကြီးကျောင်းခေါင်မိုးလို ပြတ်ပြတ်သားသား တစောင်းကြီး“ခေါ”နေသည်မဟုတ်လား။
“တောက် . . .”
သူမ၏ရင်တွင်းမှဒေါသကို မျိုသိပ်ရင်း“တောက်”တစ်ချက် အသံတိတ်ကျိတ်ခေါက်လိုက်စဉ်မှာပင် ခါးဘု ဦးပွားက . . .
“ဟ . .ရှဲစောင်းရုံ . .သက်သက်ပဲလားကွ . .မောင်စိန်မြင့်ရဲ့”
“ဦးလေးကလည်းဗျာ . . ဟဲ. .ဟဲ . . သိပါတယ်ဗျ။ဖင်ကောက်မှဖြစ်မယ်လို့ ပြောမလို့မဟုတ်လား . . ဟဲ . .ဟဲ . . ”
ဒီတစ်ခါတော့ ပညာရှိကလေးမောင်စိန်မြင့်၏စကားတို့က မနှင်းနွယ်ကို တိုက်ရိုက်စော်ကားလာလေပြီ။ သည်ကြားထဲ အသံဆိုးကြီး “တ ဟဲ ဟဲ”ဖြင့် ရယ်နေပုံက သူမကို ရိထေ့လှောင်ပြောင်သရော်နေသည်ဟု ခံစား ရ၏။
မနှင်းနွယ် ဒေါသကိုမချုပ်တီးနိုင်တော့။
ထိုစဉ်မှာပင် မောင်စိန်မြင့်က အော်ကြီးဟစ်ကျယ်ဖြင့် ခါးဘုဦးပွားကိုလှမ်းပြီး
“ရှဲစောင်း ဖင်ကောက်ကိုကျွန်တော်တွေ့ထားပြီ၊ ဦးလေးဆွဲမလား”
မနှင်းနွယ်ကား ဗြုန်းခနဲဒိုင်းခနဲဆိုသလို ပေါက်ကွဲလေပြီ . . .
“ကဲ . . ဆွဲချင်ဦးဟယ်၊ဆွဲချင်ဦးဟယ်”
“ဖြန်း . . ဖြန်း . . ဒေါင် . . .ဘုတ်”
“အောင်မလေး . .လုပ်ပါဦးဗျ . . လုပ်ကြပါဦး”
စိန်မြင့်တစ်ယောက်ကား ကယ်ပါယူပါ တစာစာနှင့်။ မနှင်းနွယ်ကား ဟူးဟူးထွက်သော အမျက်ဒေါသကို တော့ဖြင့် မလျော့လေပြီ။
ထု၏။ ရိုက်၏။ နှက်၏။ မောင်စိန်မြင့်၏ နားသယ်စပ်မှ အမွှေးကိုဆွဲ၍နှုတ်၏။ လက်ထဲမှ လက်ဖက်ရည် ချိုင့်ဖြင့် စိန်မြင့်၏ခေါင်းကို တဒေါင်ဒေါင်မြည်အောင်ခေါက်၏။
စိန်မြင့်ကား တအားအား တအီးအီး အော်ညည်းလျက် . . ။
* * * * *
ခြွေရံဆင်မြင်း၊ဗိုလ်ခပင်းကြောင့်၊မင်းတို့အမျက်အူးဟူးထွက်၏။
လိုက်ဖက်ဆေးဝါး၊မန္တန်အားကြောင့်၊သမားအမျက်ဟူးဟူးထွက်၏။
ထက်အောက်ဆန်စုန်၊ တောင်ပံဟုန်ကြောင့်၊ဂဠုန်အမျက် ဟူးဟူးထွက်၏။
* * * * *
ထိုရပ်ကွက်ကလေးမှာနေစဉ်က အဲသည် “တရားမရ၊မျက်ဒေါသ” လင်္ကာကို ကျွန်တော် ထပ်မံဖြည့်စွက် ရေးသားဖြစ်ခဲ့ပါသေးသည်။
“ပွဲစားနှစ်ယောက်၊လျှာရှည်ပေါက်ကြောင့်၊ဖင်ကောက် အမျက်ဟူးဟူးထွက်၏”
(ဆက်လက်ဖော်ပြပါမည်)
မင်းခိုက်စိုးစန်

ခံစားချက်  

Posted by IDEA MAGAZINE


ခံစားချက်
ကျွန်တော့်အတွင်းစိတ်များသည် မငြိမ်မသက်ဖြစ်နေကြသည်။ ထို မငြိမ်မသက်ဖြစ်နေသော စိတ်၏ အောက်ခြေတွင်ဆို့နင်ပူလောင်နေသော မည်သို့မှန်းမသိရသည့် ဆိုးဝါးသော ဝေဒနာကြီးရှိနေသည်။
“ အရင်တုန်းက ငါဟာ စက္ကန့်တိုင်း သစ္စဖောက်တာကို ခံနေရတာပဲ . . .” လို့ တွေးလိုက်ရင် တစ်ကိုယ် လုံးဟာ ဆို့နင့်ကြေကွဲတဲ့ဝေဒနာနဲ့ နစ်မြုတ်သွားတယ်ဗျာ . . . .။
အဲဒီဝေဒနာဟာ မငြိမ်သက်ဘဲ ပူလောင်နေတဲ့ ရင်ထဲကပဲလာပါတယ်။ အဲဒီအတွေးရဲ့စကားလုံးတွေကို ရအောင်ဖျောက်တော့ စကားလုံးတွေပျောက်သွားပေမယ့် ဝေဒနာကတော့ တုတ်နဲ့အဆွခံလိုက်ရသလို နာပြီး ကျန်ရစ်ခဲ့တာပါပဲ။
ကျွန်တော့်ကို လူတွေက ငြိမ်ငြိမ်ကလေး ထိုင်နေတာလို့မြင်ကြလိမ့်မယ်။
မဟုတ်ပါဘူး။
ကျွန်တော့်အတွေးတွေဟာ ပူလောင်တဲ့အသိတွေနဲ့ ဆက်ခါဆက်ခါလောင်ကျွမ်းနေတာပါ။
ကျွန်တော် ပြန်မြင်ကြည့်မိနေတယ်။
ဥပမာ . . . အဲဒီနေ့က . . .
ကျွန်တော်ဟာ စာရေးနေတယ် . . . ။ သူက ကျွန်တော်ငဲ့ကြည့်ရင် မြင်နေရတဲ့ကုတင်ကလေးအပေါ် မှာ လှဲလှောင်းလို့ . . . နဖူးကလေးအပေါ်မှာ လက်ကလေးကိုတင်လို့ . . မျက်နှာကျက်ကို မော့ကြည့်ပြီး ငေးနေတယ်။
သူဟာ . . . ကျွန်တော် ၀တ္ထုရေးပြီးလို့ ပိုက်ဆံရရင် သူလိုချင်တာတစ်ခုခုကို ပူဆာဖို့တွေးနေလိမ့်မယ်။ သူ ဘာစားချင်သလဲဆိုတာကို စဉ်းစားချင်စဉ်းစားနေလိမ့်မယ်။ ကျွန်တော်နဲ့ အပြင်မသွားရတာကြာပြီလို့ တွေး ချင်တွေးလို့ ကျွန်တော့်ငဲ့ကြည့်ရင်း စဉ်းစားမိတယ်။
ဆိုလိုတာက သူဟာ ကျွန်တော်နဲ့မလှမ်းမကမ်းမှာ သက်သောင့်သက်သာလှဲလှောင်းရင်း ကျွန်တော်နဲ့ မိသားစုအကြောင်းကို စဉ်းစားနေလိမ့်မယ်လို့ချည်း ကျွန်တော်ထင်ခဲ့တယ်။
အခု ပြန်စဉ်းစားလိုက်တော့ အဲဒီလိုမဖြစ်နိုင်ဘူး။ မဟုတ်ဘူး။ သူဟာ ကာမပိုင်လင်ယောက်ျား ကျွန်တော်ရှိရက်နဲ့ . . သူကိုယ်တိုင်ရင်နဲ့လွယ်ပြီး မွေးထားခဲ့တဲ့ သားကလေးရှိရဲ့သားနဲ့ . . တခြားယောကျာ်း သားတစ်ယောက်အကြောင်းကိုပဲ စဉ်းစားနေခဲ့တယ်။
ပြီးတော့ . . သူ အဲဒီလို အမြဲနေခဲ့တာ (၁)နှစ်ကျော်ကြာပြီဆိုတဲ့အတွေးဟာ ကျွန်တော့်ရင်ကို တည့် တည့်ချိန်ပြီး . . ရင်ထဲကနှလုံးသားရှိမယ့်နေရာတည့်တည့်ကို တည်ပြီးချိန်ပြီး တစ်ကိုယ်လုံးအားနဲ့လှံသွားကို ဖိချလိုက်သလိုပဲ နင့်ကနဲစူးကနဲ နာကျင်လှပါတယ်။
သူ ရယ်နေတာ၊သူအလှပြင်နေတာ၊သူသီချင်းဆိုနေတာ . . အဲဒါတွေအားလုံးဟာ ကျွန်တော့်အတွက် မဟုတ်ဘူးဆိုတာကို သိလိုက်ရတော့ ရူးသွားမတတ်ရင်နာရပါတယ်။
ဒီလို အသိကို နောက်ကျမှရတဲ့အတွက်လည်း သမ္မာဒေ၀နတ်ကောင်းနတ်မြတ်တွေကို ကျေးဇူးတင်ရ ပါတယ်။ သူက တစ်ခြားယောက်ျားကို စိတ်ဖောက်ပြန်နေတဲ့အချိန်မှာ သူ့ကို ကျွန်တော်က ဖြူဖြူစင်စင်ပဲ လုပ် ကျွေးနေခဲ့တယ်။ ဟိုး အရင်တုန်းကအတိုင်းပဲ သူပြောသမျှကို ယုံနေမိတယ်။ ကျွန်တော်ချစ်နေတဲ့အချစ်နဲ့ သူ ဟာလှနေခဲ့တယ်။ စောစောစီးစီးသာသိရရင် . . အဲဒီအချိန်တွေကစပြီး ကျွန်တော်နာကျင်နေရမှာပဲ။ အခုတော့ သူ့အပေါ်မှာ ဖြူစင်ချိန် တစ်နှစ်လောက်ထပ်ရခဲ့ပါတယ်။
ပတ်ဝန်းကျင်က လူတွေက ဒီလောက်တောင် မသိရအောင် မင်းဘာတွေလုပ်နေသလဲ!။ ငါတို့သိတာ တွေ့တာ . . လူတွေပြောနေကြတာကြာပြီ . . . .တဲ့။
ပြောပြရင်တော့ရယ်စရာပါ . . . ကျွန်တော်က အလေးတွေမနေတယ်။ကဗျာတွေရေးနေတယ်။ အရက် မသောက်ဖြစ်အောင် စိတ်ငြိမ်တဲ့လေ့ကျင့်ခန်းတွေယူနေတယ်။ ၀တ္ထုတွေရေးနေတယ်။ ကဲ . . ရယ်စရာမ ကောင်းဘူးလား။ ရင်နာစရာမကောင်းတဲ့ ရယ်စရာတစ်ခုလို့ပဲဆိုကြပါစို့။
ဘုရင်ကြီးတစ်ပါးမှာ အင်မတန် ဟင်းချက်တော်ပြီး စိတ်ချယုံကြည့်ရတဲ့ စားတော်ကဲကြီးတစ်ယောက် ရှိတယ်တဲ့။ ဘုရင်ကြီးက သူ့စားတော်ကဲကြီးချက်တဲ့ အစားအသောက်တွေကို မစားခင်မှာ အမြဲကြွားလေ့ရှိ တယ်တဲ့။ “ဟောဒီလိုအရသာအရှိဆုံး အစားအသောက်တွေကို . . ငါ့လို ဦးဦးဖျားဖျား . . ဘယ်သူစားနိုင်သ လဲ”တဲ့ အဲဒီအသံကိုကြားတော့ စားဖိုမှူးကြီးဟာ ကြိတ်ပြီးရယ်သတဲ့။ သူက ဘုရင်ကြီးမစားခင် သူနဲ့သူ့မိသားစု အမြဲတမ်းဦးဦးဖျားဖျားစားနေကြလို့ . . .။
စားတော်ကဲကြီး ပြုံးတာကိုမြင်တော့ မောင်းမတွေက မေးတဲ့အခါ . . ပြောပြတော့ နန်းတော်တစ်ခုလုံး က မောင်းမမိသံတွေက အားလုံးသိသွားကြပြီး ဘုရင်ကြီးကြုံးဝါးတိုင်း . . စားတော်ကဲကြီးပြုံးသလို လိုက်ပြုံးကြ သတဲ့။
ငါ့ကိုလည်းပတ်ဝန်းကျင်က လူတွေက ဒီလိုပဲ ပြုံးနေကြတာကြာပြီတဲ့။ ငါ . . သိလိုက်ရတဲ့အချိန်မှာ ဖြူစင်သန့်ရှင်းတဲ့ ငါ့မေတ္တာတွေအားလုံးကို အဆိပ်ခပ်ခံလိုက်ရသလိုဖြစ်သွားတယ်။ ငါဟာ မျက်နှာကို ဖြတ် အရိုက်ခံလိုက်ရသလို နာကျင်သွားတယ်။ အရှိန်နဲ့ပြေးလာနေတဲ့ လူတစ်ယောက်ကို ခြေထိုးချတာခံလိုက်ရ သလိုမျိုး . . ငါ့ဘ၀ရဲ့ ပုံမှန်အချိန်တွေအားလုံး ဒလိမ့်ခေါက်ကွေး ပြိုလဲကျကုန်တယ်။ ငါ့ဘ၀မှာ တစ်ခါမှ တွေးမကြည့်ခဲ့ဖူးတဲ့ အခြေအနေမျိုးကို ငါရောက်သွားတော့ . . ဘာလုပ်ရမှန်း မသိလောက်အောင် ဆူပူသွား ခဲ့တယ်။
အဲဒီခံစားမှုတွေအားလုံးက တဖြည်းဖြည်းအသိဥာဏ်ဝင်လာမှ ပြုံးပြီးသိ၊ပထမဦးဆုံး ခံစားရတာက တော့ ဥပမာလည်းပေးလို့မရ၊နာကျင်လု့လည်းမရတဲ့ တုန်လှုပ်ခြောက်ခြားမှုပါပဲ။ ခုနကရေးပြတဲ့ အခြေအနေ တွေက အဲဒီတုန်လှုပ်မှုကြီးထဲက အရှိန်လျှော့ပြီးကျန်ခဲ့တဲ့ ဥပမာတွေပါ။
ငါ သူ့အပေါ်မှာထားခဲ့တဲ့ ယုံကြည်မှုနဲ့ပေးခဲ့တဲ့ လွတ်လပ်မှုဟာ စဉ်းစားဆင်ခြင်ဥာဏ်နည်းတဲ့၊အရှက် အကြောက်နည်းတဲ့ တစ်ကိုယ်ရည်သာယာ သူ့ရဲ့မူလပင်ကိုယ်စရိုက်တွေနဲ့ ပေါင်းပြီးတော့ မယုံကြည်နိုင် လောက်အောင် နာကျင်ရတဲ့ ဒုစရိုက်တွေနဲ့ ပြည့်နေတဲ့ စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ အဆိပ်ခွက်ဖြစ်သွားခဲ့ တယ်။
အဲဒီအဆိပ်ကို ငါသောက်လောက်ရတယ်။
အခြေအနေအကြောင်းအကြောင့်ရလာတဲ့ အဆိပ်ခွက်ကို ငါမငြင်းခဲ့၊ငြင်းလို့လဲမရဘူး။ ငြင်းခွင့်လဲ မရှိ ဘူးလေ။
ငါဟာ . . ငါ့ကိုယ်ငါပြန်မရဘဲ . . ခံစားမှု ဆိုးဆိုးဝါးဝါးတွေထဲမှာ မြောနေတယ်။ ငါဟာ ငါ့အရှုံးတွေကို အနုပညာပါပါ တွေးတွေးပြီး ငါ့ရင်ကိုထပ်နာကျင်အောင်လုပ်နေခဲ့တယ်။ ငါကိုယ်တိုင်တွေ့ရတာလည်းမဟုတ်ပဲ နဲ့ သူနဲ့အဲဒီကောင်လေးအတူလာတာ၊ပျော်ပျော်ရွှင်ရွှင်ရယ်မောနေတာတွေကို တွေးမိပြီး ထိန်းလို့မရ၊ရင်နင့်မှု ကို ခံစားနေခဲ့တယ်။ ကိုယ့်ဘာသာ လုပ်တွေးထားတဲ့ ထင်ကြေးအရိပ်က ငါ့ကို အချိန်တိုင်းနှိပ်စက်နေခဲ့တယ်။
ရက်တွေကြာလာပေမယ့် ငါ့ဘာသာ ဖန်ဆင်းထားတဲ့ နာကျင်မှုတွေဟာ ကုန်မသွားဘဲ သစ်သည်ထက် တောင် သစ်လာနေသေးတယ်။ ငါဟာ နာကျင်မှုမှာ အကြိမ်ကြိမ်ငရဲကျတယ်။ ငါ့ကိုယ်ငါ မပိုင်ဘဲ . . စိတ်ထင် ရာတွေကို ခံစားနေမိတယ်။
ဒါပေမယ့် . . ငါဟာ အပြင်ကိုမထွက်ဘူး။ ခံစားရတာ လိမ့်နေပေမယ့် စိတ်အလိုကို မလိုက်ခဲ့ဘူး။ အရက်ပြန်သောက်ဖို့ ဆေးလိပ်ပြန်သောက်ဖို့ကို အင်အားကောင်းကောင်းနဲ့ ဆန့်ကျင်ထားနိုင်ခဲ့တယ်။ အဲဒီ အတွက် ငါ့ကိုယ်ငါ ဂုဏ်ယူစွာနဲ့ ကြည်လည်းကြည်ညိုတယ်။
စိတ်က ကြေကွဲနာကျင်ပြီးမထိန်းနိုင်တော့ ငါဟာ ငါဖတ်ထားတဲ့ တရားဓမ္မတွေနဲ့ ငါ့ကိုယ်ငါ တိုက်ကြည့် တယ်။ စိတ်လေလွင့်တဲ့အခါ ငြိမ်သက်တဲ့ အလုပ်ကိုလုပ်ရမယ်။ ငါ့အတွက် စာရေးနေတဲ့အချိန်ဟာ စိတ် အတည်ငြိမ်ဆုံး၊ငါ စာရေးတဲ့အလုပ်ကို ပြန်လုပ်ဖို့ပြင်ဆင်တယ်။ အဲဒီအချိန်မှာ ငါဟာ လွတ်ထွက်ချင်နေတဲ့ အသိစိတ်ကို အမြန်ဆုံးနဲ့ခံနိုင်ရည်အရှိဆုံးထိန်းရတယ်။
ငါ ဗေဒင်ဆရာဆီမသွားပါဘူး။ ယတြာရာမချေဘူး။ ငါ့ရဲ့ ရိုးသားတဲ့ကိုယ်ကျင့်တရားကို အားကိုးပြီးတော့ ပဲ ပြဿနာတွေကို ဖြေရှင်းခဲ့တယ်။ အဆုံးမှာ ငါအောင်နိုင်ခဲ့တာပါပဲ။ အဲဒီ အနိုင်ရမှုက ငါ့ကိုယ်ငါ ပြန်လည် ယုံ ကြည်စေတယ်။ နောက်ဆုံးမှာ အဓမ္မနဲ့ ဓမ္မပြိုင်ကြရင် ဓမ္မကပဲ အနိုင်ယူရစမြဲကို ငါ ကောင်းကောင်းနားလည် သွားတယ်။ သစ္စာ(၂)ခါအဖောက်ခံခဲ့ရတဲ့ ငါဟာ အဲဒီတစ်လတည်းအတွင်းမှာပဲ တော်တော်ပြောင်းလဲသွားခဲ့ တယ်။
ငါ့စိတ်တွေ ပိုပြီးတည်ငြိမ်လာအောင် စာရေးဖို့ကြိုးစားရတယ်။
ငါ စာရေးချင်စိတ်ရှိအောင် စာအုပ်တွေ ပြန်ဝယ်ပြီး စာတွေဖတ်တယ်။ စာကောင်းပေကောင်းဖတ်လိုက် ရတာနဲ့ ငါဟာ စာရေးချင်စိတ်ပေါက်လာတာပဲ။ ဒီတော့ ပိုပြီး ဆွဲဆောင်မှုရှိအောင် ဘောလ်ပင် ရောင်စုံကလေး တွေ ငါရေးချင်တဲ့ ဘောလ်ပင်အထုတ်လိုက်တွေ စာအုပ်လှလှကလေးတွေ ဒိုင်ယာရီတွေ . . ချုပ်စက်အသစ်၊ Colour Pan အသစ်တွေ ၀ယ်ပစ်လိုက်တယ်။
ပြီးတော့ ငါစာစရေးတယ်။
ငါ့စိတ်ဟာ လန်းဆန်းမှုနည်းနည်းနဲ့စရာက ရေးရင်းရေးရင်း တဖြည်းဖြည်းတော်တော်ရေးလို့ကောင်း လာတယ်။ “အိုလေး” ၀တ္ထုဟာ ငါ့ဘ၀မှာ ရေးရတာ ရေးလို့အကောင်းဆုံးဝတ္ထုတစ်ပုဒ်ပဲ။ ရှည်လွန်းလို့ ကိုမျိုး ကတောင် တော်ပါတော့ အရမ်းရှည်နေပြီလို့ တားယူရတဲ့အထိပါပဲ။
ငါ့စိတ်ဟာ တည်ငြိမ်တော့ အတွေးတွေ သန့်ရှင်းလာတယ်
သူနဲ့ပတ်သက်ပြီး ငါမမြင်၊မတွေ့တာကို ငါ့ဘာသာပုံရိပ်ဖ်ာပြီး နာကျင်အောင် တွေးတာတွေကို မတွေး ဖြစ်ဖို့ စဉ်းစားရတယ်။ ဆုံးဖြတ်ချက်ချရတယ်။ ပြီးတော့ . . ငါစိတ်ရင်းခံနဲ့ သူ့အပေါ်ဖြူစင်ခဲ့တာတွေ၊လှပခဲ့ တာ၊ပျော်ရွှင်ခဲ့တာတွေကို . . ငါအခုရနေတဲ့ ညစ်ညမ်းစုတ်ပဲ့နံစော်နေတဲ့စကားတွေ သက်သေတွေ၊အရုပ်တွေ နဲ့ရောပြီး အကျည်းတန်မသွားအောင်ထားရတယ်။ အရင်တုန်းက သူနဲ့ အခု သူ့ကိုရောမသွားဖို့ ကြိုးစားရ တယ်။ ငါ့ရင်ထဲမှာ လှခဲ့ဖူးတဲ့ သူ့မှာ ဘာမှအပြစ်မရှိဘူး။ သူဟာ ရိုးသားခဲ့တုန်းက ရိုးသားခဲ့တယ်။ ငါ့အပေါ် သိပ်သည်းခံခဲ့တယ်။ ငါ ဒဏ်တွေကို ခံခဲ့ရဘူးတယ်။ အရက်သမားမယားလို့ အကြည့်ခံခဲ့ရဘူးမယ်။ အဲဒီတုန်း က သူဟာ လှခဲ့တယ်။ အဲဒီကိစ္စတွေကို အခု သူ့ဖောက်ပြန်မှုနဲ့ သွားရောလိုက်လို့ ငါမချိမဆန့် ခံစားနေရတာ ဆိုတာကို ငါ သွားတွေ့လိုက်တယ်။ ဒီတော့ အရင်တုန်းက လှခဲ့တဲ့ သူ့ကို မလှခဲ့တဲ့ အခု သူနဲ့ ခွဲထုတ်ထားဖို့ ကြိုးစားရတယ်။
ဒါက . . ရေးချရတာ လွယ်ပေမယ့် လုပ်ရတာ၊ကျင့်ကြံရတာ၊အလေ့အကျင့်ဖြစ်အောင် ကိုယ့်ကိုယ် ကို ခိုင်းရတာ လုံးလုံးမလွယ်ပါဘူး။
ဒါပေမယ့် အလုပ်ကိုဖိလုပ်ရင်း၊ကိုယ့်တည်ငြိမ်မှုကို ကိုယ်မွေးရင်း ငါဟာတဖြည်းဖြည်း တည်ငြိမ်နိုင် လာတယ်။ “အိုလေး” အပ်တဲ့နေ့က ပိုက်ဆံတွေ့ရတော့ ငါဟာ ၀မ်းသာနေမိတယ်။ ရွှံ့နွံထဲကနေ “ကြာ” ပန်းတစ်ပွင့် ပွင့်လာသလို ငါခံစားရတယ်။ ငါ စိတ်ဆင်းရဲကြီးစွာ ခံစားနေရတဲ့ကြားထဲက တည်ငြိမ်မှုနဲ့အတူ ငါ့ ကိုယ်ငါ ကြိုးစားတည်ဆောက်ရင်းနဲ့ ရလာတဲ့ ပိုက်ဆံဖြစ်လို့ မက်မောမှုထက်ကြည်နူးမှု၊ ငါ့ကိုယ်ငါ ပိုယုံကြည် လာမှုက တကယ်ကိုပိုပါတယ်။
ငွေရတော့ ငါ့သားအတွက် အိမ်အတွက် ငါ့အတွက် လိုတာတွေကို ၀ယ်ဖြစ်ပါတယ်။ ငါ့စိတ်ကို တည် ငြိမ်အောင် ငါ့အတွက် အသစ်ပြန်ဖြစ်နိုင်မယ့် အရာတွေ လိုအပ်တာတွေကို ၀ယ်မိပါတယ်။
ငါ တည်ငြိမ်မှုရလာတဲ့စိတ်မှာ အသေအချာ ပြန်စဉ်းစားကြည့်တော့ ငါ့စိတ်ထဲမှာ ငါခံစားရသလို သူ့ကို ခံစားစေချင်တဲ့စိတ်ကရှိနေသေးတယ်။ ငါ သူ့ကို ပစ်ထားလိုက်မယ်။ ငါ ဒုက္ခရောက်သလို သူလည်း ရောက်ရ မယ်။ ငါနာကျင်သလို သူ နာကျင်စေရမယ်ဆိုတဲ့ ပူလောင်မှုကြီးရှိနေသေးတယ်။
အဲဒီမေတ္တာရစိတ်ကို တွေ့ရတော့ . . . အခုရှိနေတဲ့သူဟာ အရင်တုန်းက “ကလေး”လို့ ငါခေါ်ခဲ့တဲ့ သူမဟုတ်တော့ဘူး။ သူဟာ နိုင်နိုင်ဝင်းသာဖြစ်တယ်။
ငါက ဆက်မပေါင်းချင်တော့သလို သူကလည်း ဆက်မပေါင်းချင်တော့ ငါ့အပေါ်မှာ အရင်ကောင်းမွန် လှပခဲ့ဖူးပြီး . . အခုမကောင်းနိုင်သော နိုင်နိုင်ဝင်းသာဖြစ်တယ်။
ငါဟာ . . ငါနာကျင်စေခဲ့သလို သူ့ကိုနာကျင်စေချင်လို့ ဘာအကျိုးမှမရှိတော့ဘူး။ သူဟာ ငါနဲ့မဆိုင် တော့ဘူး။ သူ့ပျော်ရွှင်မှု သူ့သာယာမှု သူဆိုတာတွေဟာ အခြားလူတွေနဲ့ပဲ ပတ်သက်တော့တဲ့ နိုင်နိုင်ဝင်းသာ ဖြစ်သလို သူဟာ ငါ့သားရဲ့ အမေတစ်ယောက်အဖြစ် ငါအသိအမှတ်ပြုပေးရမယ့် နိုင်နိုင်ဝင်းသာဖြစ်တယ်။
ကိုအောင်မင်းသိမ်းဟာ နတ်ပြည်ကိုရောက်ချင်ရောက်သွားမယ်၊ငရဲပြည်ကို ရောက်ချင်ရောက်သွား မယ်။ ကိုအောင်မင်းသိမ်းရဲ့ပျော်ရွှင်မှု၊နာကျင်မှုတွေဟာလည်း မဇာကြီးနဲ့မဆိုင်တော့သလို မဇာကြီးရဲ့ ပျော်ရွှင် နာကျင်မှုတွေဟာလည်း ကိုအောင်မင်းသိမ်းနဲ့ ဘာမှမဆိုင်တော့သလိုပါပဲ။ သူနဲ့ငါဟာ ခံစားမှုခြားသွားတာကို ငါ လက်ခံနိုင်ရမယ်။ သူဟာ လှခဲ့တယ်ဆိုတာကိုပဲ ငါအမြဲတမ်း အောင့်မေ့နေရမယ်။ လှခဲ့ပြီးပြီ။ အဲဒါကို ငါလည်း ခံစားခဲ့ပြီးပြီဆိုတာကို ငါယုံကြည်နိုင်ရမယ်။
ငါဟာ . . “ သူ့အပေါ် မေတ္တာမပျက်ဘူး . . .” ဆိုတာအထိမစွမ်းဆောင်ဘူးဆိုတာကို ငါဝန်ခံပါတယ်။ အဲဒီလို ထားတယ်ဆိုရင် ကြွားရာလိမ်ရာကို ရောက်ပါလိမ့်မယ်။ ငါမလုပ်နိုင်ခဲ့ပါဘူး။
ငါဟာ . . သူနဲ့ခံစားမှုခြင်း မဆိုင်တော့ဘူးဆိုတာကိုတော့ ခိုင်ခိုင်မာမာတွေးနိုင်သွားပါပြီ။ အဲဒီအဆင့်ကို ရောက်ဖို့ကိုတောင် အကြိမ်ကြိမ်ကြိုးစားခဲ့ရတာပါ။ ငါ့အတ္တအတွက်ကတော့ ငါလုံခြုံခဲ့ပါပြီ။
ငါဟာ . . မနက်မိုးလင်းရင် ငါ့သားနဲ့ ကော်ဖီဆိုင်အသစ်ကလေးမှာထိုင်တယ်။ သူကစားချင်တာကို ခဏ လိုက်ကစားတယ်။ ပြီးရင် မနက်ခင်းမှာ စာရေးတယ်။ နေ့ခင်း စာဖတ်ရင်းအိပ်တယ်။ ထမင်းစားလို့ကောင်းရင် ပျော်တယ်။ သားနဲ့ညနေဘက် စက်ဘီးထွက်စီးကြတယ်။ ညကြရင် တီဗီဂိမ်းနှိပ်တယ်။ ဒီငတိအိပ်တော့ . . စိတ်ပါသလောက် ညဘက်စာရေးတယ်။
အပြစ်အနည်းဆုံးနေခွင့်ရတဲ့အချိန်မှာ အပြစ်အနည်းဆုံးနေနိုင်အောင် ကြိုးစားရတာ ပျော်စရာကောင်းပါ တယ်။
ငါ့ . . သားနဲ့ပတ်သက်လို့တော့ လေးလေးနက်နက် အခုလိုမျိုး စဉ်းစားရလိမ့်ဦးမယ်။ အခု စဉ်းစားစရာ မလိုသေးတဲ့အတွက် သားကိုတော့ သူပျော်ရွှင်အောင် လုပ်ပေးဖို့ပဲလိုပါတယ်။
ခံစားသူရဲ့လောကဓံတရားဟာ လူကိုရင့်ကျက်စေတာအမှန်ပါပဲ။
7 DEC-2007
နီကိုရဲ

ရသ(၇)ပါး  

Posted by IDEA MAGAZINE


ရသ(၇)ပါး
(၁) ဘာမှမရှိသော နေရာလွတ်တစ်ခုတွင် တစ်စုံတစ်ရာဖြစ်ရှိလာရန်အတွက် လုပ်ဆောင်ချက်တစ်ရပ်နှင့် ထိုလုပ်ဆောင်ချက်ကို အကောင်အထည်ဖော်မည့်သူ ရှိသင့်ကြောင်း ဆွေးနွေးမှုစတင်ရန် ရှေးအကျဆုံး မျိုးကွဲ လူသားနှစ်ဦး လက်ဆွဲနှုတ်ဆက်ချိန်၌ . . . ရှေ့ဖက်အရပ်မှ အလင်းတန်းတစ်ခုသည် ကောင်းကင်သို့တည့်မတ်စွာ ထောင်တက်လာပြီးသည့်နောက် မိနစ်အနည်းငယ်အတွင်း ကောင်းကင် တစ်ပြင်လုံး အားဖြန့်ကျက် နေရာယူလိုက်၏။
(၂) မသိသေးဟုဆိုပါက သိရန်ကျန်ရှိဦးမည်ဖြစ်၏။ သိပြီဆိုပါက ဘာမှထပ်၍ သိရတော့မည်မဟုတ်။ မသိဘဲ သိသလိုနေသည်ထက် သိပြီး မသိသလိုနေသည်ကို၍ကောင်းကြောင်း မဆိုလိုပါ။ မသိ၍လုပ်ခြင်းနှင့် သိ၍လုပ်ခြင်းကြား၌ အမှန်တရားသည် ဆွေးမြေ့နေ၏။မသိသူကျော်သွားသိစားဆိုသည်မှာ တရား အမှန်မဟုတ်ပေ။ မည်သူမှ မသိသော အကြောင်းတစ်စုံတစ်ရာကို သိခွင့်ကြုံခဲ့မည်ဆိုပါက သေရန်အချိန် နီးကပ်လာပြီဖြစ်ကြောင်း သိထားသင့်၏။ သေပြီးနောက်မှ သိရှိရမည့် အကြောင်းအရာများအား သိရှိနိုင်ရန် အတွက် အလွယ်ကူဆုံးနှင့်အတိကျဆုံးနည်းလမ်းမှာ အမြန်ဆုံးသေကြည့်ခြင်းပင်ဖြစ်သည်။
(၃) “ အဲဒါ . . . မင်းကောင်မလေးကို မင်းဘာပြန်ပြောလိုက်လဲ . . . ?”
“ ဟ . . ဘာပြန်ပြောလို့ရမှာလဲ၊ သူက သူ့အတွေးနဲ့သူ မှန်တယ်လို့သတ်မှတ်ထားပြီးသား၊ အဲသလို . . . ကိုယ့်လုပ်ရပ် ကိုယ့်အတွေးအခေါ်မှန်တယ်လို့ ယူဆထားတဲ့သူတွေရှေ့ ဘာမှရှင်းပြဖို့ မကြိုးစားနဲ့တော့ . . ၊ အပိုပဲ၊ နွားပလာတာကျွေးသလိုပဲ”
“ သြော် . . . ငါပြောပြီးပြီရော . . . အပိုပါပဲလို့ဆိုနေ . . .”
(၄) အမှန်စင်စစ် ကောင်းကင်၌ရှိသော ကြယ်များမှာ ချိတ်ဆွဲခံထားရသည်မဟုတ်။ ပင်လယ်သမုဒ္ဒရာသည် လည်း ခွက်တစ်ခု၌ထည့်လှောင်ခံထားရသည်မဟုတ်။ ထိုကြောင့် မဟုတ်သော တစ်စုံတစ်ရာသည် ဟုတ်နေ ပါက ထိုအရာသည် မဟုတ်ခြင်းမမည်တော့ပေ။ အမှန်စင်စစ် အလိုအလျောက်များသည် အလိုအလျောက်ဆို ပါက ဘာမှထပ်ပြီး စဉ်းစားစရာမလိုတော့ကြောင်း စဉ်းစားဖို့လိုမည်ဖြစ်၏။
(၅)ဟစ်တလာနှင့်ဖြူဖြူကျော်သိန်း၊တဂိုးနှင့်ကိတ်ဝင်းစလတ်၊ကျော်ဟိန်းနှင့်မွန်ရိုး၊ရှရွတ်ခန်းနှင့်ပိုးဒါလီသိန်း တန်၊ရော်နယ်ဒိုနှင့်သျှီ၊လေးဖြူနှင့်ကွန်ဒိုလီဇာရိုက်စ်၊သစ္စာနီနှင့်နီကိုးလ်ကစ်မန်း၊ကက်ကိုဘိန်းနှင့်ပပ၀တီ၊အိုစမာဘင်လာဒင်နှင့်သက်မွန်မြင့်၊ဘန်ကီမွန်းနှင့်ဘွန်ဂျိုဗီ၊ဘရုစ်လီနှင့်အံ့ကျော်၊မာယာကော့ဗ်စကီးနှင့်ထက် ထက်မိုးဦး၊နီကိုရဲနှင့်မက်ဒေါနား၊ဘုရှ်နှင့်ကျန်ကျောင်း၊ဗင်ဂိုးနှင့်သမိန်ပေါသွပ်၊စိုင်းထီးဆိုင်နှင့်ဟီလာရီကလင်တန်၊ရှိတ်စပီးယားနှင့်သီပေါမင်း၊ကတ်သရင်းဇီတာဂျုန်းနှင့်ဒိုးလုံး၊အာနိုးနှင့်စိုင်းစိုင်းခမ်းလှိုင်၊ . . . . . . . . . မည်သို့မျှ မပတ်သက်ကြပါ။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ရာမှားယွင်းနေခြင်းကြောင့်ဖြစ်၏။
(၆) “ အားလုံးထဲမှာ ငါဟာ အဓိကပဲ၊ ငါ့ရဲ့ဆုံးဖြစ်ချက်နဲ့ မင်းတို့အားလုံးအလုပ်လုပ်နေရတာ . . .” ဆိုပြီး ဦး နှောက်က ကျန်တဲ့ အင်္ဂါအစိတ်အပိုင်းတွေကိုအထက်စီးလေသံနဲ့ပြောလိုက်တော့ အားလုံးဟာရုတ်တရက် ငြိမ် ကျသွားတယ်။ သိပ်မကြာပါဘူး . . . “ မင်းက ဆုံးဖြတ်ချက်တွေ ဘယ်လောက်ချချ၊ငါကစပြီး မလှုပ်ရှားရင် မင်း တို့အားလုံး ဘာမှမတတ်နိုင်ပါဘူးကွာ . . .” ဆိုတဲ့ အသံတစ်ခု အောက်ဘက်ကနေ ညင်ညင်သာသာထွက် လာပါတယ်။ ကြည့်လိုက်တော့ ဖိနပ်မပါတဲ့ခြေထောက်နှစ်ဖက်ကို တည်ငြိမ်စွာတွေ့လိုက်ရတယ်။ ချက်ချင်း ဆိုသလိုပါပဲ၊ မျက်စေ့နှစ်လုံးက . .. “ မင်းကိုယ်မင်းသိပ်လည်း အထင်ကြီးမနေနဲ့ဦး၊ ငါမပါရင် မင်း မလှုပ်ရှား ရဲ ပါဘူးကွာ . . .” လို့ ၀င်ဟောက်လိုက်တော့ “ ဟေ့ကောင် . . ငါမပါဘဲ မင်းမလုပ်နိုင်တာတွေ အများကြီးပါ၊ ငါ့ကိုထည့်မတွက်ရင် မင်းမှားသွားမှာပေါ့၊ မင်းတစ်ယောက်တည်း သူရဲကောင်းလုပ်ချင်လို့ ဘယ်ရမလဲကွ၊ စကားလေးဘာလေးကြည့်ပြောပါဦး ငါ့ကောင်ရာ” . . . ဆိုပြီး ထောင်ထောင် ထောင်ထောင်နဲ့ နားရွက်နှစ် နှစ်ဘက်က မျက်စေ့ကို ဒေါသတကြီး ပြောလိုက်ပါတယ်။ ပါးစပ်နဲ့လျှာကတော့ “ ဘာအရသာမှ မခံစားတတ် တဲ့ သနားစရာသတ္တ၀ါလေးတွေပါကွာ” လို့ အချင်းချင်း တီးတိုးပြောပြီးလှောင်ရယ်နေကြတယ်။ အရှက် အင်္ဂါ ကတော့ သူတို့ပြောဆိုငြင်းခုံနေတာတွေကို နားကြားပြင်းကပ်လို့ထင်ပါရဲ့ . . . ငြိမ်ကုတ်လို့။
(၇) လွန်ခဲ့သော နှစ်တစ်ရာကျော်ခန့်က မရှိခဲ့ကြသောလူများနှင့် နောက်နှစ်တစ်ရာကျော်ကြာသောအခါ ရှိကြတော့မည်မဟုတ်သောလူများ ယနေ့ကမ္ဘာပေါ်* နေထိုင်လျက်ရှိကြ၏။ မနေ့က ရှိခဲ့ကြသူတစ်ချို့ ယနေ့ မရှိတော့ပါ။ ယနေ့ရှိနေသူများထဲမှ တစ်ချို့မနက်ဖြန်ရှိကြတော့မည်မဟုတ်။ ဤကမ္ဘာမြေပေါ်သို့ မိမိသဘော ဆန္ဒအရ ရောက်ရှိလာသူတစ်ဦးတစ်လေမှ မရှိသကဲ့သို့ ဤကမ္ဘမြေပေါ်မှ မိမိဆန္ဒအရ ပြန်လည်ထွက်ခွာ သွား သူတစ်ဦးတစ်ယောက်မှမရှိသောကြောင့် မိမိသဘောဆန္ဒတိုင်း နေထိုင်ကျင့်ကြံသူတစ်ဦးတလေမျှပင် ဤ ကမ္ဘာပေါ်၌မရှိတော့ပါ။ မရှိရာမှ ရှိလာကြသူများ မရှိရာသို့ ပြန်လည်ထွက်ခွာသွားပြီးနောက် . . . . . .။ ။
ဖိုးဏီ


တွင်းနက်ကြီးထဲကနှလုံးသား
(၁)
ကျသွားတာကိုမြင်လိုက်ရသည်။
တွင်းနက်ကြီးတစ်ခုထဲကို သစ်ရွက်ကလေးတစ်ရွက်ကျသွာသလိုမျိုး ငြိမ့်ငြိမ့်ဖြေးဖြေးကလေး အိဆင်း သွားတာပါ။
ကျနေတာကို အကြာကြီးမြင်နေရသည်။ ပြီးနောက်တော့ ဘာမှမမြင်ရတော့။
အစားထိုးမရနိုင်သောဆုံးရှုံးမှု။
ပြန်ရစရာလည်း အကြောင်းမရှိတော့ ပြန်မရတော့ပါဘူးဆိုသည့် နောက်မှတော့ တမ်းတကြေကွဲနေစရာ လည်းအကြောင်းမရှိတော့ဟု ‘ခက်မာ’ ထင်သည်။
လွင့်ကျပျောက်ဆုံးသွားသည့်အရာက ‘ခက်မာ’၏နှလုံးသားဖြစ်နေတော့ရော ဘာဖြစ်သေးလဲ။ လောက ကြီးမှာ နှလုံးသားမရှိတော့ပဲရှင်သန်နေသူတွေမှ ဒုနှင့်ဒေး။
(၂)
(၁၀)တန်းကျောင်းသူဘ၀တွင် ကိုယ့်ကို ‘ဂိုက်’အဖြစ် စာပြပေးသော ဆေးတက္ကသိုလ်တတိယနှစ် ကျောင်းသားကလေးကြောင့် နွေးထွေးစွာရင်ခုန်မိနေပါပြီဟုဆိုလျှင် အပြစ်တင်ရှုံချသကဲ့ရဲ့မိမည့်သူတွေ တစ် ပုံကြီးများရှိနေမည်လားမသိ။ သေချာတာက ဘယ်သူကဲ့ရဲ့ ကဲ့ရဲ့ မကဲ့ရဲ့ ကဲ့ရဲ့ အဲသည်ကဲ့ရဲ့မည့်သူတွေထဲ မှာ ‘ခက်မာ’ကိုယ်တိုင်ပါသည်။
သည်အသက်အရွယ်၏ရင်ခုန်သံကို ရင်ခုန်သူကိုယ်တိုင်ပင် ယုံကြည်ရခက်ကြောင်း ခက်မာ ကောင်း ကောင်းနားလည်သည်။ အနေနီးစပ်ရာက ဖြစ်လာလျှင်ပို၍ပင် ယုံကြည်ရခက်ကြောင်းလည်းသိသည်။ အားကိုး စိတ်၊လေးစားစိတ်တို့ကြောင့် ဖြစ်လာသည့်ရင်ခုန်သံကိုလည်း စစ်သည်ဟုမယုံကြည်။
“ ကောင်လေးကအသက်ကလည်း သိပ်မကွာ၊ရုပ်ကလေးကလည်းခပ်ဖြောင့်ဖြောင့်နဲ့ဖြစ်ပါ့မလားကွ”
“ မောင်ကလေည်း ‘ဂိုက်’ဆိုတာ ဒီအရွယ်ကလေးတွေပဲ လုပ်ကြတာပဲဟာ။ ပြီးတော့ ‘ခင်’က သေသေ ချာချာစုံစမ်းပြီးသား။ ကောင်လေးက တည်လည်းတည်ကြည်တယ်။ ယူမယ့်ရည်းစားလည်းရှိတယ်။ အဲဒီရည် စားရဲ့မိဘတွေ ကျေးဇူးလည်း မကင်းဘူးတဲ့။ ဘာမှပြစ်စရာမရှိဘူး။ ပြီးတော့ ကိုယ့် သမီးပုံစံလည်းကြည့်ဦး”
မေမေပြောတော့ဖေဖေကရယ်သည်။
ဟုတ်ပါ့ ‘ခက်မာ’က ကလေးပုံစံသာရှိသေးသည်။ အသားကလေးက မညို့တညို။ ဆံပင်က ဂုတ်ဝဲ။ အိမ် နေရင် တီရှပ်နှင့် ဘောင်းဘီတိုကလေးပဲဝတ်သည်။ အရပ်ကလေးက ၅ပေလောက်သာရှိသည်။ ဘယ်အချိန် ကြည့်ကြည့် အပျိုမကလေးနှင့် တူကိုမတူ။ ဘယ် ယောက်ျားကလေးကမှ စိတ်ကစားစရာအကြောင်းမရှိ။
(၃)
တကယ်တော့ ခက်မာက စာသိပ်ဖတ်သည်။ ကျောင်းစာလည်းကြိုးစားသလို ပြင်ပစာပေတွေကိုလည်း ရသရော၊ သုတပါဖတ်သည်။ သမီးဖြစ်သူ စာဖတ်ဝါသနာပါသည်ကို အားပေးသောမိခင်ကလည်း သမီးမဖတ် သင့်သည်ထင်သော စာအုပ်များကိုရွေးချယ်ပေးလေ့ရှိသည်။
မိခင်က စာရေးဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ကို အလွန်နှစ်သက်တော့ ခက်မာလည်း ဆရာကြီးရေးခဲ့ သမျှ စာအုပ်တွေအားလုံးကိုဖတ်ခဲ့ဖူးသည်။ ဆရာကြီးစာတွေက တွေးခေါ်ဆင်ခြင်မှုကို အားပေးသလို နှလုံး သားကိုလည်း နူးညံ့စေသည်။
ကိုကိုထွေးသည် ခက်မာထက် ၅နှစ်လောက်သာကြီးသော်လည်း ကိုကိုထွေးနှင့်သူဆုံခဲ့ရသည်ကို သူက “ နှင်းငွေ့တစ်ထောင်မိုးတမှောင့်” ၀တ္ထုထဲက လက်တဖက်မလှုပ်နိုင်သည့်ရောဂါသည် ၁၈နှစ်သမီးကလေးနှင့် စိတ်ပညာရှင် တက္ကသိုလ်ဆရာတစ်ဦးတို့ ဆုံတွေ့ရသည်နှင့်နှိုင်းပြီးကို စိတ်ကူးယဉ်ပစ်လိုက်သည်။
အိပ်ရာဝင်တိုင်း ရင်တွေတဒိုင်းဒိုင်းခုန်နေခဲ့သည်မှာ တော်တော်နှင့်အိပ်မပျော်။
ဒါပေမယ့် အဲသည် စိတ်ကူးယဉ်ရသည့်အရသာကလေးကို ခက်မာကြာကြာခံစားခွင့်မရလိုက်ရှာ။
စာသင်နေရင်းက ကိုကိုထွေးရေအိမ်ထအသွားကို ကိုကိုထွေးပိုက်ဆံအိတ်ကလေးကို ခိုး၍ဖွင့်ကြည့် ရာ မှ မမလှလှတစ်ဦး၏ဓာတ်ပုံကိုတွေ့ရသည်။
“ ဟဲ့ . . ကောင်မလေး။ ဘာစပ်စုတာလဲ”
ဝဲလာသောမျက်နှာများကို ခေါင်းမော့ထိန်းချုပ်ရင်းက ဟန်ဆောင်ရယ်မောပစ်လိုက်ရသည်။
“အစ်ကိုထွေးရည်းစားလား”
“အေး . . လှတယ်။ မဟုတ်လား”
“လှပါတယ်။ အီကိုတက်နေတာ။ တို့ရပ်ကွက်ထဲကပဲ”
“ကျောင်းပြီးရင်ယူကြမှာပေါ့ . . ဟုတ်လား”
ကိုကိုထွေးက သက်ပြင်းချသည်။
“အဆင်ပြေရင်ပေါ့ဟာ။ ဒီခေတ်ကသိတဲ့အတိုင်းပဲ ရုန်းရကန်ရဦးမှာ။ ဆရာဝန်ဖြစ်ရုံနဲ့ အကုန်အဆင် ပြေပြီမထင်နဲ့။ သူလည်းသိပါတယ်။ ဒါကြောင့် ငါ့ကိုဘာမှ မမေးသေးတာ”
အစ်ကိုနဲ့အတူရုန်းကန်နေရတာနဲ့ကို ဘ၀ကိုမကျေနပ်နိုင်ဘူးတဲ့လား အစ်ကိုရယ်။ ခက်မာသာဆိုရင် သိပ်ပျော်မှာပဲ . . . ဆိုသည့်စကားကိုတော့ ရင်ထဲသို့သာမြိုချလိုက်ရပါသည်။
(၄)
ခက်မာဘာသာစုံဂုဏ်ထူးနှင့် ဆယ်တန်းအောင်တော့ မေမေနှင့်ဖေဖေပီတိတဝေေ၀နှင့် ဆွမ်းကျွေးလုပ် သည်။ ကျေးဇူးရှင်ဆရာတစ်ဦးအဖြစ် ကိုကိုထွေးကိုဖိတ်သည်။ ကိုကိုထွေးကတစ်ယောက်တည်းမလာ။ သူ့ ချစ်သူမမကိုပါခေါ်လာသည်။
မမကအပြင်မှာကြည့်တော့သိပ်မလှ။ ကိုကိုထွေးနှင့်ယှဉ်တွဲလာ၍လည်းဖြစ်နိုင်သည်။
ခက်မာကိုမြင်တော့ မမမျက်နှာက အကြောတွေ တစ်ချို့်လျော့သွားသည်။ ခက်မာက စာသိပ်ဖတ်သည် လေ။ သည်တော့ သည်အသက်အရွယ်ကလေးနှင့်ပင် လူတွေကိုတော်တော်ခန့်မှန်းတတ်နေပြီ။
ဆေးကျောင်းသားတွေ အတော်ကလေးမျက်နှာပွင့်လန်းနေသေးသည့်ခေတ်ပါ။ အဲသည်အချိန်မျိုးမှာ ဆေးကျောင်းသားမွန်မွန်ရည်ရည်ရုပ်ချောကလေးတစ်ယောက်နှင့် ချစ်သူဖြစ်ထားသည့်မိန်းကလး။ သူ့ချစ်သူ ကလည်း အပျိုပေါက်ကလေးတစ်ဦးကို တစ်နှစ်လုံးလုံးနှစ်ယောက်ချင်း စာသင်နေသတဲ့။ အပျိုပေါက်ကလေး ကလည်း ယခုဆေးကျောင်းသူဖြစ်တော့မည်။ ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး၏သမီးတဲ့။
အဲသည့်အိမ်ကဖိတ်သည့်ပွဲကို သည်မိန်းကလေးဘာကြောင့်လိုက်လာသလဲ။ ကိုကိုထွေးကအတင်းခေါ် လို့တော့ ဘယ်လိုမှမဖြစ်နိုင်ပါ။ မဏ္ဍပ်တိုင်တက်ပြဖို့မဟုတ်လျှင်တောင် အပျိုပေါက်ကလေးကို လေ့လာချင် ၍သာဖြစ်ရတော့မပေါ့။
မြင်လိုက်ရတော့အပျိုပေါက်ကလေးက အပျိုကလေးနှင့်မတူ။ တကယ့်ပီဘိကလေးလေးနှင့် တူနေသည်။ ဘာ မိန်းကလေးအလှအပတို့မှ မပွင့်လန်းသေး။ သည်တော့ ကိုကိုထွေးချစ်သူမမမျက်နှာက အကြောတစ်ချို့ ပြေလျော့သွားသည်။ ဒါကို အရွယ်နှင့်ပင် အသွင်အပြင်နှင့်မလိုက်ဖက်လောက်အောင် ရင့်ကျက်သောအတွေး အခေါ်ရှိသည့် ခက်မာက ချက်ချင်းရိပ်မိလေသည်။
“ မမက အစ်ကိုထွေးကြွားထားတာထက်တောင်လှနေတာပဲ”
မမလက်မောင်းတစ်ဖက်ကိုဖက်၍ ပြောလိုက်တော့မမမျက်နှာလုံးဝအရည်ပျော်သွားပြီး . . . ညီမလေး ကလည်း ချစ်စရာကလေးပါကွယ် . . . ဟုပြောလေသည်။
လုံးဝမရိပ်မိစေရ။
ခက်မာရင်ထဲတွင် ဘယ်လောက်ပူလောင်နေပါစေ။ ကိုကိုထွေးနှင့်မမတို့ကို ကလေးလေးတစ်ယောက် ၏အမူအရာနှင့်ပင် ရွှင်လန်းဖော်ရွေစွာဧည့်ခံခဲ့ပါသည်။
ဘာပဲဖြစ်ဖြစ် သူ ကိုကိုထွေးကိုချစ်သော အချစ်ကို အချစ်စစ် အချစ်မှန်ဟု ခက်မာသတ်မှတ်ထားသည်။ သူချစ်တာကို ရိပ်မိလို့ သူ့ချစ်သူက သူ့ကို ပြန်ချစ်လာစရာ အကြောင်းဘာမှမရှိတော့။ စိတ်ရှုပ်တာ။ အားနာ တာ။ စိတ်ညစ်တာသာရှိမည်။ ကိုယ့်ချစ်သူကို စိတ်ညစ်အောင်လုပ်တာ အချစ်စစ် အချစ်မှန်မှမဟုတ်ဘဲ။
ပြုံးပြုံးကလေးဧည့်ခံနေရင်းကပင် ခက်မာ သူ့နှလုံးသားကို သူမြင်နေရသည်။ တဖြည်းဖြည်းကျဆင်း သွားတာပါ။ သစ်ရွက်ကလေးတစ်ရွက် တွင်းနက်ကြီးထဲကို တအိအိကျဆင်းသွားသလိုမျိုး။
သွားလေ။ သွားပေါ့။ ဘယ်တတ်နိုင်မလဲ။
ညကျမှ အိပ်ရာထဲတွင်ခက်မာငိုသည်။
(၅)
နောက်လေးနှစ်ခန့်အကြာတွင် မထင်မှတ်တာတစ်ချို့ဖြစ်လာသည်။
တစ်ခုကတော့ ခက်မာ မိန်းမလှကလေးတစ်ဦးဖြစ်လာတာပါ။
ဆေးတက္ကသိုလ်စတက်သည်အထိ ပုတက်တက်ကလေးနှင့် ကလေးဟန်ပန်မပျောက်သောခက်မာသည် လေးနှစ်အတွင်းတွင် ဆက်၍ အရွယ်ရောက်လာခဲ့သည်။ အသားဖြူလာသည်။ အရပ်ရှည်လာသည်။ နဂိုက တည်းက ပါးဖောင်းဖောင်းကလေးနှင့် ကလေးမျက်နှာကလေးလိုချစ်စရာကောင်းသည့် မျက်နှာကလေးက လည်း ဆေးတက္ကသိုလ်မိန်းမလှစာရင်းတွင် ခက်မာကို ထိပ်ဆုံးအထိရောက်အောင်တွန်းပို့ခဲ့သည်။
တတန်းတည်းသားတွေရော၊အတန်းကြီးတွေရော၊အတန်းငယ်တွေရော ပိုးချင်ပန်းချင် ကမ်းလှမ်းချင်သူ တွေများလာသည်။ ခက်မာကတော့ ကျောက်ဆစ်ရုပ်တစ်ရုပ်၏အပြုံးမျိုးနှင့် အသာအယာပင် ဖယ်ချရှောင်ခွာ သွားလေ့ရှိသည်။
“ ခက်မာရယ်၊ အသက်၂၀အရွယ်မှာ ဒီလောက်ဝိုင်းဝိုင်းလည်နေတာကို ဘယ်သူ့ကိုမှနည်းနည်းမှ စိတ် မ၀င်စားဘူးဆိုတော့ နင့်နှလုံးသားက ပုံမှန်မှဟုတ်ရဲ့လားဟယ်”
သူငယ်ချင်းတစ်ယောက်က အံ့သြတကြီးဆိုသည်။
ခက်မာကရယ်၍ . . ငါ့နှလုံးသားက ပုံမှန်မဟုတ်ရင် ယောက်ျားလေးတွေကို မကြိုက်ဘဲ နင့်ကိုကြိုက်နေ မှာပေါ့။ အခု ငါက ယောက်ျားလေးတွေကို စိတ်မ၀င်စားတာမှ မဟုတ်တာ။ အဲဒီကောင်တွေကို စိတ်မ၀င်စား တာ . . ဟုပြန်ဖြေသည်။
“ ဒါဆို နင်စိတ်ဝင်စားတာက . . .”
“ ငါချစ်တဲ့သူကို တစ်သက်လုံး ငါဘယ်တော့မှ ပိုင်ဆိုင်နိုင်မှာမဟုတ်လိုက ငါတစ်ယောက်လောက်ကို ချစ်လိုက်စရာမလိုဘူးလို့ထင်တယ်။ ဘယ်သူ့ကိုမှ မချစ်ဘဲနေသွားတာ သိပ်ခက်ခဲတဲ့ကိစ္စလို့လည်း ငါ မထင် ဘူး”
သူငယ်ချင်းမကလေးက ရင်ပတ်ကို လက်နှင့်ဖိသည်။
“ ဘုရားရေ။ ခက်မာ။ နင်အသည်းကွဲထားတာလား။ ငါတို့လည်း တစ်ခါမှ မကြားဖူးရပါလား”
ခက်မာကရယ်၍ . . . အဲသလိုလည်းမဟုတ်ပါဘူးဟာ။ ငါချစ်တဲ့စိတ်ဖြစ်လာနိုင်တဲ့သူတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ထင်လို့ပြောတာပါ . . . ဟု လျှောချလိုက်ရသည်။
(၆)
နောက်ထပ် မထင်မှတ်ဘဲ ဖြစ်လာတာတစ်ခုက ကိုကိုထွေးစာမေးပွဲတွေ ခဏခဏကျနေတာပါ။ သူ စာသင်ပေးခဲ့သော တပည့်ခက်မာက ဂုဏ်ထူးနှင့်အောင်မြင်သော ရောဂါဗေဒဘာသာရပ်ကို သူက သုံးခါဖြေ ခဲ့ ရသေးသည်။
“ ဂိုက် . . တွေ နည်းနည်းလျှော့ပါလား၊ အစ်ကိုထွေးရယ်”
သူထက် တစ်တန်းသာကြီးတော့သော ကိုကိုထွေးနှင့် ဆေးရုံတွင်ဆုံစဉ် ခက်မာက စိတ်မကောင်းစွာ အကြံပေးမိသည်။
“ မပြေလည်သေးလို့ပါ . . ခက်မာရယ်။ ဒီနောက်ဆုံးနှစ်ကိုတော့ အပြတ်လုပ်မှာပါ။ ဆရာဝန်လည်း ဖြစ်မှဖြစ်တော့မယ်။ မိန်းကလေးအိမ်ကတွဲသွားတွဲလာကြာနေပြီဆိုတော့ ကျောင်းမြန်မြန်ပြီးရင် လက်ထပ် ထား ကြတော့လို့ ပြောနေပြီ”
မိန်းကလေးတစ်ဦးနှင့်ယောက်ျားလေးတစ်ဦးလက်ထပ်ပြီး အတူတူစနေကြဖို့ကောင်းပြီဆိုသော အချိန် သည် သူတို့နှစ်ယောက်စလုံးက သူတို့အတူတူနေကြရပြီးပါက ယခုထက် ပိုမိုချမ်းမြေ့ပျော်ရွှင်ဖွယ်ရာ ကောင်း သောဘ၀ကို ရရှိကြလိမ့်မဟု နှစ်နှစ်ကာကာယုံကြည်ပြီး အဆင်သင့်ဖြစ်နေသောအချိန်သာဖြစ်သင့်သည်ဟု ခက်မာယုံကြည်သည်။ “ ပတ်ဝန်းကျင်အမြင်တင့်တယ်ဖို့” ဆိုသည့်စကားက နှလုံးသားရေး အိမ်ထောင်ရေး ကိစ္စတွေတွင် လူကြီးတွေဝင်ရောက်စွက်ဖက်ပိုင်ခွင့်ရှိသည်ဟု ယူဆထားကြသည်။ ရှေးကျသည့် မိဘတစ်ချို့ ၏ ဆင်ခြေသာဖြစ်ပေလိမ့်မည်ဟုလည်းထင်သည်။ သို့သော် ကိုကိုထွေးကို ထိုစကားတွေပြောမပြဖြစ်ပါ။
(၇)
ကိုကိုထွေး သူ့စကားအတိုင်း နောက်ဆုံးနှစ်ကိုတော့ တစ်ကြိမ်ထဲနှင့် အောင်မြင်ပြီး အလုပ်သင်ဆရာဝန် ဖြစ်သွားသည်။ ပြောထားသည့်အတိုင်းပင် အလုပ်သင်ဆရာဝန်ဘ၀တွင်ပင် လက်ထပ်သည်။
“ ခက်မာအပျိုရံလုပ်ပေးနော်”
“အစ်ကိုထွေး သတို့သမီးနဲ့တိုင်ပင်ပါဦး အစ်ကိုထွေးရယ်။ သူ့ညီမတွေ ၀မ်းကွဲတွေလုပ်ချင်ကြမပေါ့”
“မရှိဘူး . . ခက်မာရဲ့။ အဲဒါ အစ်ကိုက ခက်မာတစ်ယောက်တော့ရမယ်လို့ ပြောတော့ အစ်ကိုစာသင် ပေးတဲ့ချာတိတ်မကလေးမဟုတ်လား။ ကောင်းတာပေါ့လို့တောင် ပြောသေးတယ်”
ပြီးတာပဲလေ. . . ဟု ခက်မာခေါင်းညိတ်လိုက်သည်။ ကိုယ်က ချစ်နေရသူ၏ မင်္ဂလာဆောင်မှာ ကိုယ်ပြန် အပျိုရံလုပ်ဖို့ဆိုတာ သိပ်လွယ်ကူလှသည့် ကိစ္စတော့မဟုတ်။ ဒါပေမယ့် သူကချစ်နေသည်ဆိုတာကို ကိုကိုထွေး ဘယ်တော့မှ မရိပ်မိစေဖို့ကိုရော၊ သူကြောင့် ကိုကိုထွေး ဘယ်တော့မှ စိတ်အနှောင့်အယှက်မဖြစ် ရစေဖို့ကိုရော ခက်မာသံဓိဋ္ဌာန်ချထားပြီးမို့ မငြင်းဖြစ်တော့။
ငြင်းသူကမမ။
အစက ခက်မာ အပျိုရံလုပ်ဖို့သဘောတူခဲ့သော မမသည် ခက်မာနှင့်ပြန်ဆုံရပြီး ခက်မာချာတိတ်မ ကလေး မဟုတ်တော့ကြောင်း ရိပ်မိသွားသောအခါ သိသိသာသာမျက်နှာပျက်သွားခဲ့သည်။
“ ရပါတယ် . . အစ်ကိုထွေးရဲ့။ ခက်မာကို အားနာစရာမလိုပါဘူး”
မင်္ဂလာဆောင်လက်ဖွဲ့ကိုပင် အတတ်နိုင်ဆုံး လုံးဝထူးခြားမှုမရှိစေရန် အမျိုးမျိုးစဉ်းစား၍ ရေနွေးအမြဲဆူ နေနိုင်သည့်ဓာတ်ဘူးတစ်လုံးသာ လက်ဖွဲ့ခဲ့လေသည်။
(၈)
၁၀နှစ်ဆိုသောအချိန်သည် တခဏကလေးနှင့် ကုန်သွားခဲ့သည်။ ထို(၁၀)နှစ်အတွင်း ခက်မာ ကိုကိုထွေး နှင့်မဆုံသလောက်ဖြစ်ခဲ့သည်။ အထူးသဖြင့် ကျောင်းပြီးပြီး နှစ်နှစ်အကြာတွင် ခက်မာမွန်ပြည်နယ်ဖက်သို့ လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ရန်ထွက်ခွာခဲ့သည့်နောက်ပိုင်း မဆုံဖြစ်တော့။
ကိုကိုထွေးလက်ထောက်ဆရာဝန်အဖြစ် နိုင်ငံတာဝန်ထမ်းဆောင်ရန် မ၀င်ရောက်ခဲ့ကြောင်း ဧရာဝတီ တိုင်းတွင်းရှိနယ်မြို့ကလေးတစ်မြို့တွင် ပြင်ပဆေးခန်းဖွင့်၍ အထိုက်အလျောက်အောင်မြင်နေကြောင်း ထိုမှ တဆင့်ထိုနယ်တွင်ခေတ်စားသော စပါးပွဲစား၊ဗွီဒီယိုရုံအစရှိသည့် စီးပွားရေးလုပ်ငန်းများပါ တွဲလုပ်နေကြောင်း တို့ကိုတော့ကြားရသည်။ ဆရာဝန်ပဲလုပ်တာ မဟုတ်ဘူးအစ်ကိုထွေးရယ် . . . ဟုပင် ရင်ထဲက ညည်းတွား မိသည်။
ကလေးကလည်း သုံးယောက်တဲ့။ ယောက်ျားကလေးကနှစ်ယောက်၊မိန်းကလေးကတစ်ယောက်။ ယောက်ျားရောမိန်းမပါ ဆေးခန်းကိစ္စ၊ စီးပွားရေးကိစ္စများနှင့် မအားလပ်သဖြင့် ကလေးများက အိမ်ဖော်တွေ နှင့် ပဲကြီးရသတဲ့။ ဟိုတလောကတော့ ယောက်ျားကလေးအငယ်ကောင် မိဘတွေမရှိတုန်း သစ်ပင်ပေါ်တက်ဆော့ ရာက ပြုတ်ကျပြီးလက်ကျိုးသတဲ့။ နယ်ကဆရာဝန်တွေနှင့်ပင် ကျောက်ပတ်တီးကိုင်ရာလက်က အရိုးကဆက် တာစောင်းနေ၍ ရန်ကုန်လာပြကြသတဲ့။
သတင်းကြားရတော့ ခက်မာက ဆေးပညာမဟာသိပ္ပံဘွဲ့လွန်သင်တန်းဝင်ခွင့် စာမေးပွဲအောင်မြင်၍ မွန် ပြည်နယ်မှ ရန်ကုန်သို့ ပြောင်းရွှေ့လာရန်စီစဉ်နေတုန်း။ ရန်ကုန်ရောက်၍ သတင်းသွားမေးတော့ ဆေးရုံဆင်း ပြီးလို့ ပြန်သွားကြပြီတဲ့။
နောက်ပိုင်းတော့ခက်မာလည်း ဘွဲ့လွန်သင်တန်းသူ သမားတော်လောင်းကလေးဖြစ်လာ၍ စာနှင့် ညတာဝန်တွေနှင့်လုံးလည်ချာလည်လိုက်လာသည်။ ကိုကိုထွေးသတင်းကိုကြားရဖို့မပြောနှင့် ကိုကိုထွေးအ ကြောင်းကိုတောင် တစ်နေ့တစ်ကြိမ်လောက်သာ စဉ်းစားမိတော့သည်။
ညအပ်ရာဝင်ခါနီးတွေမှာပါ။
(၉)
ဘုရား . . ဘုရား . . .
ဒါအစ်ကိုထွေးတဲ့လား။
အရိုးပြိုင်းပြိုင်းထနေသော လက်ဖျံများ။ရေဖျဉ်းစွဲနေသော ၀မ်းဗိုက်တို့အထက်မှာ ခွက်ဝင်နေသော ပါးရိုး တွေနှင့်မျက်နှာရှိသည်။ ထိုမျက်နှာထဲမှာ ညှိုးမှိန်အားဖျော့နေသောမျက်လုံးများရှိသည်။
“ ခက်မာ။ အထူးကုဆရာဝန်ကြီးဖြစ်သွားပြီဆို။ ၀မ်းသာတယ် . . . ညီမရယ်”
ဟုတ်ပါပြီ။ အစ်ကိုထွေးမှ အစ်ကိုထွေးပါပဲ။
ဟန်ဆောင်အားတင်းသည့်ကြားက ခက်မာမျက်ရည်တို့ ပိုးပိုးပေါက်ပေါက်ကျလာသည်။ . . . ဘယ်လို ဖြစ်ရတာလဲ . . အစ်ကိုထွေးရယ် . . . ဟုလေသံနှင့်သာမေးမိသည်။
“ဘီပိုးတဲ့ကွာ။ ရှိတာတော့ ကျောင်းသားဘ၀ကတဲကရှိတာပါ။ နောက်ပိုင်းအလုပ်ပင်ပန်းတာတွေနဲ့များ ဆက်သွားလားမသိဘူး။ ဗိုက်စပူလာတော့တောင် မိန်းမကိုပြောမိသေးတယ်။ ငါ့ဟာ အသည်းခြောက်တာလား မသိဘူးလို့ မိန်းမက . . .ရှင်မှ အရက်မသောက်တာ . . ဆိုတာနဲ့ ဟုတ်သားပဲလေလို့ စောင့်နေတာ ”
ခြောက်ကပ်ကပ်ရယ်သည်။ ခက်မာက ကုတင်ဘေးဝဲယာသို့ လှည့်ကြည့်၍ . . . မမရော၊အိမ်ပြန်သွား တာလား . . . ဟုမေးသည်။
“ နယ်မှာပဲ။ လိုက်တော့လာလိမ့်မယ်။ စီးပွားရေးကိစ္စကလေးတွေလည်းမပြတ်၊ကလေးတွေလည်း ထား ခဲ့လို့မရသေးတာနဲ့။ အစ်ကိုကလည်း ကိုယ့်ဆရာတွေနဲ့ပြကြည့်ရုံပဲဆိုလာတာ။ ဆရာက ဆေးရုံတခါတည်း အတင်းတက်ခိုင်းတော့ ခုမှ အကြောင်းကြားရတယ်”
“ဒီကြားထဲ ခက်မာ စောင့်ပေးမယ်လေ”
ကိုကိုထွေးမျက်နှာက ရုတ်တရက်တော့ အံ့သြဟန် ရိပ်ကနဲ ပြေးသွားသည်။ ပြီးမှပြုံး၍ . . . ဆရာမရှိ သားပဲ ခက်မာရယ်။ ဒီအဆောင်က အထူးကုဆရာဝန်မကြီး ဒီအဆောင်မှာ လူနာပြန်စောင့်နေရတယ်လို့ သိပ် ကြည့်မကောင်းပါဘူး။ ခက်မာ ဒီအဆောင်မှာရှိနေတာနဲ့ကို အစ်ကိုတော်တော်အားရှိနေပါပြီ . . . ဟုဖြေသည်။
သို့သော် ထိုညက ခက်မာ အိမ်မပြန်ဖြစ်ပါ။
ကိုကိုထွေး သွေးတွေအန်နေ၍ ဖြစ်ပါသည်။
(၁၀)
ည(၁၂)နာရီလောက်တွင် သွေးပေါင်ချိန်၍မရတော့။ လူကလည်း သတိလစ်နေပြီ။ မျက်နှာမှာ မျက်ရည် စီးကြောင်းများရွှဲရွှဲစိုလျက် အင်္ကျီတစ်ခုလုံး ကိုကိုထွေးအန်ထားသောသွေးများ ရွှဲရွှဲစိုလျက်က . . . အစ်ကိုထွေး အစ်ကိုထွေးဟု မနားတမ်းသွေးရူးသွေးတမ်းအော်ခေါ်နေသော ခက်မာကို အလုပ်သင်ဆရာဝန်မကလေးတစ်ဦး က နောက်မှ ပုခုံးကိုတင်းတင်းဖက်၍ သတိပေးနေရသည်။
“ ကပ်ဒေါင်းထရေး . . . ယူခဲ့။ အကြောဘေးနောက်တစ်လိုင်းဖွင့်ရမယ်။ သွေးလည်းနွေးရင်ယူခဲ့တော့”
မမနားလိုက်ပါ။ ကပ်ဒေါင်းကျွန်မလုပ်ပါ့မယ် . . . ဟု လက်ထောက်ဆရာဝန်မကလေးက၀င်ပြောသော် လည်း ခက်မာ ဘာမှမဖြေ။
ထိုအချိန်တွင်ပင် ကိုကိုထွေးမျက်စေ့ပွင့်လာသည်။
“ခက်မာ . . . . ညီမလေး”
တိုးတိုးခေါ်သည်။ ခက်မာက ၀မ်းသာအားရရှေ့ကိုကိုင်း၍ . . . အစ်ကိုထွေး။ အားတင်းထား။ ခက်မာရှိ တယ် . . . . ဟုပြောသည်။
ကိုကိုထွေးမျက်ဝန်းထဲမှာတွေဝေဟန်မေးခွန်းတစ်ခုခုမေးတော့မည်ဟန်ပေါ်လာသည်။……ပြော….အစ်ကို။အစ်ကို။အစ်ကိုဘာမေးမလို့လဲ။ဘာပဲဖြစ်ဖြစ်ခက်မာဖြေမယ်…….ဟုခက်မာရင်ထဲကလှမ်းပြောမိသည်။
ကိုကိုထွေးမျက်လုံးတို့အရောင်ပြန်ပြောင်းသွားသည်။မျက်နှာမှာအပြုံးယဲ့ယဲ့ပေါ်လာသည်။…..
ကျေးဇူးပါ…ခက်မာရယ်။ညီမလေးနားတော့နော်…ဟုမပွင့်တပွင့်ပြောသည်။ပြီးတော့မျက်လုံးပြန်မှိတ် သွားသည်။
သန်ေးခါင်ကျော်နှစ်နာရီတွင်ကိုကိုထွေးကွယ်လွန်သွားပါသည်။
(၁၁)
ကျသွားကထဲကမြင်နေခဲ့ရတာပါ။
တွင်းနက်ကြီးတစ်ခုထဲကိုသစ်ရွက်ကလေးတစ်ရွက်ကျသွားသလိုတဖြေးဖြေးကျဆင်းပျောက်ဆုံးသွားသောခက်မာ၏နှလုံးသား။
ဘာတတ်နိုင်မှာလဲလေ။
လောကကြီးမှာနှလုံးသားမရှိတော့ပဲရှင်သန်နေသူတွေမှဒုနှင့်ဒေး။
ဆန္ဒမွန်ဖြင့်
လင်္ကာရည်ကျော်